Wednesday, April 28, 2010

မျက်ရည်

                                
ချိုမြမည်ထင်သော မေတ္တာတရားက ခါးသက်သွားခဲ့တာကို အလန့်တကြားကြည့်မိ....
သေခြင်းတရား ပျံသန်းလာနေတာကို မျက်နှာချင်းဆိုင်ကြည့်နေရသလိုမျိုး...
အရာအားလုံးရပ်တန့်။ ကိုယ်ဖန်တီးမိတဲ့ နာကျင်မှုက ကိုယ့်ကိုအနိုင်ယူသွားတဲ့အခါ၊ တောက်ပမှုထဲ တစ်ကိုယ်လုံး ပြိုဆင်းသွားလေရဲ့...
ရှုံးနိမ့်ပါများလာတော့ ငိုကြွေးဖို့တောင် မတတ်နိုင်တော့...
တားဆီးထားသော စည်းများ... ကာရံထားသော မျက်နှာဖုံးများ...
အမှန်တရားသည် အမြဲတမ်း မချိုမြိန်ခဲ့ပါ..။ အထူးသဖြင့် ခံစားချက်နှင့်ယှဉ်သောအခါ အမှန်တရားသည် ခါးပါသည်။
အချစ်က ပေးဆပ်ခြင်းလို့ဆိုရလောက်အောင်လည်း ရုပ်ရှင်မဆန်ခဲ့ပါ....။
သူမခိုကိုးရာသည် ကျွန်တော့်ရင်ခွင်မဟုတ်ခဲ့သည့်တိုင်... သူမအားကိုးတကြီး ကိုင်ဆွဲရာလက်သည် ကျွန်တော့်လက် မဟုတ်ခဲ့သည့်တိုင် ခွင့်လွတ်နိုင်ခဲ့ခြင်းသည် သဘောထားကြီးလွန်းခြင်း မဟုတ်တာ သေချာပါသည်။ (စိတ်သက်သာရာ သက်သာကြောင်း ကြံဖန်ဖြေသိမ့်တတ်တာလည်း ပါမည်။) ဘယ်လိုပင်ပြုံးပြုံး နှလုံးသားကတော့ နာကျင်ရသည်သာ...။ 
အချစ်က အဆိပ်သီးဆိုသည့်တိုင် ချက်ချင်းမသေနိုင်သောကြောင့် ဆက်လက်စားသုံးမိတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ 
ဖြစ်နိုင်လျှင် ထိုအရာကို အချစ်ဟုခေါင်းစဉ်မတပ်ချင်ပါ။ အချစ်သည် ကမ္ဘာပေါ်ရှိ ခံစားချက်များ အားလုံးအနက် သံသယဖြစ်ဖွယ် အကောင်းဆုံးစာရင်းမှာ ပါဝင်ပါသည်။
တစ်ခါတစ်လေ အတွေးများသည် မိမိကိုယ်ကို သတ်သေရာ ဓါးတစ်လက်၊ ကြိုးတစ်ချောင်း ဒါမှမဟုတ်  အဆိပ်တစ်ခွက် ဖြစ်နေနိုင်ပါသည်။ လူသားတစ်ယောက်၏ အသိဥာဏ်ပညာသည် အချို့သော ခံစားချက်များမှ ရုန်းထွက်နိုင်ရန် လုံလုံလောက်လောက် မသန်မာခဲ့ပါ။ (ဒါမှမဟုတ် ကယ်တင်ရန်)
မည်သူတစ်ဦးတစ်ယောက်အတွက်မှ ကောင်းကျိုးပေးမည်မဟုတ်သော အသိတချို့အတွက်မူ “မောဟ” ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ တောင့်တပါသည်။
ကျွန်ုပ်တို့၏ သာယာလှပသော ညချမ်းတချို့အတွက်တော့ အိပ်မက်တချို့ကို မေ့ပစ်ကောင်း မေ့ပစ်ရပါလိမ့်မည်။ (အထူးသဖြင့်....)
ဖြစ်နိုင်မည်ဆိုလျှင် ကမ္ဘာဦးလူသားတစ်ယောက်ရဲ့ နေ့စဉ်ဘ၀မှာ အချစ်က ဘယ်လိုအခန်းကဏ္ဍက ပါဝင်ခဲ့သလဲ သိချင်ပါသေးသည်။ 
နောင်တလွယ်လွယ်၇တတ်ပြီး မျက်ရည်လွယ်လွယ်ကျတတ်သောသူများကို ကျွန်တော်ကြောက်ပါသည်။ လွယ်လွယ်ရတတ်သောအရာများသည် လွယ်လွယ်နှင့်ပင် ကွယ်ပျောက်သွားပါလိမ့်မည်။
အထူးသဖြင့် သူမ၏မျက်ရည်များတွင် ခံစားချက် ဘယ်နှစ်ရာခိုင်နှုန်းပါမှန်း ကျွန်တော်မခန့်မှန်းတတ်ခဲ့ပါ။ 
သို့သော် ထိုမျက်ရည်စက်များ၏ နာကျင်စေနိုင်စွမ်းကိုတော့ နှလုံးသားနှင့်ရင်း၍ ကျွန်တော် လက်ခံရပါလိမ့်မည်။ 
အဖြေသိပြီးသားမေးခွန်းများနှင့် အဖြေမရှိသော မေးခွန်းများကို သူမက မေးလာသောအခါ သူမ မျက်လုံးတွေကို ကျွန်တော်စေ့စေ့ မကြည့်ရဲခဲ့ပါ။ 
သူမ၏လက်ချောင်းများသည် ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် ဖြစ်ခဲ့ဖူးသည်ဆိုပါလျှင် သူမ၏မျက်ရည်များသည် ကျွန်တော်အတွက် ကျိန်စာတချို့ ဖြစ်ပါလိမ့်မည်။ 
မသိသင့်တာကို သိမိသည့်အတွက် သို့မဟုတ် သိရန်ကြိုးစားမိခြင်းအတွက် ကျွန်တော်တို့နှစ်ယောက် ရရှိတာက နာကျင်မှုသာ ဖြစ်ခဲ့ပါသည်။ 
တချို့သော မေးခွန်းများအတွက် အဖြေမလိုအပ်ပါ....

note; ပျော်ရွှင် တည်ငြိမ်ခဲ့ပြီထင်ခဲ့ပေမယ့် အဲလောက်ကံမကောင်းခဲ့ဘူးဆို၇မယ်။ ဒီအက်ဆေးကို ကျွန်တော့်ဘ၀မှာ စိတ်အရှုပ်ရဆုံးညနေခင်းတစ်ခုမှာရေးပါတယ်။ ကိုယ်တိုင်မယုံကြည်တာအတွက် ဒီလောက်ထိ ခံစားရလိမ့်မယ်လို့ မထင်ခဲ့ဖူးပါဘူး။ လုပ်နေကျ အားလုံးပျက်စီးကုန်ပါတယ်။ တချို့လူတွေရဲ့ မသိဆိုးရွားနိုင်မှုနဲ့ တချို့ရဲ့ ပါးနပ်မှုတွေကြောင့်ပဲ ဆိုကြပါစို့.....။ ခုချိန်မှာတော့ ရေတံခွန်အောက်ဝင်လည်း အပိုပဲဆိုတာလို ဖြစ်နေတယ်....( ဓါတ်ပုံကို Google ကယူပါတယ်..)
ပျော်ရွှင်ပါစေ..
ဝေလင်း
                 

Tuesday, April 6, 2010

နောက်ကြည့်မှန်..


နောက်ကြည့်မှန်

အတိတ်တွေကျစ်လျစ်လာတဲ့အခါမှာ
သမိုင်းတွေဖြစ်ဖြစ်လာခဲ့တယ်။

(တချိန်က)
မင်းရှေ့ကပန်းတိုင်က
ခု မင်းနောက်က သမိုင်း
နောက်ကြည့်မှန်ထဲမှာ မရိုင်းဖို့လိုတယ်..။

တချို့တွေကနီးလာ
တချို့တွေကဝေးလာ
မှုန်ဝါးပြီးပျောက်
ထင်ရှားပြီးရောက်လာကြ။

ငါတို့အတွက်
ရှေ့ကိုလှုံခြုံဖို့လိုသလို
နောက်ကို ယုံကြည်ရဖို့လည်းလိုတယ်။

ကိုယ်ကိုယ်တိုင်မကြည့်ရဲတဲ့ မျက်နှာ
နောက်ကြည့်မှန်ထဲပါမလာဖို့ ကြိုးစားကြမယ်။   ။

Note; မနေ့က စာရေးရင်း သိချင်တာလေးတွေရှိလို့ မနှစ်က သင်တဲ့ စာရွက်စာတမ်းတွေ ပြန်ရှာကြည့်ရင်း ဒီကဗျာလေးကို ပြန်တွေ့ပါတယ်။ (ကို)မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်ကို မဖတ်မိခင် နာမည်အရင်ကြားပြီး နာမည်လေးကိုပဲ တွေးပြီး ရေးထားမိတာပါ။ သိပ်အဓိပ္ပာယ်ပြည့်ဝတဲ့ စာလုံးလေးလို့ တွေးမိပါတယ်။ ရေးမိတုန်းက ကိုယ့်ဟာနဲ့ကို မကြိုက်တော့လို့ ချောင်ထိုးထားတာ ခုပြန်တွေ့တော့ နှမြောတာနဲ့ ပြန်တင်ဖြစ်တာပါ။ ခေါင်းစဉ်ကလွဲပြီး ဒီကဗျာဟာ (ကို)မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်နဲ့ ဘာမှတော့ ဆိုင်မှာမဟုတ်ပါဘူး။ ခေါင်းစဉ်လေးသက်သက်ကိုပဲ တွေးပြီးရေးထားတာမို့ပါ။ ဘာပဲပြောပြော ခေါင်းစဉ်လေးအတွက် (ကို)မင်းကိုနိုင်ကို ကျေးဇူးတင်မိပါတယ်။ ဒီခေါင်းစဉ်လေးကပဲ ကျွန်တော့်ကို အတွေးတချို့ပေးပါတယ်။ နောင်တစ်ချိန် နောက်ကြည့်မှန်ထဲ ကိုယ်ပြန်ကြည့်လို့ မြင်ရမယ့် ကိုယ့်မျက်နှာဟာ ကိုယ်ကိုယ်တိုင်ကြည့်ဝံ့ဖို့တော့ လိုပါလိမ့်မယ်။
ပျော်ရွှင်ပါစေ
ဝေလင်း

Sunday, April 4, 2010

ရှင်သန်ခြင်းရဲ့ အနားစွန်း


ရှင်သန်ခြင်းရဲ့ အနားစွန်း

ဆောင်းဦးရာသီရဲ့ အေးမြတဲ့လေက ပါးနှစ်ဖက်ကို တသုန်သုန်ရိုက်ခတ်နေရဲ့..။ ကျွန်မခန္ဓာကိုယ်တစ်ခုလုံး ထွင်းဖောက်သွားမတတ်အအေးဓါတ်က စိမ့်ဝင်လာတယ်။
ကျွန်မသွားတော့သွားနေပါရဲ့.. ဘယ်ကိုတဲ့လဲ..? ဘာမှတော့လည်း မထူးပါဘူးလေ…။
လမ်းမပေါ်မှာတော့ ကားတွေက တစီးပြီးတစ်စီး..၊ အနီရောင်၊ အမည်းရောင်၊ အဖြူရောင်၊ နောက်တစ်ခါ အနီရောင်။ ကားပေါ်က လူတွေက တစ်ယောက်နဲ့ တစ်ယောက် ဆဲဆိုရေရွတ်ပြီး ကိုယ်လိုရာရောက်ဖို့ပဲ စိတ်စောနေကြရဲ့…။ ကားလမ်းကျပ်ချိန်၊ လမ်းပိတ်ချိန်ပေပဲ။
လူတွေ… ဘယ်လောက်တောင် များလိုက်ပါသလဲ..? ဘာကြောင့်များပြေးလွား အလျင်လိုနေကြပါလိမ့်..? အဲဒီလူတွေဟာ ဘာအတွက်များရှင်သန်နေကြတာတဲ့လဲ..? လူ့လောကကြီးဆိုတာက တံလျပ်သာသာ..။ လူတွေရဲ့ အသိအမြင်မှောက်မှားမှုကြောင့် သာယာသယောင်၊ လှပသယောင်…
ဟင့်အင်း… အဲဒါလည်းလူတွေမှမဟုတ်တာပဲလေ.. မီးခိုးရောင် ဒြပ်ထုကြီး*သာပဲကို..။
မုန်းတယ်…!
မုန်းတယ်.. ဒါဖြင့်ဘယ်သူကိုတဲ့လဲ…? ကိုယ့်ကိုယ်ကို..၊ လူတွေကို၊ လောကကြီးကို..။ အို.. အားလုံးကိုပဲ။ အထူးသဖြင့်တော့ ကိုယ့်ကိုယ်ကိုပေါ့။
စိတ်ကူးတွေကကော ဘာလိုအဲ့လောက်များရတာတဲ့လဲ..? အဲ့လောက်ရှုပ်ထွေးနေရတာတဲ့လဲ..? ဖြစ်နိုင်ရင် အားလုံးကိုမေ့ပစ်ချင်၊ ထွက်ပြေးလိုက်ချင်မိတော့ရဲ့..။
တံတား…
အောက်ကို ငုံ့ကြည့်လိုက်တော့ ခဲမနေသေးတဲ့ ရေတွေက တသွင်သွင်စီးဆင်းနေရဲ့…။ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းလာတဲ့ရေတွေဟာ တံတားအောက်ခြေ အုတ်ခုံနဲ့ ရိုက်ခတ်ပြီး အစိတ်စိတ် ကွဲကြေသွားကြတယ်။ တဖွားဖွား လွှင့်ထွက်သွားတဲ့ ရေမှုန်လေးတွေကို ကြည့်ပြီး “ ငါ့ဘ၀ကော ဘာထူးလို့လဲ” လို့တွေးမိတယ်။ အချစ် အမုန်းနဲ့ နာကျဉ်းလူမဆန်မှုတွေက ကျွန်မဘ၀ကို ရိုက်ခွဲခဲ့တာပေါ့…။
နာကျင်မှု၊ ရိုင်းစိုင်းခက်ထန်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေအားလုံး ရောယှက်သွားတယ်။
အသာအယာပဲ တံတားအစွန်းပေါ် တက်ရပ်လိုက်တယ်။ ခြေတစ်လှမ်းပါပဲ.. ပြီးတာနဲ့ ဘာမှထပ်ဖြစ်စရာ မလိုလောက်အောင် အားလုံးပြီးဆုံးသွားပြီ…။ အဲဒီအချိန်ဆိုရင်တော့ ခုခံစားနေရတဲ့ ခံစားချက်တွေက နည်းနည်းများ လွယ်ကူသွားလေမလား..?
“ငါဆိုတာမှ မရှိတော့တာ”
………. ………….. ……
……………………………..
…. …. ….. …. ….. ….. …..
ဖျတ်ခနဲ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တယ်။ ချက်ချင်းပဲ နားလည်လိုက်မိရဲ့ တစ်ခုခုတော့ ပြောင်းလဲနေပြီလို့ပေါ့။ ကိုယ့်ကိုယ်ကို နားစွင့်ကြည့်မိတယ်။ အသည်းနှလုံးဆီက တခွပ်ခွပ်ကွဲအက်သံနဲ့ ခုတ်ဖြတ်ဖျက်ဆီးခံထားရတဲ့ စိတ်ဝိညာဉ်ဆီက ညည်းငြူသံကို မကြားရတော့ဘူး..။ အဲဒီမှာနားလည်လိုက်မိတယ် ကျွန်မခန္ဓာကိုယ်ထဲမှာ ဘာမှမရှိတော့ဘူးဆိုတာကိုပေါ့..။
ကျွန်မကိုယ်ထဲမှာ …… ဗလာ ။
 Anna ရဲ့ Грань ကို ဘာသာပြန်ပါသည်။

* မီးခိုးရောင် ဒြပ်ထုဆိုတာက သူတို့ ယဉ်ကျေးမှုနဲ့ ဆိုင်ပါတယ်။ မီးခိုးရောင်ဆိုတာကို အစစ်အမှန်မဟုတ်တာ။ ထင်မြင်ချက်သက်သက်ဖြစ်တာမျိုးတွေမှာ သုံးလေ့ရှိပါတယ်။

Note; ကိုယ်တိုင်ရေးကို လက်စမသတ်နိုင်သေးလို့ ဘာသာပြန်ထားပြီးသားတင်လိုက်ပါတယ်။ ဒီပို့စ်ကို အစောကြီးကတည်းက တင်ဖို့ပြင်ထားတာပါ။ တချို့စာလုံးလေးတွေမှာ အခက်အခဲတွေ့နေလို့ လက်စမသတ်နိုင်ဘူးဖြစ်နေတာပါ။ နောက် ဆရာမကိုမေး တော့မှ သိရပါတယ်။ စာလုံးအဓိပ္ပာယ်ကို သိပေမယ့် ဘာကိုဆိုလိုမှန်း သိဖို့ခက်တာမျိုးပေါ့။ ကျွန်တော်တို့ မြန်မာစကားမှဆို ဂျှာအေးကို သူ့အမေရိုက်တာတို့၊ မုန့်လုံးစက္ကူကပ်တာတို့လိုပေါ့။ ကျွန်တော်တို့အားလုံးကဘာကို ဆိုလိုချင်တယ်ဆိုတာ နားလည်ပေမယ့် မြန်မာစာ သင်နေတဲ့ နိုင်ငံခြားသားဆို တော်တော် ဒုက္ခရောက်တဲ့ စာလုံးတွေပေါ့။ ဒီပို့စ်လေးကို ဘာသာပြန်တော့လည်း အဲဒီအသုံးအနှုန်းမျိုးတွေတော်တော် တွေ့ရပါတယ်။တော်တော် ခက်ခဲတဲ့ ပို့စ်တစ်ခုဖြစ်လို့ ဘာသာပြန်တဲ့ အရေးအသားဟာ တော်တော် ညံ့ဖျင်းနိုင်ပါတယ်။  ဒီပို့စ်အတွက် ကူညီတဲ့ ဆရာမနဲ့ စာရေးမကျဲဖို့ တိုက်တွန်းတဲံ အစ်မချစ်ကြည်အေးကို ကျေးဇူးတင်ပါတယ်။ အမှန်တိုင်းပြောရရင်တော့ လူက ဘာမှလုပ်ချင်စိတ်မရှိတာပါ။ ဆရာမပြောတာကတော့ ဒီရာသီဆိုဒီလိုပဲ ဆိုပဲ။ နွေဦးဝင်ကာစဖြစ်လို့ ရာသီဥတုကတော့ သိပ်သာယာပါတယ်။ ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်...
 ပျော်ရွှင်ပါစေ
 ဝေလင်း

ခေါင်းထဲက အရှုပ်တွေ

အတွေးဆိုတာနဲ့ ငယ်ငယ်တုန်းကတည်းက ကြားဖူးခဲ့တဲ့ ဒေးကားရဲ့ I think therefore i am. ဆိုတာလေးကို ပြေးသတိရမိပါတယ်။ (ဒေးကားရဲ့ ပန်းသီးလေးတစ်လုံးဆိုပါတော့)နောက် အဲဒါနဲ့ တစ်ဆက်တည်း သတိရမိတာက ပန်းပုဆရာ ရိုဒင်ရဲ့ Thinker ဆိုတဲ့ ပန်းပုရုပ်ပါ။ ဘာလို့မှန်းတော့ မပြောတတ်ပေမယ့် သိပ်ကြိုက်ပါတယ်။ ဆယ်တန်းတုန်းက အဆောင်မှူးမသိအောင် သူ့စာအုပ်စင်ကနေ “လူ့အတွေးအမြင်ကို ပြောင်းလဲစေခဲ့သော စာအုပ်များ”ဆိုတဲ့ ( နာမည် အတိအကျမမှတ်မိတော့ပါဘူး၊ ထင်တာပဲ။ စာအုပ်ဖတ်ပြီးရင် နာမည် တော်တော် မေ့တတ် မှားတတ်တာ အားနည်းချက်တစ်ခုလိုဖြစ်နေတာ။) လက်တစ်ဝါးလောက် ရှိမယ့် စာအုပ်လေး ဖတ်ဖူးပါတယ်။ လူမှန်ရင် အတွေးတွေနဲ့ မကင်းကြဘူးထင်ပါတယ်။ အတွေးတွေကပဲ လူကို ပဲ့ပြင်ထိန်းကျောင်းသွားတယ် ထင်ပါတယ်။ လူမှန်ရင်လည်း ကိုယ်တိုင် သိသိနဲ့ပဲဖြစ်ဖြစ် မသိမသာပဲဖြစ်ဖြစ် ကိုယ်ပိုင် အတွေးအမြင်တစ်ခုတော့ ရှိကြတာချည်းပဲ။ ဒါပေမယ့် တစ်ခါတစ်လေ ကိုယ့်အတွေးအမြင်ကိုယ် ဖမ်းမမိတာမျိုး ဖြစ်တတ်ပါတယ်။ ကျွန်တော့်အနေနဲ့ပေါ့လေ။ အထူးသဖြင့် ဒီနှစ်ထဲမှာ စိတ်တော်တော် အပြောင်းအလဲများပါတယ်။ အသက်ကြီးလာလို့လည်း ဖြစ်နိုင်ပါတယ်။ တွေးမိတာတွေ အကုန်ရေးရရင်တော့ ကျွန်တော့်ကို ရူးတယ် ထင်ပါလိမ့်မယ်။ 

နှလုံးသားဓါတ်ခံမတူတဲ့အခါ သိပ်ခက်ပါတယ်။ ကိုယ့်ကိုယ်ကို ဆုံးမရတာ ပိုခက်သလိုပဲ။ တစ်ခါတစ်လေတော့လည်း မျက်နှာဖုံးအမျိုးမျိုး၊ ရောင်စုံမျက်မှန်အမျိုးမျိုးနဲ့ လူအမျိုးမျိုးကြားမှာ အပိုးကျိုးကျိုးနေရတာ သိပ်အချိုးမပြေချင်ပါဘူး။ မတော်တဲ့ ဖိနပ်ကိုစွပ်ကြည့်လိုက် ချွပ်ကြည့်လိုက်...။ တကယ်တော့ ကိုယ့်ဒုက္ခကိုယ် ရှာတာပါ။ 

ဘယ်မှာလည်းတော့ မသိတော့ဘူး။ “ကိုယ့်အတွေးနဲ့ကိုယ် စိတ်ညစ်လို့ရမှတော့ ကိုယ့်အတွေးနဲ့ကိုယ် ပျော်လိုက်ပါ”ဆိုတာလေး ဖတ်ဖူးပါတယ်။ အတွေးတွေကို ထိန်းချုပ်ဖို့ အဲ့လောက် မလွယ်ဘူးထင်ပါတယ်။ ပေးဆပ်မှုဆိုတာ လူတိုင်းအတွက် မလိုအပ်ဘူးဆိုတာလေး , လေးလေးနက်နက် တွေးမိပါတယ်။ မလိုအပ်သူအတွက် ပေးဆပ်မိတဲ့အခါ ကိုယ်ပဲ နာကျင်ရပါတယ်။ ခုချိန်မှာတော့ လောကလမ်းကို လျှောက်ဖို့ ခံယူချက်တစ်ချို့ ရှိနေပါတယ်။ ဘယ်လောက်ထိ မှတ်ကျောက်တင် ခံနိုင်မလဲ သိချင်ပါတယ်။ အချိန်က စကားပြောသွားမယ်လို့ ယုံကြည်ပါတယ်။

တစ်ခါတစ်လေ ဘယ်လောက်ပဲ နာကျင်စေဦးတော့ ကိုယ့်ကိုယ်လိမ်လည်မှုဟာ အမှန်တကယ် လိုအပ်ပါတယ်။ တချို့ကိစ္စတွေမှာ သိတာထက် မသိတာက ပိုကောင်းပါတယ်။ လုပ်မိလို့ရတဲ့ နောင်တနဲ့ မလုပ်မိလို့ ရတဲ့ နောင်တ ဘယ်ဟာက ပိုဆိုးလဲဆိုတာလည်း သိချင်ပါသေးတယ်။ အမှန်အတိုင်းပြောရရင်တော့ နောင်တကို မုန်းပါတယ်။ အမှန်နဲ့ အမှားကြား အဲဒီနောင်တဆိုတဲ့ ကောင်က ၀င်ဝင်ရှုပ်နေတယ်လို့မြင်ပါတယ်။ ကိုယ်မှန်တယ် ထင်လို့ လုပ်ခဲ့တဲ့ ကိစ္စတွေမှာ နောင်တမရချင်ပါဘူး။ လိုလည်း မလိုအပ်ဘူးလို့ထင်ပါတယ်။ မှားမှန်းသိပြီး အမှန်ပြန်ရောက်ဖို့ ကိစ္စမှာ နောင်တမပါပဲနဲ့လည်း ကိစ္စပြတ်နိုင်ပါတယ်။ ဒီနေရာမှာ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။

တွေဝေတတ်ခြင်း....
တွေဝေတတ်တာ မကောင်းဘူးဆိုပေမယ့် တချို့ကိစ္စတွေမှာတော့ တွေဝေမိတာကို ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိပါတယ်။ တချို့ကိစ္စတွေအတွက် တစ်သက်လုံးတွေဝေနေချင်ပါတယ်။ တချို့ပေါ့လေ....

ပကတိတန်ဖိုး၊ လောကတန်ဖိုး၊ ပတ်ဝန်းကျင်တန်ဖိုး၊ နောက်ဆုံးကိုယ်ပိုင်တန်ဖိုး.. 
ဒီတန်ဖိုးတွေအားလုံးထဲက ဘယ်ဟာကို ဦးစားပေးရမလဲ ခုထိမဝေခွဲနိုင်သေးဘူး။ လောကတန်ဖိုးနဲ့ ပတ်ဝန်းကျင်တန်ဖိုးတွေကို သိပ်ဂရုမစိုက်ချင်ပေမယ့် ရောက်တဲ့ ကွေ့မှာ တွေ့တဲ့ တက်နဲ့လှော်နေရဆဲပါ။ 

သဘာဝလွန်စွမ်းအင်တွေ သိပ်လိုချင်တဲ့ ဆရာမနဲ့ စကားပြောဖြစ်တဲ့အခါတိုင်း ငြင်းဖြစ်ပါတယ်။ ပျံသန်းနိုင်ဖို့၊ အတိတ်၊အနာဂတ်ကို သိဖို့ လိုအပ်တယ်လို့ ကျွန်တော်က မထင်ပါဘူး။ လူသားတစ်ယောက်အတွက် လူတစ်ယောက်ဖြစ်ဖို့အခြေခံလိုအပ်ချက်တွေ ပြည့်စုံရင် လုံလောက်ပြီလို့ ကျွန်တော်က ခံယူပါတယ်။ တစ်ခါတစ်လေတော့လည်း ဘာသာစကားအခက်အခဲကြားမှာ ပြောရတာ သိပ်လက်ပေါက်ကပ်ပါတယ်။ ဆယ်တန်းတုန်းက Eco မှာသင်ရတဲ့ လူတွေရဲ့ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒအကြောင်း ပြန်သတိရမိတယ်။ လိုအပ်ချက်က အကန့်အသတ်ရှိပေမယ့်။ လိုအင်ဆန္ဒတွေက အကန့်အသတ်မရှိနိုင်တာကို။ လူတွေဟာ သစ်ပင်ပေါ်မှာ အေးအေးဆေးဆေး မနေချင်ပဲ လမ်းဆင်းလျှောက်တဲ့ ပရိုင်းမိတ်က ဆင်းသက်လာလို့လား မသိပါဘူး။ ကိုယ်လုပ်နိုင်တာထက် ပိုပိုပြီး လိုချင်တတ်ကြသလိုပဲ။ 

နောက်တစ်ခုက အချစ်ရဲ့တန်ဖိုးဟာ ထင်သလောက် မခမ်းနားဘူးလို့ ကျကျနန ခံယူမိပါတယ်။ ဘ၀တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် အချစ်ဆိုတာ သိပ်သေးငယ်သလိုပါပဲ။ ယောက်ျားနဲ့ မိန်းမရဲ့ ဖိုမအချစ်ကို ဆိုလိုပါတယ်။ ဘာမှမဟုတ်တဲ့ ဟိုမုန်းပြောင်းလဲမှုတစ်ခု လောက်ထိ ထင်မြင်နေမိတယ်။ နောင်တချိန်မှာ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပေမယ့် ခုလောလောဆယ်ထိတော့ ဒီလိုပဲ မြင်ပါတယ်။ သိပ်ချစ်တယ်လို့ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ပြောတာကြားရရင် သိပ်ရယ်ချင်နေလို့ ရုပ်ရှင်ရုံ၊ ပန်းခြံနဲ့ စင်တာတွေ၊ ကော်ဖီဆိုင်တွေ သိပ်မသွားပါဘူး။

Note: မဆုံးနိုင်တဲ့အတွေးတွေအတွက် ရေးရမယ်တဲ့။ ဘယ်လိုရေးရမယ်မှန်းတကယ်မသိပါဘူး။ နောက်ဆိုစာမေးပွဲပိုနီးတော့မှမို့ နောက်မှရေးမယ်ဆိုလည်း ရေးဖြစ်မှာမဟုတ်ပါဘူး။ရေးမိတာတွေက ဗုံးဗောလအောနဲ့ ခပ်ပွပွဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သေချာတာကတော့ လက်ရှိတွေးနေမိတာတွေပါပဲ။ တစ်ပုဒ်လုံးဆုံးအောင် ဖတ်တဲ့လူတွေကို ကံစမ်းမဲပေးမယ်ဆိုပြီး စည်းရုံးရင်ကောင်းမလားတွေးမိပါတယ်။ ကိုယ်ရေးတဲ့ ပို့စ်အကြောင်း ကိုယ်ရိပ်မိလို့ပါ။ ဖတ်ပြီး စိတ်ထဲ ရှုပ်ထွေးသွားရင်တော့ ကျွန်တော်တွေးနေတာတချို့ကို ဖမ်းဆုပ်မိတယ် ဆိုရမလား။ အဲဒီလူတွေကို ဆုတွေဘာတွေပေးချင်ပါတယ်။ သေသေချာချာပြောချင်တာက ဒီပို့စ်ဟာ ကိုယ်ရေးကိုယ်တာ ပို့စ်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ (လိုရင်းရောက်မရောက်တော့ မသိဘူး အစ်မချစ်ကြည်ရေ.. ရေးတော့ရေးလိုက်ပြီ.။) ကိုဏီလင်းညိုကိုတော့ ခဏစောင့်ပါဥင်္ီးလို့ တောင်းပန်ပါတယ်...

ပျော်ရွှင်ပါစေ
ဝေလင်း