Showing posts with label ရေးမိတာလေးတွေ........... Show all posts
Showing posts with label ရေးမိတာလေးတွေ........... Show all posts

Sunday, December 18, 2011

ခရစ်စမတ် ပုံပြင်

ခရစ်စမတ်ပုံပြင်
ရှေးတုန်းက တင်ရှားခဲ့တဲ့ ဒဏ္ဍာရီတစ်ခုမှာ ဆိုထားတာကတော့ တစ်ခါက လက်ဘနွန်နိုင်ငံရဲ့ လှပသာယာတဲ့ တောအုပ်လေးတစ်ခုမှာ ထင်းရှူးပင်လေးသုံးပင် ပေါက်လာခဲ့တယ်တဲ့။ အားလုံးသိကြတဲ့အတိုင်းပဲ ထင်းရှူးပင်တွေဟာ ကြီးထွားနှုန်းနှေးလွန်းတာကြောင့် အဲဒီထင်းရှူးပင်လေးသုံးပင်ဟာ ရာစုနှစ်နဲ့ချီပြီး `ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း´၊ `သဘာဝနဲ့ လူသား´ အကြောင်းတွေကို တွေးတော ဖြတ်ကျော်လာခဲ့ကြတယ်။

သူတို့ဟာ ဆော်လမွန် ဘုရင်ကြီးရဲ့ စစ်သည်ရဲမက်တွေ လက်ဘနွန်နိုင်ငံကို ရောက်လာတာ၊ Assyrian လူမျိုးတွေနဲ့ သွေးမြေလွှမ်းခဲ့တဲ့ တိုက်ပွဲတွေကို မြင်တွေ့ခဲ့ကြတယ်။ ပြီးတော့ ကမ္ဘာ့ရန်တွေဖြစ်တဲ့ ယေဇာဗလ် (Jezebel) နဲ့ ပရောဖတ် အီလိယာ (Elijah) တို့ကိုလည်း တွေ့ဖူးခဲ့တယ်။ သူတို့ရှေ့မှောက်မှာပဲ အက္ခရာကို တီထွင်လာကြတယ်။ ကုန်သည်တွေကလည်း ရောင်စုံအထည်အလိပ်တွေတင်ပြီး သူတို့နားက ဖြတ်သန်းသွားကြတယ်။

ဒီလိုနဲ့ သာတောင့်သာယာရှိတဲ့နေ့တစ်နေ့မှာ ထင်ရှူးပင်လေးသုံးပင်ဟာ သူတို့ရဲ့အနာဂတ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ဆုံးဖြတ်လိုက်တယ်။

ပထမတစ်ပင်က ပြောတယ် ` သက်တမ်းတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရတာတွေ အားလုံးနောက်မှာတော့ ငါ့မှာ ဖြစ်ချင်တာ တစ်ခုပဲရှိတယ်။ အဲဒါကတော့ ရန်ခပ်သိမ်းကို အောင်နိုင်တဲ့ ဘုရင်တစ်ပါးရဲ့ ပလ္လင် ဖြစ်ဖို့ပဲ´

`ငါ့အနေနဲ့ကတော့ မေတ္တာနဲ့ စွန့်လွတ်အနစ်နာ ခံမှုအကြောင်း ခေတ်အဆက်ဆက် ဥပမာပြု ပြောဆိုသွားကြရမယ့် အရာတစ်ခုခုရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ချင်တယ်´ လို့ ဒုတိယတစ်ပင်က ပြောတယ်။

တတိယတစ်ယောက်ကတော့ ` လူတွေငါ့ကို ကြည့်တဲ့အခါတိုင်း ဘုရားသခင်ကို အောက်မေ့ကြတာမျိုး ဖြစ်ချင်တယ်´လို့ ပြောလိုက်တယ်။

နှစ်တွေ၊ နှစ်တွေ ကုန်လွန်သွားလိုက်တာ နောက်ဆုံးမှာတော့ တောအုပ်လေးထဲကို သစ်ခုတ်သမားတွေ ရောက်လာကြတယ်။ သစ်ခုတ်သမားတွေဟာ ထင်ရှူးပင်သုံးပင်လုံးကိုခုတ်ပြီး ခွဲစိတ် ပစ်လိုက်ကြတယ်။

ထင်ရှူးပင်သုံးပင်လုံးမှာတော့ ကိုယ်စီကိုယ်စီ စိတ်ကူးအိပ်မက်လေးတွေနဲ့ပေါ့။ ဒါပေမယ့် လက်တွေ့ဘ၀ကြီးဆိုတာက ငါတို့ ဘာတွေ ဖြစ်ချင်လဲဆိုတာ ဘယ်တုန်းကမှ မမေးဘူးလေ။

ပထမ ထင်ရှူးပင်လေးကိုတော့ တင်းကုတ်လုပ်ပစ်လိုက်ကြတယ်။ နောက်ပြီး သူ့ဆီကပိုနေသေးတဲ့ အသားတွေနဲ့ စားခွက်ကလေးလုပ်လိုက်ကြတယ်။

ဒုတိယအပင်ကိုတော့ ခပ်ကြမ်းကြမ်းစားပွဲတစ်လုံးလုပ်လိုက်တယ်။ နောက်ပိုင်းမှာ ပရိဘောဂ ဆိုင်ကို ပို့ပစ်ဖို့ပေါ့။

တတိယအပင်က ရတဲ့သစ်ကိုတော့ ရောင်းမရတဲ့အတွက် ပျဉ်အဖြစ်စိပ်ပြီး မြို့ကြီးတစ်မြို့က ဂိုထောင်ထဲမှာ သိမ်းထားလိုက်ကြတယ်။

ထင်းရှူးပင်သုံးပင်ဟာ ခါးသီးစွာနဲ့ပဲ စိတ်ပျက်လက်ပျက် ညည်းညူမိကြတယ် ` ငါတို့ဟာ သစ်မျိုးကောင်းတွေ ဖြစ်ပေမယ့် ငါတို့ကို ကောင်းကောင်းမွန်မွန်အသုံးပြုဖို့တော့ ဘယ်သူမှ နေရာရှာမတွေ့ကြပါလား´ လို့ပေါ့။

ဒီလိုနဲ့ အချိန်တွေကုန်လာလိုက်တာ တစ်နေ့၊ ကြယ်တာရာတွေ စုံတဲ့ ညတစ်ညမှာ နားခိုစရာမရတတ်တဲ့ ဇနီးမောင်နှံတစ်စုံဟာ ပထမ ထင်းရှူးပင်လေးက ရတဲ့သစ်ကနေ ဆောက်ထားတဲ့ တင်းကုပ်လေးမှာ ညအိပ်နားဖို့ ရောက်လာကြတယ်။ မိန်းမဖြစ်သူက ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့ပေါ့။ အဲဒီညမှာပဲ အဲဒီအမျိုးသမီးဟာ သားတစ်ယောက် ဖွားမြင်တယ်။ အဲဒီကလေးငယ်လေးကို စားခွက်လေးထဲက မြက်ခြောက်လေးတွေပေါ် သိပ်လိုက်တယ်။

အဲဒီအခိုက်အတန့်မှာပဲ ပထမ ထင်းရှူးပင်လေးဟာ သဘောပေါက်သွားတယ်။ သူ့ရဲ့ စိတ်ကူးအိပ်မက်တွေဟာ တကယ်ဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးသော အောင်နိုင်သူ လူသားရဲ့ အထောက်အပံ အဖြစ်ကို သူရလိုက်ပြီလို့ပေါ့။

နောက် နှစ်အနည်းငယ်အကြာမှာ အိမ် ခပ်သေးသေးတစ်လုံးထဲမှာ လူအချို့ စားကြသောက်ကြတယ်။ ဒုတိယ ထင်းရှူးပင်ကနေ လုပ်ထားတဲ့ စားပွဲမှာပေါ့။ အဲဒီလူတွေထဲက တစ်ယောက်က မစားသောက်ကြခင်မှာ စားပွဲပေါ်မှာတင်ထားတဲ့ ပေါင်မုန့်နဲ့ ၀ိုင် အချို့ကို နမူနာထားပြီး စကားတစ်ချို့ပြောတယ်။

အဲဒီမှာ ဒုတိယထင်းရှူးပင်ဟာလည်း သဘောပေါက်သွားတယ်။ သူဟာ ပေါင်မုန့်နဲ့ ၀ိုင်တင်တဲ့ စားပွဲသက်သက်မဟုတ်တော့ပဲ ၊ ဘုရားသခင်နဲ့ လူသားကြား ဆက်သွယ်မှုရဲ့ အထောက်အပံ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။

နောက်တစ်နေ့မှာတော့ တတိယထင်းရှူးပင်လေးက ရတဲ့ ပျဉ်တွေနဲ့ လက်ဝါးကပ်တိုင်လုပ်လိုက်ကြတယ်။ နောက်နာရီအနည်းငယ်အကြာမှာတော့ ဒဏ်ရာတွေနဲ့ လူတစ်ယောက်ကို ခေါ်လာကြပြီး အဲဒီလက်ဝါးကပ်တိုင်မှာ သံတွေနဲ့ ရိုက်လိုက်ကြတယ်။ တတိယမြောက် ထင်းရှူးပင်လေးဟာ စိတ်ပျက်ဝမ်းနည်းစွာနဲ့ သူ့ရဲ့ အသုံးပြုခံနေရာအတွက် ကံကြမ္မာကို ကျိန်ဆိုမိတယ်။

ဒါပေမယ့် သုံးရက်တောင် မလွန်ခင်မှာပဲ သူလည်းသဘောပေါက်သွားတယ်။ သူ့လက်ဝါးကပ်တိုင်မှာ အချိတ်ခံရတဲ့ လူသားဟာ လောကရဲ့ အလင်းတန်ဆောင်ဖြစ်နေတာ။ သူ့ရဲ့ လက်ဝါးကပ်တိုင်ဟာ နှိပ်စက်ညှဉ်းပန်းရာ လက်နက်အဖြစ်ကနေပြီး လွတ်မြောက်ရာ၊ အောင်မြင်ရာ သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာ၊ စတာတွေအားလုံးကိုပေါ့။

ထင်ရှူးပင်လေးသုံးပင်ရဲ့ ကံကြမ္မာကတော့ အဲလိုအဆုံးသတ်သွားခဲ့တယ်။ စိတ်ကူးအိပ်မက်တွေနဲ့ပတ်သက်လာရင် အမြဲဖြစ်နေကြအတိုင်းပဲ- သူတို့ရဲ့ အိပ်မက်တွေဟာ အကောင်အထည်ပေါ်လာခဲ့ကြတယ်၊ ဒါပေမယ့် သူတို့မျှော်မှန်းထားခဲ့တဲ့ ပုံစံတွေနဲ့တော့ တခြားစီပေါ့….

 Paulo Coelho   ရဲ့ christmas story ကို ရုရှားဘာသာမှ ပြန်ဆိုပါတယ်။

notes; ဘာသာပြန်တွေ မရေးဖြစ်တာကြာပါပြီ။ ခရစ်စမတ်အကြောင်း ဖြစ်နေတာရော မူရင်းစာက အလွယ်တကူရှိနေတာကြောင့်ရော ပြန်ဖြစ်သွားတာပါ။ အမှတ်တရပေါ့။ အားလုံးအတွက် ခရစ်စမတ်လက်ဆောင်လို့ ပြောလည်း ရပါတယ်။ Paulo Coelho  ရဲ့စာအုပ်တွေကို  The Alchemist ကနေစပြီး ဖတ်ဖူးခဲ့တာပါ။ အဲဒီကနေစပြီး ကြိုက်ခဲ့တာလို့လည်း ပြောလို့ရပါတယ်။ ဒါလေးကိုတော့ ခရစ်စမတ် အမှတ်တရအနေနဲ့ တင်ဖြစ်တာပါ။ သူကတော့ ဘာသာရေးနဲ့ဆက်နွှယ်ပြီးရေးထားတာ ဖြစ်ပေမယ့် ပေးချင်တဲ့ မက်ဆေ့ခ်ျ လေးကို သဘောကျတာကြောင့် ဘာသာပြန်ဖြစ်သွားတာပါ။ The Alchemist မှာလည်းပဲ လူတွေရဲ့ မျှော်လင့်ချက် အိပ်မက်လေးတွေအကြောင်းပဲ ရေးထားတာပါ။ လူတွေအတွက် မျှော်လင့်ချက်ထက် အရေးကြီးတာရယ်လို့ရော ရှိမှမ၇ှိတာပဲလေ။ ကျွန်တော်တို့တွေရဲ့ အိပ်မက်တွေဟာ ဘယ်လိုပဲဖြစ်နေဖြစ်နေ တစ်နေ့မှာတော့ မုချဖြစ်လာမှာပဲမဟုတ်လား။ ကျွန်တော်တို့ မျှော်လင့်သလိုတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့ဗျာ။ 
ပျော်ရွှင်ဖွယ် ခရစ်စမတ်ပါ (ဝေလင်း)

Monday, October 31, 2011

လက်ထပ်ထိမ်းမြားခြင်း


ပြီးခဲ့တဲ့ လ တစ်လလုံး မြန်မာနိုင်ငံမှာ ရှိနေခဲ့ပါတယ်။အိမ်ပြန်ရောက်တော့ သိတဲ့အတိုင်းပဲ စာအုပ်ပုံထဲ ခေါင်းထိုးတာပဲ။ ပြန်လာတော့လည်း သယ်လို့ရသမျှသယ်လာတဲ့ ထဲမှာ စားစရာသောက်စရာတွေက တ၀က်နဲ့ စာအုပ်က တ၀က်ပါ။ အမှန်တကယ်က စာအုပ်လေးတစ်အုပ်အကြောင်းပြောချင်လို့ပါ။ တစ်အုပ်လုံးအကြောင်းတောင် မဟုတ်ပါဘူးလေ။ ပြောချင်တာလေးတွေရွေးပြောမှာပါ။ စာအုပ်က ဆရာမြသန်းတင့် ဘာသာပြန်တဲ့ Andre Maurois ရဲ့ The Art of Living ပါ။ ဆရာက ဘ၀နေနည်း အနုပညာ လို့ နာမည်ပေးထားပါတယ်။ အဲဒီထဲမှာ ခေါင်းစဉ်ခွဲ ၉ ခု ပါပါတယ်။ တော်တော်ကောင်းတဲ့ စာအုပ်လေးပါ။ ( အဲဒါတွေက အတည်ပါ။ အခုအပျက်တွေစပါတော့မယ်။ J ) အဟဲ ပြောချင်တဲ့အကြောင်းကတော့ “လက်ထပ်ထိမ်းမြားခြင်း အနုပညာ” ဆိုတဲ့ ခေါင်းစဉ်ပါ။ စာအုပ်ထဲမှာ ဘာရေးထားတယ်ဆိုတာထက်ကို စာအုပ်ကိုဖတ်ပြီး တွေးမိတာလေးတွေ ပြောချင်လို့ပါ။ (စာအုပ်ထဲမှာ ပါတာတော့ စာအုပ်ပဲဝယ်ဖတ်ကြည့်တော့)
မြန်မာနိုင်ငံပြန်တုန်းက သူငယ်ချင်းမိန်းကလေးက (မိန်းကလေးသူငယ်ချင်းနဲ့ သူငယ်ချင်းမိန်းကလေး ဘာကွာလဲတော့ မသိဘူး။ သေချာတာက အဲဒီတစ်ယောက်က သူငယ်ချင်း ပြီးတော့ မိန်းကလေး) သူက ပြောတယ်။ ယောက်ျားမယူချင်ဘူးတဲ့ (သေချာတာကတော့ တရားရသွားတာမဟုတ်ပါဘူး) တွေးကြည့်ရင်ကြောက်တယ်။ ပျင်းစရာကြီးတဲ့။ အဲဒီတစ်ယောက်တည်းနဲ့ တစ်သက်လုံးနေသွားရမှာတဲ့။ ကိုယ်တစ်ယောက်တည်းဆိုလွတ်လွတ်လပ်လပ်ပဲတဲ့။ ဘယ်သူ့ကိုမှ ငဲ့စရာမလိုဘူးတဲ့။
အဲဒါတွေက သူပြောတာပါ။ သူပြောတာတွေရေးပြနေလို့ ကျွန်တော်ကပါအဲလိုတွေးနေပြီလို့မထင်ပါနဲ့။ ကျွန်တော်ကတော့ မိန်းမယူဖြစ်အောင်ယူမှာပါ။ (အသက်အရွယ်ကြောင့်လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်)
ဘာဖြစ်လို့လည်းဆိုတော့ မိသားစုဘ၀တစ်ခုကို တည်ထောင်ကြည့်ချင်လို့ပါ။ ကျွန်တော်က ကျွန်တော့်အဖေ ဘယ်သူလဲဆိုတာထက် ကျွန်တော့်သား ဘယ်သူဖြစ်မယ်ဆိုတာက ပိုပြီး ကျွန်တော်ဘယ်သူဆိုတာကို ပြဌာန်းတယ်လို့ ခံယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘတွေကို ကျွန်တော်တို့ ရွေးချယ်ခွင့်၊ ပြုပြင်ဖန်တီးခွင့်၊ ဖန်တီးနိုင်စွမ်းမှ မရှိတာ။ ကျွန်တော်တို့ တကယ်ဖန်တီး ပျိုးထောင်ယူရမှာက ကျွန်တော်တို့ရဲ့သားသမီးတွေပဲ ရှိပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ လူ့အဖွဲ့အစည်းတစ်ခု ကို သူဘယ်လောက်အောင်အောင်မြင်မြင် ထူထောင်နိုင်လဲဆိုတာနဲ့ ကျွန်တော်က တိုင်းထွာချင်ပါတယ်။ မိသားစုဘ၀တစ်ခုကိုတောင် ကောင်းကောင်းမတည်ထောင်နိုင်ရင် လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ယဉ်ရင် ဘယ်လိုမှ လုပ်နိုင်ကိုင်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါတွေဟာ အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ရဲ့ ရယ်ရွှင်ဖွယ်အတွေးတွေ ဖြစ်နိုင်သလို၊ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ထားတဲ့ လူတစ်ယောက်ရဲ့ ဆင်ခြေတွေလည်း ဖြစ်နိုင်ပါတယ်။
ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဝတ္ထုထဲမှာ ဆ၇ာမင်းသိင်္ခရေးထားတာလေးကို သဘောကျမိပါတယ်။ မိန်းမတွေဟာ သုညနဲ့တူတယ်တဲ့။ တချို့မိန်းမတွေကဆို သုည ၅ လုံးလောက်နဲ့ညီမျှတယ်ဆိုတယ်။ ယောက်ျားတစ်ယောက်ဟာ သုညနဲ့တူတဲ့မိန်းမကို လက်ထပ်လိုက်ခြင်းအားဖြင့် သူ့မှာ မူရင်းတန်ဖိုး ၁ ပဲရှိတယ်ဆိုင်ရင်တောင် ၁၀၊ ၁၀၀၊ ၁၀၀၀ စသဖြင့် တန်ဖိုးတက်သွားနိုင်ပါတယ်။ ကတ်သီးကပ်သတ်တွေးပြီး တချို့က ဆိုချင်ကြမယ်။ သုညတွေကို နောက်မှာ မထားပဲ ရှေ့မှာထားရင်ရောဆိုပြီးတော့ ဒါဆိုလည်း ပူစရာမရှိသေးပါဘူး။ အရင်းက အရင်းပဲမို့။ (ဒီနေရာမှာ သုညနဲ့ နှိုင်းယှဉ်ရခြင်းက မိန်းမတွေကို တန်ဖိုးမရှိဘူးလို့ ဆိုလိုတာမျိုးမဟုတ်ပဲ ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်က ဘယ်လိုတန်ဖိုးမြင့်ပေးနိုင်တယ်လို့ မြင်သာအောင် နှိုင်းယှဉ်ခြင်းဖြစ်တယ်လို့ မှတ်ယူစေချင်ပါတယ်။
ထားပါတော့။ စားအုပ်ထဲက ဟာလေးပြောချင်ပါတယ်။ Andre Maurois က ထိမ်းမြားခြင်းအနုပညာဆိုတဲ့ အခန်းမှာ လက်ထပ်ထိမ်းမြားခြင်းကို ဆန့်ကျင်တဲ့ လူတွေရဲ့ အမြင်တွေ၊ အဲဒီလူတွေပြောခဲ့တာတွေကို အရင်ပြောပါတယ်။
“လက်ထပ်ထိမ်းမြားတယ်ဆိုတာ ဘာလဲ။ ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်တို့ဟာ အသက်ငယ်ငယ်မှာ  သူတို့ရဲ့ စိတ်ကူးယဉ်ဘ၀ကို အဆုံးသတ်လိုက်တာဖြစ်တယ်။ တစ်နည်းအားဖြင့် နောက်ထပ်စွန်းစားမှုအသစ်တွေ၊ ရင်ခုန်စရာအသစ်တွေကိုလည်း စွန့်လွတ်လိုက်ကြတဲ့သဘောဖြစ်တယ်။ ချစ်သူချင်း ချိန်းတွေ့ပြီး ယစ်မူးရတဲ့ အရသာကလေးတွေကို စွန့်လွတ်လိုက်ရခြင်း ဖြစ်တယ်။ နောက်ထပ်ချစ်လို့ ခံစားရတဲ့ အံ့ဩစရာကောင်းတဲ့ သာယာကြည်နူးမှုလေးတွေကို စွန့်လွတ်လိုက်ရခြင်း ဖြစ်တယ်။ သူတို့ရဲ့အရေးကြီးတဲ့ အဓိကကျတဲ့ စွမ်းအင်တွေကို ဖြတ်တောက်လိုက်ရတာ ဖြစ်တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘာမှရင်ခုန်မှုတွေမရှိတော့တဲ့ ဘ၀ကြီးထဲကို တစ်သက်လုံးဆင်းသက်သွားခဲ့ရတာဖြစ်တယ်။ ဒီလိုနဲ့ ဘ၀ကိုစတင်ဖို့ ပြင်ဆင်တုန်းမှာပဲ ဘ၀ဆုံးသွားရတယ်။ ဒီလိုနဲ့ လင်ကိစ္စ၊ မယားကိစ္စထဲမှာ နစ်မြုပ်သွားပြီး ငြီးငွေ့စရာကောင်းတဲ့ ဘ၀ကြီးထဲမှာ နစ်မွန်းသွားရတော့တယ်။ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှုတွေကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှုတွေ့ဖို့ အလားအလာတွေ ပိတ်သွားရတော့တယ်။ အံ့ဩစရာတွေ ပျောက်ပျက်ကုန်ဆုံးသွားရတော့တယ်။ နည်းနည်းကြာလာတော့ အချစ်ဟာလည်း ပျောက်ဆုံးသွားပြီး အိမ်မှုကိစ္စအတွက် လုံးပန်းရ၊ သားသမီးပညာရေးအတွက် စိုးရိမ်ရ ဖြစ်လာတယ်။ ဒီလိုနဲ့ လူငယ်ရဲ့ဘ၀၊ လူငယ်ရဲ့ ပျော်ရွှင်စရာတွေကို မခံစားလိုက်ရဘဲ၊ မသိမသာနဲ့ အိုမင်းရင့်ရော်သွားခဲ့ရတယ်။ လက်ထပ်လိုက်ရင်ပျော်စရာကောင်းမှာပဲဆိုတဲ့ စိတ်ကူးယဉ်အချစ်ကြောင့် လက်ထပ်ခဲ့ပေမယ့် လက်ထပ်လိုက်တာနဲ့ လက်ထပ်ချင်အောင် လှုံ့ဆော်ပေးခဲ့တဲ့ စိတ်ကူးယဉ်အချစ်ဟာလည်း ပြိုလဲပျက်စီးသွားတော့တယ်။”
အပေါ်က စာပိုဒ်က စာအုပ်ထဲကပါ။ အဲဒီမှာပြောထားတဲ့ ထဲမှာ ကျွန်တော်က “အသက်ငယ်ငယ်” ဆိုတဲ့ စာလုံးကို မျဉ်းသားပြထားပါတယ်။ ဟုတ်ပါတယ်။ အသက်ငယ်ငယ်နဲ့ ယောက်ျား၊မိန်းမ ယူကုန်ကြရင်တော့ အဲဒီမှာရေးထားတဲ့ အတိုင်းပါပဲ။ စိတ်ပျက်စရာသိပ်ကောင်းပါတယ်။ ဒီတစ်ခေါက်ပြန်သွားတော့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့တယ်။ ကိုယ်က ကျောင်းတောင်မပြီးသေးလို့ ကျောင်းသားစိတ်တောင် မပျောက်သေးတဲ့ အချိန်မှာ တချို့ဆိုရင် သားကိုယ်စီ၊ သမီးကိုယ်စီနဲ့ ဖြစ်နေကြပြီ။ သူတို့ဘ၀နဲ့သူတို့ ပျော်ချင်လည်း ပျော်ကောင်းပျော်လိမ့်မယ်။( သိပ်တော့မထင်ပါဘူး)။ ဒါပေမယ့် အားကျစရာမဟုတ်တာတော့ အသေအချာပဲ။ ထားပါတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်မပြုသင့်ဘူးဆိုတော့ ဘယ်အချိန်မှာ ပြုသင့်ပြီလဲ? အဲဒါကတော့ မပြောတတ်တော့ဘူး။ အသက်ငယ်ငယ်ဆိုတာက ဘယ်အရွယ်အထိကိုပြောတာလဲ? ဥပဒေအရတော့ ၁၈ နှစ်ဆို အိမ်ထောင်ပြုခွင့်ပေးပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုဖို့ကိုတော့ အသက်နဲ့တိုင်းတာလို့ကောရပါ့မလား? ကျွန်တော့်အစ်ကိုကြီးတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှတ်တမ်းတင် ဗွီဒီယိုကြည့်မိတယ်။ အခမ်းအနားတွေကြည့်ပြီး နည်းနည်းတောင် စိတ်ပျက်တယ်။ ကုန်သွားမယ့်ငွေတွေကို တွေးပြီး စိတ်တောင်ညစ်တယ်။ လာတဲ့ဧည့်သည်တွေထဲမှာ သတို့သားသတို့သမီးနဲ့သိတာက တစ်ဝက်လောက်ပဲပါတယ်။ အဲဒီတစ်ဝက်ထည်းမှာမှ ရင်းနှီးတာက တစ်ဝက်လောက်။ စဉ်းစားတာကြည့်ပေတော့။ ရုရှားတွေ အခုနောက်ပိုင်းမင်္ဂလာဆောင်တဲ့ ပုံစံကိုသဘောကျပါတယ်။ နှစ်ဖက်မိဘပါမယ်။ ညီအစ်ကိုမောင်နှမ အရင်းတွေပါမယ်။ နောက်အရင်းနီးဆုံးဆိုတဲ့ သူငယ်ချင်းတွေပါမယ်။ (အဖေ့မိတ်ဆွေ၊ အမေ့မိတ်ဆွေတွေ မပါပါဘူး) ပြောရရင်တော့ ဒါအကုန်ပဲ။ ခန်းမရယ်လို့လည်းမငှားဘူး။ မနက်ပိုင်း ဒါမှမဟုတ် ညနေပိုင်း အဲဒီလူစုက ကားနဲ့ မြို့ထဲက နေရာစုံ လှပတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်၊ လျှောက်လည်၊ ပြီးရင် စားသောက်ဆိုင်တစ်ခုခုမှာ( ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ဆိုင်) ကျွေးမွေးပြီး ပြီးသွားတာပါပဲ။ ကျွန်တော်ကတော့ အဲဒီပုံစံကို သဘောကျပါတယ်။ ခမ်းခမ်းနားနားဆိုတာကို ဘယ်လိုမှ ခံစားကြည့်လို့မရသေးပါဘူး။ လိုလည်းမလိုအပ်ဘူးလို့ထင်ပါတယ်။ ( ဒါကိုကြားရင်တော့ မရှိသေးတဲ့ သတို့သမီးလောင်းက စိတ်ပျက်မှာအမှန်ပါပဲ)
အခမ်းအနားက အခမ်းအနားပေမယ့် လက်ထပ်ခြင်းဆိုတဲ့ မူရင်းအဓိပ္ပာယ်ကိုတော့ မပျက်စေချင်ပါဘူး။
လက်ထပ်ခြင်းက လူနှစ်ယောက်လက်တွဲပြီး လူ့အဖွဲ့အစည်းတစ်ခုကို(အသေးလေးပေမယ့်) တည်ထောင်ကြည့်ခြင်းပါ
Notes: ဒီပို့စ်အပြီးမှာ စိတ်ဝင်စားသူ အမျိုးကောင်းသမီးများ ဖုန်းဆက်လို့ရပါတယ်။ ဖုန်းနံပါတ်ကတော့   +7931299**** ပါ နောက်ကလေးလုံးကိုတော့ ဖူးစာရှင်မှန်ရင်မှန်းနိုင်ပါလိမ့်မယ်)))))))))

ထပ်ပြောချင်တာလေးရှိပါတယ်။ မတော်တဆ ကံဆိုးကံကောင်း တစ်ယောက်ယောက်ကများဒီပို့စ်ကို ဖတ်မိခဲ့ပြီး လက်ထပ်ထိမ်းများခြင်း အကြောင်းလေး ရေးပေးကြရင် သိပ်ကောင်းမှာပဲဗျာ.. တဂ်တာတော့မဟုတ်ပါဘူး... ဘလော့ဂ်ဂါမောင်နှမတွေ ဆန္ဒရှိမယ်ဆိုရင်ပေါ့။

Tuesday, November 30, 2010

အနမ်း...

- သိပ်မကြာခင်မှာပဲ နေ၀င်တော့မှာမို့နဲ့ တူပါရဲ့ ကောင်းကင်ကြီးက နှုတ်ဆက်နေလိုက်တာ တိမ်လေးတွေတောင် လောင်ကျွမ်းတောက်ပလို့ မကြာခင် ခွဲခွာရတော့မှာ ၀မ်းနည်းနေသလား... ဒါမှမဟုတ် လေလေးတစ်ချက်နှစ်ချက် အဝှေ့မှာ ထထခုန်ကြတဲ့ သစ်ရွက်ကြွေလေးတွေရဲ့ ဘ၀ကိုပဲ မရှုရက်လေသလား.. သူတို့ဘယ်လိုများ ဖြေသိမ့်ကြပါသလဲ...။
- သစ်ရွက်ကြွေလေးတွေဆီနည်းနည်း၊ အဖျားဝါပြီး ငိုက်စိုက်ကျနေတဲ့ မြက်ပင်လေးတွေဆီနည်းနည်း၊ နွေရာသီကနေထွက်ပြေးလာတဲ့ လေပြေလေးတွေဆီ နည်းနည်း၊ မကြာခင်ပျောက်ကွယ်တော့မယ့် နေ၀န်းလေးဆီ နည်းနည်း ခံစားချက်လေးတွေ မျှပေးမိတာ ပတ်ဝန်းကျင်တစ်ခုလုံးတောင်လေးလံလို့..။
- နွေရာသီကုန်ဆုံးသွားပြီ..။
- ဆောင်းအိပ်မက်တွေဟာ နွေရာသီမှာလည်း မက်တတ်တယ်ဆိုတာ နွေရာသီကုန်ဆုံးချိန်အိပ်မက်က လန့်နိုးမှ သိလိုက်ရတဲ့အခါ ပြန်မရနိုင်တော့မှန်း သိတဲ့အသိတွေနဲ့အတူ နှမျှောတသ ဆုံးရှုံးခြင်းကို ခံစားလိုက်ရတယ်။ 
- တဖြည်းဖြည်းမှောင်လာလိုက်တာ ပတ်ဝန်းကျင်ကလား စိတ်ကလားတောင် မဝေခွဲနိုင်တဲ့ အဖြစ်မျိုး ကြုံတွေ့လာရတဲ့အခါ သေချာနေတဲ့ သံသယတွေကိုတောင်မှ သံသယလေးဝင်ပြီး အကောင်းဆုံးကို မျှော်လင့်နေမိသေးတာဟာ ရူးသွပ်မှုဆိုရင်တောင် ကျွန်တော်ကိုယ့်ကိုယ်ကို အပြစ်မတင်ရက်ဘူး..။
- နှုတ်ခမ်းနှစ်ခုထိတွေ့မှု၊ ၀င်သက်ထွက်သက်အပေးအယူမျှမှု.. ဘယ်တုန်းကမှ တို့အနမ်းတွေ အဲလောက် မရှည်လျားခဲ့ဖူးဘူး။ အခုတော့ နေရောင်အောက်က ရေခဲတုံးတစ်တုံးလို တဖြည်းဖြည်း ပါးလျပျောက်ကွယ်သွားသလိုမျိုး တစ်ယောက်ကို တစ်ယောက် ဆုံးရှုံးရင်းနမ်းခဲ့ကြတာ `နောက်ဆုံး´ဆိုတဲ့ အသိနဲ့တဲ့လား။ တစ်ယောက်ကိုတစ်ယောက် ခပ်တင်းတင်း ပွေးဖက်ထားခဲ့ကြတဲ့ လက်တွေဟာ ထာဝရ လက်မလွတ်လိုက်ရခင် နောက်ဆုံးအင်အားတဲ့လား...။
- အနမ်း။ ပါးပြင်၊ အပေါ်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း၊ နားရွက်ကလေးတွေ နောက်ပြီးတော့ လည်တိုင် အားလုံးကို ဆုံးရှုံးမှုနဲ့ မွတ်သိပ်စွာနမ်းခဲ့တာ။ အဲဒီအနမ်းဟာ နှုတ်ဆက်အနမ်းမဟုတ်ပေမယ့် သေချာနေပြီဖြစ်တဲ့ ဆုံးရှုံးမှုတွေနဲ့ နောက်ဆုံးအနမ်းပါ။
- အနမ်းတွေဟာ ဘယ်တော့မှ လေထဲပျောက်ကွယ်မသွားဘူး...။
- တိမ်အတုတွေကြောင့် နှလုံးသားနှစ်ခု ဖျားနာသွားတာဟာ ဘယ်သူ့အပြစ်ကြောင့်လဲ ဆိုတဲ့ မေးခွန်းကို မေးဖို့ အဖြေကို နားထောင်နိုင်စွမ်းမရှိတာနဲ့ပဲ သက်ပြင်းသုံးကြိမ်ချခဲ့မိတယ်..။
- ရှုံးနိမ့်ခြင်းနဲ့ ဆုံးရှုံးခြင်းဟာ သနပ်ခါးလိမ်း ပန်းပန်ပြီး ဇာတ်စင်ရှေ့ထွက်လာတဲ့အခါ ကံတရားဆိုတဲ့ ဇာတ်ဆရာက ကန့်လန့်ကာ ထောင့်ကွယ်ကနေ ပြုံးပြီးကြည့်တယ်။
- လေထုထဲမှာ ရနံ့တွေ ပါလာတတ်လွန်းလို့ အသက်ရှူဖို့တောင် ကြောက်လန့်မိ။ ခြောက်သွေ့တဲ့လေထုကို ရှူရှိုက်မိတိုင်း အနမ်းတွေနဲ့ စိုစွတ်နေတဲ့ လေထုကို လွမ်းမိတယ်။
- ပိုင်ဆိုင်ခွင့် မရှိတော့တဲ့ အနမ်းကို အခါအခွင့်ကြုံတိုင်း လွမ်းဆွတ်မိတာ ကိုယ့်ကိုယ်ကို နှိပ်စက်ရာများ ကျလေမလား..?
- အနမ်းနှစ်ခုကြား အများကြီးခြားနားသွားတာကို မနမ်းခင်အခိုက်အတန့်နဲ့ နမ်းပြီးအခိုက်အတန့် နှလုံးသာကို ယှဉ်ကြည့်တော့ သိပ်သိသာလာတာဟာ မနမ်းခင်ရှင်သန်နေခဲ့တဲ့ နှလုံးသားဟာ နမ်းပြီးတဲ့အချိန်မှာ သေဆုံးသွားတာကို တွေ့မြင်ရလို့ဖြစ်တယ်။
-  နွေးထွေးတယ်၊ စိုစွတ်တယ်၊ နူးညံ့တယ်၊ တလပ်လပ်နဲ့ ရင်ထဲက ဖိုတယ်၊ ချိုမြိန်တယ်၊ နှလုံးခုန်မြန်လာတယ်။ ဟိုးအတွင်းထဲ.. အတွင်းထဲအထိ....
- နှုတ်ခမ်းနှစ်ခုရဲ့ ထိတွေ့မှုအောက်မှာ အတ္တတွေပြိုကျ၊ သူလည်းမရှိငါလည်းမရှိ ဖြစ်တည်မှုအသစ်၊ သူမဟာ ငါ့ရဲ့ ဒုတိယတစ်ဝက်ဖြစ်တယ် လို့ ......။
- ဒီစာမှာ အနမ်းကလွဲပြီး ဘာမှမပါဘူး..။

notes; လွန်ခဲ့တဲ့ သုံးလလောက်က ရေးခဲ့တဲ့ အက်ဆေးလေးပါ။ အခုအချိန်မှာ ပြန်ဖတ်ကြည့်တော့ ရယ်ချင်သလိုပဲ....။ အားလုံးဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲကုန်တာပါပဲ...။


Monday, July 19, 2010

လှပသော နိဒါန်း(သို့) အသည်းကွဲခြင်း


လှပသော နိဒါန်း(သို့) အသည်းကွဲခြင်း

တယုတယထားသော အသည်းတစ်ခု ကွဲအက်သွားခြင်းက မျှော်လင့်ထားသလောက် ကဗျာမဆန်ပေ။ နှာခေါင်းရှုံ့ချင်စရာကောင်းသော နောင်တတချို့၊ ပျင်းရိညည်းငွေ့ဖွယ် အတ္တတချို့၊ ပြာဖြစ်သွားသော စီးကရက်တချို့၊ လှောင်ပြောင်ရယ်မောသံတချို့၊ မုန်းချင်စရာကောင်းသော ကရုဏာတချို့၊ မပိမရိ ယုတ္တိဗေဒ အခင်းအကျင်းတချို့၊ နာကျင်မှုဟု ထင်မှတ်ရသော အရာတချို့၊ လန့်နိုးလာသော အိပ်မက်တချို့နှင့် ပျက်စီးသွားသော မျှော်လင့်ချက်တချို့၊ ပြန်လည်တည်ဆောက်၍ မရတော့သော ဆက်ဆံရေးတချို့၊ တချို့သော တချို့ပေါင်းများစွာဖြင့် ပေကျံနေသော အသည်းကွဲဇာတ်လမ်းသည်.......

 တစ်ခါက “မင်္ဂလာပါ” ဆိုသော စကားတစ်ခွန်းကြားတွင် နှစ်လုံးသားနှစ်ခု တရွေ့ရွေ့ ဝေးကွာသွားသည်။ ဘာမှမဖြစ်ခဲ့သလို အပြုံးများကြားတွင် ဟန်ဆောင်ကောင်းကောင်းဖြင့် ကွဲနေခဲ့သော အသည်းတစ်စုံ၊ တစ်ယောက်ကို တစ်ယောက် နားလည်ခဲ့ကြပြီ ယုံကြည်ခဲ့ပြီးမှ ကိုယ့်ကို(လုံးဝ) နားမလည်တာကို နာနာကျည်းကျည်း သိခွင့်ရချိန်၊ အင်ဖနတီထိသွားဖို့ ယှဉ်တွဲခဲ့ကြသော မျဉ်းပြိုင်နှစ်ကြောင်းမှ တစ်ကြောင်းက ဂငယ်ကွေ့ ကွေ့သွားချိန်၊ အားလုံး... အားလုံး ပြီးဆုံးသွားချိန်မှာ အံ့အားသင့်ဖို့ပင် လက်ကျန်အင်အား မကျန်ရစ်ခဲ့.........။

အချစ်ဝင်လျှင် အပြစ်မမြင်ဟု ဆိုပါက အသည်းခွဲခံသောအခါ အပြစ်မြင်လာခြင်းသည် “မချစ်”ဟု အဓိပ္ပာယ် သက်ရောက်သည်။ မချစ်လျှင် အသည်းကွဲပါဦးမည်လားဟူသော အမေးနောက်မှ အသည်းမကွဲလျှင် အပြစ်မမြင်မိ၊ အပြစ်မ၀င်လျှင် ချစ်ဆဲ ဟူသော မုန့်လုံးစက္ကူကပ် ယုတ္တိဗေဒများ ဆက်မလာခင် ဇာတ်လမ်းကို တစ်ခန်းရပ်လိုက်ရသည်။

ကိုယ့်ကိုယ်ကို စနစ်တကျလိမ်လည်ပြီး ပျော်ရွှင်နေရာမှ သူ့ကိုတွေ့လိုက်တိုင်း အရောင်ပြောင်းပြောင်း သွားတတ်သော မျက်လုံးနှင့် နာကျင်လာတတ်သော နှလုံးသားတို့ကို တောင်စွယ်ပို့ချင်သည်။ ဖုန်းနံပါတ်နှင့် email account ကို Delete လုပ်ပြီးသည့်တိုင် နှလုံးသား၌ uninstall tools ပါမလာ။ နာစရာတွေအများကြီးထဲမှ လွမ်းစရာကိုပဲ ရွေးရွေးမြင်တတ်ခြင်းနှင့် မလှတာတွေအများကြီးထဲမှ လှတာကိုပဲ ရွေးရွေးမြင်တတ်ခြင်းသည် ကိုယ့်လည်ပင်းကိုယ် စွပ်သော ကြိုးကွင်းများသာ ဖြစ်သည်။ မွေးကတည်းက နှလုံးသားမှာ “ချစ်တတ်ခြင်းသည် နှလုံးသားကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်”ဟူသော စာတမ်းကို ထည့်မပေးလိုက်သော ဘုရားသခင်ကို ကျကျနနကျိန်ဆဲရလျှင် ကျေနပ်စရာကောင်းလေမည်လား...?
ဘုရားသခင်သည် အသည်းမကွဲဖူးသောကြောင့် အချစ်၏အန္တရာယ်ကို မသိခြင်းလည်း ဖြစ်နိုင်သည်။ တစ်ခါမှ အသည်းမကွဲဖူးသောကြောင့် ဘုရားသခင်သည် ကျွန်တော်တို့ကို ကိုယ်ချင်းစာနိုင်မည် မဟုတ်ပေ။ တစ်ခါလောက်များ ဘုရားသခင်နှင့် စကားပြောခွင့် ရလျှင် သူသိပ်ကံကောင်းတဲ့ အကြောင်း ပြောပြချင်ပါသည်။
အချစ်က ကောင်းမွန်သော Game တစ်ခုဆိုလျှင် အသည်းကွဲခြင်းက ပိုမိုလှပသော Game ခုသာ ဖြစ်သည်။ ပိုပြီးလှပသော ပိုပြီးကြေးကြီးသော၊ ပို၍ အန္တရာယ်များသော၊ ပိုပြီးမာယာများသော Game တစ်ခုသာ ဖြစ်သည်။ အသည်းကွဲခြင်းသည် အဆုံးသတ်သွားခြင်းမဟုတ်ပဲ ခမ်းနားသော နိဒါန်းတစ်ခုသာ....

တကယ်တော့ အသည်းကွဲခြင်းသည်-
မကြည့်ဖြစ်သော ဘဲလေးကပွဲတစ်ပွဲလည်း ဖြစ်နိုင်သည်။
မပေးဖြစ်သော ပန်းစည်းတစ်စည်းလည်း ဖြစ်နိုင်သည်။
မငိုကြွေးလိုက်ရသော မျက်ရည်တစ်ချို့လည်း ဖြစ်နိုင်သည်။
အနည်းဆုံးတော့ ဘလော့ဂ်ပေါ်က ပို့စ်တစ်ခု ဖြစ်နိုင်ပေသည်...။

ဝေလင်း



 




Sunday, May 2, 2010

ကဗျာရွတ်သူများ..

 ကဗျာရွတ်သူများ

သောက်လက်စ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်အသာအယာချလိုက်သည်။ ပြီးနောက် သူ့ရှေ့ကလူကို
တစ်ဆက်တည်းပြောလိုက်သည်။

“ဒီလိုနေ့မျိုးပဲဗျ သူ့ကိုကျွန်တော်စတွေ့တာ။ ခုလောက်တော့ဆိုင်ထဲမှာလူမရှိဘူးပေါ့လေ။”

ဘေးနားရှိ ၀ိုင်းတစ်ဝိုင်းမှ ရယ်သံတစ်ချို့ ဖိတ်လျှံလွင့်စင်လာသည်။ သူက စီးကရက်အစီခံကို မီးခြစ်ကိုယ်နဲ့ တတောက်တောက်ခေါက်ရင်း စကားကိုဆက်လိုက်သည်။

“အဲဒီညက နတ်သမီးက ဘီလူးနက္ခတ်နဲ့ ၀င်လာခဲ့တာ။ ဒီစားပွဲမှာပဲ ပန်းတစ်ပွင့်ကြွေကျခဲ့ တာပေါ့။ အဲဒီနတ်သမီးကပြောခဲ့တယ်။ လောကကြီးက ကျဉ်းကျဉ်းလေးပါတဲ့။ မရှာဘဲနဲ့တောင် တွေ့တတ်လွန်းလို့တဲ့။ ပန်းတစ်ပွင့်ရဲ့အလှအပကြောင့်ရော ၊ ဘာမှန်းမသိတဲ့အကြောင်း အရာတွေကို ရုတ်တရက် သိလိုက်ရခြင်းကြောင့်ပါ ကျွန်တော် ဆွံ့အနေခဲ့မိတယ်။ ပြီးတော့ နတ်သမီးက ကဗျာတစ်ပုဒ် ရွတ်ပြသွားတယ်။”

“အားလုံး…အားလုံးအတွက်
ငါမင်းကိုကျေးဇူးတင်ခဲ့ပါတယ်
ခပ်ခါးခါးမျက်ရည်တွေရယ်
အဆိပ်ပြွမ်းတဲ့အနမ်းတချို့နဲ့အတူ
တိတ်ဆိတ်ပြင်းထန်တဲ့ နာကျင်မှုတွေအတွက်
တစ်လျှောက်လုံး မင်းလှည့်စားခဲ့တာတွေအတွက်
ကျေးဇူးပါပဲ……....။”
(Anna)

နှုတ်ခမ်းထက်မှ စီးကရက်တိုကို လွင့်ပစ်လိုက်သည်။ စားပွဲပေါ်မှ အေးစက်နေပြီဖြစ်သော လက်ဖက်ရည်
ကိုတစ်ကျိုက်မျှသောက်လိုက်သည်။ ထိုအခိုက်အတန့်လေးမှာပင် သူ့ရှေ့မှလူ သက်ပြင်းချတာ သုံးခါတိတိရှိပြီဖြစ်ကြောင်း သူသတိထားမိလိုက်သည်။ သူတို့စကားဝိုင်းလေးက ခဏတဖြုတ်တော့ တိတ်ဆိတ်သွားသည်။ အတန်ကြာမှ သူ့ရှေ့မှလူက စကားစသည်။

“ဖြစ်နိုင်ရင် ဒီအကြောင်းကိုပြန်မပြောချင်ဘူးဗျာ။ ဒါပေမယ့် မျိုသိပ်ထားဖို့ကလည်း အချိန်မရွေး
ပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးကို ရင်ဘတ်ထဲထည့်ထားရသလိုပဲ။ ပင်ပန်းလွန်းတယ်ဗျ။
တကယ်တော့ အဲဒီညက ဓားတစ်လက်ရဲ့ကျိန်စာတွေ ဖြိုးဖြိုးဖျောက်ဖျောက် ရွာသွန်းတဲ့ ညပါပဲလေ။ သူ့ကိုစတွေ့တွေ့ချင်းပဲ ဓားတစ်လက်ရဲ့ အေးစက်မှုနဲ့ တည်ငြိမ်မှုတွေ ဖြာထွက် နေတာ သတိထာမိခဲ့တယ်။ သူကပြောတယ်“ ဒီမှာမိတ်ဆွေ ကျွန်တော်က နဂါးမှန်းသိအောင်
အမောက်ကြီးတထောင်ထောင်နဲ့ မနေတတ်ဘူးဗျ။ ဒါပေမယ့် လိုအပ်လာရင်လဲ မျက်စောင်းထိုး
ဖို့ ၀န်မလေးတတ်ဘူး။ ထားလိုက်ပါတော့လေ။ ပြီးတာတွေလဲ ပြီးသွားပါပြီ။ ဒါပေမယ့် ကဗျာတစ် ပုဒ်လောက်ရွတ်ပြချင်တယ်။ အဲဒီကဗျာဆုံးသွားရင်တော့ ခင်ဗျားကျွန်တော့ကို နားလည်သွား မှာပါ ”

အတောင်ပါတာချင်းအတူတူ
ပျံမရတာက ငါ့ညံ့ဖျင်းမှုတဲ့လား
ကျားသနားမှ နွားချမ်းသာရမယ်ဆိုရင်တော့
စားသာစားလိုက်ပါတော့ကွယ်...
ငါက..သနားစဖွယ်မဟုတ်ပေဘူး
တွေးမိတိုင်းရင်နာတယ်ပြောရင်
မတွေးဘဲနေပါလားလို့ ပြောကြလိမ့်ဦးမယ်..
မင်းတို့ပဲ….နေကြည့်
ဂျစ်ပစီတစ်ယောက်ရဲ့ရင်ခုန်သံဟာ
နည်းနည်းတော့ အရိုင်းဆန်လိမ့်မယ်
ဘ၀တစ်လျှောက်လုံး
သွားတွေက အောက်နှုတ်ခမ်းတွေကို
လွတ်ခဲ့ရတယ်လို့မှမရှိပဲ..
မြင်းကောင်းတောင် ခွာလိပ်သေးတာပဲ
ငါကနဂိုကတည်းကအကျိုး
ရနိုးနိုးနဲ့ ပျိုးမိသူ……...

“ကျေးဇူးပဲဗျာ။ ဟန်ဆောင်ပြီးတော့ ၀မ်းသာပါတယ်လို့မပြောနိုင်ပေမယ့်ပေါ့လေ။ သူ့ကို ကောင်းကောင်း စောင့်ရှောက်လိုက်ပါလို့လဲ မပြောတော့ပါဘူး။ ခင်ဗျားကို ကျွန်တော်ယုံတယ်။”

စကားဆုံးသွားတော့ သူ့ရှေ့ကလူက သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချသည်။ ထို့နောက် ဆက်ပြောသည်။

“ပြောရင်ယုံမလား တော့မသိဘူး။ ခင်ဗျားလိုပဲ ကျွန်တော်လည်း သူ့ကိုမသိဘူး။ သူဘာတွေပြော သွားမှန်းလည်း ကျွန်တော် မသိဘူးဗျ။ ဒီလိုနဲ့ပဲ ကျွန်တော်လည်းဒီဇာတ်လမ်းထဲ ပါလာခဲ့တာ။ ကဲ..ကျွန်တော့်တာဝန်လည်းပြီးပြီ။ ခွင့်ပြုပါဦး။”

သူ့ရှေ့ကလူထွက်သွားသည်ကို သူငေးကြည့်နေမိသည်။ တကယ်တော့ အဲဒီလူစောင့်နေသူမှာ သူမဟုတ်သလို သူစောင့်နေသူမှာလည်းထိုလူမဟုတ်ပေ။သူ့ရင်ထဲမှာတော့ ရှင်းမပြတတ်သော ပုစ္ဆာတွေ
တသီကြီးကျန်ခဲ့သည်။ ထိုစဉ် သူမျှော်လင့်နေသော အသံကိုကြားလိုက်ရသည်။

“မောင်…စောင့်ရတာကြာလို့ပျင်းနေပြီလား”
“ဟင့်အင်း.. မပျင်းပါဘူး”
“ဒါနဲ့ တို့မရောက်ခင် မောင်နဲ့အတူထိုင်နေတာ ဘယ်သူလဲဟင်”
“အမှန်အတိုင်းပြောရင် ကိုယ်လည်းအဲဒါပဲ သိချင်နေတာ”
“မောင့်ဟာက ဘယ့်နှယ်ကြီးလဲ”
“ထားလိုက်ပါကွာ။ လာခဏလောက်ထိုင်ဦး။ ကဗျာတစ်ပုဒ်ရွတ်ပြစရာရှိတယ်။”

“ဘ၀မှာ…
မျက်နှာချင်းဆိုင်ရလွန်းတော့လည်း
လူချင်းမှားပြီး
နှုတ်ဆက်မိတာတွေများလွန်းတယ်။
ကောင်မလေးရေ...
“မင်္ဂလာပါ”
မင်းကိုငါ လူမှားခဲ့ပါသလား” 

Notes; မနှစ်က ဘလော့စရေးကာစက တင်ခဲ့တဲ့ပို့စ်ပါ။ ဘယ်သူမှမဖတ်ရသေးဘူးထင်လို့ ပြန်တင်လိုက်တာ။ ဆားချက်တာလည်းပါပါတယ်။ ဖိုရမ်တစ်ခုမှာလည်း တင်ခဲ့ဖူးပါတယ်။ အမှန်အတိုင်းပြောရရင် ဒီဝတ္ထုတိုလေးက ဆရာတာရာမင်းဝေရဲ့ “စကားခုနစ်ကြိမ်ကြာပြီးတဲ့နောက်”ဆိုတဲ့ ၀တ္ထုလေးရဲ့ အရိပ်အငွေ့မကင်းပါဘူး..။ ဒီရက်ပိုင်းဆုံးဖြတ်ရခက်တဲ့ ကိစ္စတစ်ခုနဲ့ ကြုံနေရတယ်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိဘူးဖြစ်နေတယ်။ တချို့ကိစ္စတွေမှာ ခါတော်မှီယုတ္တိဗေဒတွေနဲ့ နှစ်သိမ့်ဆုတွေဟာ အခြေအနေကို ပိုမိုဆိုးရွားစေရုံထက်မပိုဘူးလို့ပြောလို့ရပါတယ်။ စိတ်ညစ်လွန်းလို့ တစ်ခါမှာ အသုံးမချခဲ့ဖူးတဲ့ တားရော့ကိုသုံးမိတယ်။ The Wheel of Foturne တဲ့ ..။ တချို့တွေရဲ့ အတ္တတွေဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလား..? ကံကြမ္မာကိုပဲ အပြစ်တင်ရမလား မဆုံးဖြတ်တတ်တော့ဘူး..။ ကိုယ်ကိုယ်တိုင်ကြိုးစားမေ့ဖျောက်ထားတဲ့ အမှန်တရားကို မျက်ဝါးထင်ထင် ပြန်မြင်ရတဲ့အခါ.. နာကျင်မှုက နှစ်ဖက်သွားနဲ့...။ ကိုယ်ကိုယ်တိုင်က ခံစားလွန်းတာလည်း ပါကောင်းပါမယ်။ တခါတလေတော့လည်း လောကကြီးကို ဆိုးဆိုးဝါးဝါး အရွဲ့တိုက်ချင်တယ်။ ကိုယ့်အတ္တတစ်ခုထဲနဲ့ပဲ ရှေ့ဆက်လျှောက်ချင်မိတယ်... ဘယ်သူသေသေပေါ့.. 
ပျော်ရွှင်ပါစေ
ဝေလင်း
update: စောန ဆိုတဲ့အသုံးကိုမှားသုံးမိလို့ ကိုလူထွေးက ပြင်ပေးသွားပါတယ်။ ကျေးဇူးတင်ပါတယ်အစ်ကို။  အဲဒီအသုံးကို ရှောင်ပြီးသုံးလိုက်ပါတယ်။ နောက်ဆို သိပ်မရင်းနှီးတဲ့ အသုံးတွေကို သေချာလေ့လာပြီးမှဖြစ်ဖြစ်၊ ရှောင်ပြီးဖြစ်ဖြစ်သုံးပါ့မယ်။မှားနေတာတွေ့ရင် လုံးဝအားမနာပါနဲ့။ ပိုးစိုးပက်စက်ဝေဖန်နိုင်ပါတယ်။ အမှားကိုသာထောက်ပြမယ်ဆို ဆဲသွားရင်တောင် ကျေးဇူးတင်မှာပါ။

Wednesday, April 28, 2010

မျက်ရည်

                                
ချိုမြမည်ထင်သော မေတ္တာတရားက ခါးသက်သွားခဲ့တာကို အလန့်တကြားကြည့်မိ....
သေခြင်းတရား ပျံသန်းလာနေတာကို မျက်နှာချင်းဆိုင်ကြည့်နေရသလိုမျိုး...
အရာအားလုံးရပ်တန့်။ ကိုယ်ဖန်တီးမိတဲ့ နာကျင်မှုက ကိုယ့်ကိုအနိုင်ယူသွားတဲ့အခါ၊ တောက်ပမှုထဲ တစ်ကိုယ်လုံး ပြိုဆင်းသွားလေရဲ့...
ရှုံးနိမ့်ပါများလာတော့ ငိုကြွေးဖို့တောင် မတတ်နိုင်တော့...
တားဆီးထားသော စည်းများ... ကာရံထားသော မျက်နှာဖုံးများ...
အမှန်တရားသည် အမြဲတမ်း မချိုမြိန်ခဲ့ပါ..။ အထူးသဖြင့် ခံစားချက်နှင့်ယှဉ်သောအခါ အမှန်တရားသည် ခါးပါသည်။
အချစ်က ပေးဆပ်ခြင်းလို့ဆိုရလောက်အောင်လည်း ရုပ်ရှင်မဆန်ခဲ့ပါ....။
သူမခိုကိုးရာသည် ကျွန်တော့်ရင်ခွင်မဟုတ်ခဲ့သည့်တိုင်... သူမအားကိုးတကြီး ကိုင်ဆွဲရာလက်သည် ကျွန်တော့်လက် မဟုတ်ခဲ့သည့်တိုင် ခွင့်လွတ်နိုင်ခဲ့ခြင်းသည် သဘောထားကြီးလွန်းခြင်း မဟုတ်တာ သေချာပါသည်။ (စိတ်သက်သာရာ သက်သာကြောင်း ကြံဖန်ဖြေသိမ့်တတ်တာလည်း ပါမည်။) ဘယ်လိုပင်ပြုံးပြုံး နှလုံးသားကတော့ နာကျင်ရသည်သာ...။ 
အချစ်က အဆိပ်သီးဆိုသည့်တိုင် ချက်ချင်းမသေနိုင်သောကြောင့် ဆက်လက်စားသုံးမိတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ 
ဖြစ်နိုင်လျှင် ထိုအရာကို အချစ်ဟုခေါင်းစဉ်မတပ်ချင်ပါ။ အချစ်သည် ကမ္ဘာပေါ်ရှိ ခံစားချက်များ အားလုံးအနက် သံသယဖြစ်ဖွယ် အကောင်းဆုံးစာရင်းမှာ ပါဝင်ပါသည်။
တစ်ခါတစ်လေ အတွေးများသည် မိမိကိုယ်ကို သတ်သေရာ ဓါးတစ်လက်၊ ကြိုးတစ်ချောင်း ဒါမှမဟုတ်  အဆိပ်တစ်ခွက် ဖြစ်နေနိုင်ပါသည်။ လူသားတစ်ယောက်၏ အသိဥာဏ်ပညာသည် အချို့သော ခံစားချက်များမှ ရုန်းထွက်နိုင်ရန် လုံလုံလောက်လောက် မသန်မာခဲ့ပါ။ (ဒါမှမဟုတ် ကယ်တင်ရန်)
မည်သူတစ်ဦးတစ်ယောက်အတွက်မှ ကောင်းကျိုးပေးမည်မဟုတ်သော အသိတချို့အတွက်မူ “မောဟ” ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ တောင့်တပါသည်။
ကျွန်ုပ်တို့၏ သာယာလှပသော ညချမ်းတချို့အတွက်တော့ အိပ်မက်တချို့ကို မေ့ပစ်ကောင်း မေ့ပစ်ရပါလိမ့်မည်။ (အထူးသဖြင့်....)
ဖြစ်နိုင်မည်ဆိုလျှင် ကမ္ဘာဦးလူသားတစ်ယောက်ရဲ့ နေ့စဉ်ဘ၀မှာ အချစ်က ဘယ်လိုအခန်းကဏ္ဍက ပါဝင်ခဲ့သလဲ သိချင်ပါသေးသည်။ 
နောင်တလွယ်လွယ်၇တတ်ပြီး မျက်ရည်လွယ်လွယ်ကျတတ်သောသူများကို ကျွန်တော်ကြောက်ပါသည်။ လွယ်လွယ်ရတတ်သောအရာများသည် လွယ်လွယ်နှင့်ပင် ကွယ်ပျောက်သွားပါလိမ့်မည်။
အထူးသဖြင့် သူမ၏မျက်ရည်များတွင် ခံစားချက် ဘယ်နှစ်ရာခိုင်နှုန်းပါမှန်း ကျွန်တော်မခန့်မှန်းတတ်ခဲ့ပါ။ 
သို့သော် ထိုမျက်ရည်စက်များ၏ နာကျင်စေနိုင်စွမ်းကိုတော့ နှလုံးသားနှင့်ရင်း၍ ကျွန်တော် လက်ခံရပါလိမ့်မည်။ 
အဖြေသိပြီးသားမေးခွန်းများနှင့် အဖြေမရှိသော မေးခွန်းများကို သူမက မေးလာသောအခါ သူမ မျက်လုံးတွေကို ကျွန်တော်စေ့စေ့ မကြည့်ရဲခဲ့ပါ။ 
သူမ၏လက်ချောင်းများသည် ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် ဖြစ်ခဲ့ဖူးသည်ဆိုပါလျှင် သူမ၏မျက်ရည်များသည် ကျွန်တော်အတွက် ကျိန်စာတချို့ ဖြစ်ပါလိမ့်မည်။ 
မသိသင့်တာကို သိမိသည့်အတွက် သို့မဟုတ် သိရန်ကြိုးစားမိခြင်းအတွက် ကျွန်တော်တို့နှစ်ယောက် ရရှိတာက နာကျင်မှုသာ ဖြစ်ခဲ့ပါသည်။ 
တချို့သော မေးခွန်းများအတွက် အဖြေမလိုအပ်ပါ....

note; ပျော်ရွှင် တည်ငြိမ်ခဲ့ပြီထင်ခဲ့ပေမယ့် အဲလောက်ကံမကောင်းခဲ့ဘူးဆို၇မယ်။ ဒီအက်ဆေးကို ကျွန်တော့်ဘ၀မှာ စိတ်အရှုပ်ရဆုံးညနေခင်းတစ်ခုမှာရေးပါတယ်။ ကိုယ်တိုင်မယုံကြည်တာအတွက် ဒီလောက်ထိ ခံစားရလိမ့်မယ်လို့ မထင်ခဲ့ဖူးပါဘူး။ လုပ်နေကျ အားလုံးပျက်စီးကုန်ပါတယ်။ တချို့လူတွေရဲ့ မသိဆိုးရွားနိုင်မှုနဲ့ တချို့ရဲ့ ပါးနပ်မှုတွေကြောင့်ပဲ ဆိုကြပါစို့.....။ ခုချိန်မှာတော့ ရေတံခွန်အောက်ဝင်လည်း အပိုပဲဆိုတာလို ဖြစ်နေတယ်....( ဓါတ်ပုံကို Google ကယူပါတယ်..)
ပျော်ရွှင်ပါစေ..
ဝေလင်း
                 

Sunday, March 7, 2010

မိုးစက်တို့နှင့်….



တိုက်ခန်းတွင်းတိတ်ဆိတ်မှုကို နှိုးစက်သံတစ်ခုက ဖြိုခွဲပစ်လိုက်သည်။ စောင်အောက်က လက်တစ်ဖက် ထွက်လာပြီး အဲဒီအသံကို ရပ်တန့်ဖို့ကြိုးစားလိုက်သည်။ အသံက တိတ်ဆိတ်တဲ့ ညအလယ်မှာ ပိုပိုပြီး ကျယ်လောင်လာသည်။ အဲဒီအသံက နှိုးစက်သံမဟုတ်ဘဲ ဖုန်းမြည်သံဖြစ်နေတာ သူမ သိသွားသည်။ အလျင်အမြန်ပဲ ဘီရိုပုလေးထဲက ဖုန်းကို လိုက်ရှာလိုက်သည်။
-          ဟယ်လို! - အိပ်ချင်မူးတူးအသံဖြင့် ခပ်တိုးတိုး ထူးလိုက်သည်။
-          ဟယ်လို၊ နေကောင်းလား..?
သူမနှုတ်ဆိတ်နေမိသည်။
-          ရုတ်တရက်ကြီး ကိုယ်မင့်အသံကို ကြားချင်လာလို့ ဖုန်းဆက်လိုက်တာ။ မင့်အသံနားထောင်ရတာ ခုမှ အိပ်ရာက နိုးသလိုပဲ။ sorry နော်.. စိတ်မဆိုးပါနဲ့။
-          ဒါပဲလား..? ရှင်ပြောချင်တာ..
-          အပြင်မှာမိုးတွေရွာနေတယ်…
-          ဒါပဲပေါ့.ဟုတ်လား…
တစ်ဖက်က ခဏငြိမ်သွားပြီး….
-          အင်း…ဟုတ်တယ်။
-          ဒါဆိုလည်း ဒါပဲလေ..။ ခွင့်လွတ်ပါ။ နောက်တစ်ခါ ညအချိန်မတော် အဲ့လိုဆန္ဒမျိုး မပေါ်အောင် အသံသွင်းပြီးပို့ပေးလိုက်မယ် ဟုတ်ပြီလား..။
ပြောပြီးတာနဲ့ သူမဖုန်းကို ချပစ်လိုက်သည်။ နောက် ခေါင်းအုံးပေါ် မှီချလိုက်သည်။ သို့သော် သူမအိပ်မပျော်တော့…။ ဘာကြောင့်များ သူဖုန်းဆက်တာပါလိမ့်..? နှလုံးသွေးတို့ကို လည်ပတ်စေသော နှလုံးသားက သူ့တာဝန်သူထမ်းဆောင်ရုံမဟုတ်ပဲ နှလုံးခုန်သံနှင့်အတူ အတိတ်က အကြောင်းအရာတွေကို ပြန်ပြီး သယ်ဆောင်လာသည်။ ဒုတ်..တိတ်ဆိတ်သွားသည်။ ဒုတ်..ဒုတ်…
ဟင့်အင်း သယ်မလာပါနဲ့ ..။ ကြေကွဲဖွယ် အတိတ်တွေကို ဘယ်သူကများနှစ်ချိုက်နိုင်မှာတဲ့လဲ..? ၀င်လာတဲ့ခံစားချက်တချို့ကို မောင်းထုတ်ရင်း မီးဖိုခန်းဆီသို့ တရွေ့ရွေ့ လှမ်းလာမိသည်။ လက်ဖက်စိမ်းရည် တစ်ခွက်လောက် တည်သောက်ရန် စိတ်ကူးနှင့်ဖြစ်သည်။ ခုချိန်မှာ သူမစိတ်ကို သက်သာစေဖို့ တစ်ခုခုတော့ လုပ်မှဖြစ်မည်လေ။ လက်ဖက်စိမ်းရည်လေးကတော့ သူမကို နှစ်သိမ့်ပေးနိုင်ကောင်းပါရဲ့ ဟု တွေးမိသည်။ ရေနွေးအိုးကို ပလပ်ထိုးပြီး ရေနွေးအဆူကို စောင့်နေမိသည်။
သူမရဲ့ အကြည့်တို့က မထင်မှတ်ပဲ ပြတင်းပေါက်ပေါ်ရောက်သွားသည်။ မိုး….
မိုးစက်လေးတွေက ပြတင်းမှန်ကို တဖြောက်ဖြောက် ကျရောက်ရင်း ရေစီးကြောင်းလေးတွေအဖြစ် ပြေးဆင်းသွားကြသည်။ ပြတင်းမှန်လေးကို လက်ဖြင့် အသာအယာ စမ်းသပ်ရင်း တီးတိုးဆိုမိသည်။
-          စကားပြောရအောင် မိုးစက်လေးတို့ရယ်…
မိုးစက်လေးတွေ ပြတင်းမှန်ကို လာမှန်တဲ့ အသံက ရင်းနှီးပြီးသား ခံစားချက်တချို့ကို သယ်ဆောင်လာသည်။
မိုးတွေရွာတဲ့အခါတိုင်း နှစ်တွေဘယ်လောက်ကြာကြာ၊ မိုင်တွေဘယ်လောက်ဝေးဝေး သူ့အကြောင်းက ခေါင်းထဲရောက်လာသည်။ ဒါပေမယ့် အဲဒါတွေက ဘ၀တစ်ခုခြားခဲ့ပြီလို့ ထင်၇လောက်အောင် ကြာခဲ့ပြီလို့ ထင်မိသည်။ သူမရဲ့ အသည်းနှလုံးလိုပဲ အေးစက်နေတဲ့ ပြတင်းမှန်ကို ခပ်တင်းတင်းဖိပွတ်ရင်း သတိရခြင်းတွေကို ဖျက်ပစ်ဖို့ ကြိုးစားနေမိသည်။
ရေနွေးဆူလာပြီ… ဒါပေမယ့် သူမကတော့ ပြတင်းမှန်နဲ့ မိုးစက်တွေကို ဖြတ်ပြီး အဝေးကို ငေးနေမိတုန်းပဲ။ တကယ်လို့ ပြတင်းမှန်ကသာ ကာမထားခဲ့ဘူးဆိုရင် ပြတင်းမှန်ပေါ်က မိုးစက်လေးတွေနဲ့ သူမပါးပြင်ပေါ်က မျက်ရည်စက်လေးတွေဟာ တစ်သားတည်းဖြစ်နေမှာအမှန်ပဲ… နောက်ဆုံးတော့ ပြတင်းပေါက်နားကနေ သူမခွာလာခဲ့သည်။ ရေနွေးအိုးခလုတ်ကို ပိတ်ပြီး အခန်းထဲဝင်လိုက်သည်။ ပြီးတော့ ဖုန်းကို ကောက်ကိုင်ပြီး နောက်ဆုံးအ၀င် call ကို ရွေးကာ call ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်သည်။ ရှောင်တိမ်းလို့ မရတဲ့ ခံစားချက်ကို လက်ခံလိုက်တာပဲ ကောင်းပါလိမ့်မည်။  “တူ…” ဆိုတဲ့ ဖုန်းဝင်သွားတဲ့ အသံလေးကို ငြိမ်ပြီး နားထောင်နေမိသည်။ နောက်တစ်ချက် “တူ….” နောက်
သုံး…
လေး….
-          ဟယ်လို..! - ပြန်ဖြေလိုက်တဲ့ ယောက်ျားသံတစ်သံကို ကြားရသည်။
-          ရှင်သိလား.. အပြင်မှာ မိုးတွေရွာနေတယ်..
-          ကိုယ်မင်းမရှိရင် မနေတတ်ဘူး…
-          ကျွန်မအတွက်လည်း ရှင်နဲ့ မိုးပေါ့…
-          မိုးစက်လေးတွေနဲ့….
                                                          Розум Аня ၏ Дожь и мы ကို ပြန်ဆိုပါတယ်။
 
Note; စာတွေလိုက်ဖတ်မိတဲ့အထဲက သဘောကျတာလေးတွေ ဘာသာပြန်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုတော့ အားမရသေးပါဘူး..။ ခုတင်လိုက်တဲ့ ပို့စ်ဆိုလည်း မူရင်းစာရေးသူက တော်တော်လှလှပပ ရေးထားတာပါ။ ကိုယ့်လက်ထဲရောက်မှ ပျက်စီးသွားတာ ၀မ်းနည်းပါတယ်။

Wednesday, February 10, 2010

ကျွန်တော်တို့ချစ်သော....


ကျွန်တော်ဟိုတစ်နေ့က ဦးလေးတစ်ယောက်နဲ့ ဖုန်းပြောရင်း ကျွန်တော်က email လိပ်စာပေးမယ်လို့ပြောပြီး ကျွန်တော့်အကောင့်ကိုပြောပါတယ်။ *****@gmail.com လို့ ပြောတော့။ ထပ်မေးပါတယ်။ မြို့နာမည်ကကောတဲ့။ ကျွန်တော့်ဦးလေးရဲ့ တုံးအမှုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အင်တာနက်သုံးနိုင်တဲ့ လူအရေအတွက်က ဘယ်လောက်မှမရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုမေးခွန်းမျိုးတွေထွက်လာတာ သိပ်တော့ အံ့ဩစရာမကောင်းပါဘူး။ TV တောင် အိမ်တိုင်းမရှိနိုင်တဲ့နိုင်ငံမှာ( TV အစီအစဉ်ကလည်း free က နှစ်လိုင်းပဲရှိပါတယ်။ ဒီမှာဆို လိုင်းသုံးဆယ်ကျော်ပါတယ်။ မြန်မာနိုင်ငံက TV နှစ်လိုင်းက ပေးတဲ့ information ကလည်း သိတဲ့အတိုင်းပါပဲ) Thomas L. Friedman ပြောသလို “ကမ္ဘာပြားပြီ” လို့ ပြောနိုင်ဖို့ မဖြစ်နိုင်တာ သေချာပါတယ်… “The World Is Flat” ထဲကလို နည်းပညာ အသုံးချဖို့ ဆိုတာ အီးမေးလ်လောက်တောင် မသိတဲ့ လူတွေအတွက် သိပ်ဝေးလွန်းနေပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ကမ္ဘာက မပြားသေးဘူးလို့ ရဲရဲကြီး ပြောဝံ့ပါတယ်။
ပညာရေးအနေနဲ့ မြန်မာတွေ မညံ့ပါဘူး… “ The Gardener” blog က ကို Zephyr ပြောသလို ပါပဲ။ မြန်မာနိုင်ငံ ပညာရေးစနစ်က က ကြီးရေ က အဆင့်ကနေ ပြန်စဖို့ မလိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာလည်း အမှန်ပါပဲ...။ ခက်တာက ကျောင်းတွေကို နေရာအနှံ့ခွဲထားတော့ ကျောင်းတွေက များနေပြီး အဲဒီကျောင်းတွေကို ထောက်ပံ့ပေးနိုင်အားက အဲ့လောက်မရှိတာပါပဲ။  

ဂျူးစာအုပ်ထဲက ၁၀ တန်း ကျောင်းသူလိုတော့ ရှိချင်လည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် မတွေ့ဖူးတာတော့ အမှန်ပါပဲ။ အဲဒီမိန်းကလေးလို အင်္ဂလိပ်စာအုပ်တွေ ဖတ်ဖို့ မပြောနဲ့ စာဆိုတာကို ကျောင်းပြဌာန်းစာအုပ်တောင် ကောင်းကောင်း မဖတ်ဖူးတဲ့ လူက များနေပါတယ်။ တကယ်ပြောတာပါ။ အဆောင်တွေက၊ ကျူရှင်တွေက ထုတ်ပေးတဲ့notes လောက် ကျက်ပြီး ဆယ်တန်းအောင်လာသူတွေမနည်းပါဘူး...

ကျွန်တော်တို့ဒီရောက်တော့ မေးကြပါတယ်။ အင်္ဂလိပ်စကားကို ဘယ်နှစ်နှစ်သင်ခဲ့လဲတဲ့ ကျောင်းမှာပဲ ၁၁ နှစ်ဆိုတော့ အံ့ဩကြပါတယ်။(တော်လို့မဟုတ်ဘူးဆိုတာတော့ သိမှာပါ) ကျွန်တော်ကကို အသုံးမကျတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းတော့လည်း မဟုတ်တာ သေချာပါတယ်။ မှားနေတာတော့ သေချာပါတယ်။ ခုရုရှားစကားသင်နေပါတယ်။ တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ လုံးဝကျွမ်းနေပြီလို့ မပြောလိုပေမယ့် ၁၁ နှစ် ၁၂ နှစ်လောက်ထိ သင်လာခဲ့တဲ့ အင်္ဂလိပ်စကားထက်တော့ ကောင်းတာသေချာပါတယ်။ ဒါမျိုးဟာ ဖြစ်တော့မဖြစ်သင့်ပါဘူး။ ဒါပေမယ့်လည်း ဖြစ်နေပါတယ်။ မတတ်နိုင်ပါဘူး။ ပြန်တွေးကြည့်ရင် အင်္ဂလိပ်စာအတွက် ကုန်ခဲ့တဲ့အချိန်တွေကို နှမျှောဖို့ကောင်းပါတယ်။

ကျွန်တော်တို့တတွေဆယ်တန်းအောင်ကြတော့ ဘာတွေလျှောက်မလဲ စဉ်းစားကြတဲ့အခါ ကျောင်းပြီးရင် ဘာလုပ်လို့ရနိုင်မလဲ ဆိုတာကိုပဲ အဓိကတွေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အလုပ်ရှားလို့ပါ။ ၀ါသနာတွေဘာတွေက နောက်မှပါ။ ဘွဲ့ရ အလုပ်လက်မဲ့ဆိုတာမျိုးတော့ အဖြစ်မခံချင်ပါဘူး။ Instituted တွေက ဆင်းလာတဲ့ကျောင်းသားတောင် အလုပ်ရဖို့ခက်ခဲနေတဲ့ အခြေအနေမှာ ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်က ဘွဲ့ရလာသူအတွက်တော့ တော်တော် မျှော်လင့်ချက် မဲ့ပါတယ်။ အခုနောက်ပိုင်းဆို အဝေးသင်နဲ့ဘွဲ့ရတဲ့လူကို အလုပ်မခန့်တာမျိုးတွေပါရှိလာပါတယ်။ ဒီဘာသာရပ်မှာ တတ်မြောက်ပါတယ်ဆိုပြီး ပေးလိုက်တဲ့ ဘွဲ့လက်မှတ်ချင်းအတူတူ အဲ့လိုဖြစ်လာရတာ သိပ်တော့မဟုတ်သေးပါဘူး။ ဘွဲ့ရရုံနဲ့လည်းအလုပ်မရ၊ အလုပ်လေးတစ်ခု ကံကောင်းထောက်မစွာရပြန်တော့လည်း မစားလောက်ဆိုတာမျိုးတွေဖြစ်လာတဲ့တိုင်းပြည်မှာ သူခိုးတွေပေါလာတာ သိပ်မဆန်းပါဘူး။ ခိုးတာမှဗြောင်ခိုးရတာပါ။ အလုပ်ဝင်ရင်တောင် ဘယ်ဌာနက ဂွင်ပိုကောင်းလည်း စဉ်းစားပြီးလျှောက်ကြလောက်အောင် စိတ်ဓါတ်ပျက်စီးနေရပါတယ်။ ရိုးသားရင်ငတ်လာမှတော့ ဘာလုပ်ကြဖို့ရှိပါသေးလဲ....

မြန်မာဇာတ်ကားတစ်ကားကြည့်မိပါတယ်။ မင်းမော်ကွန်းကားပါ။ အဲဒီဇာတ်ကားထဲမှာ မင်းမော်ကွန်းရဲ့ ညီနဲ့ ညီမက ပြောနေကြတာလေးပြောပြချင်ပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ရရင် အစ်ကိုနဲ့ အမေကို တိုက်နဲ့ထားမယ်၊ ကားနဲ့ထားမယ်နဲ့..မစားရ၀ခမမ်းပါပဲ။ အဲဒီဇာတ်ကားကြည့်ပြီး ကိုယ်ကပဲ မှားနေလားတွေးမိပါတယ်။ အဲဒီဇာတ်ကားအရတော့ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးရင် သူဌေးဖြစ်ပါတယ်။ မှတ်ထားလိုက်ပါ။

ခက်တော့လည်း ခက်ပါတယ်။ ဘက်စုံပညာရေးစနစ်ဆိုပြီးလုပ်ပါတယ်။ သိပ်ကောင်းတဲ့ စီမံကိန်းပါ။ ခက်တာက ဖြစ်မြောက်မလာတာပါ။ သူများနိုင်ငံတွေမှာလည်း ဘက်စုံပညာရေးစနစ်ပါပဲ။ ကွာသွားတာက ကျကျနနလုပ်နိုင်တာနဲ့ မလုပ်နိုင်တာပါ။ ဆရာ၊ဆရာမ လုံလောက်မှုမရှိရတဲ့အထဲ၊ ဘက်စုံပညာရေးစနစ်အတွက်ကလည်း ကျွမ်းကျင်သူတွေသင်မှဖြစ်မယ့် ဘာသာရပ်တွေပါ။ ရှိတဲ့ဆရာတွေကိုပဲ တစ်လလောက် မွမ်းမံသင်တန်းပေးပြီး ပြန်သင်ခိုင်းဖို့ဆိုတာ. စိတ်ကူးယဉ်ဆန်လွန်းပါတယ်။ အဲဒီတော့ ဘာဖြစ်လာလည်း ဆိုတာကတော့ ကွန်ပျူတာတွေ စာသင်ခန်းထဲမှာ ဖုန်တက်လာပါတယ်။ ကျောင်းသားတွေကတော့ မောင်ပုံ ဖြစ်နေဆဲပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကွန်ပျူတာတွေ ပျက်မှာစိုးလို့ပါတဲ့…။ ဒါလည်း ဟုတ်တာပဲနော်…။ 

နောက် ဆရာ၊ဆရာမတွေကို သူတို့မေဂျာမဟုတ်တဲ့ ဘာသာတွေသင်ခိုင်းတာ။ ဒါကလည်း ဖြစ်တော့မဖြစ်သင့်ပါဘူး။ ဒီကဆရာဆရာမတွေဆို သူတို့သင်တဲ့ဘာသာရပ်မှာ သူတို့က ပရော်ဖက်ရှင်နယ်ပါပဲ။ ကျွမ်းကျင်မှုရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တလျှောက်လုံးလေ့လာလာခဲ့တဲ့ သူတို့မေဂျာဘာသာဖြစ်နေလို့ပါ။ 
ခက်တာက ကျောင်းသားတွေ စာဖတ်ဝါသနာပါအောင် ပျိုးထောင်ဖို့နေနေသာသာ၊ ကိုယ်တိုင်က ၀ါသနာပါလို့ စာဖတ်ချင်တဲ့ ကျောင်းသားရှိရင်တောင် စာအုပ်တွေပျောက်မှာစိုးလို့ဆိုပြီး ကျောင်းစာကြည့်တိုက်က ဘယ်တော့မှမဖွင့်ပါဘူး။ ခက်ဖူးလားနော်….။

နောက်တစ်ခုက နယ်လေးတွေက ကျောင်းတွေအတွက်ပါ။ မြို့ကျောင်းတွေမှာ ဆရာဆရာမတွေပုံနေသလောက် အဲဒီကျောင်းလေးတွေမှာ လောက်တောင် မလောက်ပါဘူး။ ကျွန်တော်တို့မြို့က ရွာလေးတွေမှာဆို ကျောင်းတစ်ကျောင်းလုံးမှ ဆရာမနှစ်ယောက်ပဲရှိတာမျိုး၊ သင်ရတာက သူငယ်တန်းကနေ လေးတန်းထိ၊ ရှိတဲ့ဆရာဆရာမက နှစ်ယောက်၊ သင်ရတာက မနက်ကိုးနာရီကနေ ညနေသုံးနာရီထိ။ ဒီကြားထဲ မြို့ကနေ ကျောင်းရှိတဲ့ရွာကိုရောက်အောင်သွားရတဲ့ခရီး၊ ဘယ်လောက်လုပ်နိုင်တော့မှာလဲ..။ စေတနာ ဘယ်လောက်ပဲ ပါဦးတော့ လူက လိုက်နိုင်ပါတော့မလား။ အဲဒီက ကလေးတွေကို သင်ကြားဖို့ ဆိုတာ စာတတ်ဖို့လောက်ထိပဲ ရည်မှန်းနိုင်တဲ့အခြေအနေမျိုးပါ။ အဲဒီလိုအခြေခံကနေ တက်လာရတဲ့ ကလေးတွေအဖို့ အရမ်းကြီး ထူးချွန်လာဖို့ဆိုတာ အိပ်မက်တောင် မက်ကြည့်လို့ မရပါဘူး။ အစကောင်းတိုင်း အဆုံးမကောင်းနိုင်ပေမယ့်၊ အစမှာကတည်းက ဆိုးခဲ့ရင်တော့ အဆုံးမှာလည်း မကောင်းနိုင်တာသေချာပါတယ်။
အဲလိုပြောလို့ မြို့ကကျောင်းသားတွေလည်း အကုန်လုံးတော်နေပြီလို့တော့ မဆိုလိုချင်ပါဘူး။ မြို့က ကျောင်းသားတွေလည်း ကျောင်းပြီးရင် Gtalk ပဲ တက်နေတယ်နဲ့တူပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေကြည့်လိုက်ရင် Gtalk မှာချည်းပဲ။ ( အဲဒီတော့လည်း ကျွန်တော့်ဦးလေးလိုတော့ မတုံးတော့ဘူးပေါ့) တစ်ခါတစ်လေတော့လည်း နားမလည်နိုင်ပါဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးလို့ဆိုကြပေမယ့် Gtalk တက်ရတာကိုတော့ ဘာကြိုက်ကြမှန်း တကယ်နားမလည်နိုင်ပါဘူး။ (ဒီနေရာမှာလည်း ကျွန်တော်မျိုးကြီး တော်တော်ညံ့တယ်လို့ပြောလို့ရပါတယ်။ကျွန်တော်လည်း အင်တာနက်သုံးဖြစ်ကာစကတော့ Gtalk တက်ပါတယ်။ ဒါပေမယ့် “ဟိုင်း”လို့ လာပြောရင် ပြန်ဟိုင်းတတ်ပြီး နေကောင်းလား၊ ကောင်းပါတယ်ပြီးရင် ဘာပြောရမှန်းမသိလောက်အောင် ညံ့ဖျင်းတဲ့အတွက် ပေါင်းသင်းဆက်ဆံရေး gtalk နယ်ပယ်မှာ ကျွန်တော်က အောင်မှတ်မရပါဘူး။ အဲဒီလိုပြောနေရတာကိုလည်း ပျင်းပါတယ်။ ဒါကြောင့် ဖိုရမ်တွေဘက်ခြေဦးလှည့်ရာကနေ တဖြည်းဖြည်းနဲ့ ဘလော့ဂ်ဘက်ရောက်လာတာပါ။ ဘလော့ဂ်ဂင်းပြီးနောက်ပိုင်းဆို  Gtalk ထဲကို ၀င်ကိုမ၀င်ဖြစ်တော့သလောက်ပါပဲ။ Gmail ဆိုလည်း ကိုယ့်သူငယ်ချင်းအရင်းတွေလောက်ပဲ စာပြန်ဖြစ်တော့တယ်။ gtalk ထဲက friends list ထက် blog ထဲက blog list ကိုပိုရင်ခုန်ပါတယ်။)

ငယ်ငယ်တုန်းကတော့ မြန်မာနိုင်ငံကြီးတော်တော်ချမ်းသာတယ်လို့ ထင်ခဲ့ဖူးပါတယ်။ သယံဇာတတွေပေါကြွယ်ဝတယ်။ အကောင်းဆုံးကျွန်းတွေ၊ ရေနံတွေ၊ ဆန်စပါးတွေ…။ တကယ်တော့ ငယ်ကတည်းက ကျွန်တော်က ငတုံးလေးပါ။ ခုတော့ နည်းနည်းကြီးလာပြီဖြစ်တဲ့အတွက် ငတုံးကြီးလို့လည်း ပြောလို့ရပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါနေတယ်ဆိုတာကို သိတာ သိပ်မကြာသေးပါဘူး။ အဲ့လိုတုံးပါတယ်။ ကိုယ့်ရဲ့ အသိအမြင်နည်းမှုကိုလည်း မရှက်တန်းဝန်ခံပါတယ်။ သိလည်းသိပါတယ်။ blogger တွေကြည့်လိုက်ရင် ကိုယ့်ထက် အသိအမြင်၊ ပညာအရည်အချင်း၊ အတွေ့အကြုံ အားလုံးသာကြသူတွေ ချည်းပါ။ blog ရေးနေတာကလည်း လူကြီးတွေလို မြင်ချင်လို့ လည်လေးတဆန့်ဆန့်၊ ခြေလေးတထောက်ထောက်နဲ့ ခုန်ဆွဆွနဲ့ ပွဲကြည့်နေတဲ့ ကလေးငယ်တစ်ယောက်လိုပဲ ကိုယ့်ကိုယ်ကိုထင်မိပါတယ်။

 မြန်မာနိုင်ငံအနေနဲ့တော်တော်ကြီးကို နောက်ကျကျန်ခဲ့တယ်ဆိုတာတော့ အထူးတလည် ပြောနေစရာတောင် မလိုတော့ဘူးထင်ပါတယ်။ ဒီနေ့ခေတ်မြန်မာလူငယ် အများစုမှာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူ ဘယ်နှစ်ယောက်များရှိပါသလဲ..။ တော်တော်ကြီးကိုနည်းပါတယ်။ နိုင်ငံရေးဆိုတဲ့နေရာမှာ နိုင်ငံရေးဆိုရာမှာ လက်ရှိအစိုးရကို ထောက်ခံဖို့၊ ဒါမှမဟုတ် ဆန့်ကျင်ဖို့၊ ဆန္ဒထွက်ပြဖို့ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ အတိုက်အခံပါတီတွေကို ထောက်ခံခိုင်းတာလည်း မဟုတ်ပါဘူး။ ဒီနေရာမှာ နိုင်ငံရေးဆိုရာမှာ မိမိနိုင်ငံတိုးတက်မှု၊ ဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်တွေကို သိမြင်ဖို့၊ နိုင်ငံ့နောင်ရေးကို စိတ်ဝင်စားဖို့၊ အဓိကကတော့ နိုင်ငံကို ချစ်မြတ်နိုးဖို့ပါ။ ကိုယ့်နိုင်ငံ အောက်ကျနောက်ကျ ဖြစ်နေတာကို ခံပြင်းဖို့နဲ့ ဘာလုပ်မယ်ဆိုတာကို တွေးဖို့ပါ။ ငါကဘာတတ်နိုင်မှာလဲ လို့တော့ မတွေးထင်ထား သင့်ပါဘူး။ တချို့သူငယ်ချင်းတွေကတော့ ပြောပါတယ်။ ကိုယ့်စီးပွားကိုယ် အေးအေးလုပ်နေရရင် ပြီးတာပဲတဲ့။ ဘယ်သူကမှ ကိုယ့်ထမင်းအိုး ဒုတ်နဲ့လာထိုးနေတာမှမဟုတ်တာတဲ့။ ကောင်းရောပါ။ ကျွန်တော်တွေးမိတာက ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက ဗိုလ်ချုပ်သာ ဘွဲ့လေးရအောင်လုပ်ပြီး မြို့အုပ်၊အရေးပိုင်ပဲ လုပ်မယ်လို့ တွေးခဲ့ရင် လွတ်လပ်ရေးဆိုတာ ဘာမှန်းတောင် သိခဲ့ကြရမှာ မဟုတ်ဘူးလို့ပါ။ လူငယ်တွေက လူကြီး ဖြစ်လာမှာပါ။ သူတို့ကမှ ခုချိန်မှာ အဲ့လိုတွေးနေရင် နောင်တစ်ချိန် သူတို့တာဝန်တွေဖြစ်လာမယ့်အချိန် ဘယ်လိုလုပ်ကြမလဲ မြင်ယောင်ကြည့်ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုကြည့်ကြည့် အားရစရာမရှိတာတော့ အမှန်ပါ။ မြန်မာတွေက ဟမ်းဖုန်းတစ်လုံးကို သိန်းနှစ်ဆယ်၊ အစိတ်ပေးဝယ်နေရတဲ့အချိန်မှာ လာအိုလိုနိုင်ငံမျိုးကတောင် လူတိုင်းဖုန်းကိုင်နိုင်နေပါပြီ။ မြန်မာနိုင်ငံက မီးတောင် မှန်မှန်မရတဲ့ အချိန်မှာ သူတို့တတွေက လျှပ်စစ်ကို တခြားနိုင်ငံကို ရောင်းစားနေပါပြီ။ လာအိုလိုနိုင်ငံနဲ့ နှိုင်းယှဉ်ရတာ အကြောင်းရှိပါတယ်။ လာအိုဆိုတာ တချိန်က မြန်မာနိုင်ငံလောက်တောင် တိုးတက်မှုမရှိတဲ့နိုင်ငံပါ။ သယံဇာတနေရာမှာလည်း မြန်မာနိုင်ငံလောက်မရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံပါ။ အဲဒီနိုင်ငံလည်း ဘာမှဟုတ်သေးတဲ့နိုင်ငံမဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက အဲဒီနိုင်ငံလောက်တောင်…… (ကျွန်တော်ဆက်မပြောတော့ပါဘူး)။
 မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံကြီး ဆင်းရဲတာ ချမ်းသာတာတွေ သိပ်စိတ်မ၀င်စားဘူးဆိုလည်း ဒီပို့စ်က အလုပ်ရှုပ်ရုံပေါ့။ မြန်မာနိုင်ငံကို မြန်မာနိုင်ငံသားတွေကမှမချစ်ရင်၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာတွေကမှ တွေးပူမပေးရင် ဘယ်သူတွေပူပေးမလဲ စဉ်းစားကြည့်နေပါတယ်။  “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ဆီသို့” လို့ ကြွေးကြော်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ခုထိ ဘာမှ ဖြစ်မလာသေးတာကို ကြည့်ရင်တော့ တစ်နေရာရာမှာ တစ်ခုခု မှားနေတာတော့ သေချာပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဦးတည်ချက်တွေ ဆိုတာ (နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး) ပြည်သူတွေ အလွတ်ရအောင် လုပ်ပေးဖို့ သက်သက် မဟုတ်တာတော့ သေချာပါတယ်။ ခက်တာကလည်း အဲလိုပဲဖြစ်နေပါတယ်။ နောက်တစ်ခုရှိတာက တိုင်းပြည်ဆူဆူပူပူဖြစ်နေလို့လည်း အလုပ်ပျက်ရုံအပြင် ဘာမှပိုပြီးကောင်းလာမယ်လို့ မမျှော်လင့်ပါဘူး။ ဒီမိုကရေစီရယ်လို့ နင်းကန်အော်နေကြပေမယ့် ဘာလဲဆိုတာတောင်သေချာသိကြရဲ့လားလို့လည်း ပြောချင်ပါတယ်။ အဲလို့ပြောလို့လည်း အတိုက်အခံပါတီတွေကို မကောင်းပြောတာမျိုးမဟုတ်ပါဘူး။ အားလုံးက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်နေကြသူတွေချည်းပဲမို့ လေးစားပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အဲဒီနိုင်ငံရေးကိုတော့ စိတ်လည်းမ၀င်စားပါဘူး။ ၀ါသနာလည်းမပါပါဘူး။ သိရအောင်တော့ အထိုက်အလျောက် လေ့လာကြည့်မိပါတယ်။ အဓိကပြောချင်တာက စီးပွားရေး၊ပညာရေးနဲ့ လူမှုရေးတွေပါတဲ့ နိုင်ငံ့အရေးပါ။ ပညာရေးမကောင်းလို့ စီးပွားရေးမကောင်း၊ စီးပွားရေးမကောင်းလို့ လူမှုရေးဘက်ကို ကောင်းမွန်အောင်မလုပ်နိုင်၊ လူမှုရေးဘက်က ချွတ်ချုံကျတော့ ပညာရေးမကောင်း၊ ဆိုတဲ့ အဆိုးကျော့သံသရာထဲက ရုန်းထွက်နိုင်ဖို့ပဲ စိတ်ဝင်စားပါတယ်။ ထမင်းတောင်မစားနိုင်လို့ ဆန်ပြုတ်ပြုတ်သောက်နေရတဲ့ မိသားစုတွေ မရှိစေချင်တော့ပါဘူး။ ကွန်ပျူတာဆိုတာ ဘာမှန်းတောင် သေချာမသိတဲ့ ကျောင်းသား၊ ဘွဲ့ရပြီးလည်း ဘာမှလုပ်လို့မရဘူးဆိုပေမယ့် လေးငါးတန်းနဲ့ ကျောင်းထွက်ထားရတဲ့ လူငယ်တွေ မရှိစေချင်တော့ပါဘူး။ သဘာဝဘေးအန္တရာယ်ကျရောက်လို့မှ ကယ်ဆယ်မယ့်လူ ရောက်မလာနိုင်တဲ့ အဖြစ်မျိုး၊ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ပဲသေဆုံးရတဲ့လူနာတွေ စတာတွေအားလုံး မတွေ့ချင်မမြင်ချင်တော့တာအမှန်ပါပဲ။ ဒီလိုပြောနေတာဟာ လက်ရှိအစိုးရ မကောင်းဘူးလို့ပြောနေတာမဟုတ်သလို၊ ဒီအစိုးရပြုတ်သွားမှကောင်းမယ်လို့တော့လည်း မမျှော်လင့်ပါဘူး။ အတိုက်အခံတွေဘက်က တက်လာလို့ကော ပိုကောင်းလာမယ်လို့ ဘယ်သူပြောနိုင်ပါသလဲ။

ဒီဆောင်းပါးကို ရေးဖြစ်တာလည်း အားမလိုအားမရဖြစ်လွန်းလို့ပါ။  အပြောင်းအလဲတော့ ရှိမှဖြစ်မှာမှန်ပေမယ့် ပိုကောင်းလာမယ်၊ ပိုဆိုးလာမယ်လို့တော့ တိတိကျကျ မပြောနိုင်တာသေချာပါတယ်။ အဲဒီလို ပိုကောင်းလာဖို့ကိုပဲ မျှော်လင့်ပြီး လုပ်ဆောင်နေကြရမှာပါ။
 မြန်မာဆိုတာ ဘယ်လိုလဲလို့ဆိုရင် ကောင်းတာလေးတွေပဲ မြင်ချင်တော့တာအမှန်ပဲ။ Google ထဲမှာ Myanmar လို့ ရိုက်လိုက်ရင် ကောင်းတာ၊ လှတာ၊ သာယာအဆင်ပြေတာလေးတွေပဲတွေ့ချင်တော့တာ အိပ်မက်တော့မဟုတ်တော့ဘူးလို့ ယုံကြည်ချင်ပါတယ်

Monday, February 8, 2010

ГБКЗ နဲ့ တစ်ညနေ...

ရောက်သွားတော့ ခြောက်နာရီ ဆယ်မိနစ်။ အ၀င်ပေါက်မှာ တံခါးမှားဖွင့်နေသဖြင့် အထဲက မိန်းကလေးတစ်ယောက်က ပြောပြလိုက်သေးသည်။ ၀င်ဝင်ချင်းပဲ အနောက်တိုင်းဝတ်စုံအပြည့်အစုံနှင့် အမျိုးသားတစ်ယောက်က လက်မှတ်ကိုတောင်းက ဖြတ်လိုက်သည်။ နောက်အင်္ကျီထားရာ ကောင်တာတွင် အနက်ရောင် ယူနီဖောင်းကိုယ်စီနှင့် မိန်းကလေးသုံးယောက် ရပ်နေသည်ကိုတွေ့ရသည်။
“အင်္ကျီက ဒီမှာအပ်ရမှာလား?”
“ဟုတ်ပါတယ်ရှင်”
အနွေးထည်၊ လက်အိပ်နှင့် ဦးထုပ်တို့ကို ချွတ်ပေးလိုက်သည်။ နောက်သူတို့က ကဒ်ပြားတစ်ခုကို ထုတ်ပေးသည်။ ГБЛЗ-167 တဲ့။ တဆက်တည်း လက်မှတ်ထုတ်ပြပြီး သူတို့ကိုမေးလိုက်သည်။ 
“ဘယ်ကိုဆက်သွားရမလဲ”
“ညာဘက်လှေကားကနေတက်သွားလိုက်ပါ။ ဒုတိယထပ်မှာ”
လှေကားရောက်တော့ နောက်ထပ်မိန်ကလေးသုံးယောက်ကို တွေ့သည်။ ထပ်မေးတော့ တံခါးတစ်ခုကို ညွှန်ပြပြီး
“အဲဒီတံခါးကနေ၀င်သွားလိုက်ပါ။ အဲဒီထဲမှာရှိတဲ့မိန်းကလေးက ဆက်ပြီးကူညီပါလိမ့်မယ်”
အထဲရောက်တော့မိန်းကလေးနှစ်ယောက်ကို ထပ်တွေ့သည်။ ယူနီဖောင်းကိုယ်စီနှင့်ပင် ဖြစ်သည်။ လက်မှတ်ထုတ်ပြတော့ ခဏစောင့်ခိုင်းသည်။ အထဲက ဂစ်တာသံသဲ့သဲ့က အပြင်ကိုလျှံကျနေသည်။ ခဏကြာတော့ တေးသွားတစ်ပုဒ်ပြီးကာ လက်ခုပ်သံများထွက်ပေါ်လာသည်။ ယူနီဖောင်းနှင့်မိန်းကလေးက ၀င်ရန်ပြောသဖြင့် အထဲဝင်ကာ အတန်း ၁၃ က ခုနံပါတ် ၂၈ မှာဝင်ထိုင်လိုက်သည်။ သေချာထိုင်ပြီးချိန်မှာ စင်ပေါ်က ဂစ်တာသမားက နောက်တစ်ပုဒ်စတီးနေပြီ။ ဒီလိုနဲ့တစ်ပုဒ်၊ ပြီးနောက်တစ်ပုဒ် အပြေးအလွှား ဆင်းလာလိုက်၊ ညင်ညင်သာသာလေး တက်သွားလိုက်၊ ကျဲသွားလိုက်၊ စုသွားလိုက်။ ဂီတရဲ့ဖမ်းစားမှုအောက်မှာ မျှောလွင့်သွားလိုက်၊ ပြုတ်ကျလာလိုက်၊ တလိုက်လိုက် တဖိုဖို.....။
အခန်းအနားမှူးအမျိုးသမီး တက်လာပြီး(၁၅)မိနစ် နားကြောင်းပြောသည်။
ဂီတရဲ့ ပွတ်သပ်မှုအောက်မှာ သူစိတ်တွေလတ်ဆတ်ပြုံးရွှင်နေခဲ့သည်။ အညောင်းပြေအညာပြေ လမ်းလျှောက်ရင်း လှေကားအဆင်းမှာ သူနဲ့ဆုံသည်။ သူ့မျက်နှာမှာလည်း ကိုယ့်လို ကြည်နူးရိပ်နဲ့ပေပဲ။ နှစ်ယောက်သား စကားတွေဆိုဖြစ်ကြသည်။ ဂီတအကြောင်း၊ ဇာတ်ရုံအကြောင်း၊ နောက်နေ့မှာကျရောက်မယ့် ပွဲတော်နေ့အကြောင်း၊ နောက်သူ့အကြောင်း၊ ကိုယ့်အကြောင်း နှလုံးသားချင်း တစိတ်တပိုင်း နားလည်မိကြ။ မကြာလိုက်ခင်မှာပဲ ပွဲပြန်စတော့မည့် အချက်ပေးဂီတသံလေး ထွက်ပေါ်လာခဲ့သည်။ နှစ်ယောက်သား မခွဲချင် မခွာချင် အကြည့်တချို့ ဖလှယ်မိကြ။ နောက်တော့ ခုံအမှတ်၂၈ မှာ ဂီတကြောမျှောမိပြန်ပေါ့.............

( ဂီတပဒေသာပွဲသွားကြည့်ခဲ့တဲ့ တစ်ညနေကို ခံစားရေးပါသည်။ သီချင်းတွေနားထောင်ရတာထက်စာရင် ဂီတသက်သက်ကို နားထောင်ရတာ ပိုနှစ်သက်မိသည်။ ကင်မရာပါမသွားလို့ ဓါတ်ပုံတွေတော့မတင်နိုင်တော့ဘူး.. )

Sunday, January 10, 2010

ကျွဲနှစ်ကောင်နဲ့ မြေစာပင်


စိမ်းလန်းတဲ့ ကုန်းမြေလေးတစ်ခုပေါ့။ မြေစာမြက်တို့ စိမ်းမြပေါက်ရောက်ရာလေ။
အဲဒီကုန်းမြေလေးကို ကျွဲနှစ်ကောင်ရောက်လာခဲ့တယ်။ မြေစာမြက်လေးတွေ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကုန်ကြတယ်။ “ဘယ်လိုလုပ်ကြမလဲ..? ” အဲဒီမေးခွန်းက မြေစာမြက်လေးတွေ ကြားမှာ ချက်ချင်းပဲ ပျံ့နှံ့သွားတယ်။ ဟုတ်တယ်လေ။ သူတို့အားလုံး ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ မြေစာပင်က ဓါးစာခံဖြစ်တာ ကြားဖူးနေတာကိုး။ သူတို့အလှည့်မှာတော့ အဲလိုအဖြစ်မျိုး အဖြစ်မခံနိုင်တာ အမှန်ပဲ။ သူတို့တွေ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ ကျွဲနှစ်ကောင်ကလည်း ရန်စောင်နေကြပြီ။ နှာတမှုတ်မှုတ်၊ ခွာတရှပ်ရှပ်နဲ့ပေါ့။ ဒါနဲ့ မြေစာပင်လေးတွေလည်း မဖြစ်ချေဘူးဆိုပြီး ၀ိုင်းတားကြတယ်။ နားချကြတယ်။ ခိုက်ရန်ဖြစ်ပွားတယ်ဆိုတာ မကောင်းဘူး။ သည်းခံခြင်းနဲ့ ခွင့်လွတ်ခြင်းကသာ ငြိမ်းချမ်းရေးဖြစ်တယ်။ စသဖြင့်ပေါ့လေ..။ ကြားဖူးနားဝတွေနဲ့ ၀ိုင်းနားချလိုက်ကြတာ ကျွဲနှစ်ကောင်လည်း သင့်မြတ်သွားတယ်။ မြေစာမြက်လေးတွေလည်း ၀မ်းသာလို့ပေါ့။ အဲဒီအချိန်မှာပဲ သတင်းတစ်ခုထပ်ဝင်လာတယ်။ သင့်မြတ်သွားတဲ့ ကျွဲနှစ်ကောင်က မြေစာမြက်တွေကို အတူတကွစားသောက်နေကြတယ်တဲ့…။ မြေစာမြက်လေးတွေ သက်ပြင်းခပ်ဖွဖွချ ငြီးငြူလိုက်ကြတယ်။
“ဩော်…ကျွဲနှစ်ကောင်ခတ်တော့လည်း မြေစာပင်၊ ကျွဲနှစ်ကောင် သင့်မြတ်တော့လည်း မြေစာပင်ပါပဲလား” လို့


Friday, January 8, 2010

လူ..ဖား..မြွေ


ညသန်းခေါင်ယံ…..
မြွေ - အစာရှာထွက်လာတယ်။
ဖား - အစာရှာထွက်လာတယ်။
လူ  - ဟင်းစားထွက်ရှာတယ်။

မြွေ - ဖားအော်သံကြားတယ်။
ဖား - မြွေတွန်သံကြားတယ်။
လူ  - မြွေတွန်သံနဲ့ ဖားအော်သံကြားတယ်။

မြွေ - ဖားဆိုတာ အစာပဲ။ လှမ်းဟပ်လိုက်တယ်။
ဖား - မြွေဆိုတာ အန္တရာယ်ပဲ။ ကောက်ရှောင်လိုက်တယ်။ ကံကောင်းလို့ မြွေပါးစပ်က                လွတ်သွားတယ်။
လူ  - မြွေဆိုတာ အန္တရာယ်ကောင်ပဲ။ ရိုက်သတ်လိုက်တယ်။ စောနက ဖားအော်သံ ကြားပါတယ်။ ဟင်းစားတော့ ရပြီ။ ရိုက်သတ်လိုက်တယ်။ နောက်ပြီး နှစ်ကောင်လုံးကို ပလိုင်းထဲကောက်ထည့် အိမ်ဘက်ကို ခြေဦးလှည့်ခဲ့တော့တယ်။

Wednesday, January 6, 2010

လူမစွမ်းနတ်မ


အင်း..ခင်ဗျားတို့ကတော့ ထင်မယ်။ ကျုပ်တို့ကို မစွမ်းဘူးလို့။ တကယ်တော့ ကျုပ်တို့က စွမ်းပါတယ်။ ခင်ဗျားတို့ လူတွေရဲ့
အလိုကို ဖြည့်ချင်ရင် အလွယ်လေး။ တကယ်တမ်းခက်နေတာက ခင်ဗျားတို့.....။ ခင်ဗျားတို့ လူတွေဘယ်လောက်ခက်လဲ
ဥပမာ ထုတ်ပြချင်တယ်။
တောင်ပိုင်းက သာဇံတို့လင်မယားကို သိတယ်မဟုတ်လား။ သူတို့နှစ်ယောက် ဟိုတလောက သားဆုလာပန်တယ်။
ယောက်ျားဖြစ်တဲ့သူက သားယောက်ျားလေးလိုချင်ပါတယ်တဲ့။ မိန်းမလုပ်သူကျ သမီးမိန်းကလေးလိုချင်တယ်တဲ့။
ကျုပ်တို့က ဘာလုပ်ပေးရမှာတုန်း။ ဆုတောင်းရင်လည်း ညှိညှိနှိုင်းနှိုင်းလေးတော့ လုပ်မှပေါ့။
နောက် အောင်ရွှေ၊ အောင်ငွေ ညီအစ်ကို။ ရွာထဲက ဖြူဝင်းဆိုတဲ့ကောင်မလေးကို နှစ်ယောက်လုံးက ကြိုက်ပြီး။ နေ့တိုင်းလိုလို
ဖြူဝင်းနဲ့ အဆင်ပြေရပါလို၏ လာလုပ်နေကြတယ်။ စဉ်းစားကြည့်လေဗျာ။ နှစ်ယောက်လုံးက ဆုတစ်ခုတည်းကို တောင်းတာ။
တစ်ယောက်တည်းကိုပဲ ကွက်ပြီး “ဖြစ်စေ”လုပ်လိုက်ပြန်ရင် နတ်မင်းကြီးတို့ မျက်နှာလိုက်တယ်ဖြစ်ဦးမယ်။ နှစ်ယောက်လုံး
တောင်းတဲ့ဆုနဲ့ ပြည့်စေဆိုလိုက်ပြန်ရင်လည်း နတ်မင်းကြီးတို့ လူမဆန်ဘူးဖြစ်ရဦးမယ်။
အဲဒါတွေထက်ဆိုးတာရှိသေး။ နတ်ကိုလူမိုက်ငှားတဲ့ကိစ္စ။ ခင်ဗျားတို့ဗျာ...။ ကျုပ်တို့နတ်တွေဆိုတာ လူ့ဘ၀က ကောင်းမှုကုသိုလ်လုပ်
စိတ်ကောင်းနှလုံးကောင်းခဲ့လို့ ခုဒီဘ၀၊ ဒီအခြေအနေရောက်လာရတာ။ ဒါကို ခင်ဗျားတို့လူတွေက အားမနာလျှာမကျိုး
“အရှင်နတ်မင်းကြီ....ဟိုဘက်အိမ်ကကောင်မက ကျွန်မကို မျက်စောင်းနဲ့ထိုးတယ်ဘုရာ့။ အဲဒီကောင်မကို နာနာလေးကိုင်ပေးတော်မူပါဘုရာ့”တဲ့
“အရှင်ဘုရား အောင်ဖေတစ်ယောက် အကြွေးမဆပ်ဘူးဘုရာ့၊ အကြွေးလေး ပြန်ရအောင် မစပါဦး”တဲ့ ခက်ပေဘူးလားဗျာ။
နောက်တစ်မျိုးက နတ်ကို လာဘ်ပေးလာဘ်ယူ လာလုပ်တဲ့အမျိုးတွေ။ ဘယ့်နှယ်ဗျာ ဒီနိုင်ငံမှာနေလို့ ဒီကလူတွေအကျင့်မျိုး ကျုပ်တို့နတ်တွေမှာပါ
ရှိမယ်ထင်နေလားမသိဘူး။ “သားလေးသာ ၅ဘာသာ ဂုဏ်ထူးပါပါစေဘုရာ့ အရှင်ဘုရားအတွက် နတ်ကွန်းအသစ်ဆောက်ပေးပါ့မယ်” ဆိုတာမျိုး။
သူကလည်းဆုတောင်းသေးတယ်။ သူကနတ်ကိုတောင် အိမ်ဆောက်ပေးလိုက်ချင်သေး။ နတ်နေဖို့လုပ်ပေးနိုင်လောက်အောင် စွမ်းနေမှတော့
ဆုတောင်းမနေနဲ့တော့ ကိုယ့်ဟာကိုယ်ပဲ ဖြစ်အောင်လုပ်လိုက်တော့။ ဘယ့်နှယ်ဗျာ ကျုပ်တို့နတ်တွေကိုများ သူတို့ ဆောက်ပေးမှနေစရာရှိတယ်များ
ထင်နေလား။
နောက်ရှိသေးတယ်။ “အရှင်ဘုရား အရှင်ဘုရားသားကြီး အိမ်ပြန်မအိပ်တာ သုံးရက်ရှိပြီဘုရာ့”တဲ့။ ခက်တယ်နော်...ခက်တယ်။ ကိုယ်စွမ်းကိုစလေးလည်း
ထုတ်ကြဦးလေဗျာ..။ ခင်ဗျားတို့တတွေက ပြောတော့ “လူမစွမ်းနတ်မ”တဲ့။ ကျုပ်ကတော့ ကြာရင် “နတ်မ,လို့လူမစွမ်း”ဖြစ်မှာ မြင်ယောင်သေးတော့တယ်။
ကျုပ်တို့နတ်တွေမှာလည်း သူ့နေရာလေးနဲ့သူ။ အခွင့်အရေးပေးချင်တိုင်း ပေးလို့ကောင်းတာမဟုတ်ဘူး။ အခွင့်အရေးတွေအပေးကောင်းရင် ဘာဖြစ်လဲ
ခင်ဗျားတို့သိပါတယ်။ တော်တော့ ကြာရင် နတ်လည်း မျက်ခုံးလှုပ်တယ်။ အဲလိုအကြောင်းချင်းရာလေးတွေ ရှိနေလို့ ပေါ့ဗျာ။ အဲဒါကိုပဲ ခင်ဗျားတို့
လူတွေက နားလည်ပေးမယ်မရှိ ဘာတဲ့ “လူ့အလို နတ်မလိုက်နိုင်” တဲ့။ သာသာနဲ့ နှာနှာနက်လိုက်ကြသေး။ ကျုပ်တို့ နတ်တွေကပဲ
အသုံးမကျသယောင်ယောင်။ ကျုပ်တို့ကပဲ လူ့အလိုလိုက်နိုင်လောက်အောင်မစွမ်းသလိုလို။ “တောက်”...ခင်ဗျားတို့ တောင်းတိုင်း “ဖြစ်စေ” လုပ်ပစ်လိုက်လို့
ရတယ်နော်....ဟင်း...ခက်ကုန်တော့မယ်။

Saturday, January 2, 2010

ဗီးနပ်(စ်)ရဲ့ လက်တစ်စုံ..


ဘယ်သူကများကြိုသိနိုင်ခဲ့မှာတဲ့လဲ မိန်းမတစ်ယောက်ရဲ့ လှပသော လက်ချောင်များမှာ မှော်ဆန်သော ဖျားယောင်းညှို့ငင်မှုတွေ ရှိနေတာကိုလေ။ ရှည်သွယ်သော လက်ချောင်းများ. ပန်းနုရောင် လက်သည်းရှည်ရှည်လေးတွေ.ရွှေဝါရောင် မွေးညှင်းနုနုလေးများနှင့် ဖြူလွလွ အရေပြားအောက်မှ ဖောက်မြင်နေရတဲ့ သွေးကြောမျှင်မျှင် စိမ်းစိမ်းတွေ၊ ထိုအရာတွေအားလုံးထက် စပယ်တစ်ပွင့်လို ဖြူဖွေးနူးညံ့သော လက်ဖ၀ါးပြင်၊ ထိုလက်ဖ၀ါးပြင်ထက်တွင် ကျွန်တော်အကြိမ်ကြိမ် သေဆုံးခဲ့ဖူးပါရဲ့...။ လက်ချောင်းများ၏ လှုပ်ရှားမှုတိုင်းတွင် လင်းမြသောအနုပညာတစ်ရပ် ပါဝင်နေသည်။ မီးခိုးငွေ့ဖြူဖြူတွေရဲ့ အနုပညာလို ဖမ်းဆုပ်ရခက်တဲ့ အနုပညာပေါ့..............
သူ့လက်ချောင်းများက အေးစက်သောနှင်းပွင့်တို့ကို နွေအဖြစ်နဲ့ ပွင့်စေတယ်။ လတစ်စင်းရဲ့ အခင်းအကျင်းနဲ့ပေမယ့် မီးလင်းဖိုလေးလို နွေးစေတယ်။ ကျွန်တော်နေမကောင်းဘူးဆိုတိုင်း နဖူးပေါ်ရောက်ရောက်လာတတ်တဲ့ သူ့လက်ဖ၀ါးက လူတစ်ကိုယ်လုံးကို ပန်းတွေ တဟုန်းဟုန်းပွင့်စေတယ်။ ဒါပေမယ့် ကျွန်တော်ကြောက်တယ်။ ကျောက်ရုပ်ကို နူးညွှတ်စေတဲ့ အနုပညာမှာ ကျွန်တော်ဘယ်လောက်များ ခံနိုင်ရည်ရှိမှာတဲ့လဲ.။ ပျော့ညံ့တယ်ပဲဆိုဆို ကျွန်တော်မငိုပါရစေနဲ့...........
အိုကွယ် ဗီးနပ်(စ်)ရဲ့ ပျောက်ဆုံးနေတဲ့ လက်တွေတဲ့လား..? ခွင့်လွတ်ပါ လက်ချောင်းလေးတို့ရယ်။ မင်းတို့လေးတွေက ဆူးကင်းတဲ့ နှင်းဆီပါ။ ဘယ်လိုပဲဆိုဆို မင်းတို့လေးတွေရဲ့ သွေးတိုးနှုန်းက ငါ့ဘ၀ကို အဆုံးသတ်သွားစေနိုင်တယ်။ မင်းတို့တွေက ပန်းပွင့်စေတဲ့လက်တွေပါ။ ခက်တာက ငါကပန်းတစ်ပွင့် မဟုတ်ဘူးကွယ်..။ ငါက ဗုံးတစ်လုံး ...ခံစားချက်တွေကို ကြုံးရုံး သိုလှောင်ရာပေါ့။ ငါ့ကို မပွင့်လန်းစေချင်စမ်းပါနဲ့ကွယ်။ ဖြစ်နိုင်ရင်တော့ ငါလည်း နှင်းဆီသွေးနဲ့ နင့်လက်ကလေးကို မွှေးမြချင်တာပေါ့။ နင့်လက်ကလေးကို ဆုပ်ကိုင် လောကကြီးကို ရင်ဆိုင်ကြည့်ချင်တာပေါ့။ တကယ့်တကယ်မှာတော့ နင့်လက်ဖ၀ါးက လိပ်ပြာတွေ ကျက်စားဖို့သာပါ။ ဗုံးတစ်လုံးရဲ့ စနက်တံဖြုတ်ဖို့  နင့်လက်ချောင်းလေးတွေ အလုပ်မလုပ်သင့်ပါဘူးကွယ်။ လေကွယ်ရာမှာ ပန်းတို့နဲ့သာပျော်ပါတော့..။ လောကအတွက် သားချော့တေး နင့်လက်နဲ့ရေးပါ။ အဝေးကနေ ငါကြားပါလိမ့်မယ်။ ကမ္ဘာပေါ်က မိခင်တိုင်း အဲဒီသားချော့တေးကို ဆိုကြတဲ့အခါ ဗုံးတစ်လုံးက ပန်းတွေ အတုန်းအရုန်းပွင့်တာ နင်မြင်ရလိမ့်ဦးမယ်...။
တကယ်တော့ သူ့လက်ချောင်းမှာ ပန်းပဲ ပွင့်ခွင့်ရတာပါ။ သူ့လက်ကလေးတွေဆိုတာ ကျွန်တော်တစ်ခေါက်တစ်ခါ မက်ခွင့်ရခဲ့တဲ့ အိပ်မက်ထက်မပိုခဲ့ပါဘူးလေ။ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်တိုင်း သူအားကိုးတကြီး ကိုင်ထားတတ်တာ ကျွန်တော့်လက်မှမဟုတ်တာ။ တပါးသူအတွက် တခါးပိတ်တတ်တဲ့လက်က ကျွန်တော့်အတွက် (ထွက်သွားဖို့) တံခါးဖွင့်ပေးတဲ့လက် ဖြစ်ခဲ့တယ်။  လက်ချောင်းတွေနဲ့ ဖျားယောင်းတတ်တဲ့ နတ်သမီးတစ်ယောက်ကို တွေ့ဖူးပါသလား...?
လက်ချောင်းလေးတွေကိုမှ စွဲလမ်းခဲ့သော၊ လက်ဖ၀ါးလေးတွေရဲ့ နူးညံ့မှုအောက်မှာ ကျရှုံးခဲ့ရသော လူငယ်တစ်ယောက်ဟာ ကျွန်တော်ပေါ့။
“နူးညံ့တဲ့အထိအတွေ့.. ကျွန်တော်ဘာကြောင့်မေ့မရတာပါလိမ့်...? ”


Tuesday, December 29, 2009

မျက်နှာဖုံး

                                                            

"ကြွပါခင်ဗျာ...။"ဘာများအလိုရှိပါသလဲ။"
"မျက်နှာဖုံးလိုချင်လို့"
ဟုတ်ကဲ့...ဘယ်လိုမျက်နှာဖုံးမျိုးလိုချင်ပါသလဲ..."
"ပထမတစ်ခုက သဘောကောင်းဖောရွေတဲ့ မျက်နှာဖုံး..."
"နောက်စိတ်မကောင်း ၀မ်းနည်းတဲ့မျက်နှာဖုံး.."
"ရိုကျိုး ရိုးသားတဲ့မျက်နှာဖုံး"
"ရှိတဲ့မျက်နှာဖုံး အကုန်သာပေးဗျာ..."
အကုန်.. ဟုတ်လား? အဲလောက်အများကြီးဘာလုပ်မှာလဲဗျ
လိုအပ်လို့ပေါ့ဗျ...မျက်နှာဖုံးမရှိဘဲလောကကြီးမှာ ရှင်သန်ဖို့
ရာ ဘယ်လောက်ခက်ခဲလဲဆိုတာ ခင်ဗျားသိလို့လား..။
အရင်က ကျုပ်က မူလမျက်နှာနဲ့ပဲနေထိုင်ခဲ့တာ။စိတ်ဆိုးစရာ
ရှိရင် စိတ်ဆိုးလိုက်တာပဲ၊ ၀မ်းသာစရာရှိရင် ၀မ်းသာပစ်လိုက်တယ်၊
မကျေနပ် စရာတွေ့ရင်လည်းမကျေနပ်ပစ်လိုက်တာပဲ...။အဲလိုနေခဲ့တဲ့
အတွက် ဘာတွေ ဖြစ်လာလဲသိလား...?
လူတွေကကျွန်တော့ကို ရွံကြောက်ကြီးဖြစ်လာကြတယ်။ကျွန်တော်နဲ့ဆက်ဆံဖို့
ရှောင်ဖယ်လာကြတယ်။လူတွေကြားထဲမှာ လူမဟုတ်သလို အထီးကျန်လာရတယ်..။
ကဲထားပါတော့ဗျာ ပေးမှာသာပေးပါ။
နေအုံးမေ့တော့မလို့ ဘာပုံပန်းမှမပါတဲ့ ဗြောင်မျက်နှာဖုံးတစ်ခုလည်း ထည့်လိုက်ပါအုံး။
လောကကြီးမှာ မျက်နှာပြောင်တိုက်ရမယ့် အခြေအနေတွေလည်းအများကြီးပဲလေ..။
ဟုတ်ကဲ့ ဒီမှာအားလုံးထုပ်ပိုး ပြီးပါပြီ။
'ဟုတ်လား ကျေးဇူးပဲ ဘယ်လောက်ကျလဲ'
ပစ္စည်း တန်ဖိုးကငွေသားနဲ့ချေရမှာ မဟုတ်ပါဘူးခင်ဗျာ...
ဒါဆိုချက်နဲ့လား အဲဒါလည်းအဆင်ပြေသားပဲ..."
"မဟုတ်ပါဘူး၊ ငွေသားနဲ့မဟုတ်ဘူးဆိုတာက၊ ဒီမျက်နှာဖုံးကိုလက်ခံရရှိပြီးတာနဲ့
တပြိုင်နက်  ခင်ဗျားရဲ့ခံစားချက်တွေ အားလုံးကို ဒီမှာထားခဲ့ဖို့ပါပဲ။
မျက်နှာဖုံးနဲ့ရှင်သန်ဖို့ ဆိုံးဖြတ်ပြီးမှတော့ ခံစားချက်အစစ်တွေမလိုအပ်တော့ဘူးမဟုတ်ား.။
"ကောင်းပြီလေ ကျွန်တော်ထားခဲ့ပါ့မယ်။

မျက်နှာဖုံးတွေနှင့်အသားကျနေသော လူ့လောကဆီသို့ မျက်နှာဖုံးများစွဲကိုင်ကာ       ရင်ကော့၍ထွက်လာတော့သည်။
                       

Wednesday, December 23, 2009

ရေ...

ကမ္ဘာကြီးတစ်ခုလုံးကို ရေလွမ်းခဲ့ဖူးတယ်တဲ့။ ဖြစ်နိုင်ရင် ခုချိန်မှာ သူ ကမ္ဘာကြီးတစ်ခုလုံး ရေလွမ်းစေချင်မိတယ်။
တကယ်။ ခုချိန်မှာ ဘယ်နည်းနဲ့သေချင်လည်း မေးလာရင် သူရေနှစ်ပြီးသေဖို့ကိုပဲ ရွေးချယ်မိမှာ အမှန်ပင်။ အမေ့ထံမှ တိုးညှင်းသော ချောင်းဆိုးသံလေး ထွက်လာသည်။ သူဘာလုပ်ရမှာတဲ့လဲ။ ခုချိန်မှာ ရေနဲ့တူတာဆိုလို့ ငိုလျှင်ပင် မျက်ရည်ထွက်ဖွယ်မမြင်။

ဘယ့်နှယ်ဗျာ။ သစ္စာမရှိလိုက်တဲ့မိုးနှယ်..။ တစ်နေကုန် မိုးရွာဖို့နေနေသာသာ တိမ်ကလေး တစ်စတောင်တက်မလာဘူး။ နေကလည်း ပူလိုက်တာမှ ကျွတ်နေတာပဲ။ မီးထတောက်မလား အောက်မေ့ရတယ်။ ( ဂျိုဇော်၏ အရုပ်တွဲလဲ၊ ငုတွဲလဲမှ..)
ခပ်တည်တည်၊ ခပ်ခန့်ခန့် လူတစ်ယောက်ကို တွေ့ရတော့ သူအားတက်သွားမိသည်။ သူ့ဟာနဲ့သူ စမ်းတ၀ါးဝါး ရှာနေတာထက်စာလျှင် မေးကြည့်တာက ပိုနီးစပ်မည်ဟုလည်းတွေးမိသည်။ တရိုတသေပင် သူပြောပါသည်။
“အစ်ကို ရေလေးများ ရနိုင်မလားမသိဘူး”
“ဩော်..အေးညီ၊ အဟမ်း...ဒါကဒီလိုရှိတယ် ညီရ။ လူဆိုတာ ရေသောက်ချင်မှ ရေရှာလို့မရဘူးကွ။
ကိုယ်ပိုင်ရေတွင်းတစ်ခုတော့ရှိသင့်တယ်။လောကကြီးမှာ"ခုရေတွင်းတူးခုရေကြည်သောက်"ချင်လို့မရဘူးကွ။
မှတ်ထားပေါ့ညီရာ။အေး...အေး သွားသွားကိုယ့်မှာတော့ရေမရှိဘူးကွ။ရေတွင်းတူးချင်ရင်တော့ကိုယ်ကိုပြော
ဟုတ်ပြီလား ကိုယ်လည်းဟိုဘက်ရပ်ကွက်ကရေတွင်းတူးဖို့ငှားထားလို့ သွားလိုက်ဦးမယ်။”
သူ့ရှေ့ထွက်ခွာသွားသော ထိုသူ၏ ကျောပြင်ကိုစိတ်ရှုပ်စွာကြည့်နေမိသည်။ဘာပြောသွားပါလိမ့်သူစဉ်းစားမ
နေနိုင်ပါ။ဆက်လက်ထွက်လာခဲ့သည်။သူတော်စင်လိုလိုလူတစ်ယောက်နှင့်တွေသည်။သူကတော့ကူညီလိုစိတ်
ရှိကောင်းပါရဲ့ဟုတွေးမိသည်။
                       "အဘ....ရေလေးများကူညီနိုင်မလားမသိဘူး"
       "ကလေး...အဘကိုယ်တိုင်ရေရှာနေသူပါ။ရင်ထဲကဒေါသမီး၊လောဘမီး၊မောဟမီးတွေကိုငြိမ်းဖို့ ရေလိုက်
ရှာနေတာ နှစ်ပေါင်း၂၀ကျော်ခဲ့ပြီ။အဘလည်း မကူညီနိုင်ဘူးကွဲ့။"
                 ရှေ့ဆက်လျှောက်လာတော့ မျက်မှန်ထူထူ၊စာအုပ်ချိုင်ကြားညှပ်ကာ လမ်းလျှောက်နေသူတစ်
ယောက်ကိုတွေရသည်။သူဇွဲမလျှော့တမ်းထိုသူ့ထံသွားရောက်ချဉ်းကပ်မိပြန်သည်။
                      "  အစ်ကို, 'ရေ'..."
                'ရေ'လား...?။ဟား....ဟား မင်းငါနဲ့လာတွေ့တာကံကောင်းတာပဲကွ။ ထိုသူ့စကားကြောင့်သူအားတက်မိသည်။ဒီတစ်ခါတော့ဖြင့် ရေ ,ရချေပြီဟုလည်းတွေးမိသည် ထိုသူကဆက်ပြောသည်။
               “ မင်းကဖောင်စီးရင်းရေငတ်နေတဲ့ကောင်ပဲကွ။ ရေဆိုတာဘာလဲသိလား ဟိုက်ဒရိုဂျင်နှစ်ဆနဲ့
အောက်စီဂျင်တစ်ဆပေါင်းလိုက်ရင်ရေဖြစ်တာပဲကွ။ မင်းအခုရှူနေတဲ့လေထုထဲမှာ အောက်စီဂျင်လည်းရှိ
တယ် ဟိုက်ဒရိုဂျင်လည်းရှိတယ်။ မင်းအခုက အဲဒါကိုပေါင်းစပ်ပေးရုံပဲ။ရေလိုက်လွဲမနေပါနဲ့ကွာ။ သိသူဖော်စား၊မသိသူကျော်သွားကွ။ ငါကတော့ သွားပြီ။ ကြိုးစားလိုက်ပေဦး..။”
သက်ပြင်းပဲချမိတော့သည်။ရေတောင်းတဲ့ လူကိုရေအကြောင်းပဲလာပြောနေကြသည်။ သူတို့ရဲ့စကားလုံးတွေကိုသောက်သုံး၍ရလျှင်တော့မဆိုးပါ။ ရေကဘာလဲ။ အသက်လား?ဘ၀လား? ဆာလောင်မှုဖြေသိမ့်ဖို့လား?၊ သန့်စင်ဖို့လား?၊ တိုက်စားဖို့လား?၊ ဖျက်ဆီးဖို့လား?၊ ဖန်တီးဖို့လား? ရေတစ်ခွက်က လူတစ်သက်ဖြစ်နိုင်သလို၊ လှိုင်းတစ်ချက်ကလည်း လူ့အသက်ဖြစ်နိုင်သည်ပဲ။ သူ တောင်းဆိုတာက ကြယ်တစ်ခင်း နဲ့ လမင်းတစ်ရာမဟုတ်ပါ။ မြင့်မြတ်လှပါသည်ဆိုသော လူသားတို့ထံမှ ရေလေးတစ်ခွက်သာဖြစ်ပါသည်။
       ထိုစဉ် သူ့လက်ဖမိုးပေါ်သို့ ရေတစ်စက် ကျလာသည်။မရှေးမနှာင်းပင် နောက်တစ်စက်၊ ပြီးနောက်တစ်
စက်၊ တစ်စက်ပြီးတစ်စက်...
     "မိုး" ဟုတ်တယ် သူဝမ်းသာ အားရရယ်မောမိသည်။
  “ မိုး ရွာပြီကွ ဟား...ဟား။”
သို့သော် မိုးက....! သူ့ရယ်သံက လမ်းခုလတ်မှာပဲ ရပ်တန့်သွားရသည်။သူ့မျက်လုံး အစုံကမျက်ရည်တို့ စီးကျ
ကာ မိုးနဲ့ရောသွားသည်။ သူ ဆက်လက်ရပ်တည် နိုင်စွမ်းမရှိတော့ဘဲ ဒူးထောက် ကျသွားသည်။ ရူးသွပ်စွာ
အော်ဟစ်မိသည်။
     “ မဖြစ်သင့်ဘူး....။ဟင့်အင် မဖြစ်ရဘူးကွာ...။” သူ တစ်လျှောက်လုံးမျှော်လင့်လာခဲ့တဲ့ မိုး က “ မိုးခါး” တဲ့လားကွယ်။
                                           မဖြစ်....သင့်ဘူး....။
မှတ်ချက်။    ။ကျွန်တော်သည် ရေသောက်ရန်ရေ ရှာနေသူမဟုတ်ပါ။
                     ရေတိုက်ရန် ရေ ရှာနေသူသာဖြစ်ပါသည်။