Showing posts with label tags. Show all posts
Showing posts with label tags. Show all posts

Sunday, April 4, 2010

ခေါင်းထဲက အရှုပ်တွေ

အတွေးဆိုတာနဲ့ ငယ်ငယ်တုန်းကတည်းက ကြားဖူးခဲ့တဲ့ ဒေးကားရဲ့ I think therefore i am. ဆိုတာလေးကို ပြေးသတိရမိပါတယ်။ (ဒေးကားရဲ့ ပန်းသီးလေးတစ်လုံးဆိုပါတော့)နောက် အဲဒါနဲ့ တစ်ဆက်တည်း သတိရမိတာက ပန်းပုဆရာ ရိုဒင်ရဲ့ Thinker ဆိုတဲ့ ပန်းပုရုပ်ပါ။ ဘာလို့မှန်းတော့ မပြောတတ်ပေမယ့် သိပ်ကြိုက်ပါတယ်။ ဆယ်တန်းတုန်းက အဆောင်မှူးမသိအောင် သူ့စာအုပ်စင်ကနေ “လူ့အတွေးအမြင်ကို ပြောင်းလဲစေခဲ့သော စာအုပ်များ”ဆိုတဲ့ ( နာမည် အတိအကျမမှတ်မိတော့ပါဘူး၊ ထင်တာပဲ။ စာအုပ်ဖတ်ပြီးရင် နာမည် တော်တော် မေ့တတ် မှားတတ်တာ အားနည်းချက်တစ်ခုလိုဖြစ်နေတာ။) လက်တစ်ဝါးလောက် ရှိမယ့် စာအုပ်လေး ဖတ်ဖူးပါတယ်။ လူမှန်ရင် အတွေးတွေနဲ့ မကင်းကြဘူးထင်ပါတယ်။ အတွေးတွေကပဲ လူကို ပဲ့ပြင်ထိန်းကျောင်းသွားတယ် ထင်ပါတယ်။ လူမှန်ရင်လည်း ကိုယ်တိုင် သိသိနဲ့ပဲဖြစ်ဖြစ် မသိမသာပဲဖြစ်ဖြစ် ကိုယ်ပိုင် အတွေးအမြင်တစ်ခုတော့ ရှိကြတာချည်းပဲ။ ဒါပေမယ့် တစ်ခါတစ်လေ ကိုယ့်အတွေးအမြင်ကိုယ် ဖမ်းမမိတာမျိုး ဖြစ်တတ်ပါတယ်။ ကျွန်တော့်အနေနဲ့ပေါ့လေ။ အထူးသဖြင့် ဒီနှစ်ထဲမှာ စိတ်တော်တော် အပြောင်းအလဲများပါတယ်။ အသက်ကြီးလာလို့လည်း ဖြစ်နိုင်ပါတယ်။ တွေးမိတာတွေ အကုန်ရေးရရင်တော့ ကျွန်တော့်ကို ရူးတယ် ထင်ပါလိမ့်မယ်။ 

နှလုံးသားဓါတ်ခံမတူတဲ့အခါ သိပ်ခက်ပါတယ်။ ကိုယ့်ကိုယ်ကို ဆုံးမရတာ ပိုခက်သလိုပဲ။ တစ်ခါတစ်လေတော့လည်း မျက်နှာဖုံးအမျိုးမျိုး၊ ရောင်စုံမျက်မှန်အမျိုးမျိုးနဲ့ လူအမျိုးမျိုးကြားမှာ အပိုးကျိုးကျိုးနေရတာ သိပ်အချိုးမပြေချင်ပါဘူး။ မတော်တဲ့ ဖိနပ်ကိုစွပ်ကြည့်လိုက် ချွပ်ကြည့်လိုက်...။ တကယ်တော့ ကိုယ့်ဒုက္ခကိုယ် ရှာတာပါ။ 

ဘယ်မှာလည်းတော့ မသိတော့ဘူး။ “ကိုယ့်အတွေးနဲ့ကိုယ် စိတ်ညစ်လို့ရမှတော့ ကိုယ့်အတွေးနဲ့ကိုယ် ပျော်လိုက်ပါ”ဆိုတာလေး ဖတ်ဖူးပါတယ်။ အတွေးတွေကို ထိန်းချုပ်ဖို့ အဲ့လောက် မလွယ်ဘူးထင်ပါတယ်။ ပေးဆပ်မှုဆိုတာ လူတိုင်းအတွက် မလိုအပ်ဘူးဆိုတာလေး , လေးလေးနက်နက် တွေးမိပါတယ်။ မလိုအပ်သူအတွက် ပေးဆပ်မိတဲ့အခါ ကိုယ်ပဲ နာကျင်ရပါတယ်။ ခုချိန်မှာတော့ လောကလမ်းကို လျှောက်ဖို့ ခံယူချက်တစ်ချို့ ရှိနေပါတယ်။ ဘယ်လောက်ထိ မှတ်ကျောက်တင် ခံနိုင်မလဲ သိချင်ပါတယ်။ အချိန်က စကားပြောသွားမယ်လို့ ယုံကြည်ပါတယ်။

တစ်ခါတစ်လေ ဘယ်လောက်ပဲ နာကျင်စေဦးတော့ ကိုယ့်ကိုယ်လိမ်လည်မှုဟာ အမှန်တကယ် လိုအပ်ပါတယ်။ တချို့ကိစ္စတွေမှာ သိတာထက် မသိတာက ပိုကောင်းပါတယ်။ လုပ်မိလို့ရတဲ့ နောင်တနဲ့ မလုပ်မိလို့ ရတဲ့ နောင်တ ဘယ်ဟာက ပိုဆိုးလဲဆိုတာလည်း သိချင်ပါသေးတယ်။ အမှန်အတိုင်းပြောရရင်တော့ နောင်တကို မုန်းပါတယ်။ အမှန်နဲ့ အမှားကြား အဲဒီနောင်တဆိုတဲ့ ကောင်က ၀င်ဝင်ရှုပ်နေတယ်လို့မြင်ပါတယ်။ ကိုယ်မှန်တယ် ထင်လို့ လုပ်ခဲ့တဲ့ ကိစ္စတွေမှာ နောင်တမရချင်ပါဘူး။ လိုလည်း မလိုအပ်ဘူးလို့ထင်ပါတယ်။ မှားမှန်းသိပြီး အမှန်ပြန်ရောက်ဖို့ ကိစ္စမှာ နောင်တမပါပဲနဲ့လည်း ကိစ္စပြတ်နိုင်ပါတယ်။ ဒီနေရာမှာ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။

တွေဝေတတ်ခြင်း....
တွေဝေတတ်တာ မကောင်းဘူးဆိုပေမယ့် တချို့ကိစ္စတွေမှာတော့ တွေဝေမိတာကို ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိပါတယ်။ တချို့ကိစ္စတွေအတွက် တစ်သက်လုံးတွေဝေနေချင်ပါတယ်။ တချို့ပေါ့လေ....

ပကတိတန်ဖိုး၊ လောကတန်ဖိုး၊ ပတ်ဝန်းကျင်တန်ဖိုး၊ နောက်ဆုံးကိုယ်ပိုင်တန်ဖိုး.. 
ဒီတန်ဖိုးတွေအားလုံးထဲက ဘယ်ဟာကို ဦးစားပေးရမလဲ ခုထိမဝေခွဲနိုင်သေးဘူး။ လောကတန်ဖိုးနဲ့ ပတ်ဝန်းကျင်တန်ဖိုးတွေကို သိပ်ဂရုမစိုက်ချင်ပေမယ့် ရောက်တဲ့ ကွေ့မှာ တွေ့တဲ့ တက်နဲ့လှော်နေရဆဲပါ။ 

သဘာဝလွန်စွမ်းအင်တွေ သိပ်လိုချင်တဲ့ ဆရာမနဲ့ စကားပြောဖြစ်တဲ့အခါတိုင်း ငြင်းဖြစ်ပါတယ်။ ပျံသန်းနိုင်ဖို့၊ အတိတ်၊အနာဂတ်ကို သိဖို့ လိုအပ်တယ်လို့ ကျွန်တော်က မထင်ပါဘူး။ လူသားတစ်ယောက်အတွက် လူတစ်ယောက်ဖြစ်ဖို့အခြေခံလိုအပ်ချက်တွေ ပြည့်စုံရင် လုံလောက်ပြီလို့ ကျွန်တော်က ခံယူပါတယ်။ တစ်ခါတစ်လေတော့လည်း ဘာသာစကားအခက်အခဲကြားမှာ ပြောရတာ သိပ်လက်ပေါက်ကပ်ပါတယ်။ ဆယ်တန်းတုန်းက Eco မှာသင်ရတဲ့ လူတွေရဲ့ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒအကြောင်း ပြန်သတိရမိတယ်။ လိုအပ်ချက်က အကန့်အသတ်ရှိပေမယ့်။ လိုအင်ဆန္ဒတွေက အကန့်အသတ်မရှိနိုင်တာကို။ လူတွေဟာ သစ်ပင်ပေါ်မှာ အေးအေးဆေးဆေး မနေချင်ပဲ လမ်းဆင်းလျှောက်တဲ့ ပရိုင်းမိတ်က ဆင်းသက်လာလို့လား မသိပါဘူး။ ကိုယ်လုပ်နိုင်တာထက် ပိုပိုပြီး လိုချင်တတ်ကြသလိုပဲ။ 

နောက်တစ်ခုက အချစ်ရဲ့တန်ဖိုးဟာ ထင်သလောက် မခမ်းနားဘူးလို့ ကျကျနန ခံယူမိပါတယ်။ ဘ၀တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် အချစ်ဆိုတာ သိပ်သေးငယ်သလိုပါပဲ။ ယောက်ျားနဲ့ မိန်းမရဲ့ ဖိုမအချစ်ကို ဆိုလိုပါတယ်။ ဘာမှမဟုတ်တဲ့ ဟိုမုန်းပြောင်းလဲမှုတစ်ခု လောက်ထိ ထင်မြင်နေမိတယ်။ နောင်တချိန်မှာ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပေမယ့် ခုလောလောဆယ်ထိတော့ ဒီလိုပဲ မြင်ပါတယ်။ သိပ်ချစ်တယ်လို့ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ပြောတာကြားရရင် သိပ်ရယ်ချင်နေလို့ ရုပ်ရှင်ရုံ၊ ပန်းခြံနဲ့ စင်တာတွေ၊ ကော်ဖီဆိုင်တွေ သိပ်မသွားပါဘူး။

Note: မဆုံးနိုင်တဲ့အတွေးတွေအတွက် ရေးရမယ်တဲ့။ ဘယ်လိုရေးရမယ်မှန်းတကယ်မသိပါဘူး။ နောက်ဆိုစာမေးပွဲပိုနီးတော့မှမို့ နောက်မှရေးမယ်ဆိုလည်း ရေးဖြစ်မှာမဟုတ်ပါဘူး။ရေးမိတာတွေက ဗုံးဗောလအောနဲ့ ခပ်ပွပွဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သေချာတာကတော့ လက်ရှိတွေးနေမိတာတွေပါပဲ။ တစ်ပုဒ်လုံးဆုံးအောင် ဖတ်တဲ့လူတွေကို ကံစမ်းမဲပေးမယ်ဆိုပြီး စည်းရုံးရင်ကောင်းမလားတွေးမိပါတယ်။ ကိုယ်ရေးတဲ့ ပို့စ်အကြောင်း ကိုယ်ရိပ်မိလို့ပါ။ ဖတ်ပြီး စိတ်ထဲ ရှုပ်ထွေးသွားရင်တော့ ကျွန်တော်တွေးနေတာတချို့ကို ဖမ်းဆုပ်မိတယ် ဆိုရမလား။ အဲဒီလူတွေကို ဆုတွေဘာတွေပေးချင်ပါတယ်။ သေသေချာချာပြောချင်တာက ဒီပို့စ်ဟာ ကိုယ်ရေးကိုယ်တာ ပို့စ်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ (လိုရင်းရောက်မရောက်တော့ မသိဘူး အစ်မချစ်ကြည်ရေ.. ရေးတော့ရေးလိုက်ပြီ.။) ကိုဏီလင်းညိုကိုတော့ ခဏစောင့်ပါဥင်္ီးလို့ တောင်းပန်ပါတယ်...

ပျော်ရွှင်ပါစေ
ဝေလင်း



Sunday, December 20, 2009

အနာဂတ်...

နောင်လာမယ့် ၅ နှစ်မှာ....

၁.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ.(မိမိရဲ့ စိတ်ကူးထဲမှာ ကိုယ်လုပ်ချင်တဲ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလေးတစ်ခုပါ။)ကျွန်မရဲ့စိတ်ကူးများထဲက ကျွန်မလုပ်ချင်တဲ့ အလုပ်တွေအကြောင်းကိုတော့ စိတ်ကူးများနဲ့ ကျွန်မဆိုပြီး ပို့စ်လေးရေးဘူးခဲ့ပါတယ်။

.မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့)စိတ်ကူးထဲက အိမ်ထောင်ရေး ( မိမိရဲ့ စိတ်ကူးထဲက အိမ်ထောင်ဘက်ဟာ ဘယ်လို စိတ်ဓါတ် ဘယ်လိုပုံစံမျိုးလေး ဖြစ်စေချင်ပါသလဲ။ အသက် ၂၀ ကျော် ၃၀ အရွယ်တွေမို့ ဒီအကြောင်းက မဖြစ်မနေ စဉ်းစားကြရတော့မှာပါ။)


မမ၀ါက အဲဒီလိုတဂ်ပါတယ်။ ကျွန်တော်ကတော့ တွေးချင်သလိုတွေး၊ ယူချင်သလိုယူပြီး ရေးလိုက်ပါတယ်.. :)



ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားလည်း ဆိုတော့ အများကြီးပဲ။ လုပ်ဖို့ အလုပ်ကတော့ ကျောင်းဆင်းတာနဲ့ တာဝန်ကျတဲ့ဆီကို သွားရုံပဲ။ ဒါပေမယ့် တကယ်လုပ်ချင်တာကတော့ ရှစ်တန်းတုန်းက ရောင်းပစ်လိုက်ရတဲ့ စာအုပ်အငှားဆိုင်လေး ပြန်လုပ်ပေးချင်တယ်။ ကိုယ့်မြို့လေးမှာပဲ။ အဲဒါကတော့ အဖေနဲ့ အမေအတွက်ပါ။ အဲဒီဆိုင်လေး ရောင်းပစ်တုန်းကလည်း အရမ်းနှမြောပြီး ငိုချင်မိတယ်။ ကိုယ့်စာဖတ်ဝါသနာကို အဲဒီဆိုင်လေးက အစပျိုးပေးခဲ့တာ။ အဲဒီဆိုင်လေးကိုတော့ မဖြစ်ဖြစ်အောင် လုပ်ဖို့ စဉ်းစားထားတယ်။ နောက်လုပ်ချင်တာတစ်ခုက စာအုပ်အရောင်းဆိုင် ဖွင့်ချင်တယ်။ စာအုပ်တွေကို စုံနိုင်သမျှစုံအောင် တင်မယ်။ ခန့်ခန့်ညားညားလုပ်ချင်တာ။ စာအုပ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ညီအောင်။ အဲဒါကတော့ ဝေးပါသေးတယ်။ ကြိုးစားရဦးမယ်။ မမ၀ါပြောတဲ့ နောက်ငါးနှစ်နဲ့ အကောင်အထည် ဖော်နိုင်ဖို့ မလွယ်သေးဘူး။ နောက်ငါးနှစ်နေမှ ကျောင်းဆင်းမှာဆိုတော့ ၁၀နှစ်လည်း ဖြစ်သွားနိုင်တယ်။ အနှစ်၂၀လည်း ဖြစ်သွားနိုင်တယ်။
နောက်ဆုံးတစ်ခုကတော့ စာအုပ်အငှားဆိုင်လေး ရှိခဲ့တုန်းကတည်းက ပေါ်ခဲ့တဲ့ စိတ်ကူးလေးတစ်ခုပါ။ အဲဒီစိတ်ကူးကတော့ ပင်စင်ယူချိန်လောက်မှပဲ အကောင်အထည် ဖော်နိုင်လိမ့်မယ်နဲ့တူပါတယ်။ လုပ်တော့လုပ်ချင်တယ်။ စာကြည့်တိုက်ဖွင့်ချင်တာ။ member ၀င်ထားတဲ့လူက စာအုပ်ငှားနိုင်မယ်။ လစဉ်ကြေးသွင်းရမယ်။ မငှားနိုင်တဲ့ စာအုပ်မျိုးကိုတော့ စာကြည့်တိုက်မှာပဲ ဖတ်နိုင်အောင် လုပ်မယ်။ member မ၀င်ထားတဲ့လူတွေကိုတော့ စာကြည့်တိုက်မှာပဲ ဖတ်လို့ရမယ်။ စာအုပ်အငှားဆိုင် သဘောမျိုးပဲ။ ငှားဖတ်ရမှာပေါ့။ ဘယ်ကစိတ်ကူးရလည်းဆိုတော့ ဆိုင်မှာ စာအုပ်ကောင်းလေးတွေတင်ရင် ပျောက်ပျက်ကုန်တဲ့ဆီက စပါတယ်။ စာကောင်းပေကောင်းတွေဆို အရမ်းပျောက်ပါတယ်။ နောက်ရှားပါးတဲ့စာအုပ်တွေဆို ငှားပေးဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အဲဒီအခါမျိုးမှာ ဆိုင်ခန်းလေး တစ်ခန်းနဲ့ဖွင့်ထားတဲ့ စာအုပ်အငှားဆိုင်လို ဆိုင်မျိုးအနေနဲ့ ဘယ်လိုမှာ အဆင်မပြေပါဘူး။ အဲဒါကြောင့် စာကြည့်တိုက်ဖွင့်ချင်တာပါ။ ရှားပါးမဂ္ဂဇင်းတွေ၊ စာအုပ်တွေ နောက်တန်ဖိုးကြီးစာအုပ်တွေ၊ နောက်တစ်ခုက စာအုပ်အငှားဆိုင်တွေမှာ တင်လို့မဖြစ်ပေမယ့် အမှန်တကယ် အသုံးဝင်တဲ့စာအုပ်မျိုး၊ အထူးသဖြင့် ပညာရပ်ဆိုင်ရာ။ နည်းပညာဆိုင်ရာ စာအုပ်မျိုးတွေ။ အဲဒီစာအုပ်မျိုးတွေက စာအုပ်ဆိုင်တွေအနေနဲ့ မကိုက်ပါဘူး။ ငှားဖတ်တဲ့လူကလည်း ရှားပါတယ်။ ဒါပေမယ့် တကယ့်တကယ်လိုအပ်တဲ့လူကြတော့လည်း လိုပြန်ပါတယ်။ နောက်စွယ်စုံကျမ်းလိုမျိုး ဘယ်သူမှ ငှားဖတ်ဖို့စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုးကားဖို့ လိုလာရင် သူက အသုံးလိုပါတယ်။ အတွဲလိုက် ကိုယ်ပိုင်ဝယ်ထားနိုင်ဖို့ဆိုတာကလည်း အနည်းငယ်ခက်တာမို့ စာကြည့်တိုက်ရဲ့ အရာသာဖြစ်နေပြန်ပါတယ်။ နောက် အင်္ဂလိပ်စာအုပ်တွေပါထားမယ်။ နောက် အင်တာနက်ပါ တတ်နိုင်ရင်ချိတ်ထားပြီး online စာကြည့်တိုက်လိုပါ တွဲထားမယ်။ ကျွန်တော့် စိတ်ကူးတွေကလည်း စာအုပ်နဲ့ကိုမလွတ်ဖူးနော်..ခက်ပါ့။ စီးပွားရေးသက်သက်ဆိုတာထက်ကို လုပ်ချင်မိတာလေးတွေပါ။ 



နောက်တစ်ခုကတော့ တော်တော်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကူးထဲကအိမ်ထောင်ဘက်နဲ့ နှလုံးသားထဲက အိမ်ထောင်ဘက်က ထပ်တူမကျလို့။ ပြီးတော့ နောက်ငါးနှစ်မှာ ကိုယ့်အသက်က ၂၃ ဆိုတော့ အိမ်ထောင်ပြုဖို့စိတ်ကူးလုံးဝမရှိသေးတာတော့အမှန်ပါ။ ကျောင်းဆင်းဆင်းချင်း မိန်းမယူရင်လည်း အိမ်ကကျွန်တော့်ကို သတ်ပါလိမ့်မယ်..:P ။ ဒါပေမယ့် စိတ်ကူးထားတာတော့ ရှိတာပေါ့လေ။ ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ စိတ်ကူးဆိုတော့ ကလေးဆန်ချင်လည်း ဆန်နေပါလိမ့်မယ်။ ဒါပေမယ့် သည်းခံပြီး ဖတ်ပေါ့နော့်။ အမှန်အတိုင်းပြောရရင် အိမ်ထောင်ရေးဆိုတာ ဘာမှန်းတကယ်မသိသေးပါဘူး။ အိမ်ထောင်ရေးမပြောနဲ့ ရည်းစားတောင် ကောင်းကောင်းမထားဖူးသေးဘူး..( အဲဒါက ကြေညာဝင်တာ၊ မယုံလည်းနေပေါ့)။ ဖြစ်စေချင်တဲ့ အိမ်ထောင်ဖက်ကတော့ ပထမ-အဓိက အကျဆုံးအချက်ကမီးဖွင့်ထားလည်း အိပ်ပျော်တတ်တဲ့လူဖြစ်မှ..။ နောက်တစ်ခုက ကျွန်တော်စာဖတ်နေတဲ့အချိန်တို့၊ တွေးချင်ရာတွေးနေတဲ့အချိန်တို့ နားလည်မှုရှိရှိ နေတတ်မှ( ဘေးကနေ စကားတတွတ်တွတ် လာပြောနေလို့တော့ မဖြစ်ဘူးလေနော့်)၊ နောက်တစ်ခုက တစ်လတစ်ခါမဟုတ်တောင် နှစ်လတစ်ခါလောက်တော့ စိတ်ကောက်တတ်ရမယ် ( ချစ်စရာကောင်းအောင် စိတ်ကောက်တာမျိုးပေါ့လေ။ အမြင်ကတ်စရာကောင်းလောက်အောင် ကောက်တာမျိုးတော့လည်း ဖြစ်သေးဘူး)။ နို့မဟုတ်ရင် ပျင်းစရာကြီး။ ပြန်ချော့ချင်လို့။ နောက်တစ်ခုက ထမင်းဟင်းချက်တာ အရမ်းမကောင်းတောင် စားလို့ဖြစ်အောင်တော့ ချက်တတ်ဦးမှ..။ ( ငါးခြောက်ချက်တာ ဆားထက်ချက်တာတို့ ၊ ထမင်းချက်တာ ပျော့တူးမနပ်တို့လည်း ဖြစ်သေးဘူး။ မရှိလောက်ပါဘူးတော့ ပြောနဲ့နော်။ ကျွန်တော့် သူငယ်ချင်းတွေထဲမှာကို တွေ့ဖူးလို့ :P )။
နောက်တစ်ခုက ဇီဇာလည်းမကြောင်မှ။ နောက်ဆုံးတစ်ခုကတော့ ရုပ်မချောတောင် ညဘက်တွေ့လို့ မလန့်လောက်တဲ့ ရုပ်ရည်တော့လည်း ရှိမှ (ကျွန်တော်က သရဲကြောက်တတ်တယ်)။
အပေါ်ကရေးခဲ့တာတွေအကုန်လုံး မရှိလည်း ဖြစ်ပါတယ်လေ..ကျွန်တော်ကလည်း ချစ်ပြီး ကျွန်တော့်ကိုလည်း ချစ်ရင်ရပါပြီ..တကယ်။ မမ၀ါတို့ အိမ်ထောင်ရေးကိုတော့ အားကျပါသည်။


( ကလေးအတွေးလို့ပဲ သဘောထားပေးပါ မမ၀ါရေ…)