Tuesday, November 30, 2010

အနမ်း...

- သိပ်မကြာခင်မှာပဲ နေ၀င်တော့မှာမို့နဲ့ တူပါရဲ့ ကောင်းကင်ကြီးက နှုတ်ဆက်နေလိုက်တာ တိမ်လေးတွေတောင် လောင်ကျွမ်းတောက်ပလို့ မကြာခင် ခွဲခွာရတော့မှာ ၀မ်းနည်းနေသလား... ဒါမှမဟုတ် လေလေးတစ်ချက်နှစ်ချက် အဝှေ့မှာ ထထခုန်ကြတဲ့ သစ်ရွက်ကြွေလေးတွေရဲ့ ဘ၀ကိုပဲ မရှုရက်လေသလား.. သူတို့ဘယ်လိုများ ဖြေသိမ့်ကြပါသလဲ...။
- သစ်ရွက်ကြွေလေးတွေဆီနည်းနည်း၊ အဖျားဝါပြီး ငိုက်စိုက်ကျနေတဲ့ မြက်ပင်လေးတွေဆီနည်းနည်း၊ နွေရာသီကနေထွက်ပြေးလာတဲ့ လေပြေလေးတွေဆီ နည်းနည်း၊ မကြာခင်ပျောက်ကွယ်တော့မယ့် နေ၀န်းလေးဆီ နည်းနည်း ခံစားချက်လေးတွေ မျှပေးမိတာ ပတ်ဝန်းကျင်တစ်ခုလုံးတောင်လေးလံလို့..။
- နွေရာသီကုန်ဆုံးသွားပြီ..။
- ဆောင်းအိပ်မက်တွေဟာ နွေရာသီမှာလည်း မက်တတ်တယ်ဆိုတာ နွေရာသီကုန်ဆုံးချိန်အိပ်မက်က လန့်နိုးမှ သိလိုက်ရတဲ့အခါ ပြန်မရနိုင်တော့မှန်း သိတဲ့အသိတွေနဲ့အတူ နှမျှောတသ ဆုံးရှုံးခြင်းကို ခံစားလိုက်ရတယ်။ 
- တဖြည်းဖြည်းမှောင်လာလိုက်တာ ပတ်ဝန်းကျင်ကလား စိတ်ကလားတောင် မဝေခွဲနိုင်တဲ့ အဖြစ်မျိုး ကြုံတွေ့လာရတဲ့အခါ သေချာနေတဲ့ သံသယတွေကိုတောင်မှ သံသယလေးဝင်ပြီး အကောင်းဆုံးကို မျှော်လင့်နေမိသေးတာဟာ ရူးသွပ်မှုဆိုရင်တောင် ကျွန်တော်ကိုယ့်ကိုယ်ကို အပြစ်မတင်ရက်ဘူး..။
- နှုတ်ခမ်းနှစ်ခုထိတွေ့မှု၊ ၀င်သက်ထွက်သက်အပေးအယူမျှမှု.. ဘယ်တုန်းကမှ တို့အနမ်းတွေ အဲလောက် မရှည်လျားခဲ့ဖူးဘူး။ အခုတော့ နေရောင်အောက်က ရေခဲတုံးတစ်တုံးလို တဖြည်းဖြည်း ပါးလျပျောက်ကွယ်သွားသလိုမျိုး တစ်ယောက်ကို တစ်ယောက် ဆုံးရှုံးရင်းနမ်းခဲ့ကြတာ `နောက်ဆုံး´ဆိုတဲ့ အသိနဲ့တဲ့လား။ တစ်ယောက်ကိုတစ်ယောက် ခပ်တင်းတင်း ပွေးဖက်ထားခဲ့ကြတဲ့ လက်တွေဟာ ထာဝရ လက်မလွတ်လိုက်ရခင် နောက်ဆုံးအင်အားတဲ့လား...။
- အနမ်း။ ပါးပြင်၊ အပေါ်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း၊ နားရွက်ကလေးတွေ နောက်ပြီးတော့ လည်တိုင် အားလုံးကို ဆုံးရှုံးမှုနဲ့ မွတ်သိပ်စွာနမ်းခဲ့တာ။ အဲဒီအနမ်းဟာ နှုတ်ဆက်အနမ်းမဟုတ်ပေမယ့် သေချာနေပြီဖြစ်တဲ့ ဆုံးရှုံးမှုတွေနဲ့ နောက်ဆုံးအနမ်းပါ။
- အနမ်းတွေဟာ ဘယ်တော့မှ လေထဲပျောက်ကွယ်မသွားဘူး...။
- တိမ်အတုတွေကြောင့် နှလုံးသားနှစ်ခု ဖျားနာသွားတာဟာ ဘယ်သူ့အပြစ်ကြောင့်လဲ ဆိုတဲ့ မေးခွန်းကို မေးဖို့ အဖြေကို နားထောင်နိုင်စွမ်းမရှိတာနဲ့ပဲ သက်ပြင်းသုံးကြိမ်ချခဲ့မိတယ်..။
- ရှုံးနိမ့်ခြင်းနဲ့ ဆုံးရှုံးခြင်းဟာ သနပ်ခါးလိမ်း ပန်းပန်ပြီး ဇာတ်စင်ရှေ့ထွက်လာတဲ့အခါ ကံတရားဆိုတဲ့ ဇာတ်ဆရာက ကန့်လန့်ကာ ထောင့်ကွယ်ကနေ ပြုံးပြီးကြည့်တယ်။
- လေထုထဲမှာ ရနံ့တွေ ပါလာတတ်လွန်းလို့ အသက်ရှူဖို့တောင် ကြောက်လန့်မိ။ ခြောက်သွေ့တဲ့လေထုကို ရှူရှိုက်မိတိုင်း အနမ်းတွေနဲ့ စိုစွတ်နေတဲ့ လေထုကို လွမ်းမိတယ်။
- ပိုင်ဆိုင်ခွင့် မရှိတော့တဲ့ အနမ်းကို အခါအခွင့်ကြုံတိုင်း လွမ်းဆွတ်မိတာ ကိုယ့်ကိုယ်ကို နှိပ်စက်ရာများ ကျလေမလား..?
- အနမ်းနှစ်ခုကြား အများကြီးခြားနားသွားတာကို မနမ်းခင်အခိုက်အတန့်နဲ့ နမ်းပြီးအခိုက်အတန့် နှလုံးသာကို ယှဉ်ကြည့်တော့ သိပ်သိသာလာတာဟာ မနမ်းခင်ရှင်သန်နေခဲ့တဲ့ နှလုံးသားဟာ နမ်းပြီးတဲ့အချိန်မှာ သေဆုံးသွားတာကို တွေ့မြင်ရလို့ဖြစ်တယ်။
-  နွေးထွေးတယ်၊ စိုစွတ်တယ်၊ နူးညံ့တယ်၊ တလပ်လပ်နဲ့ ရင်ထဲက ဖိုတယ်၊ ချိုမြိန်တယ်၊ နှလုံးခုန်မြန်လာတယ်။ ဟိုးအတွင်းထဲ.. အတွင်းထဲအထိ....
- နှုတ်ခမ်းနှစ်ခုရဲ့ ထိတွေ့မှုအောက်မှာ အတ္တတွေပြိုကျ၊ သူလည်းမရှိငါလည်းမရှိ ဖြစ်တည်မှုအသစ်၊ သူမဟာ ငါ့ရဲ့ ဒုတိယတစ်ဝက်ဖြစ်တယ် လို့ ......။
- ဒီစာမှာ အနမ်းကလွဲပြီး ဘာမှမပါဘူး..။

notes; လွန်ခဲ့တဲ့ သုံးလလောက်က ရေးခဲ့တဲ့ အက်ဆေးလေးပါ။ အခုအချိန်မှာ ပြန်ဖတ်ကြည့်တော့ ရယ်ချင်သလိုပဲ....။ အားလုံးဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲကုန်တာပါပဲ...။


Saturday, November 27, 2010

ချစ်သူသို့..

`မင်္ဂလာပါ´

ဒါပါပဲကွယ်။ ငါပြောခွင့်ရှိတာ ဒီတစ်ခွန်းသာပါ

`အဆင်ပြေရဲ့လား´တဲ့

ရက်ရက်စက်စက် ထိုးခုတ်သတ်ဖြတ်ပြီးကာမှ `နာသွားသေးလား´လို့

မေးချင်သေးတာတဲ့လား။

ငါ့ကို မချစ်လို့ ရပါရဲ့၊ မုန်းလို့ရပါရဲ့၊

သနားခွင့်တော့ မင့်မှာ မရှိပေဘူး

ဒါတွေအားလုံး ကြိုသိခဲ့ရင်..

ငါပြင်ဆင်ချိန်ရခဲ့မှာပဲ။

ခုတော့ သတ်မှာကိုပဲ နာကျင်မှာစိုးလို့

ဓါးကိုဖြည်းဖြည်းချင်း ထိုးသွင်းခဲ့တာပါတဲ့

မြတ်နိုးဖွယ်မဟာ ဂရုဏာတော်ပါပဲကွယ်....။
                                                         (ဝေလင်း)
         

Wednesday, November 10, 2010

အိမ်အပြန်လမ်းက ပန်းပုဝါ



 အိမ်အပြန်လမ်းက ပန်းပုဝါ


         

       ဖလော်ရီဒါက ကမ်းခြေကို သွားကြမယ့်အဖွဲ့ဖြစ်သည်။ ယောက်ျားလေး သုံးယောက်၊ မိန်းကလေးသုံးယောက် ဖြူလွလွသောင်ပြင်နဲ့ နွေးထွေးတဲ့ နေရောင်ခြည်၊ ရေပြာပြာပင်လယ်နဲ့ လတ်ဆတ်တဲ့ လေကိုတွေးပြီးပျော်မြူးနေကြသည်။ တစ်ယောက်နဲ့တစ်ယောက်လည်း ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင် စနောက်ပြီး လိုက်ပါလာကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း အပြုံးပန်းတွေပေးလို့။ ကားပေါ်မှာ ပါလာတဲ့ အခြားခရီးသည်တွေကိုလည်း သူတို့လိုပင် ပျော်ရွှင်စေချင်ကြသည်။


         သူတို့နားက ခုံမှာတော့ ခပ်ငယ်ငယ်လူရွယ်တစ်ယောက်လိုက်ပါလာသည်။ တစ်ချက်ချက် ပေါက်ကွဲထွက်လာတဲ့ ရယ်သံတွေ၊ လူငယ်တွေရဲ့ ပျော်ရွှင်မှုလှိုင်းက သူ့မျက်နှာက မှိုင်တွေငေးမောတဲ့ အမူအရာကို ပျောက်ကွယ်သွားအောင် မရိုက်ခတ်နိုင်သည့်အလား မှိုင်တွေပြီးလိုက်ပါလာသည်။ ခုံပေါ်မှာ ခပ်ကျုံ့ကျုံ့ထိုင်နေတဲ့ပုံက စိတ်နဲ့လူနဲ့ မကပ်သလိုလို။


         လူငယ်တွေအဖွဲ့ထဲက မိန်းကလေးတစ်ယောက်က အဲဒီလူရွယ်နားသွားထိုင်သည်။ အဲဒီမိန်းကလေးကြောင့် ထိုလူငယ်ရဲ့နာမည်ဟာ ဗင်ဂိုး ဆိုတာနဲ့ နယူးယောက်ထောင်မှာ လေးနှစ်ပြစ်ဒဏ်ခံပြီး ပြန်လာတဲ့လူဆိုတာ သိကြရသည်။ အဲလို သိရတော့ ခရီးသွားတွေ ပိုအံ့ဩကြရသည်။ ထောင်ကလွတ်လာပြီး အိမ်ပြန်မယ့်သူက ပျော်ရွှင်မနေဘဲ ဘာလို့များမှိုင်တွေနေရပါလိမ့်ပေါ့…။


         “ရှင့်မှာ အိမ်ထောင်ရှိသလား..?” မိန်းကလေးက မေးလိုက်သည်။


ထိုရိုးစင်းသောမေးခွန်းနောက်မှာ ခပ်ဆန်းဆန်း အဖြေက လိုက်လာသည်။


         “မသိပါဘူးဗျာ..”


အဲဒီအဖြေကိုကြားတော့ မိန်းကလေးက တအံ့တဩနဲ့ ထပ်မေးသည်။


         “မသိဘူး ဟုတ်လား..?”


         “ကျွန်တော်ထောင်ထဲဝင်ရတော့မယ်ဆိုတော့ ကျွန်တော့်မိန်းမဆီ စာတစ်စောင် ရေးခဲ့တယ်။ အဲဒီစာထဲမှာ ကျွန်တော်ဟာ ထောင်ထဲမှာ အချိန်အကြာကြီးနေရမှာမို့လို့ တကယ်လို့များ သူ့အနေနဲ့ စောင့်ရမှာ ခက်ခဲတယ်ဆိုရင် ၊ တကယ်လို့များ ကလေးတွေက သူတို့အဖေအကြောင်း မေးကြရင်၊ အဲလိုဖြစ်လာလို့ သူမနာကျင်ရတယ်ဆိုရင် ၊ ခြုံပြောရရင်တော့ သူမအတွက် ရပ်တည်ဖို့ ခက်ခဲလာခဲ့ရင် ကျွန်တော့်ကို မေ့ပစ်လိုက်ပါ။ နောက်အိမ်ထောင်ပြုချင်လည်း ပြုပါ။ ကျွန်တော်နားလည်နိုင်ပါတယ်။ ပြီးတော့ နောက်အိမ်ထောင်ပြုမယ်ဆိုလည်း ကျွန်တော့်ကို အကြောင်းကြားနေဖို့မလိုပါဘူးလို့ ရေးလိုက်တယ်။”


         “ဆိုလိုတာက အခုရှင်ပြန်သွားရင် အိမ်မှာ ရှင့်ကို ဘာက စောင့်ကြိုနေမယ်ဆိုတာ မသိဘူးပေါ့.. ဟုတ်လား..?”


         “ဟုတ်တယ်..” တုန်ရင်မှုကို ဖုံးကွယ်ထားတဲ့ အသံနဲ့ ဗင်ဂိုးက ဖြေသည်။


         “ပြီးခဲ့တဲ့ တစ်ပတ်လောက်က ထောင်ထဲမှာ အနေအထိုင်ကောင်းမွန်လို့ဆိုပြီး ကျွန်တော့်ကို လွတ်ရက်ထက် စောလွတ်မယ်ဆိုတဲ့ သတင်းကြားတော့ ကျွန်တော်သူ့ဆီကို နောက်ထပ် စာတစ်စောင် ထပ်ရေးလိုက်တယ်။ ကျွန်တော်တို့မြို့နားရောက်ရင် သတိထားကြည့်ကြပေါ့။ လမ်းဘေးနားမှာ ၀က်သစ်ချပင်ကြီး တစ်ပင်ရှိတယ်။ တကယ်လို့ သူ့အနေနဲ့ ကျွန်တော့်ကို လိုအပ်သေးရင်၊ ကျွန်တော့်ကို စောင့်နေသေးတယ်ဆိုရင် အဲဒီဝက်သစ်ချပင်ကြီးမှာ အ၀ါရောင်ပုဝါလေး ချိတ်ထားပေးပါ။ အဲလိုချိတ်ထားခဲ့ရင် ကျွန်တော်ကားပေါ်က ဆင်းပြီးအိမ်ကို ပြန်လာခဲ့မယ်။ တကယ်လို့ သူမအနေနဲ့ ကျွန်တော့်ကို မတွေ့ချင်တော့ဘူးဆိုရင် ဘာမှမလုပ်ထားပါနဲ့တော့။ ကျွန်တော်ဘတ်(စ်)ကားပေါ်ကနေပဲ မြို့ကို ဖြတ်ကျော်သွားပါတော့မယ်လို့ စာထဲထည့်ရေးလိုက်တယ်…။”


မြို့ကိုရောက်ဖို့က ဘယ်လောက်မှမလိုတော့ပေ။ ကားပေါ်က လူငယ်တွေအားလုံး မြို့ရှိရာဘက်သို့ အလုအယက်ပင် ၀င်ထိုင်ကြကာ လမ်းတလျှောက်က မိုင်တိုင်တွေကို ကြည့်ပြီး ရေတွက်လာကြသည်။ ဗင်ဂိုးကတော့ ရလဒ်ကို မကြည့်ရဲ၍ထင့် ခြေကုန်လက်ပန်းကျစွာ မျက်လုံးမှိတ်ထားသည်။


၁၀ကီလိုသာ ကျန်တော့သည်။ နောက်၅ကီလိုမီတာ… ပြီးတော့ ရုတ်တရက် ကားပေါ်က ခရီးသည်တွေအားလုံး ကိုယ့်နေရာကနေ ထခုန်ကုန်ကြသည်။ ၀မ်းမြောက်ဝမ်းသာ အော်ဟစ်ကခုန်ကြသည်။


         ဗင်ဂိုးထပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ ၀က်သစ်ချပင်တစ်ပင်လုံးက ရှိသမျှ အကိုင်းတွေမှာ အ၀ါရောင်ပုဝါလေးတွေနှင့် ပြည့်နှက်နေသည်။ လေနှင့်အတူ တလူလူလွင့်ပြီး အိမ်ပြန်လာတဲ့ လူတစ်ယောက်ကို ကြိုဆိုနှုတ်ဆက်နေကြလေသည်။


                                                                     Борис Ганого Ожидание ကိုပြန်ဆိုသည်။
note; ၈ရက်နေ့က ဘလော့ဂ်လေး တစ်နှစ်ပြည့်ခဲ့ပါတယ်။ အစ်မချစ်ကြည်က စာရေးကျဲလို့ စာမှန်မှန်ရေးဖို့ တိုက်တွန်းခဲ့ပါတယ်။ အမှန်တကယ်လည်း တော်တော်ကျဲခဲ့ပါတယ်။ လူက စာရေးရမှာ ပျင်နေတာလည်းပါပါတယ်။ စာရေးဖို့တွေးရတာကို မပျင်းပါဘူး။ အဲဒါကို ချရေးလိုက်ရမှာလည်းအဲလောက်ထိ မပျင်းသေးဘူး။ ဒါတောင် တော်တော်ပျင်းပါတယ်။ အဲဒီရေးပြီးသားကို ကီးဘုတ်နဲ့ ပြန်ရိုက်ရမယ်ဆိုရင်တော့ တော်တော် စိတ်ညစ်သွားပါတယ်။ အခုပို့စ်လေးဆိုရင်လည်း ဖတ်ထားတာကြာပါပြီး စရေးတာလည်း ကြာပါပြီ။ ပျင်းပျင်းနဲ့ အဆုံးမသတ်ဘဲ ဖြစ်နေတာ။ ဒီနေ့တော့ အစ်မချစ်ကြည်ရဲ့ သတိပေးစကားကြောင့် ရေးဖြစ်သွားပါတယ်။
ဒီဇာတ်လမ်းလေးက မထင်မှတ်ပဲ ဖတ်မိပြီး မထင်မှတ်ပဲ ကြိုက်သွားမိတဲ့ ၀တ္ထုတိုလေးပါ။ ကျွန်တော်တို့ မြန်မာစကားမှာရှိပါတယ်။ အပျော်ဆုံးနေ့သုံးနေ့ဆိုတာ။ ဒီဇာတ်လမ်းထဲက ဗင်ဂိုးဆိုတဲ့ လူမှာတော့ ထောင်ကထွက်လာတာတောင် မပျော်နိုင်ဘဲ....





        



Monday, November 8, 2010

ဒဏ်ရာပြတိုက်


         Воэможно ты в этом мире всего лишь человек, но для кого-то ты весь мир!

            ဒီက ကျွန်တော့်ဆရာမရဲ့ ဘလော့မှာ အဲလိုလေးရေးထားတာ တွေ့ဖူးပါတယ်။ အဓိပ္ပာယ်ကတော့ ဒီကမ္ဘာကြီးမှာ မင်းဟာ သာမန်လူတစ်ယောက်ပဲ ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ဒါပေမယ့် တစုံတယောက်သော သူအတွက်ကတော့ မင်းဟာ ကမ္ဘာကြီးတစ်ခုပဲ တဲ့။ ဘာသာပြန်လိုက်တော့ သိပ်ပြီးမလှတော့ပါဘူး။ ထားပါတော့ ပြောချင်တာကတော့ ဒဏ်ရာပြတိုက်လေးဟာ blog လောကကြီးထဲမှာတော့ သာမန်blog လေးပါ။ သာမန်တောင် လူသိပ်မသိတဲ့ သာမန်blog လေးပါ။ ဒါပေမယ့် ကျွန်တော်ဆိုတဲ့ ဝေလင်းအတွက်တော့ သူက တစုံတခုသော အတိုင်းအတာအထိ အဓိပ္ပာယ်ရှိပါတယ်။
              ဒီနေ့ပဲ blog လေးတစ်နှစ်ပြည့်ပါတယ်။ ဘာမှတော့ ထူးထူးခြားခြားရယ်လို့တော့ မဟုတ်ပါဘူး။ စကားစမြည်လေးပြောချင်လို့ပါ။ 
                 ကိုယ်ရေးခဲ့တာတွေ ကိုယ်ပြန်ကြည့်ကြည့်တော့ ကဗျာက အများဆုံးဖြစ်နေပါတယ်။ ပို့စ်ပေါင်း ၇၈ ခုမှာ ၂၁ ခုက ကဗျာပါ။ တစ်ခုခုက စိတ်ကိ ထိခိုက်မိလာရင် ကဗျာအဖြစ်ပဲ ပုံပြောင်းပြောင်းပစ်တတ်တဲ့ အကျင့်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာသာပြန်ထားတာတွေကိုတော့ တစ်ခုတလေက လွဲရင် ပြန်ဖျက်ပစ်ချင်မိပါတယ်။ အချိန်ကုန်ခံရိုက်ထား ရေးထားတာလေးကို နှမြောပြီးတော့တာ မဖျက်မိတာပါ။ 
ကဗျာကိုလည်း အားမရပါဘူး။ သိပ်ကြီး ပုဂ္ဂလိက ဆန်လွန်းတယ်လို့ ထင်မိလို့ပါ။ ခက်တာက ကိုယ်လုပ်ထားတဲ့ blog လေးကိုက ကိုယ့်ရဲ့ ကိုယ်ရေးကိုတာ ဆန်ဆန်လေး ဖြစ်နေတော့လည်း အထဲမှာပါတဲ့ အကြောင်းအရာတွေက ကိုယ်ရေးကိုယ်တာဆန်တာ သိပ်တော့မဆန်းပါဘူး။ ပေးထားတဲ့ blog နာမည်ကိုက ဒဏ်ရာပြတိုက် ပါတဲ့။ ကိုယ့်ကို ထိခိုက်မိလာတဲ့ ဒဏ်ရာလေးတွေကို စုစည်းပြဖို့ ရည်ရွယ်ခဲ့တာပါ။ ဒီနာမည်ကိုလည်း ပန်းချီပြခန်းတစ်ခုရဲ့ နာမည်လို့ ထင်ပါတယ်။ ဘယ်စာအုပ်ထဲမှာ ဖတ်မိတယ်တော့ မပြောပြတတ်ပါဘူး။ ငယ်ငယ်က ဖတ်ထားမိတာပါ။ ခုလို blog မှာ မရေးခင်က ရေးချင်တာလေးတွေ ရှိလာရင် ဗလာစာအုပ်ထဲမှာ ချရေးတတ်တဲ့ အကျင့်ရှိပါတယ်။ အဲဒီစာအုပ်လေးတွေကို ဒဏ်ရာပြတိုက်လို့ နာမည်ပေးထားပါတယ်။ ခုထိလည်း ဗလာစာအုပ်တွေအများကြီးပါပဲ။ ရေးဖြစ်နေတုန်းပဲ။ blog ပေါ်မတင်ဖြစ်တဲ့အကြောင်းအရာတွေ၊ တင်မရတဲ့ အကြောင်းအရာတွေ၊ စိတ်ရှုပ်တိုင်း စိတ်ရူးပေါ်က်ရာရေးထားတာတွေနဲ့ပါ။ 
                  အခု blog ပေါ်တင်ထားတဲ့ ဟာတွေကလည်း ၉၀ ရာခိုင်နှုန်းလောက်က ဗလာစာအုပ်ကနေ အသွင်ပြောင်းလာတာပါ။ ကိုယ်ကိုယ်တိုင်ကလည်း လက်နဲ့ရေးရတာကို ကီးဘုတ်နဲ့ရေးရတာထက် ပိုပြီး ခုံမင်ပါတယ်။
                   ဘလော့ဂ်လေး တစ်နှစ်ပြည့်လာတဲ့ သက်တမ်းမှာ ကိုယ့်ဘက်က ဘာမှပေးနိုင်ခဲ့တယ်ဆိုတာ မရှိခဲ့ပေမယ့် ရခဲ့တာတွေကတော့ တော်တော်များများရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ blogger မောင်နှမတွေရဲ့ ခင်မင်နွေးထွေးတဲ့ မေတ္တာပါပဲ..။
ဘလော့ဂ်လေးတစ်နှစ်ပြည့်သွားပေမယ့် ဘာမှထူးထူးခြားခြား ပြောင်းလဲမသွားသလိုပါပဲ။ ကောမန့်လေးတွေ ရလာရင် ပျော်တတ်တုန်း၊ စီဗုံးမှာ အော်သွားရင် ပျော်တတ်တုန်းပါ။ စီဗုံးမှာလည်း ခြောက်ကပ်ကပ်၊ ကောမန့်မှာကလည်း တစ္ဆေခြောက်မှာတောင် ကြောက်ရတဲ့ အဖြစ်မျိုးဆိုရင်တော့ စိတ်ညစ်တတ်တုန်းပါ။ အဲဒီခံစားချက်တွေကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကနဲ့ ခုနဲ့ ဘာမှမထူးခြားပါဘူး။
          ကြံဖန်ပြီးပြောရမယ်ဆိုရင်တော့ ဘလော့ဂ်ပေါ်အရောက်ကျဲတာ၊ ပို့စ်အတင်နည်းတာကိုပဲ ပြောရမယ်နဲ့တူပါတယ်။ ၂၀၀၉ခုနှစ်တုန်းက နိုဝင်ဘာ၊ ဒီဇင်ဘာနှစ်လနဲ့တင် ၄၅ ပို့စ်ရှိခဲ့ပေမယ့် ၂၀၁၀မှာတော့ နိုဝင်ဘာထိမှ ၃၃ ပုဒ်ပဲ တင်ဖြစ်ခဲ့ပါတယ်။ အဲဒါဟာ မနှစ်တုန်းကထက် စာတွေပိုများလာတာကို အကြောင်းပြရမလား၊ ကိုယ့်ဟာကို အပြင်မှာ သောင်းကျန်းနေတာတွေကိုပဲ အကြောင်းပြရမလားမသိပါဘူး။ သေချာတာကတော့ အလုပ်တွေရှုပ်နေတာပါပဲ။
             သေချာတာကတော့ စိတ်ကူးပေါက်ရင်ပေါက်သလို ရေးသွားဦးမှာပါပဲ။
             ဒဏ်ရာပြတိုက်မှာလည်း ဒဏ်ရာလေးတွေ အသစ်သစ်တိုးလာဦးမှာပါပဲ။
အားလုံးပဲပျော်ရွှင်ပါစေ
ဝေလင်း

Saturday, November 6, 2010

အမြွှာနှစ်ကောင်ရဲ့ စကားပြော...


တခါက မိခင်တစ်ယောက်ရဲ့ ၀မ်းထဲမှာ အမြွှာညီအစ်ကို နှစ်ယောက် ရှိခဲ့တယ်။ အဲဒီနှစ်ယောက်ထဲက တစ်ယောက်က သူ့ရဲ့အတွေးကို တခြားတစ်ယောက်ကို ပြောပြတယ်…။

“မင်းသိလား.. ငါတော့ မွေးဖွားခြင်းဆိုတာ ပြီးရင် သိပ်လှပကောင်းမွန်ပြီး အံ့ဩစရာ အတိပြီးတဲ့ ဘ၀ရှိလိမ့်မယ်လို့ ထင်တာပဲ”

အဲဒီစကားကိုကြားတော့ နောက်တစ်ယောက်က မထိန်းနိုင်မသိမ်းနိုင်ပဲ သူ့ရဲ့ သွားတောင်မပေါက်သးတဲ့ အပြုံးနဲ့ တုန့်ပြန်တယ်။

အဲဒါ တကယ့်ဟာသပဲ ဘာတဲ့ မွေးဖွားပြီးနောက်ဘ၀ဟုတ်လား? ပထမတစ်ယောက်ရဲ့ အမြင်ကို ခပ်ပြတ်ပြတ်ပဲ တုန့်ပြန်လိုက်တယ်။

ဘယ်လိုများလဲ မင့်အမြင်က။ ဘယ်လိုပုံစံမျိုး ဖြစ်နိုင်မလဲ။ အဲဒီမင်းပြောတဲ့ ဘ၀ဆိုတာက။

ဘယ်လိုလဲတော့ အတိအကျမသိဘူးလေ။ ငါ့အထင်တော့ ကမ္ဘာပေါ်မှာ ပိုပြီးလင်းလိမ့်မယ်။ ငါတစ်ခါ အဲဒီအလင်းရောင်ကို အိပ်မက်ထဲမှာ မြင်ခဲ့ဖူးတယ်။ အသေအချာတော့ မပြောနိုင်ဘူး ဘယ်လိုဖြစ်မယ်ဆိုတာ။ ဒါပေမယ့် ငါတို့တတွေ ကိုယ့်ခြေထောက်နဲ့ကိုယ် သွားနိုင်မယ်။ ပြီးတော့ တကယ့် အံ့ဖွယ်သရဲပဲ။ ဖြစ်နိုင်တာက ငါတို့တတွေ ပါးစပ်နဲ့လည်း စားနိုင်မယ်ထင်တာပဲ။

အရေးမပါတာတွေကွာ။ မင်းပြောတာတွေက ဘယ်လိုမှမဖြစ်နိုင်တာပဲ။ ငါတို့ အသက်ဖြစ်တဲ့ ချက်ကြိုးက တိုတိုလေးဟာကို လမ်းလျှောက်သွားဖို့ဆိုတာ တွေးကြည့်ဖို့တောင် တော်တော်ခက်တယ်။ မဖြစ်နိုင်ပါဘူးကွာ။ ငါတို့တွေ ကိုယ့်ခြေထောက်နဲ့ ကိုယ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးတော့ မွေးဖွားပြီးနောက်ပိုင်းလည်း ဘယ်သူမှပြန်လာတာမတွေ့ရဘူး။ ကြားလည်းမကြားဖူးဘူး။ မင်းခေါင်းထဲမှာ ဘယ်လိုအတွေးအခေါ်တွေ ရောက်နေတာလဲ။ ကိုယ့်ကိုယ်ကိုယ် လှည့်စားမနေပါနဲ့။ မွေးဖွားပြီးသွားရင် အားလုံးပြီးဆုံးသွားပြီ။ မွေးဖွားပြီးနောက်ဆိုတာ ဘာမှမရှိတော့ဘူး။ ကိုယ့်တို့ ဘ၀ဆိုတာ အမှောင်ထုထဲမှာ ဒုက္ခခံနေရတာသက်သက်ပဲ။

ပထမ တစ်ယောက်ကကျေနပ်မသွားဘူး။ သူ့အတွေးတွေကို ထပ်ပြောပြန်တယ်။

“ငါ့အထင်တော့ ငါတို့ တစ်ချိန်မဟုတ် တချိန်တော့ အမေဆိုတာကို မြင်ခွင့်ရနိုင်တယ်ထင်တာပဲ။ ပြီးတော့ ငါတို့ဒီဘ၀မှာနေရတာဟာ အချိန်အတိုင်းအတာတစ်ခုအထိပဲနေမှာ၊ မွေးဖွားပြီးနောက် ငါတို့ရဲ့ ဘ၀အသစ်အတွက် အဆင်သင့်ဖြစ်ဖို့ ဒီမှာ ခဏနေနေကြရတာပဲထင်တယ်။”

ဒုတိယတစ်ယောက်က ခေါင်းကို ဖြည်းဖြည်းခြင်းခါတယ်။

“အမေကို ယုံတယ်! အဲဒါကတော့ အတွေးအခေါ် အစွန်းရောက်သွားပြီ။ တကယ်လို့ သူ့ကို မမြင်ရရင် သူမရှိလို့ပဲပေါ့။ ကိုယ်ဥာဏ်ကျယ်ရယ် ပြောစမ်းပါဦး အမေဆိုတာရှိရင် ဘယ်မှာလဲ? ပြစမ်းပါ။”

“ဘယ်လိုများပြောပြရမလဲတောင် မသိတော့ဘူး။ ဒါပေမယ့် ငါ့နှလုံးသားက ခံစားလို့ရတယ်။ သူ့ရဲ့ အကြင်နာ မေတ္တာ၊ ဂရုစိုက်စောင့်ရှောက်မှုတွေ၊ ပြီးတော့ ညညဆို ပတ်ဝန်းကင်တစ်ခုလုံးတိတ်ဆိတ်နေတဲ့အခါ သူက ငါတို့ရဲ့ ကမ္ဘာကို ပွတ်ပြီး တိတ်တိတ်လေး သီချင်းဆိုတာတွေ။ တကယ့် ငြိမ်းချမ်းမှုပဲ၊ ၀မ်းမြောက်ကြည်နူးမှုပဲ။ သူကိုယ်တိုင် တို့ကမ္ဘာထဲကို ရောက်လာသလိုခံစားရတယ်။ အတိအကျမပြောနိုင်ပေမယ့် ငါယုံတယ်။ သူမတကယ်ရှိတယ်ဆိုတာကိုပေါ့….”
ဒီအကြောင်းအရာကတော့ ဖလော်ဆော်ဖီချိန်မှာ ဆရာမပြောပြခဲ့တာလေးပါ။ ဖတ်ပြခဲ့တာဆိုရင် ပိုမှန်ပါတယ်။ သူ့ဆီမှာ တင်ထားတာလေးကို ကူးပြီး ဘာသာပြန်ထားတာပါ။ သူကလည်းပြောပါတယ်။ သူကလည်း တခြားတနေရာမှာ ဖတ်ရတာတဲ့။ အဲဒါကြောင့် မူရင်း ဘယ်သူ့ဆီက ဘာသာပြန်တယ်ဆိုတာကိုတော့ မဖော်ပြတော့ပါဘူး။ (မသိလို့ပါ။) သေချာတာကတော့ ကိုယ်တိုင်ရေးတာမဟုတ်ပါဘူး။ ဒီပို့စ်လေးအတွက်တင်မဟုတ်ပါဘူး..။ ဆရာမလမ်းညွှန်ပေးလို့ ဖတ်ဖြစ်ခဲ့တဲ့ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေအတွက်ပါ ကျေးဇူးတင်မိပါတယ်။ ပို့စ်လေးရဲ့ ဆိုလိုရင်းက ဘာသာရေးနည်းနည်းနွယ်ပေမယ့် တင်ပြပုံနဲ့ အတွေးလေးကို ကြိုက်လို့ ဘာသာပြန်ပြီး တင်ဖြစ်သွားတာပါ...။

Thursday, November 4, 2010

အနီးဆုံးအကွာအဝေး

   
အနီးဆုံးအကွာအဝေး
သူငယ်ချင်းနာမည်တတ်ထားတဲ့ ငါ့သံယောဇဉ်က
ဘယ်လောက်ဖြူစင်ခဲ့ပါသလဲ
အလဲလဲ အပြိုပြို မျက်ဝန်းတွေက
ယုံကြည်ဖို့မကောင်းခဲ့တာတော့လည်း အမှန်ပဲ
ကောင်မလေးရေ..
နင်နေမကောင်းဘူးဆိုရင်
ငါတကယ်စိတ်ပူတာပါ
မဖြစ်သင့်တဲ့ ချစ်ခွင့်ကို
ကမ်းလင့်လာတဲ့ထိ မျှော်လင့်လို့ရမလား
ငါတိတ်တိတ်လေး သေဆုံးချင်လို့ပါ။
ငါဟာအခြားတစ်ယောက်ပါ
ငါ့မှာနင်ပဲရှိရဲ့
နင်က အခြားတစ်ယောက်ပါ
နင့်မှာ သူပဲရှိခဲ့
ဒါပေမယ့် ငါမြတ်နိုးသွားတယ်..။

မတက်ဖြစ်တာတောင် တော်တော်ကြာသွားပါတယ်။ စာတောင်လိုက်မဖတ်ဖြစ်ပါဘူး။ မဖတ်ဖြစ်ဘူးဆိုတာက အပြင်မှာတော့ ဖတ်ဖြစ်ပါတယ်။ အိမ်ကပို့လိုက်တဲ့ စာအုပ်တွေရော..။ ကိုယ့်ဟာကိုယ်ဝယ်ထားတဲ့ စာအုပ်တွေပါ မူးနောက်နေအောင်ဖတ်ပါတယ်။ ပြီးတော့ စိတ်ဓါတ်လည်းကျနေပါတယ်။ ပိုးစိုးပက်စက်ကို ကျနေတာပါ။ ဖြေချင်နေတဲ့ စာမေးပွဲတစ်ခုအတွက် ဆရာရှာမရလို့ပါ။ တော်တော်စိတ်ပျက်ပါတယ်။ ကူညီပေးနိုင်တဲ့ သူကလည်း အလုပ်ကနေပြောင်းသွားပါတယ်။ စိတ်ကိုယ်ဒုံးဒုံးချပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး နေရပါတယ်။ စိတ်ညစ်တာကတော့ တော်တော် ညစ်တာပါ။ နောက် ပြောချင်တာ တစ်ခုက ခုလာမည့် ၈ ရက်နေ့ဆို ဘလော့ဂ်လေးတစ်နှစ်ပြည့်ပါတယ်။ ကိုယ်ကိုတိုင် ဘာလုပ်ဖြစ်မယ်လည်း မတွေးရသေးပါဘူး။ ဘာမှလည်း ထူးထူးခြားခြားလုပ်ဖို့ စိတ်ကူးမထားပါဘူး။ စိတ်ကူးချင်စိတ်လည်း ခုချိန်မှာ မရှိပါဘူး..။ လိမ်ဖယ်လိမ်ဖယ်နဲ့ တစ်နှစ်ပြည့်တော့မှာမို့ ပျော်တော့ပျော်ပါတယ်။
အားလုံးပျော်ရွှင်ပါစေ..
ဝေလင်း..။