Monday, July 19, 2010

လှပသော နိဒါန်း(သို့) အသည်းကွဲခြင်း


လှပသော နိဒါန်း(သို့) အသည်းကွဲခြင်း

တယုတယထားသော အသည်းတစ်ခု ကွဲအက်သွားခြင်းက မျှော်လင့်ထားသလောက် ကဗျာမဆန်ပေ။ နှာခေါင်းရှုံ့ချင်စရာကောင်းသော နောင်တတချို့၊ ပျင်းရိညည်းငွေ့ဖွယ် အတ္တတချို့၊ ပြာဖြစ်သွားသော စီးကရက်တချို့၊ လှောင်ပြောင်ရယ်မောသံတချို့၊ မုန်းချင်စရာကောင်းသော ကရုဏာတချို့၊ မပိမရိ ယုတ္တိဗေဒ အခင်းအကျင်းတချို့၊ နာကျင်မှုဟု ထင်မှတ်ရသော အရာတချို့၊ လန့်နိုးလာသော အိပ်မက်တချို့နှင့် ပျက်စီးသွားသော မျှော်လင့်ချက်တချို့၊ ပြန်လည်တည်ဆောက်၍ မရတော့သော ဆက်ဆံရေးတချို့၊ တချို့သော တချို့ပေါင်းများစွာဖြင့် ပေကျံနေသော အသည်းကွဲဇာတ်လမ်းသည်.......

 တစ်ခါက “မင်္ဂလာပါ” ဆိုသော စကားတစ်ခွန်းကြားတွင် နှစ်လုံးသားနှစ်ခု တရွေ့ရွေ့ ဝေးကွာသွားသည်။ ဘာမှမဖြစ်ခဲ့သလို အပြုံးများကြားတွင် ဟန်ဆောင်ကောင်းကောင်းဖြင့် ကွဲနေခဲ့သော အသည်းတစ်စုံ၊ တစ်ယောက်ကို တစ်ယောက် နားလည်ခဲ့ကြပြီ ယုံကြည်ခဲ့ပြီးမှ ကိုယ့်ကို(လုံးဝ) နားမလည်တာကို နာနာကျည်းကျည်း သိခွင့်ရချိန်၊ အင်ဖနတီထိသွားဖို့ ယှဉ်တွဲခဲ့ကြသော မျဉ်းပြိုင်နှစ်ကြောင်းမှ တစ်ကြောင်းက ဂငယ်ကွေ့ ကွေ့သွားချိန်၊ အားလုံး... အားလုံး ပြီးဆုံးသွားချိန်မှာ အံ့အားသင့်ဖို့ပင် လက်ကျန်အင်အား မကျန်ရစ်ခဲ့.........။

အချစ်ဝင်လျှင် အပြစ်မမြင်ဟု ဆိုပါက အသည်းခွဲခံသောအခါ အပြစ်မြင်လာခြင်းသည် “မချစ်”ဟု အဓိပ္ပာယ် သက်ရောက်သည်။ မချစ်လျှင် အသည်းကွဲပါဦးမည်လားဟူသော အမေးနောက်မှ အသည်းမကွဲလျှင် အပြစ်မမြင်မိ၊ အပြစ်မ၀င်လျှင် ချစ်ဆဲ ဟူသော မုန့်လုံးစက္ကူကပ် ယုတ္တိဗေဒများ ဆက်မလာခင် ဇာတ်လမ်းကို တစ်ခန်းရပ်လိုက်ရသည်။

ကိုယ့်ကိုယ်ကို စနစ်တကျလိမ်လည်ပြီး ပျော်ရွှင်နေရာမှ သူ့ကိုတွေ့လိုက်တိုင်း အရောင်ပြောင်းပြောင်း သွားတတ်သော မျက်လုံးနှင့် နာကျင်လာတတ်သော နှလုံးသားတို့ကို တောင်စွယ်ပို့ချင်သည်။ ဖုန်းနံပါတ်နှင့် email account ကို Delete လုပ်ပြီးသည့်တိုင် နှလုံးသား၌ uninstall tools ပါမလာ။ နာစရာတွေအများကြီးထဲမှ လွမ်းစရာကိုပဲ ရွေးရွေးမြင်တတ်ခြင်းနှင့် မလှတာတွေအများကြီးထဲမှ လှတာကိုပဲ ရွေးရွေးမြင်တတ်ခြင်းသည် ကိုယ့်လည်ပင်းကိုယ် စွပ်သော ကြိုးကွင်းများသာ ဖြစ်သည်။ မွေးကတည်းက နှလုံးသားမှာ “ချစ်တတ်ခြင်းသည် နှလုံးသားကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်”ဟူသော စာတမ်းကို ထည့်မပေးလိုက်သော ဘုရားသခင်ကို ကျကျနနကျိန်ဆဲရလျှင် ကျေနပ်စရာကောင်းလေမည်လား...?
ဘုရားသခင်သည် အသည်းမကွဲဖူးသောကြောင့် အချစ်၏အန္တရာယ်ကို မသိခြင်းလည်း ဖြစ်နိုင်သည်။ တစ်ခါမှ အသည်းမကွဲဖူးသောကြောင့် ဘုရားသခင်သည် ကျွန်တော်တို့ကို ကိုယ်ချင်းစာနိုင်မည် မဟုတ်ပေ။ တစ်ခါလောက်များ ဘုရားသခင်နှင့် စကားပြောခွင့် ရလျှင် သူသိပ်ကံကောင်းတဲ့ အကြောင်း ပြောပြချင်ပါသည်။
အချစ်က ကောင်းမွန်သော Game တစ်ခုဆိုလျှင် အသည်းကွဲခြင်းက ပိုမိုလှပသော Game ခုသာ ဖြစ်သည်။ ပိုပြီးလှပသော ပိုပြီးကြေးကြီးသော၊ ပို၍ အန္တရာယ်များသော၊ ပိုပြီးမာယာများသော Game တစ်ခုသာ ဖြစ်သည်။ အသည်းကွဲခြင်းသည် အဆုံးသတ်သွားခြင်းမဟုတ်ပဲ ခမ်းနားသော နိဒါန်းတစ်ခုသာ....

တကယ်တော့ အသည်းကွဲခြင်းသည်-
မကြည့်ဖြစ်သော ဘဲလေးကပွဲတစ်ပွဲလည်း ဖြစ်နိုင်သည်။
မပေးဖြစ်သော ပန်းစည်းတစ်စည်းလည်း ဖြစ်နိုင်သည်။
မငိုကြွေးလိုက်ရသော မျက်ရည်တစ်ချို့လည်း ဖြစ်နိုင်သည်။
အနည်းဆုံးတော့ ဘလော့ဂ်ပေါ်က ပို့စ်တစ်ခု ဖြစ်နိုင်ပေသည်...။

ဝေလင်း



 




2 comments:

အဖြူရောင်နတ်သမီး said...

အချစ်ဆိုတာ ကစားစရာ Game တခုမှမဟုတ်တာ...

အချစ်ဆိုတာ အရသာရှိတဲ့ သစ်သီးတလုံး..
အချစ်ဆိုတာ အဟာရကိုဖြစ်စေတဲ့ အားဆေးတခွက်...
တခါတလေတော့လည်း..
အချစ်ဆိုတာ..
ယစ်မူးစေတဲ့ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်ဝိုင်တခွက်..ဖြစ်ပါသည်။

သိင်္ဂါကျော် said...

အသည်းကွဲခြင်းသည် အဆုံးသတ်သွားခြင်းမဟုတ်ပဲ ခမ်းနားသော နိဒါန်းတစ်ခုသာ....

အဲဒီစကားလေး ကြိုက်သွားပြီ.. အသည်းကွဲဖူးတဲ့ သူငယ်ချင်းတွေကို ပြောပြရဦးမယ်..