Sunday, March 4, 2012

ရုရှားသမ္မတလောင်းများ ၂၀၁၂


မနေ့က ဆံပင်သွားညှပ်ရင်းနဲ့ ဆံပင်ညှပ်ဆိုင်မှာ ကြားခဲ့ရတာလေး ပြန်ဖောက်သယ်ချချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ဆီမှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြသလို၊ ရုရှားနိုင်ငံမှာလည်း အရေးပါတဲ့ အပြောင်းအလဲတစ်ခုဖြစ်တဲ့ သမ္မတရွေးကောက်ပွဲ ဟာ မတ်လ ၄ ၇က်နေ့ မနက်ဖြန်ဖြစ်ပါတယ်။ အခုရွေးကောက်ပွဲမှာတော့ သမ္မတလောင်း ၅ ယောက် ၀င်အရွေးခံမှာ ဖြစ်ပါတယ်။ အစက စာရင်းတင်တုန်းက ၆ယောက်ပါ။ တစ်ယောက်က လက်မှတ်နှစ်သန်းမှာ တရားမ၀င်တဲ့ လက်မှတ် ၂၅% ထက်ပိုနေလို့ စာရင်းက ဖျက်ပစ်ခံခဲ့ရပါတယ်။ (ရုရှားဖွဲ့စည်းပုံဥပဒေအရ သမ္မလောင်းတစ်ယောက်အတွက် လူနှစ်သန်းရဲ့ လက်မှတ်နှစ်သန်းစုနိုင်ဖို့လိုပါတယ်။ လူနှစ်သန်းရဲ့ ထောက်ခံမှုမရှိဘဲနဲ့ သမ္မတလောင်းဝင်ပြိုင်ခွင့်မရှိပါဘူး။ နောက်အများကြီးပါပဲ၊ အသက် ၃၅ နှစ်ထက် မငယ်ရတာတို့၊ ရုရှားနိုင်ငံသား၊ ရုရှားမှာ အနည်းဆုံး ၁၀နှစ်နေတဲ့သူဖြစ်ရမှာတို့ပေါ့။) ထားပါတော့။ သမ္မတလောင်းတွေကို နံပါတ်အစဉ်လိုက် စကြရအောင်။ (ဒီနေရာမှာ တစ်နှစ်သုံးခွဲထားတာက မဲအနည်းအများကို မဆိုလိုပါဘူး။ သမ္မတလောင်း နံပါတ်စဉ်သက်သက်ပါ။)

နံပါတ်တစ်ကတော့ ဘလာဒီမီး ရီရင်းနော့ဗ်စကီး ပါ။














သူကတော့ ရုရှားလစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်ပါ။ ၂၅-၄-၁၉၄၆ ဖွားပါ။ အသက် ၆၆ နှစ်ပါ။ ဘာသာစကားပညာရှင်တစ်ဦးဖြစ်တဲ့ အပြင် ဥပဒေ ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒဿနိကဗေဒကိုလည်း ဒေါက်တာဘွဲ့ရထားသူပါ။ရထားတဲ့ဘွဲ့တွေကတော့မနည်းပါဘူးလေ)))  နိုင်ငံရေးလောကက နိုင်ငံရေးသမားသက်သက်လို့ ပြောလို့ရပါတယ်။ တီဗွီတွေထဲကြည့်ရင် မဟုတ်မခံသမားတစ်ဦးဆိုတာ သိပ်မြင်သာပါတယ်။ ငြင်းရင်းခုံရင်း ဒေါသထွက်လာပြီး အော်လား၊ဟစ်လားလုပ်ပေါင်းလည်းမနည်းပါဘူး။ လွတ်တော်ထဲလည်းမရှောင်တဲ့သူပါ။ သူမှန်တယ်ထင်ရင် ဘယ်သူပြောတာမှလည်း နားမထောင်တဲ့သူပါ။ သူ့ရဲ့ မဲဆွယ်စာသားကတော့ ` ရီးရင်းနော့ဗ်စကီး ဒါမှမဟုတ် ပိုပြီးဆိုးတဲ့ အခြေအနေ´ တဲ့။ (သူ့ကိုမရွေးရင် နိုင်ငံ ဒီ့ထက်ပိုဆိုးမယ်တဲ့..အဟဲ)


နံပါတ်နှစ်ကိုဆက်ရအောင်။ သူကတော့ ဂင်နာဂျီးရီး ဇျူဂန်နော့ဗ် ပါ။ 


ရုရှားနိုင်ငံ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ပါ။ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၆-၆-၁၉၄၄ ဖွားပါ။ သူကတော့ ၆၈ နှစ်ရှိပါပြီ။ သမ္မတရွေးကောက်ပွဲတိုင်းမှာ ဒုတိယနေရာကလိုက်သူလည်း ဖြစ်ပါတယ်။(ဒီနေရာမှာ ဒုတိယနေရာဆိုတာ မဲအရေအတွက်ကိုဆိုလိုပါတယ်။) သူကလည်း ဒဿနိကဒေါက်တာဘွဲ့ရထားပါတယ်။ သူ့မှာလည်း ရထားတဲ့ ဘွဲ့တွေက မနည်းပါဘူး။ (သူတို့သမ္မတလောင်းတွေကတော့ မပြောတော့ပါဘူး။ ဘွဲ့အရေအတွက်လိုက်ဖတ်တာတောင် မောတယ်))) သူ့မဲဆွယ်စာသားကတော့ ` အာဏာကို ပြည်သူ့ကိုပေးမယ်၊ သူ့ကိုရွေးပါ´ တဲ့...။



နံပါတ်သုံး- ဆရ်ဂေးရ် မီးရွန်းနော့ဗ်။ 

သူကတော့ တရားမျှတတဲ့ ရုရှား (တိုက်ရိုက်ဘာသာပြန်လိုက်ပါတယ်။ မြန်မာလို ဘယ်လိုပြန်ရမလဲ မသိတတ်တာနဲ့။ ) ဆိုတဲ့ ပါတီကိုယ်စားပြု ၀င်ပြိုင်မှာဖြစ်ပါတယ်။ သူဟာအရင်က united russia ပါတီဝင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့မှာလည်း ရခဲ့တဲ့ ဘွဲ့တွေက တသီတတန်းကြီးမို့ အထူးတလည်ရေးမပြတော့ပါဘူး။ အော်မေ့တော့မလို့ သူကတော့ ထူးခြားတယ်ပြောရမလား ၁၄-၂-၁၉၅၃ ဖွားပါ။ (ချစ်သူများနေ့မွေးတဲ့သူလေဟဲဟဲ)။ သူ့ရဲ့ မဲဆွယ်ဆောင်ပုဒ်ကတော့ `ဦးနှောက်နဲ့ စဉ်းစားပါ၊ နှလုံးသားနဲ့ ဆုံးဖြတ်ပါ၊ တရားမျှတမှုကို ရွေးချယ်ပါ´တဲ့။ (သူ့ပါတီက တရားမျှတတဲ့ ပါတီဆိုတာမေ့မသွားနဲ့နော်..။)


နံပါတ်လေးက ဘယ်သူပါလိမ့်.... ။ ဒီတစ်ယောက်ကတော့ တော်တော်ထူးခြားတယ်ပြောရပါမယ်။ ပထမတစ်ချက်က သမ္မတလောင်းတွေထဲမှာ သူက အငယ်ဆုံးပါ။ လက်ရှိသမ္မတထက် လပိုင်းပဲ ကြီးပါတယ်။   နောက်တစ်ချက်က သူက ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲမှာ နံပါတ်၃၉ ချိတ်တဲ့ ဘီလျံနာပါ။ နောက်တစ်ချက်ကတော့ နိုင်ငံရေးလောကမှာ သူက ခြေသစ်လို့ပြောလို့ပြောလို့ရပါတယ်။ ၂၀၁၁ ဇွန်လမှာမှ နိုင်ငံရေးလောကထဲကို စ၀င်တာပါ။ နောက်တစ်ခုက သူက ဘယ်ပါတီကိုမှ ကိုယ်စားပြုပြီး ၀င်ပြိုင်တာမဟုတ်ပါဘူး။ တစ်ကိုယ်တော်ပါတဲ့။ ခုသမ္မတ၀င်ပြိုင်တော့လည်း သူက ဗလာဒီမီ ပူတင်ကို သူ့ရဲ့ပြိုင်ဘက်လို့ ကြေညာစိန်ခေါ်ပြီး ၀င်ပြိုင်တာပါ။ ပြောရင်းပြောရင်းနဲ့ နာမည်တောင်မပြောရသေးဘူး။ မီဟိုင်းလ် ပရိုဟောရော့ဗ် ပါ။ 












သူကတော့ မေလ ၃ရက် ၁၉၆၅ ဖွားပါ။ ကျောင်းပြီးတော့ စီးပွားရေးပညာနဲ့ ပြီးပါတယ်။ သူ့မှာလည်းဘွဲ့တွေက တန်းစီနေတာမို့ မပြောတော့ပါဘူး။ သူ့ရဲ့အဓိကလုပ်ငန်းကတော့ ဘဏ်လုပ်ငန်းပါ။ တခြားလုပ်ငန်းတွေအများကြီးရှိတာကိုတော့ မပြောတော့ပါဘူး။ ဘီလျံနာတစ်ယောက်မို့ ဖြည့်သာတွေးကြပါတော့။ သူ့ရဲ့ မဲဆွယ်စာသားကတော့ ` နိုင်ငံတော်သစ်နဲ့ သမ္မတအသစ်´ ပါတဲ့။

ကဲနောက်ဆုံးတစ်ယောက်အကြောင်းစကြရအောင်။ သူကတော့ လူတိုင်းလောက်နီးပါးသိတဲ့ ဗလာဒီမီ ပူတင် ပါ။

 သူကတော့ ရုရှားသမ္မတ နှစ်ဆက်လုပ်ခဲ့ဖူးသူ  ဖြစ်ပြီး၊ လက်ရှိဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်နေသူပါ။ ကိုယ်စားပြုပါတီကတော့ united russia ပါတီပါ။ လက်ရှိသမ္မတကလည်း ဒီပါတီကပါပဲ။ အောက်တိုဘာ ၇ရက်နေ့ ၁၉၅၂ ဖွားပါ။ KGB အဖွဲ့ဝင်ဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာက သိတဲ့ လေးစားရတဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိရွေးကောက်ပွဲမှာလည်း တစ်အပြေးဆုံး လူတစ်ယောက်ပါ။ လူတိုင်းကလည်း သူပဲနိုင်မှာပါလို့ ပြောနေကြပါတယ်။ သူ့ရဲ့ မဲဆွယ်စာသားကတော့ `ရုရှားလိုနိုင်ငံကြီးမှာ ကြံ့ခိုင်တဲ့၊ အင်အားရှိတဲ့ ခေါင်းဆောင်လိုတယ်´ တဲ့။ (သူကြံ့ခိုင်လား၊ အင်အားရှိလားဆိုတာကတော့ သူဖြတ်သန်းခဲ့တဲ့ သမ္မတ သက်တမ်း တစ်လျှောက်ကိုကြည့်ရင် မြင်သာပါတယ်။ ချစ်ချမ်းစစ်ပွဲလိုကိစ္စမျိုးတွေမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာဆိုရင် ကြောက်စရာကောင်းတယ်လိုတောင့် ပြောလို့ရပါတယ်။ စစ်အေးခေတ်အပြီး ရုရှားနိုင်ငံတော်ကို ပြန်ဦးမော့လာအောင် ဦးဆောင်ခဲ့သူဆိုလည်း မမှားပါဘူး။ သမ္မတ နှစ်ဆက် ဆက်တိုက်လုပ်မရတဲ့ အတွက် အသာအယာလေးဆင်းပြီး သူ့အောက်က ပါတီထဲက သူဖြစ်တဲ့ လက်ရှိသမ္မတကို အသာအယာလွဲပေးပြီး သူက ၀န်ကြီးချုပ်နေရာ နောက်ကွယ်ကနေ ကြိုးကိုင်နေခဲ့တယ်လို့ပြောလို့ရပါတယ်။ လက်ရှိအချိန် ရွေးကောက်ပွဲမှာတော့ ပြန်လက်လွဲယူဖို့ တာစူလာပါပြီ။ သူ့ရဲ့ နိုင်ငံရေးလှည့်ကွက်တွေ၊ မဲဆွယ်ပုံတွေက သိပ်ပညာသားပါပါတယ်။ စကားပြောကလည်း တကယ်ကောင်းတဲ့သူပါ...။  )

သမ္မတလောင်းတွေအကြောင်း အတိုချုံးတော့ ပြီးပါပြီ။ ဆံပင်ညှပ်ဆိုင်အကြောင်းဆက်ကြရအောင်။ ကျွန်တော့်ကို ဆံပင်ညှပ်ပေးနေတဲ့ အစ်မကို ဘေးနားက တစ်ယောက်ကမေးပါတယ်။ ၄ ရက်နေ့ကျ မဲထည့်ဖို့ သွားမှာလားတဲ့။ သွားမယ်လို့ဖြေတော့ ဘယ်သူ့အတွက် ထောက်ခံမဲပေးမလဲဆိုတော့ မသိသေးဘူးဖြေပြီး။ ဘေးနားကတစ်ယောက်ကို ပြန်မေးပါတယ် အဲဒီအစ်မက နင်ကကောတဲ့။ သူကလည်းမသိသေးဘူးတဲ့။ ပြီးတော့ ဆက်ပြောတာက သူထင်တာကတော့ သမ္မတက ပါလီမန်ရဲ့အောက်မှာပဲရှိသင့်တယ်။ ပါလီမန်ရဲ့ အထက်မှာမရှိသင့်ဘူးတဲ့။ (လက်ရှိ ရုရှားနိုင်ငံရေးလောကမှာ ဖြစ်နေတာလေးကိုပြောချင်တာပါ။) ပြီးတော့ သမ္မတဟာ သမ္မတပဲဖြစ်ရမယ်။ ဘုရင်တပါးလိုတော့မဖြစ်သင့်ဘူးတဲ့။ (ဒါကတော့ ပူတင်ကိုရည်ညွန်းချင်တာပါ။ အာဏာဟာ သူ့လက်ထဲမှာပဲ ကြာလာတဲ့အခါ နိုင်ငံက အာဏာရှင်စနစ်ဆန်လာတယ်လို့ပြောချင်တာပါ။) ဒါလေးပါပဲ။ ဘယ်သူသမ္မတတက်လာတယ်ဆိုတာတော့ မနက်ဖြန် ထပ်ရေးပါ့မယ်။ ဘာပဲပြောပြော နိုင်ငံတစ်ခုကို အုပ်ချုပ်ခွင့်ဟာ အဖွဲ့အစည်းတစ်ခု၊ လူတစ်ဦးတစ်ယောက်ရဲ့ လက်ထဲမှာ ကြာကြာတည်ရှိနေတာ မကောင်းတာတော့ အမှန်ပါပဲ။

                                                                                                    ဝေလင်း