Saturday, February 13, 2010

ငိုချင်ရက်လက်တို့ (သို့) ကိုယ့်ပေါင်ကိုယ် လှန်ထောင်းခြင်း


“ငိုချင်ရက် လက်တို့” ဆိုတာရှိတယ်ဗျ။ မနေ့က အစ်မအဖြူရောင်ရဲ့ blog ကိုရောက်သွားတော့ “အချစ်ဆိုသည်မှာ….” တဲ့။ အချစ်ဆိုတာဘာလဲ?  အဟဲ… ပြောချင်နေတာကြာပြီ။ ပြောစရာအကွက်ရှာမတွေ့သေးလို့..။ အစ်မအဖြူရောင်ကတော့ tag တာမဟုတ်ပါဘူး..။ ကောမန့်ထဲမှာပဲ ဖြေခိုင်းတာလေ..ဒါပေမယ့် သိတယ်မဟုတ်လား ဒီကောင်က ဆားကျင်းလိုက်ရှာနေတဲ့သူဆိုတော့ ဒီအခွင့်အရေးမျိုး ဘယ်လက်လွတ်ခံလိမ့်မလဲ..။ အချစ်ဆိုတာ…..ဟီး ပြောရမှာရှက်တော့ရှက်သားဗျ။ ချစ်တာလားဘာလားတော့ မသိဘူးပေါ့လေ။ သူစိမ်းမိန်းကလေးတစ်ယောက်ကို “ချစ်တယ်” လို့  ပထမဆုံးပြောဖူးတာ ၄တန်းကျောင်းသားဘ၀မှာဗျ (စောလှချည်လားပြောနဲ့နော် ဒါတောင် ၂ တန်းတုန်းက “နင့်အမေကို ယောက္ခမတော်ချင်တယ်”ဆိုတာကို စာရင်းထဲမထည့်သေးဘူး) ၂ တန်းကတည်းက အဲဒီကောင်မလေးကိုပဲ ကလေးချစ်ဆိုဆို၊ ဘာဆိုဆို ချစ်ခဲ့တာ..။ ၄တန်းရောက်တော့လည်း သူ့ကိုပဲ သူ့ကိုပဲ ရည်းစားစကားပြောခဲ့တာ။ ခုပြန်တွေးကြည့်တော့ ဘာလို့ပြောမိမှန်း၊ ဘယ်လိုပြောမိမှန်းတောင် သေချာမမှတ်မိတော့ဘူး။ သူ့ကိုတောင် ခုနေပြန်ပြောရင် မှတ်မိချင်မှ မှတ်မိမှာ။ ၄တန်းပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းတတွေ အထက်တန်းကျောင်းကို ပြောင်းပြီး ၅ တန်းတက်ရတယ်။ စိတ်ကစားဖို့ စိတ်ဝင်စားကာစ အချိန်မှာ ဘာလဲတော့ သိဘူးပေါ့လေ။ ထားပါတော့ အဲဒီတုန်းက အချစ်လို့ ပဲခေါင်းစဉ်တပ်ခဲ့တာဆိုတော့ ခုလည်း အချစ်လို့ပဲ ဆိုကြပါစို့..။ ဒီနေရာမှာ တစ်ခုဖြတ်ပြောချင်တာက ကျွန်တော်က သုံးတန်းလောက်ကတည်းက “ပြန်/ဆက်” လို့ခေါ်တဲ့ ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆ်ံရေးက ဖွင့်ထားတဲ့ စာကြည့်တိုက်မှာ စာတွေနင်းကန်ဖတ်နေပါပြီ…ဟီး ပုံပြင်တွေပြောပါတယ်။ နောက်ကိုယ့်ဆိုင်လည်းရှိတော့ ကာတွန်းတွေ၊ ရုပ်ပြတွေ ဘာတွေလည်း ဖတ်ပါတယ်။ အဓိက ပြောချင်တာကတော့ ကျွန်တော် ငါးတန်းအရွယ်မှာ ၀တ္ထုတွေကောင်းကောင်းဖတ်နေပြီ၊ စွဲလည်း စွဲနေပြီလို့ပြောရမယ်။ ကျောင်းမှာလည်း စာသင်ချိန်မှာ လစ်ရင် လစ်သလို ခိုးဖတ်ပါတယ်။ မှတ်မှတ်ရရ စာမေးပွဲခန်းထဲတောင် ခိုးဖတ်ဖူးသေး…။ အဲဒီလိုမျိုး တာရာမင်းဝေ၊ မင်းလူ၊ မောင်လှမျိုး၊ လွန်းထားထား၊ တက္ကသိုလ်ဘုန်းနိုင်၊ မင်းခိုက်စိုးစံ၊ အစုံပါပဲလေ ၀တ္ထုတွေ နင်းကန်ဖတ်ပြီး စိတ်ကူးတွေဇွတ်ယဉ်၊ ခပ်တည်တည်နဲ့ “အချစ်”ဆိုပြီး ခေါင်းစဉ်တပ် အဲဒီကောင်မလေးကို ကျကျနန ချစ်ဖို့ ပြင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ခပ်တည်တည်ကြီး လုပ်လုပ် ကလေးလုပ်တာဆိုတော့ သိတယ်မဟုတ်လား… မုန့်ဝယ်ကျွေးတယ်၊ ဘောပင်တို့ ခဲတံတို့ လက်ဆောင်ပေးတယ်၊ အံမယ် ဆိုင်မှာ သူစာအုပ်လာငှားလို့ကတော့ ပိုက်ဆံကိုမယူဘူး… အဲ့လိုချစ်တာ။ နောက်ကျောင်းခန်းထဲကို မှန်တစ်ချပ်ထည့်သွားတာမှတ်မိသေးတယ်။ မှန်ကို စာရေးခုံပေါ် ထောင်ပြီး ညာဘက်မှာရှိတဲ့ မိန်းကလေး Roll ထဲက သူ့ပုံလေးကို ခိုးခိုးကြည့်ရတာ..။ အဲဒီတုန်းကတော့ ကိုယ့်ကိုယ်ကို ရိုမက်တစ်တယ်ဆန်တဲ့ ငါဘာလားပေါ့.. ခုချိန်ပြန်ကြည့်တော့ တော်တော်ပေါတဲ့ ငါပါလားဖြစ်သွားတယ်။ တခါတလေတော့လည်း အချစ်ဆိုတာ ပေါတောတောကြီးပါပဲဗျာ…။ နောက် ၆ တန်းနှစ်ရောက်တော့ စာမေးပွဲနောက်ဆုံးနေ့မှာ သူက ပြောတယ်။ ငါတဲ့ ရန်ကုန်ကို ပြောင်းရတော့မယ်တယ်တဲ့။ အဟဲ…အသည်းကွဲခန်းပေါ့ဗျာ… ကဗျာတော့ မဆန်ဘူးပေါ့လေ.. ကျောင်းပိတ်ခါနီး နွေရာသီကြီးမှာ ကွင်းခေါင်ခေါင်မှာ ပြောတာလေ.. ခက်ဘူးလားဗျာ။ မောင်သိန်းဇော်ရဲ့ အပူသည်ကဗျာထဲက လိုတကယ်ဖြစ်သွားတာ။ ရေတံခွန်အောက်ဝင်လည်း အပိုပဲ… ဘာညာပေါ့။ အဲဒီညနေမှာပဲ ဘူတာတွေဘာတွေလိုက်ပို့လိုက်သေးတယ်။ နောက်မိုးကလည်း ချုပ်လာရော “အင်း…ကျောင်းဆင်းပြီးကတည်းက အိမ်ပြန်မရောက်သေးတာ မိုးချုပ်တဲ့အထိ၊ ရထားထွက်တဲ့အထိဆို ငါတော့ ဆူခံထိတော့မယ်ပေါ့.. နေကလည်း နေချင်သေးတယ်။ ရထားပေါ်တက်သွားတာလေးကြည့် ရထားထွက်သွားတော့ လက်ပြပြီး ငိုကျန်ခဲ့…အဲလိုလေး စိတ်ကူးယဉ်ပြီး ၀တ္ထုထဲက ဇာတ်လိုက်လိုလေး လုပ်လိုက်ချင်သေးတာ။ ဒါပေမယ့် အဆူခံရမယ့်ကိန်းမြင်တော့ နောက်တစ်နည်း ပြောင်းလိုက်တယ်..။ မဖြစ်ဘူးပေါ့.. သူထွက်သွားတာကို ကြည့်ဖို့ ငါ့နှလုံးသားက မခံနိုင်ဘူး၊ လက်ပြနှုတ်ဆက်ဖို့ ငါ့မှာ အင်အားမရှိဘူးပေါ့ .. Never say Goodbye တွေဘာတွေ တွေးပစ်တာ..။ အဲ့ဒီတုန်းကတော့ ဟုတ်လှချည်လားပေါ့။ ခုနေပြန်စဉ်းစားတော့ ဆူခံရမှာစိုးလို့ ဖြစ်နေတာကိုး….။ သူ့ဆီကို စာတွေရေး…ဖုန်းတွေဆက် (ဖုန်းနံပါတ်ရဖို့တောင် သူငယ်ချင်းတွေကို ၀က်သားဒုတ်ထိုး လိုက်ကျွေးရသေး..ဟေးဟေးး) စာပို့ရင်လည်း ရလာတဲ့ ဖြတ်ပိုင်းလေးတွေကို သိမ်းထား..။ သူ့မွေးနေ့ဆိုလည်း လက်ဆောင်တွေပို့၊ နောက်သူ့လက်ရေးလေးတွေတွေ့ရင် သိမ်းထား။ မှတ်မှတ်ရရ သမ္ဗန္ဓအကြောင်း ရေးထားတဲ့ စာရွက်လေး ကျွန်တော့်ဆီမှာရှိတယ်။ နောက်ပြောဖို့မေ့သွားလို့ သူသွားကာနီး ဓါတ်ပုံလေးတစ်ပုံပေးသွားသေးတယ်။ ညညဆို ဓါတ်ပုံလေးကြည့်ပြီးငို… (ဟီး..ပြောရင်းရှက်လာပြီ) နောက်တော်တော် ရူးတာပြောဦးမယ်။ မနက်မနက်ဆို နှင်းဆီပန်းတွေ ဆယ်ပွင့် အပွင့်နှစ်ဆယ်လောက်ဝယ်ပြီး ချောင်းရေထဲမှာ သွားသွားမျှောတာ.. ရင်ထဲက အချစ်စကား ချစ်သူကြားပါစေ..ဘာညာပေါ့..။ တစ်နေ့ကျတော့ အဖေက အလုပ်ကိစ္စနဲ့ ရန်ကုန်သွားဖို့ပေါ်လာပါရော…။ ရန်ကုန်ဆိုတော့ ငါလိုက်သွားရင်တော့ သူနဲ့တွေ့ရမှာပဲပေါ့။ အဖေ့ကို ပူဆာတယ်။ ကျွန်တော်လည်းလိုက်မယ်ဆိုပြီးတော့။ အဖေက မခေါ်ဘူး။ အဲဒါနဲ့ အစာငတ်ခံဆန္ဒပြတယ်… ( ဘယ်က ဘယ်လို စိတ်ကူးရတယ်တော့ မဆိုနိုင်ဘူး..) အစာငတ်ခံဆန္ဒပြတာ အောင်မြင်လား မအောင်မြင်ဘူးလားဆိုတော့ နှစ်နပ်လောက်ပဲ အငတ်ခံလိုက်ရသေးတယ်။ ရိုက်ခံထိပြီး အဖေနဲ့ အမေက အတင်းချုပ်ပြီး ထမင်းခွံ့ကျွေးလိုက်တယ်။ ပြီးရော..မလိုက်လိုက်ရဘူး။ ရန်ကုန်ရောက်တော့လည်း တွေ့မှာကျလို့….. ရူးပုံများပြောပါတယ်။ အော်..ဒီလိုနဲ့ ဆယ်တန်းရောက်လာတော့ ကဗျာတွေဘာတွေရေးလာတယ်။ သူ့အတွက်လေ…။ နေဦး အဲလိုတွေလုပ်နေလို့ အတိအလင်းကြီး ကြိုက်နေတယ်မထင်နဲ့နော်.. ၄တန်းနှစ်တုန်းက ပြောပြီးနောက်ပိုင်း သူ့ကို ရည်းစားစကားကို မပြောရဲဘူး..။ သူငယ်ချင်းချစ်သူဆိုတော့ သူစိတ်ဆိုးပြီး သူငယ်ချင်းလိုတောင် ဆက်မခေါ်တော့မှာ စိုးတာနဲ့ နည်းနည်းလေးတောင် မပြောရဲဘူး…။ ဆယ်တန်းဖြေပြီးတော့ ရန်ကုန်ကို သွားလည်ပါတယ်။ အဲဒီတော့ တွေ့တာပေါ့။ မတွေ့ပဲလည်း မနေဘူးလည်း သူ့အိမ်ကိုသွားတာကိုး…။ တွေ့တော့လည်း ဘာမှမပြောရဲပါဘူးဗျာ.. “မင်းနဲ့ ငါ့ရဲ့ကြား အုံ့ပုန်းအချစ်တွေ…” ဘာညာပေါ့။ ဒါပေမယ့် ပိုချစ်လာသလိုပဲ ငယ်တုန်းကထက်ကို။ ငယ်တုန်းက သူ့ကို အရမ်းလှတယ်ထင်တာ.. ကြီးမှပြန်တွေ့တော့ အဲလောက်မဟုတ်ဘူးဗျ။ ဒါပေမယ့် သိတယ်မဟုတ်လား။ အချစ်စစ်ဆိုတာ လှတာမလှတာနဲ့ မဆိုင်ဘူး၊ ကိုယ့်ချစ်သူသာ အလှဆုံး ဆိုပြီး ကိုယ့်မျက်စိကိုယ် ဇွတ်အတင်းကြီး လိမ်ခိုင်းထားလိုက်တာပေါ့..။ တကယ်က ဘာသိတာမှတ်လို့ အချစ်စစ်တွေ ဘာတွေ..။ နောက် ကျောင်းအတွက် ၀င်ခွင့်လာဖြေသေးတယ်။ အဲဒီမှာ သူငယ်ချင်းတွေနဲ့ ဘီယာသောက်ကြရင်းနဲ့ သူတို့တတွေက သူ့ရည်းစားကိုယ့်ရည်းစား ဖုန်းဆက်ကြရော.. ကိုယ့်ကို ၀မ်းနည်းတာကော၊ မူးနေတာကောပေါင်းပြီး သူ့ဆီကို ဖုန်းခေါ်ပြီး “နင့်ကိုငါချစ်တယ်” လို့ ပြောလိုက်တာ။ ဖုန်းတစ်ခါတည်း ချသွားတယ်..ဟီး။ အဲဒီစကားပြောလည်း ပြောပြီးရော အမူးလည်း ပြောရောပဲ။ အမူးလည်း ပြေရော နောင်တရတော့တာပဲ။ သွားပြီ.. ငါတော့မှားပြီ ဆိုပြီးတော့။ နောက်မန္တလေးပြန်ရောက် သူငယ်ချင်းတွေက အဲ့လောက်ဖြစ်ပျက်မနေနဲ့ ဘာညာ အားပေးကြပါတယ်။ နောက်ကျွန်တော်က ဖုန်းမဆက်ရဲဘူးဆိုတော့ သူတို့ပဲ ခေါ်ပြီး ၀ိုင်းပြောပေးကြတာ..။ ဒါပေမယ့် ချစ်တဲ့ ကြိုက်တဲ့ အကြောင်း နည်းနည်းလေးတောင် စကားအစမခံဘူးဗျ။ ဖုန်းချပစ်လိုက်မယ်ချည်းပဲ ခြိမ်းခြောက်နေတာ…။ နောက်ကျောင်းတက်ရတော့လည်း သူ့ဆီဖုန်းဆက်တုန်း မွေးနေ့မှာ လက်ဆောင်တွေပေးတုန်း။ ကျောင်းမှာ သုံးလလောက် ကျောင်းတွင်းအောင်းရစဉ်က သူ့အတွက် ကဗျာရှည်ကြီး တစ်ပုဒ်ရေးဖြစ်တယ်။ ဆရာတာရာမင်းဝေရဲ့ မီးတောက်ရစ်သမ်ကို အားကျပြီးရေးတာ။ အဲဒါကြီးကို ကွန်ပျူတာစာစီ၊ ကဗျာစာအုပ်လုပ်ခိုင်းပြီး သူ့ဆီပို့လိုက်တယ်။ ပရိသတ်တုန့်ပြန်ချက်က လန်းတယ်။ ငါက အဲ့ဒါမျိုးတွေမဖတ်တတ်ဘူးတဲ့…။ ပိုးစိုးပက်စက် အောင်မြင်တဲ့ ကဗျာစာအုပ်လေးပေါ့။ နောက်ဒီရောက်လာတော့လည်း သူ့ဆီကို ဖုန်းတွေဆက်တယ်။ စာတွေရေးတယ်။ ဒါပေမယ့် ဇာတ်က ဇာတ်မျှောကြီး ဖြစ်သွားရော…။ ခုထိတော့လည်း သူ့ကို ချစ်နေတုန်းပဲ။ ဒါပေမယ့် အသက်လေးက နည်းနည်းရလာ လို့လားတော့ မသိဘူး ငယ်ငယ်တုန်းကလောက် မရူးသွပ်တော့သလိုပဲ။ အချစ်အပေါ်တောင် အယုံအကြည်နည်းလာတယ်။ “အလျားအနံမရှိပေမယ့်၊ အသွားအပြန်ရှိတယ်” ဆိုတာတွေလည်း မယုံချင်တော့ဘူး။ ငယ်ငယ်က အရမ်းရူးသွပ်ခဲ့လို့များ၊ အရမ်းခံစားခဲ့လို့များ ခုငြီးငွေ့သွားတာလား.. ဘယ်သူနဲ့ ဘယ်သူကတော့ ဘယ်လောက်ချစ်ကြတာဆိုတာမျိုးတွေ ကြားလာ၊တွေ့လာရင်လည်း အလကားပါကွာဆိုတဲ့ အတွေးမျိုး ၀င်လာမိတယ်။
တကယ်တော့ အချစ်ဆိုတာကြီးက ဘာကြီးမှန်းကိုမသိပါဘူးဗျာ..။ ချစ်သူများနေ့အမှတ်တရအဖြစ် အချစ်ကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းရတာ သိပ်တော့ အထာမကျသလိုပဲ..ဒါပေမယ့် ဒီလိုပဲ ရှိပါစေတော့..။ ကျွန်တော်ကတော့ မယုံတော့ဘူး…။

Friday, February 12, 2010

၁၂ ရက်နေ့အတွက် ၁၃ ရက် ဖေဖော်ဝါရီ..

တစ်ချိန်ကပေါ့ ၁၃ရက် ဖေဖော်ဝါရီ မှာ ကလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်။ သူ့မိဘတွေကတော့ ရှေ့နေဦးဖာနဲ့ ဒေါ်စုဆိုပဲ။ အဲဒီတုန်းကတော့ သူတို့တွေ ပျော်ရွှင်ခဲ့ကြမှာ၊ သူတို့အတွက် ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းလာတဲ့ သားလေးလို့လည်း ထင်မှတ်ခဲ့ကြမှာ..တကယ်လည်း သူတို့အတွက် ပျော်ရွှင်မှုတွေ ဆောင်ယူလာခဲ့တာကိုး....တကယ်တော့ သူတို့ရဲ့ သားလေးဟာ သူတို့ရဲ့ ပျော်ရွှင်မှုတင်သာမကပဲ မြန်မာတစ်နိုင်ငံလုံးရဲ့ အနာဂတ်အလင်းရောင်နဲ့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ ပျော်ရွှင်မှုကိုပါ သယ်ဆောင်လာလိမ့်မယ်လို့တော့ အဲဒီအချိန်က ဘယ်သူမှမသိခဲ့ကြဘူးလေ။ ငယ်စဉ်ကတည်းက သူ့ရဲ့ ရိုးသားမှုက မောင်နှမတွေကြား စံပြဖြစ်ခဲ့တယ်။ နောင်တချိန် တက္ကသိုလ်ကောင်းသားဘ၀ ရောက်လာတော့လည်း ကျောင်းသားခေါင်းဆောင် တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ထဲကို တိုးဝင်လာခဲ့တယ်။ နောက်တော့ ကျောင်းကထွက် နိုင်ငံရေးလောကထဲ ၀င်လာခဲ့တယ်။ ( အင်္ဂလိပ်အစိုးရက ငါ့ထမင်းအိုး ဒုတ်နဲ့လာထိုးနေတာမှမဟုတ်တာ ဆိုတဲ့အတွေးမျိုး မရှိခဲ့ပဲ ကိုယ့်ထမင်းအိုးတစ်အိုး ဆန်ပြည့်ဖို့ထက် မြန်မာတစ်ပြည်လုံးက ထမင်းအိုးတွေ ဆန်ပြည့်စေဖို့ စိုးရိမ်ပူပန်ခဲ့တာလေ..) မြန်မာတွေရဲ့ သခင်အောင်ဆန်းက ဂုတ်သွေးစုပ်အမြတ်ထုတ်နေသူတွေအတွက် သူပုန်အောင်ဆန်းတဲ့လေ....။ ဂျူး စာပေဟောပြောပွဲတုန်းက ပြောခဲ့သလို တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူက မကောင်းတဲ့အခါ၊ သူပုန်က ဇာတ်လိုက် တဲ့၊ သူရဲကောင်းတဲ့။ တကယ်ပါ သူက ကျွန်တော်တို့အတွက် ဇာတ်လိုက်ပဲ၊ သူရဲကောင်းပဲ။ ကျွန်တော်တို့အတွက်မှမဟုတ်ပါဘူးလေ မြန်မာနိုင်ငံကြီးတစ်ခုလုံးအတွက် သူက ဇာတ်လိုက်ပါ။ ဇာတ်လိုက်ပေမယ့် သူက ပွဲတိုင်းအနိုင်ရတဲ့ ဇာတ်လိုက်တော့ မဟုတ်ခဲ့ရဘူး။ လွတ်လပ်ရေးကြိုးပမ်းမှု တလျှောက်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေ အမျိုးမျိုးကြား အတွန်းတွန်းအတိုက်တိုက် အထိထိအခိုက်အခိုက်ပေါ့။ နောက်တော့ သူ့ရဲ့ ကြိုးပမ်းမှုက အလင်းရောင်လေးတစ်ခု ထွန်းလင်းလာခဲ့တယ်။ ဒီလိုနေ့မှာပေါ့ စည်းလုံးညီညွတ်မှုရဲ့ သက်သေ ပင်လုံစာချုပ်ကို ချုပ်နိုင်ခဲ့တယ်။ အိုကွယ် သူ့လောက်ပျော်တဲ့သူ ရှိပါတော့မလား...။ သူ့ချစ်တဲ့ပြည်ထောင်စုကြီးတစ်ခုလုံးက တစ်စိတ်တစ်ဝှမ်းတည်း လွတ်လပ်ရေးကို လိုချင်ကြပြီတဲ့လေ...။တိုင်းရင်းသား  ညီနောင်တွေ ချစ်ကြည်ကြတယ်တဲ့လေ..။ ဒါပေမယ့်ကွယ် လူဆိုတာ ကိုယ်စိုက်တဲ့ကောက်ပင် ကိုယ်ရိပ်သိမ်းရမယ် ဆိုပေမယ့် သူစိုက်တဲ့ ကောက်ပင်တွေအတွက် ကောက်သစ်စားပွဲတော် သူဝင်ပျော်ခွင့်မရခဲ့ဘူး...။ သူစိုက်ခဲ့တဲ့ကောက်ပင်တွေကြောင့် တစ်ပြည်လုံး စားသောက်ခဲ့ကြရပေမယ့် သူမြင်တွေ့ခွင့်တောင် မရခဲ့ဘူး။ တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်။ ကျွန်တော်တို့ မြန်မာပြည်ကြီးက သူ့ဆီက အယူပဲရှိခဲ့ပြီး အပေးမရှိခဲ့တာ တရားမှတရားပါရဲ့လား...လို့။ မတန်လိုက်တာ ဗိုလ်ချုပ်ရယ်.....လို့ ညည်းချင်မိတယ်။ ဒါပေမယ့် သူကတော့ ဒီလိုတွေးမယ်မဟုတ်ဘူး။ တမလွန်ဆိုတာရှိလို့ မြင်နိုင်စွမ်းများရှိခဲ့ရင် ပြည်သူတွေပျော်တာမြင်ပြီး သူပျော်နေမှာ...သူလွတ်လပ်ဖို့ထက်၊ ပြည်သူတွေလွတ်လပ်ဖို့ ကြိုးစားခဲ့တာဖြစ်လို့ ပြည်သူတွေလွတ်လပ်တာမြင်ရင် သူပျော်မှာသေချာတာပေါ့။ သူ့အတွက် သူမွေးတဲ့ နေ့ကိုလည်း အထိမ်းအမှတ် မလုပ်ပေးကြဘူး၊ သူမွေးတဲ့မြို့ကိုလည်း ဘာမှမလုပ်ပေးခဲ့ကြဘူး။ သူ့ရုပ်ထုဆိုတာ မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ရတယ်။ ကလေးတွေဆို သူ့အကြောင်း ကဗျာလေးတစ်ပုဒ်ပဲ သိကြရတယ်။ ဒါပေမယ့်...ဒါပေမယ့် အားလုံးရင်ထဲက အချစ်စိတ်ကတော့ မပြောင်းမလဲ ကိန်းဝပ်သွားခဲ့ပြီလေ.. တို့ချစ်တဲ့ ဗိုလ်ချုပ်ဆိုတာကတော့ ဘယ်တော့မှာ ပြောင်းလဲမှာမဟုတ်တော့ဘူးလေ.. သူလုပ်ခဲ့တာအားလုံးအတွက် ပြည်သူတွေရဲ့ မေတ္တာက အားလုံးသော အထိမ်းအမှတ်တွေအားလုံးထက် သာလွန်တာ အသေအချာပေါ့။ မိဘတွေကနေသားသမီးတွေကို၊ အစ်ကို၊အစ်မတွေကနေ မောင်တွေ ညီမတွေဆီကို ပျံ့ဝင်သွားခဲ့ပြီလေ....ကမ္ဘာတည်သရွေ့ပေါ့....
တစ်ခုပဲ သူက ပြည်သူတွေအားလုံးလွတ်လပ်အောင်လုပ်ပေးခဲ့ပေမယ့် သူလွတ်လပ်စေခဲ့တဲ့ မြန်မာပြည်ထဲမှာ သူ့........................................ အဲဒါလေးတစ်ခုပဲ သူစိတ်မကောင်းဖြစ်ချင်လည်း ဖြစ်လိမ့်မယ် ဒါပေမယ့် သူချစ်တဲ့ မြန်မာပြည်သူတွေပြည်သားတွေအပေါ်တော့ သူမေတ္တာပျက်မှာ မဟုတ်ပါဘူးလေ....

Wednesday, February 10, 2010

ကျွန်တော်တို့ချစ်သော....


ကျွန်တော်ဟိုတစ်နေ့က ဦးလေးတစ်ယောက်နဲ့ ဖုန်းပြောရင်း ကျွန်တော်က email လိပ်စာပေးမယ်လို့ပြောပြီး ကျွန်တော့်အကောင့်ကိုပြောပါတယ်။ *****@gmail.com လို့ ပြောတော့။ ထပ်မေးပါတယ်။ မြို့နာမည်ကကောတဲ့။ ကျွန်တော့်ဦးလေးရဲ့ တုံးအမှုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အင်တာနက်သုံးနိုင်တဲ့ လူအရေအတွက်က ဘယ်လောက်မှမရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုမေးခွန်းမျိုးတွေထွက်လာတာ သိပ်တော့ အံ့ဩစရာမကောင်းပါဘူး။ TV တောင် အိမ်တိုင်းမရှိနိုင်တဲ့နိုင်ငံမှာ( TV အစီအစဉ်ကလည်း free က နှစ်လိုင်းပဲရှိပါတယ်။ ဒီမှာဆို လိုင်းသုံးဆယ်ကျော်ပါတယ်။ မြန်မာနိုင်ငံက TV နှစ်လိုင်းက ပေးတဲ့ information ကလည်း သိတဲ့အတိုင်းပါပဲ) Thomas L. Friedman ပြောသလို “ကမ္ဘာပြားပြီ” လို့ ပြောနိုင်ဖို့ မဖြစ်နိုင်တာ သေချာပါတယ်… “The World Is Flat” ထဲကလို နည်းပညာ အသုံးချဖို့ ဆိုတာ အီးမေးလ်လောက်တောင် မသိတဲ့ လူတွေအတွက် သိပ်ဝေးလွန်းနေပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ကမ္ဘာက မပြားသေးဘူးလို့ ရဲရဲကြီး ပြောဝံ့ပါတယ်။
ပညာရေးအနေနဲ့ မြန်မာတွေ မညံ့ပါဘူး… “ The Gardener” blog က ကို Zephyr ပြောသလို ပါပဲ။ မြန်မာနိုင်ငံ ပညာရေးစနစ်က က ကြီးရေ က အဆင့်ကနေ ပြန်စဖို့ မလိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာလည်း အမှန်ပါပဲ...။ ခက်တာက ကျောင်းတွေကို နေရာအနှံ့ခွဲထားတော့ ကျောင်းတွေက များနေပြီး အဲဒီကျောင်းတွေကို ထောက်ပံ့ပေးနိုင်အားက အဲ့လောက်မရှိတာပါပဲ။  

ဂျူးစာအုပ်ထဲက ၁၀ တန်း ကျောင်းသူလိုတော့ ရှိချင်လည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် မတွေ့ဖူးတာတော့ အမှန်ပါပဲ။ အဲဒီမိန်းကလေးလို အင်္ဂလိပ်စာအုပ်တွေ ဖတ်ဖို့ မပြောနဲ့ စာဆိုတာကို ကျောင်းပြဌာန်းစာအုပ်တောင် ကောင်းကောင်း မဖတ်ဖူးတဲ့ လူက များနေပါတယ်။ တကယ်ပြောတာပါ။ အဆောင်တွေက၊ ကျူရှင်တွေက ထုတ်ပေးတဲ့notes လောက် ကျက်ပြီး ဆယ်တန်းအောင်လာသူတွေမနည်းပါဘူး...

ကျွန်တော်တို့ဒီရောက်တော့ မေးကြပါတယ်။ အင်္ဂလိပ်စကားကို ဘယ်နှစ်နှစ်သင်ခဲ့လဲတဲ့ ကျောင်းမှာပဲ ၁၁ နှစ်ဆိုတော့ အံ့ဩကြပါတယ်။(တော်လို့မဟုတ်ဘူးဆိုတာတော့ သိမှာပါ) ကျွန်တော်ကကို အသုံးမကျတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းတော့လည်း မဟုတ်တာ သေချာပါတယ်။ မှားနေတာတော့ သေချာပါတယ်။ ခုရုရှားစကားသင်နေပါတယ်။ တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ လုံးဝကျွမ်းနေပြီလို့ မပြောလိုပေမယ့် ၁၁ နှစ် ၁၂ နှစ်လောက်ထိ သင်လာခဲ့တဲ့ အင်္ဂလိပ်စကားထက်တော့ ကောင်းတာသေချာပါတယ်။ ဒါမျိုးဟာ ဖြစ်တော့မဖြစ်သင့်ပါဘူး။ ဒါပေမယ့်လည်း ဖြစ်နေပါတယ်။ မတတ်နိုင်ပါဘူး။ ပြန်တွေးကြည့်ရင် အင်္ဂလိပ်စာအတွက် ကုန်ခဲ့တဲ့အချိန်တွေကို နှမျှောဖို့ကောင်းပါတယ်။

ကျွန်တော်တို့တတွေဆယ်တန်းအောင်ကြတော့ ဘာတွေလျှောက်မလဲ စဉ်းစားကြတဲ့အခါ ကျောင်းပြီးရင် ဘာလုပ်လို့ရနိုင်မလဲ ဆိုတာကိုပဲ အဓိကတွေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အလုပ်ရှားလို့ပါ။ ၀ါသနာတွေဘာတွေက နောက်မှပါ။ ဘွဲ့ရ အလုပ်လက်မဲ့ဆိုတာမျိုးတော့ အဖြစ်မခံချင်ပါဘူး။ Instituted တွေက ဆင်းလာတဲ့ကျောင်းသားတောင် အလုပ်ရဖို့ခက်ခဲနေတဲ့ အခြေအနေမှာ ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်က ဘွဲ့ရလာသူအတွက်တော့ တော်တော် မျှော်လင့်ချက် မဲ့ပါတယ်။ အခုနောက်ပိုင်းဆို အဝေးသင်နဲ့ဘွဲ့ရတဲ့လူကို အလုပ်မခန့်တာမျိုးတွေပါရှိလာပါတယ်။ ဒီဘာသာရပ်မှာ တတ်မြောက်ပါတယ်ဆိုပြီး ပေးလိုက်တဲ့ ဘွဲ့လက်မှတ်ချင်းအတူတူ အဲ့လိုဖြစ်လာရတာ သိပ်တော့မဟုတ်သေးပါဘူး။ ဘွဲ့ရရုံနဲ့လည်းအလုပ်မရ၊ အလုပ်လေးတစ်ခု ကံကောင်းထောက်မစွာရပြန်တော့လည်း မစားလောက်ဆိုတာမျိုးတွေဖြစ်လာတဲ့တိုင်းပြည်မှာ သူခိုးတွေပေါလာတာ သိပ်မဆန်းပါဘူး။ ခိုးတာမှဗြောင်ခိုးရတာပါ။ အလုပ်ဝင်ရင်တောင် ဘယ်ဌာနက ဂွင်ပိုကောင်းလည်း စဉ်းစားပြီးလျှောက်ကြလောက်အောင် စိတ်ဓါတ်ပျက်စီးနေရပါတယ်။ ရိုးသားရင်ငတ်လာမှတော့ ဘာလုပ်ကြဖို့ရှိပါသေးလဲ....

မြန်မာဇာတ်ကားတစ်ကားကြည့်မိပါတယ်။ မင်းမော်ကွန်းကားပါ။ အဲဒီဇာတ်ကားထဲမှာ မင်းမော်ကွန်းရဲ့ ညီနဲ့ ညီမက ပြောနေကြတာလေးပြောပြချင်ပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ရရင် အစ်ကိုနဲ့ အမေကို တိုက်နဲ့ထားမယ်၊ ကားနဲ့ထားမယ်နဲ့..မစားရ၀ခမမ်းပါပဲ။ အဲဒီဇာတ်ကားကြည့်ပြီး ကိုယ်ကပဲ မှားနေလားတွေးမိပါတယ်။ အဲဒီဇာတ်ကားအရတော့ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးရင် သူဌေးဖြစ်ပါတယ်။ မှတ်ထားလိုက်ပါ။

ခက်တော့လည်း ခက်ပါတယ်။ ဘက်စုံပညာရေးစနစ်ဆိုပြီးလုပ်ပါတယ်။ သိပ်ကောင်းတဲ့ စီမံကိန်းပါ။ ခက်တာက ဖြစ်မြောက်မလာတာပါ။ သူများနိုင်ငံတွေမှာလည်း ဘက်စုံပညာရေးစနစ်ပါပဲ။ ကွာသွားတာက ကျကျနနလုပ်နိုင်တာနဲ့ မလုပ်နိုင်တာပါ။ ဆရာ၊ဆရာမ လုံလောက်မှုမရှိရတဲ့အထဲ၊ ဘက်စုံပညာရေးစနစ်အတွက်ကလည်း ကျွမ်းကျင်သူတွေသင်မှဖြစ်မယ့် ဘာသာရပ်တွေပါ။ ရှိတဲ့ဆရာတွေကိုပဲ တစ်လလောက် မွမ်းမံသင်တန်းပေးပြီး ပြန်သင်ခိုင်းဖို့ဆိုတာ. စိတ်ကူးယဉ်ဆန်လွန်းပါတယ်။ အဲဒီတော့ ဘာဖြစ်လာလည်း ဆိုတာကတော့ ကွန်ပျူတာတွေ စာသင်ခန်းထဲမှာ ဖုန်တက်လာပါတယ်။ ကျောင်းသားတွေကတော့ မောင်ပုံ ဖြစ်နေဆဲပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကွန်ပျူတာတွေ ပျက်မှာစိုးလို့ပါတဲ့…။ ဒါလည်း ဟုတ်တာပဲနော်…။ 

နောက် ဆရာ၊ဆရာမတွေကို သူတို့မေဂျာမဟုတ်တဲ့ ဘာသာတွေသင်ခိုင်းတာ။ ဒါကလည်း ဖြစ်တော့မဖြစ်သင့်ပါဘူး။ ဒီကဆရာဆရာမတွေဆို သူတို့သင်တဲ့ဘာသာရပ်မှာ သူတို့က ပရော်ဖက်ရှင်နယ်ပါပဲ။ ကျွမ်းကျင်မှုရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တလျှောက်လုံးလေ့လာလာခဲ့တဲ့ သူတို့မေဂျာဘာသာဖြစ်နေလို့ပါ။ 
ခက်တာက ကျောင်းသားတွေ စာဖတ်ဝါသနာပါအောင် ပျိုးထောင်ဖို့နေနေသာသာ၊ ကိုယ်တိုင်က ၀ါသနာပါလို့ စာဖတ်ချင်တဲ့ ကျောင်းသားရှိရင်တောင် စာအုပ်တွေပျောက်မှာစိုးလို့ဆိုပြီး ကျောင်းစာကြည့်တိုက်က ဘယ်တော့မှမဖွင့်ပါဘူး။ ခက်ဖူးလားနော်….။

နောက်တစ်ခုက နယ်လေးတွေက ကျောင်းတွေအတွက်ပါ။ မြို့ကျောင်းတွေမှာ ဆရာဆရာမတွေပုံနေသလောက် အဲဒီကျောင်းလေးတွေမှာ လောက်တောင် မလောက်ပါဘူး။ ကျွန်တော်တို့မြို့က ရွာလေးတွေမှာဆို ကျောင်းတစ်ကျောင်းလုံးမှ ဆရာမနှစ်ယောက်ပဲရှိတာမျိုး၊ သင်ရတာက သူငယ်တန်းကနေ လေးတန်းထိ၊ ရှိတဲ့ဆရာဆရာမက နှစ်ယောက်၊ သင်ရတာက မနက်ကိုးနာရီကနေ ညနေသုံးနာရီထိ။ ဒီကြားထဲ မြို့ကနေ ကျောင်းရှိတဲ့ရွာကိုရောက်အောင်သွားရတဲ့ခရီး၊ ဘယ်လောက်လုပ်နိုင်တော့မှာလဲ..။ စေတနာ ဘယ်လောက်ပဲ ပါဦးတော့ လူက လိုက်နိုင်ပါတော့မလား။ အဲဒီက ကလေးတွေကို သင်ကြားဖို့ ဆိုတာ စာတတ်ဖို့လောက်ထိပဲ ရည်မှန်းနိုင်တဲ့အခြေအနေမျိုးပါ။ အဲဒီလိုအခြေခံကနေ တက်လာရတဲ့ ကလေးတွေအဖို့ အရမ်းကြီး ထူးချွန်လာဖို့ဆိုတာ အိပ်မက်တောင် မက်ကြည့်လို့ မရပါဘူး။ အစကောင်းတိုင်း အဆုံးမကောင်းနိုင်ပေမယ့်၊ အစမှာကတည်းက ဆိုးခဲ့ရင်တော့ အဆုံးမှာလည်း မကောင်းနိုင်တာသေချာပါတယ်။
အဲလိုပြောလို့ မြို့ကကျောင်းသားတွေလည်း အကုန်လုံးတော်နေပြီလို့တော့ မဆိုလိုချင်ပါဘူး။ မြို့က ကျောင်းသားတွေလည်း ကျောင်းပြီးရင် Gtalk ပဲ တက်နေတယ်နဲ့တူပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေကြည့်လိုက်ရင် Gtalk မှာချည်းပဲ။ ( အဲဒီတော့လည်း ကျွန်တော့်ဦးလေးလိုတော့ မတုံးတော့ဘူးပေါ့) တစ်ခါတစ်လေတော့လည်း နားမလည်နိုင်ပါဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးလို့ဆိုကြပေမယ့် Gtalk တက်ရတာကိုတော့ ဘာကြိုက်ကြမှန်း တကယ်နားမလည်နိုင်ပါဘူး။ (ဒီနေရာမှာလည်း ကျွန်တော်မျိုးကြီး တော်တော်ညံ့တယ်လို့ပြောလို့ရပါတယ်။ကျွန်တော်လည်း အင်တာနက်သုံးဖြစ်ကာစကတော့ Gtalk တက်ပါတယ်။ ဒါပေမယ့် “ဟိုင်း”လို့ လာပြောရင် ပြန်ဟိုင်းတတ်ပြီး နေကောင်းလား၊ ကောင်းပါတယ်ပြီးရင် ဘာပြောရမှန်းမသိလောက်အောင် ညံ့ဖျင်းတဲ့အတွက် ပေါင်းသင်းဆက်ဆံရေး gtalk နယ်ပယ်မှာ ကျွန်တော်က အောင်မှတ်မရပါဘူး။ အဲဒီလိုပြောနေရတာကိုလည်း ပျင်းပါတယ်။ ဒါကြောင့် ဖိုရမ်တွေဘက်ခြေဦးလှည့်ရာကနေ တဖြည်းဖြည်းနဲ့ ဘလော့ဂ်ဘက်ရောက်လာတာပါ။ ဘလော့ဂ်ဂင်းပြီးနောက်ပိုင်းဆို  Gtalk ထဲကို ၀င်ကိုမ၀င်ဖြစ်တော့သလောက်ပါပဲ။ Gmail ဆိုလည်း ကိုယ့်သူငယ်ချင်းအရင်းတွေလောက်ပဲ စာပြန်ဖြစ်တော့တယ်။ gtalk ထဲက friends list ထက် blog ထဲက blog list ကိုပိုရင်ခုန်ပါတယ်။)

ငယ်ငယ်တုန်းကတော့ မြန်မာနိုင်ငံကြီးတော်တော်ချမ်းသာတယ်လို့ ထင်ခဲ့ဖူးပါတယ်။ သယံဇာတတွေပေါကြွယ်ဝတယ်။ အကောင်းဆုံးကျွန်းတွေ၊ ရေနံတွေ၊ ဆန်စပါးတွေ…။ တကယ်တော့ ငယ်ကတည်းက ကျွန်တော်က ငတုံးလေးပါ။ ခုတော့ နည်းနည်းကြီးလာပြီဖြစ်တဲ့အတွက် ငတုံးကြီးလို့လည်း ပြောလို့ရပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါနေတယ်ဆိုတာကို သိတာ သိပ်မကြာသေးပါဘူး။ အဲ့လိုတုံးပါတယ်။ ကိုယ့်ရဲ့ အသိအမြင်နည်းမှုကိုလည်း မရှက်တန်းဝန်ခံပါတယ်။ သိလည်းသိပါတယ်။ blogger တွေကြည့်လိုက်ရင် ကိုယ့်ထက် အသိအမြင်၊ ပညာအရည်အချင်း၊ အတွေ့အကြုံ အားလုံးသာကြသူတွေ ချည်းပါ။ blog ရေးနေတာကလည်း လူကြီးတွေလို မြင်ချင်လို့ လည်လေးတဆန့်ဆန့်၊ ခြေလေးတထောက်ထောက်နဲ့ ခုန်ဆွဆွနဲ့ ပွဲကြည့်နေတဲ့ ကလေးငယ်တစ်ယောက်လိုပဲ ကိုယ့်ကိုယ်ကိုထင်မိပါတယ်။

 မြန်မာနိုင်ငံအနေနဲ့တော်တော်ကြီးကို နောက်ကျကျန်ခဲ့တယ်ဆိုတာတော့ အထူးတလည် ပြောနေစရာတောင် မလိုတော့ဘူးထင်ပါတယ်။ ဒီနေ့ခေတ်မြန်မာလူငယ် အများစုမှာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူ ဘယ်နှစ်ယောက်များရှိပါသလဲ..။ တော်တော်ကြီးကိုနည်းပါတယ်။ နိုင်ငံရေးဆိုတဲ့နေရာမှာ နိုင်ငံရေးဆိုရာမှာ လက်ရှိအစိုးရကို ထောက်ခံဖို့၊ ဒါမှမဟုတ် ဆန့်ကျင်ဖို့၊ ဆန္ဒထွက်ပြဖို့ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ အတိုက်အခံပါတီတွေကို ထောက်ခံခိုင်းတာလည်း မဟုတ်ပါဘူး။ ဒီနေရာမှာ နိုင်ငံရေးဆိုရာမှာ မိမိနိုင်ငံတိုးတက်မှု၊ ဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်တွေကို သိမြင်ဖို့၊ နိုင်ငံ့နောင်ရေးကို စိတ်ဝင်စားဖို့၊ အဓိကကတော့ နိုင်ငံကို ချစ်မြတ်နိုးဖို့ပါ။ ကိုယ့်နိုင်ငံ အောက်ကျနောက်ကျ ဖြစ်နေတာကို ခံပြင်းဖို့နဲ့ ဘာလုပ်မယ်ဆိုတာကို တွေးဖို့ပါ။ ငါကဘာတတ်နိုင်မှာလဲ လို့တော့ မတွေးထင်ထား သင့်ပါဘူး။ တချို့သူငယ်ချင်းတွေကတော့ ပြောပါတယ်။ ကိုယ့်စီးပွားကိုယ် အေးအေးလုပ်နေရရင် ပြီးတာပဲတဲ့။ ဘယ်သူကမှ ကိုယ့်ထမင်းအိုး ဒုတ်နဲ့လာထိုးနေတာမှမဟုတ်တာတဲ့။ ကောင်းရောပါ။ ကျွန်တော်တွေးမိတာက ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက ဗိုလ်ချုပ်သာ ဘွဲ့လေးရအောင်လုပ်ပြီး မြို့အုပ်၊အရေးပိုင်ပဲ လုပ်မယ်လို့ တွေးခဲ့ရင် လွတ်လပ်ရေးဆိုတာ ဘာမှန်းတောင် သိခဲ့ကြရမှာ မဟုတ်ဘူးလို့ပါ။ လူငယ်တွေက လူကြီး ဖြစ်လာမှာပါ။ သူတို့ကမှ ခုချိန်မှာ အဲ့လိုတွေးနေရင် နောင်တစ်ချိန် သူတို့တာဝန်တွေဖြစ်လာမယ့်အချိန် ဘယ်လိုလုပ်ကြမလဲ မြင်ယောင်ကြည့်ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုကြည့်ကြည့် အားရစရာမရှိတာတော့ အမှန်ပါ။ မြန်မာတွေက ဟမ်းဖုန်းတစ်လုံးကို သိန်းနှစ်ဆယ်၊ အစိတ်ပေးဝယ်နေရတဲ့အချိန်မှာ လာအိုလိုနိုင်ငံမျိုးကတောင် လူတိုင်းဖုန်းကိုင်နိုင်နေပါပြီ။ မြန်မာနိုင်ငံက မီးတောင် မှန်မှန်မရတဲ့ အချိန်မှာ သူတို့တတွေက လျှပ်စစ်ကို တခြားနိုင်ငံကို ရောင်းစားနေပါပြီ။ လာအိုလိုနိုင်ငံနဲ့ နှိုင်းယှဉ်ရတာ အကြောင်းရှိပါတယ်။ လာအိုဆိုတာ တချိန်က မြန်မာနိုင်ငံလောက်တောင် တိုးတက်မှုမရှိတဲ့နိုင်ငံပါ။ သယံဇာတနေရာမှာလည်း မြန်မာနိုင်ငံလောက်မရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံပါ။ အဲဒီနိုင်ငံလည်း ဘာမှဟုတ်သေးတဲ့နိုင်ငံမဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက အဲဒီနိုင်ငံလောက်တောင်…… (ကျွန်တော်ဆက်မပြောတော့ပါဘူး)။
 မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံကြီး ဆင်းရဲတာ ချမ်းသာတာတွေ သိပ်စိတ်မ၀င်စားဘူးဆိုလည်း ဒီပို့စ်က အလုပ်ရှုပ်ရုံပေါ့။ မြန်မာနိုင်ငံကို မြန်မာနိုင်ငံသားတွေကမှမချစ်ရင်၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာတွေကမှ တွေးပူမပေးရင် ဘယ်သူတွေပူပေးမလဲ စဉ်းစားကြည့်နေပါတယ်။  “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ဆီသို့” လို့ ကြွေးကြော်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ခုထိ ဘာမှ ဖြစ်မလာသေးတာကို ကြည့်ရင်တော့ တစ်နေရာရာမှာ တစ်ခုခု မှားနေတာတော့ သေချာပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဦးတည်ချက်တွေ ဆိုတာ (နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး) ပြည်သူတွေ အလွတ်ရအောင် လုပ်ပေးဖို့ သက်သက် မဟုတ်တာတော့ သေချာပါတယ်။ ခက်တာကလည်း အဲလိုပဲဖြစ်နေပါတယ်။ နောက်တစ်ခုရှိတာက တိုင်းပြည်ဆူဆူပူပူဖြစ်နေလို့လည်း အလုပ်ပျက်ရုံအပြင် ဘာမှပိုပြီးကောင်းလာမယ်လို့ မမျှော်လင့်ပါဘူး။ ဒီမိုကရေစီရယ်လို့ နင်းကန်အော်နေကြပေမယ့် ဘာလဲဆိုတာတောင်သေချာသိကြရဲ့လားလို့လည်း ပြောချင်ပါတယ်။ အဲလို့ပြောလို့လည်း အတိုက်အခံပါတီတွေကို မကောင်းပြောတာမျိုးမဟုတ်ပါဘူး။ အားလုံးက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်နေကြသူတွေချည်းပဲမို့ လေးစားပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အဲဒီနိုင်ငံရေးကိုတော့ စိတ်လည်းမ၀င်စားပါဘူး။ ၀ါသနာလည်းမပါပါဘူး။ သိရအောင်တော့ အထိုက်အလျောက် လေ့လာကြည့်မိပါတယ်။ အဓိကပြောချင်တာက စီးပွားရေး၊ပညာရေးနဲ့ လူမှုရေးတွေပါတဲ့ နိုင်ငံ့အရေးပါ။ ပညာရေးမကောင်းလို့ စီးပွားရေးမကောင်း၊ စီးပွားရေးမကောင်းလို့ လူမှုရေးဘက်ကို ကောင်းမွန်အောင်မလုပ်နိုင်၊ လူမှုရေးဘက်က ချွတ်ချုံကျတော့ ပညာရေးမကောင်း၊ ဆိုတဲ့ အဆိုးကျော့သံသရာထဲက ရုန်းထွက်နိုင်ဖို့ပဲ စိတ်ဝင်စားပါတယ်။ ထမင်းတောင်မစားနိုင်လို့ ဆန်ပြုတ်ပြုတ်သောက်နေရတဲ့ မိသားစုတွေ မရှိစေချင်တော့ပါဘူး။ ကွန်ပျူတာဆိုတာ ဘာမှန်းတောင် သေချာမသိတဲ့ ကျောင်းသား၊ ဘွဲ့ရပြီးလည်း ဘာမှလုပ်လို့မရဘူးဆိုပေမယ့် လေးငါးတန်းနဲ့ ကျောင်းထွက်ထားရတဲ့ လူငယ်တွေ မရှိစေချင်တော့ပါဘူး။ သဘာဝဘေးအန္တရာယ်ကျရောက်လို့မှ ကယ်ဆယ်မယ့်လူ ရောက်မလာနိုင်တဲ့ အဖြစ်မျိုး၊ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ပဲသေဆုံးရတဲ့လူနာတွေ စတာတွေအားလုံး မတွေ့ချင်မမြင်ချင်တော့တာအမှန်ပါပဲ။ ဒီလိုပြောနေတာဟာ လက်ရှိအစိုးရ မကောင်းဘူးလို့ပြောနေတာမဟုတ်သလို၊ ဒီအစိုးရပြုတ်သွားမှကောင်းမယ်လို့တော့လည်း မမျှော်လင့်ပါဘူး။ အတိုက်အခံတွေဘက်က တက်လာလို့ကော ပိုကောင်းလာမယ်လို့ ဘယ်သူပြောနိုင်ပါသလဲ။

ဒီဆောင်းပါးကို ရေးဖြစ်တာလည်း အားမလိုအားမရဖြစ်လွန်းလို့ပါ။  အပြောင်းအလဲတော့ ရှိမှဖြစ်မှာမှန်ပေမယ့် ပိုကောင်းလာမယ်၊ ပိုဆိုးလာမယ်လို့တော့ တိတိကျကျ မပြောနိုင်တာသေချာပါတယ်။ အဲဒီလို ပိုကောင်းလာဖို့ကိုပဲ မျှော်လင့်ပြီး လုပ်ဆောင်နေကြရမှာပါ။
 မြန်မာဆိုတာ ဘယ်လိုလဲလို့ဆိုရင် ကောင်းတာလေးတွေပဲ မြင်ချင်တော့တာအမှန်ပဲ။ Google ထဲမှာ Myanmar လို့ ရိုက်လိုက်ရင် ကောင်းတာ၊ လှတာ၊ သာယာအဆင်ပြေတာလေးတွေပဲတွေ့ချင်တော့တာ အိပ်မက်တော့မဟုတ်တော့ဘူးလို့ ယုံကြည်ချင်ပါတယ်

Monday, February 8, 2010

ГБКЗ နဲ့ တစ်ညနေ...

ရောက်သွားတော့ ခြောက်နာရီ ဆယ်မိနစ်။ အ၀င်ပေါက်မှာ တံခါးမှားဖွင့်နေသဖြင့် အထဲက မိန်းကလေးတစ်ယောက်က ပြောပြလိုက်သေးသည်။ ၀င်ဝင်ချင်းပဲ အနောက်တိုင်းဝတ်စုံအပြည့်အစုံနှင့် အမျိုးသားတစ်ယောက်က လက်မှတ်ကိုတောင်းက ဖြတ်လိုက်သည်။ နောက်အင်္ကျီထားရာ ကောင်တာတွင် အနက်ရောင် ယူနီဖောင်းကိုယ်စီနှင့် မိန်းကလေးသုံးယောက် ရပ်နေသည်ကိုတွေ့ရသည်။
“အင်္ကျီက ဒီမှာအပ်ရမှာလား?”
“ဟုတ်ပါတယ်ရှင်”
အနွေးထည်၊ လက်အိပ်နှင့် ဦးထုပ်တို့ကို ချွတ်ပေးလိုက်သည်။ နောက်သူတို့က ကဒ်ပြားတစ်ခုကို ထုတ်ပေးသည်။ ГБЛЗ-167 တဲ့။ တဆက်တည်း လက်မှတ်ထုတ်ပြပြီး သူတို့ကိုမေးလိုက်သည်။ 
“ဘယ်ကိုဆက်သွားရမလဲ”
“ညာဘက်လှေကားကနေတက်သွားလိုက်ပါ။ ဒုတိယထပ်မှာ”
လှေကားရောက်တော့ နောက်ထပ်မိန်ကလေးသုံးယောက်ကို တွေ့သည်။ ထပ်မေးတော့ တံခါးတစ်ခုကို ညွှန်ပြပြီး
“အဲဒီတံခါးကနေ၀င်သွားလိုက်ပါ။ အဲဒီထဲမှာရှိတဲ့မိန်းကလေးက ဆက်ပြီးကူညီပါလိမ့်မယ်”
အထဲရောက်တော့မိန်းကလေးနှစ်ယောက်ကို ထပ်တွေ့သည်။ ယူနီဖောင်းကိုယ်စီနှင့်ပင် ဖြစ်သည်။ လက်မှတ်ထုတ်ပြတော့ ခဏစောင့်ခိုင်းသည်။ အထဲက ဂစ်တာသံသဲ့သဲ့က အပြင်ကိုလျှံကျနေသည်။ ခဏကြာတော့ တေးသွားတစ်ပုဒ်ပြီးကာ လက်ခုပ်သံများထွက်ပေါ်လာသည်။ ယူနီဖောင်းနှင့်မိန်းကလေးက ၀င်ရန်ပြောသဖြင့် အထဲဝင်ကာ အတန်း ၁၃ က ခုနံပါတ် ၂၈ မှာဝင်ထိုင်လိုက်သည်။ သေချာထိုင်ပြီးချိန်မှာ စင်ပေါ်က ဂစ်တာသမားက နောက်တစ်ပုဒ်စတီးနေပြီ။ ဒီလိုနဲ့တစ်ပုဒ်၊ ပြီးနောက်တစ်ပုဒ် အပြေးအလွှား ဆင်းလာလိုက်၊ ညင်ညင်သာသာလေး တက်သွားလိုက်၊ ကျဲသွားလိုက်၊ စုသွားလိုက်။ ဂီတရဲ့ဖမ်းစားမှုအောက်မှာ မျှောလွင့်သွားလိုက်၊ ပြုတ်ကျလာလိုက်၊ တလိုက်လိုက် တဖိုဖို.....။
အခန်းအနားမှူးအမျိုးသမီး တက်လာပြီး(၁၅)မိနစ် နားကြောင်းပြောသည်။
ဂီတရဲ့ ပွတ်သပ်မှုအောက်မှာ သူစိတ်တွေလတ်ဆတ်ပြုံးရွှင်နေခဲ့သည်။ အညောင်းပြေအညာပြေ လမ်းလျှောက်ရင်း လှေကားအဆင်းမှာ သူနဲ့ဆုံသည်။ သူ့မျက်နှာမှာလည်း ကိုယ့်လို ကြည်နူးရိပ်နဲ့ပေပဲ။ နှစ်ယောက်သား စကားတွေဆိုဖြစ်ကြသည်။ ဂီတအကြောင်း၊ ဇာတ်ရုံအကြောင်း၊ နောက်နေ့မှာကျရောက်မယ့် ပွဲတော်နေ့အကြောင်း၊ နောက်သူ့အကြောင်း၊ ကိုယ့်အကြောင်း နှလုံးသားချင်း တစိတ်တပိုင်း နားလည်မိကြ။ မကြာလိုက်ခင်မှာပဲ ပွဲပြန်စတော့မည့် အချက်ပေးဂီတသံလေး ထွက်ပေါ်လာခဲ့သည်။ နှစ်ယောက်သား မခွဲချင် မခွာချင် အကြည့်တချို့ ဖလှယ်မိကြ။ နောက်တော့ ခုံအမှတ်၂၈ မှာ ဂီတကြောမျှောမိပြန်ပေါ့.............

( ဂီတပဒေသာပွဲသွားကြည့်ခဲ့တဲ့ တစ်ညနေကို ခံစားရေးပါသည်။ သီချင်းတွေနားထောင်ရတာထက်စာရင် ဂီတသက်သက်ကို နားထောင်ရတာ ပိုနှစ်သက်မိသည်။ ကင်မရာပါမသွားလို့ ဓါတ်ပုံတွေတော့မတင်နိုင်တော့ဘူး.. )

Sunday, February 7, 2010

အရှုပ်တွေလုပ်နေပါသည်...

ဒီရက်ပိုင်း blog ရွာထဲကို သိပ်မရောက်ဖြစ်ပါဘူး။ အလုပ်ရှုပ်နေလားဆိုတော့ အရှုပ်တွေလုပ်နေတယ်ဆိုရင် ပိုမှန်လိမ့်မယ်ထင်ပါတယ်။ မဖတ်ရသေးတဲ့စာကြွေးတွေ ကျကျနနရှင်းပါတယ်။ ကိုယ်ကြိုက်တဲ့ blog ကကူးထားတဲ့ စာတွေကို ကျကျနန print ထုတ်ပြီးဖတ်ပါတယ်။ အထူးသဖြင့် gardener blog ကစာတွေ သိပ်ကြိုက်ပါတယ်။ ခုနောက်ပိုင်းရေးတဲ့ ဆောင်းပါးတွေကို သေသေချာချာလိုက်ဖတ်ဖြစ်တယ်။ နောက် မနော်ဟရီကိုလည်း ဖတ်ပါတယ်။ မနော်ဟရီ blog ကြောင့် blog ဆိုတာ ဘာမှန်းသိပြီး စာစရေးဖြစ်တာပါ။ သူ့စာတွေကိုတော့ မြန်မာနိုင်ငံမှာနေတုန်း ကတည်းက ကြိုက်ခဲ့တာပါ။ အဲဒီတုန်းကတော့ လုံးချင်းတွေအဖတ်များပါတယ်။ နောက်ပန်ဒိုရာတို့ မဆုမွန်တို့ ၀တ္ထုတွေထက် ဆောင်းပါးတွေပိုဖတ်ဖြစ်တယ်။ နောက် ကိုသက်သန့်ချို နဲ့ ကိုဏီလင်းညို ကိုမရေးနိုင်တဲ့အရေးအသားမျိုး ကျကျနနရေးတတ်ကြတယ်။ အားလည်းကျတယ်။ နောက် မမချစ်ကြည်အေး အတွေးရောအရေးပါ ကောင်းတဲ့ကျွန်တော့်အစ်မပေါ့။ မမ၀ါဝါခိုင်မင်းကတော့ ကျွန်တော်ပထမဆုံးထိတွေ့ခဲ့ရတဲ့ blogger ပေါ့။ blog လေးစရေးကာစက ပို့စ်လေးကျဲကျဲနဲ့ ယောင်လည်လည် ကျွန်တော့်ကို ဆက်ရေးဖြစ်အောင် အားပေးခဲ့တာ။ ကျွန်တော့်ကျေးဇူးရှင် bloggerပေါ့။ မနော်ဟရီ blog က ကျွန်တော် blog စရေးဖြစ်တဲ့အကြောင်းတရားဆိုရင် မမ၀ါက စာဆက်ရေးဖြစ်စေတဲ့ တွန်းအားတစ်ခုပါ။ ( blog ရွာထဲမှာ ကျွန်တော်ရှိနေတာကို မျက်စိနောက်သူများ မမ၀ါကို အပြစ်တင်ကြပါ.. :)) အစ်မနေ့အိပ်မက်နဲ့ ကို craton ကတော့ ကျွန်တော့်ထက် တစ်နှစ်လောက်ပဲကြီးပေမယ့် တွေးအားရောရေးအားပါ ကျွန်တော် ဘယ်လိုမှလိုက်မမှီတဲ့သူတွေပါ။ အစ်မအဖြူရောင်နတ်သမီး - သူ့ဘလော့ဂ်ကိုရောက်သွားရင် လူကအလိုလိုကိုပျော်ပါတယ်။ သူကတော့ ဟာသတွေရေးတာမဟုတ်ပါဘူး။ ဒါပေမယ့် ပျော်ပါတယ်။ ပို့စ်အသစ်မတင်တောင် သွားတော့ သွားလိုက်တာပဲ။ နောက်ပြောရရင်တော့ အများကြီးပဲ...ကုန်တော့မှာမဟုတ်ဘူး။ အကြောင်းအရာကလည်း ဘယ်တွေရောက်ကုန်လည်းမသိတော့ဘူး။ ကြာရင် ဘလော့ဂ် အညွှန်းဖြစ်တော့မယ် :) နောက်လုပ်ဖြစ်တာတစ်ခုက မြန်မာနိုင်ငံနဲ့ ဖုန်းပြောဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ပြောတယ်။ အမျိုးတွေနဲ့ပြောတယ်။ ဆရာတွေနဲ့ပြောတယ်။ ပြောချက်ကတော့ ကမ်းကုန်ပဲ သိသမျှ ဟမ်းဖုန်းမှန်သမျှ အကုန်ပြောပါတယ် :) ဟမ်းဖုန်းကိုဆက်ရင် ပိုက်ဆံသိပ်မကုန်တဲ့ SIM ကဒ်တွေ့ထားလို့ပါ :) ။
နောက် ဇာတ်ကားတွေကြည့်ဖြစ်တယ်။ ကြည့်ဖြစ်တဲ့ဇာတ်ကားတွေအကြောင်းပြောပြန်ရင်လည်း ဇာတ်ကားအညွှန်းဖြစ်တော့မှာမို့ မပြောတော့ပါဘူး။ စာရေးချင်လို့ စာဖတ်နေပါတယ်။ လောလောဆယ်တော့ “အတောင်ပါသောစာလုံးများ” ကိုဖတ်နေပါတယ်။ သူငယ်ချင်းတစ်ယောက် မော်စကိုသွားပြီး ပြန်လာတော့ ပါလာတာပါ။ အိမ်မှာတုန်းက ဖတ်ပြီးသားပေမယ့် မဖတ်တာကြာနေပြီလည်းဖြစ် စာအုပ်ကို လက်နဲ့ ကိုင်ပြီး ကျကျနနမဖတ်၇တာလည်း ကြာနေပြီဖြစ်လို့ ဖတ်ရတာတော်တော် အရသာတွေ့နေပါတယ်။  နောက် “ ပြိုင်မြင်းတို့ရဲ့ခွာသံ” ကြိုက်လွန်းလို့ အထပ်ထပ်ဖတ်နေပါတယ်။ ကိုးတန်းကတည်းက စဖတ်ဖူးတာ ခုဆို ဘယ်နှစ်ခါရှိမှန်းမသိတော့ဘူး။ ကျောင်းကလည်း ပိတ်ထားတော့ လူလည်း တော်တော်ကြီးကို ဇိမ်ကျနေပါတယ်။ စားလိုက်၊အိပ်လိုက်၊ စာဖတ်လိုက်၊ အပြင်လျှောက်သွားလိုက်၊ ဇာတ်ကားကြည့်လိုက်နဲ့ တော်တော်ကောင်းပါတယ်။ နောက်မွေးနေ့တုန်းက ဆရာမလက်ဆောင်ပေးထားတဲ့ Pushkin ရဲ့ ကဗျာစာအုပ်ကို သေချာဖတ်နေပါတယ်။ တချို့ကဗျာလေးတွေကိုတော့ တော်တော်ကြိုက်ပါတယ်။ ကြိုက်တယ်ပြောပေမယ့် ဘာသာပြန်ရလောက်အောင် မတတ်နိုင်သေးတော့လည်း ခက်ပါတယ်။ ကိုယ်ဘာသာပြန်လိုက်မှ လုံးဝပျက်စီးသွားတာမျိုးဖြစ်မှာ အ၇မ်းကြောက်ပါတယ်။ ပို့စ်အသစ်တွေတင်ဖို့ စဉ်းစားထားတာတွေ၊ ရေးထားတာတွေလည်းရှိပါတယ်။ လက်နဲ့ရေးထားတာဆိုတော့ စာရိုက်ရမှာပျင်းနေသေးလို့ မတင်ဖြစ်သေးတာပါ။ အရှုပ်တွေလျှောက်လုပ်နေဖြစ်တာကြောင့်လည်းပါပါတယ်။ ကျွန်တော့်အစ်မ ချစ်ကြည်အေးက အလုပ်တွေရှုပ်နေလားလို့ စီဗုံးမှာလာအော်သွားတာကြောင့် ဒီပို့စ်ကို ရေးပါတယ် ( ဆားချက်တယ် လို့ ၀န်မခံချင်လို့ အကြောင်းပြချက်ရှာထားတာပါ)။ ဝေလင်း အလုပ်မရှုပ်ပါ။ အရှုပ်တွေလုပ်နေခြင်းဖြစ်ပါတယ်။ ဒီပို့စ်တစ်ခုလုံးလည်း ရှုပ်နေပါပြီ။ ကိုယ့်ကိုယ်ကို စာရေးမကောင်းမှန်း စကတည်းက သိပေမယ့် ကြာလေထင်ရှားလာလေ ဖြစ်နေပါတယ်။ မတတ်နိုင်ပါဘူး မျက်စိလည်းလမ်းမှားပြီး ရောက်လာသူကတော့ ဒီပို့စ်ကိုဖတ်မိရင် အိမ်ပြန်မရောက်တော့မှာ သေချာပါတယ်။ နောက်တောင်းပန်ချင်တာတစ်ခုကတော့ ဒီပို့စ်ဖတ်ပြီးရင် ဘာတွေရေးထားတာလဲလို့ မမေးဖို့ပါ.... :) ကိုယ်တိုင် မျက်စိလည်နေလို့ပါ...