Showing posts with label စိတ်ကူးပေါက်ရာ.... Show all posts
Showing posts with label စိတ်ကူးပေါက်ရာ.... Show all posts

Monday, October 31, 2011

လက်ထပ်ထိမ်းမြားခြင်း


ပြီးခဲ့တဲ့ လ တစ်လလုံး မြန်မာနိုင်ငံမှာ ရှိနေခဲ့ပါတယ်။အိမ်ပြန်ရောက်တော့ သိတဲ့အတိုင်းပဲ စာအုပ်ပုံထဲ ခေါင်းထိုးတာပဲ။ ပြန်လာတော့လည်း သယ်လို့ရသမျှသယ်လာတဲ့ ထဲမှာ စားစရာသောက်စရာတွေက တ၀က်နဲ့ စာအုပ်က တ၀က်ပါ။ အမှန်တကယ်က စာအုပ်လေးတစ်အုပ်အကြောင်းပြောချင်လို့ပါ။ တစ်အုပ်လုံးအကြောင်းတောင် မဟုတ်ပါဘူးလေ။ ပြောချင်တာလေးတွေရွေးပြောမှာပါ။ စာအုပ်က ဆရာမြသန်းတင့် ဘာသာပြန်တဲ့ Andre Maurois ရဲ့ The Art of Living ပါ။ ဆရာက ဘ၀နေနည်း အနုပညာ လို့ နာမည်ပေးထားပါတယ်။ အဲဒီထဲမှာ ခေါင်းစဉ်ခွဲ ၉ ခု ပါပါတယ်။ တော်တော်ကောင်းတဲ့ စာအုပ်လေးပါ။ ( အဲဒါတွေက အတည်ပါ။ အခုအပျက်တွေစပါတော့မယ်။ J ) အဟဲ ပြောချင်တဲ့အကြောင်းကတော့ “လက်ထပ်ထိမ်းမြားခြင်း အနုပညာ” ဆိုတဲ့ ခေါင်းစဉ်ပါ။ စာအုပ်ထဲမှာ ဘာရေးထားတယ်ဆိုတာထက်ကို စာအုပ်ကိုဖတ်ပြီး တွေးမိတာလေးတွေ ပြောချင်လို့ပါ။ (စာအုပ်ထဲမှာ ပါတာတော့ စာအုပ်ပဲဝယ်ဖတ်ကြည့်တော့)
မြန်မာနိုင်ငံပြန်တုန်းက သူငယ်ချင်းမိန်းကလေးက (မိန်းကလေးသူငယ်ချင်းနဲ့ သူငယ်ချင်းမိန်းကလေး ဘာကွာလဲတော့ မသိဘူး။ သေချာတာက အဲဒီတစ်ယောက်က သူငယ်ချင်း ပြီးတော့ မိန်းကလေး) သူက ပြောတယ်။ ယောက်ျားမယူချင်ဘူးတဲ့ (သေချာတာကတော့ တရားရသွားတာမဟုတ်ပါဘူး) တွေးကြည့်ရင်ကြောက်တယ်။ ပျင်းစရာကြီးတဲ့။ အဲဒီတစ်ယောက်တည်းနဲ့ တစ်သက်လုံးနေသွားရမှာတဲ့။ ကိုယ်တစ်ယောက်တည်းဆိုလွတ်လွတ်လပ်လပ်ပဲတဲ့။ ဘယ်သူ့ကိုမှ ငဲ့စရာမလိုဘူးတဲ့။
အဲဒါတွေက သူပြောတာပါ။ သူပြောတာတွေရေးပြနေလို့ ကျွန်တော်ကပါအဲလိုတွေးနေပြီလို့မထင်ပါနဲ့။ ကျွန်တော်ကတော့ မိန်းမယူဖြစ်အောင်ယူမှာပါ။ (အသက်အရွယ်ကြောင့်လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်)
ဘာဖြစ်လို့လည်းဆိုတော့ မိသားစုဘ၀တစ်ခုကို တည်ထောင်ကြည့်ချင်လို့ပါ။ ကျွန်တော်က ကျွန်တော့်အဖေ ဘယ်သူလဲဆိုတာထက် ကျွန်တော့်သား ဘယ်သူဖြစ်မယ်ဆိုတာက ပိုပြီး ကျွန်တော်ဘယ်သူဆိုတာကို ပြဌာန်းတယ်လို့ ခံယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘတွေကို ကျွန်တော်တို့ ရွေးချယ်ခွင့်၊ ပြုပြင်ဖန်တီးခွင့်၊ ဖန်တီးနိုင်စွမ်းမှ မရှိတာ။ ကျွန်တော်တို့ တကယ်ဖန်တီး ပျိုးထောင်ယူရမှာက ကျွန်တော်တို့ရဲ့သားသမီးတွေပဲ ရှိပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ လူ့အဖွဲ့အစည်းတစ်ခု ကို သူဘယ်လောက်အောင်အောင်မြင်မြင် ထူထောင်နိုင်လဲဆိုတာနဲ့ ကျွန်တော်က တိုင်းထွာချင်ပါတယ်။ မိသားစုဘ၀တစ်ခုကိုတောင် ကောင်းကောင်းမတည်ထောင်နိုင်ရင် လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ယဉ်ရင် ဘယ်လိုမှ လုပ်နိုင်ကိုင်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါတွေဟာ အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ရဲ့ ရယ်ရွှင်ဖွယ်အတွေးတွေ ဖြစ်နိုင်သလို၊ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ထားတဲ့ လူတစ်ယောက်ရဲ့ ဆင်ခြေတွေလည်း ဖြစ်နိုင်ပါတယ်။
ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဝတ္ထုထဲမှာ ဆ၇ာမင်းသိင်္ခရေးထားတာလေးကို သဘောကျမိပါတယ်။ မိန်းမတွေဟာ သုညနဲ့တူတယ်တဲ့။ တချို့မိန်းမတွေကဆို သုည ၅ လုံးလောက်နဲ့ညီမျှတယ်ဆိုတယ်။ ယောက်ျားတစ်ယောက်ဟာ သုညနဲ့တူတဲ့မိန်းမကို လက်ထပ်လိုက်ခြင်းအားဖြင့် သူ့မှာ မူရင်းတန်ဖိုး ၁ ပဲရှိတယ်ဆိုင်ရင်တောင် ၁၀၊ ၁၀၀၊ ၁၀၀၀ စသဖြင့် တန်ဖိုးတက်သွားနိုင်ပါတယ်။ ကတ်သီးကပ်သတ်တွေးပြီး တချို့က ဆိုချင်ကြမယ်။ သုညတွေကို နောက်မှာ မထားပဲ ရှေ့မှာထားရင်ရောဆိုပြီးတော့ ဒါဆိုလည်း ပူစရာမရှိသေးပါဘူး။ အရင်းက အရင်းပဲမို့။ (ဒီနေရာမှာ သုညနဲ့ နှိုင်းယှဉ်ရခြင်းက မိန်းမတွေကို တန်ဖိုးမရှိဘူးလို့ ဆိုလိုတာမျိုးမဟုတ်ပဲ ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်က ဘယ်လိုတန်ဖိုးမြင့်ပေးနိုင်တယ်လို့ မြင်သာအောင် နှိုင်းယှဉ်ခြင်းဖြစ်တယ်လို့ မှတ်ယူစေချင်ပါတယ်။
ထားပါတော့။ စားအုပ်ထဲက ဟာလေးပြောချင်ပါတယ်။ Andre Maurois က ထိမ်းမြားခြင်းအနုပညာဆိုတဲ့ အခန်းမှာ လက်ထပ်ထိမ်းမြားခြင်းကို ဆန့်ကျင်တဲ့ လူတွေရဲ့ အမြင်တွေ၊ အဲဒီလူတွေပြောခဲ့တာတွေကို အရင်ပြောပါတယ်။
“လက်ထပ်ထိမ်းမြားတယ်ဆိုတာ ဘာလဲ။ ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်တို့ဟာ အသက်ငယ်ငယ်မှာ  သူတို့ရဲ့ စိတ်ကူးယဉ်ဘ၀ကို အဆုံးသတ်လိုက်တာဖြစ်တယ်။ တစ်နည်းအားဖြင့် နောက်ထပ်စွန်းစားမှုအသစ်တွေ၊ ရင်ခုန်စရာအသစ်တွေကိုလည်း စွန့်လွတ်လိုက်ကြတဲ့သဘောဖြစ်တယ်။ ချစ်သူချင်း ချိန်းတွေ့ပြီး ယစ်မူးရတဲ့ အရသာကလေးတွေကို စွန့်လွတ်လိုက်ရခြင်း ဖြစ်တယ်။ နောက်ထပ်ချစ်လို့ ခံစားရတဲ့ အံ့ဩစရာကောင်းတဲ့ သာယာကြည်နူးမှုလေးတွေကို စွန့်လွတ်လိုက်ရခြင်း ဖြစ်တယ်။ သူတို့ရဲ့အရေးကြီးတဲ့ အဓိကကျတဲ့ စွမ်းအင်တွေကို ဖြတ်တောက်လိုက်ရတာ ဖြစ်တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘာမှရင်ခုန်မှုတွေမရှိတော့တဲ့ ဘ၀ကြီးထဲကို တစ်သက်လုံးဆင်းသက်သွားခဲ့ရတာဖြစ်တယ်။ ဒီလိုနဲ့ ဘ၀ကိုစတင်ဖို့ ပြင်ဆင်တုန်းမှာပဲ ဘ၀ဆုံးသွားရတယ်။ ဒီလိုနဲ့ လင်ကိစ္စ၊ မယားကိစ္စထဲမှာ နစ်မြုပ်သွားပြီး ငြီးငွေ့စရာကောင်းတဲ့ ဘ၀ကြီးထဲမှာ နစ်မွန်းသွားရတော့တယ်။ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှုတွေကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှုတွေ့ဖို့ အလားအလာတွေ ပိတ်သွားရတော့တယ်။ အံ့ဩစရာတွေ ပျောက်ပျက်ကုန်ဆုံးသွားရတော့တယ်။ နည်းနည်းကြာလာတော့ အချစ်ဟာလည်း ပျောက်ဆုံးသွားပြီး အိမ်မှုကိစ္စအတွက် လုံးပန်းရ၊ သားသမီးပညာရေးအတွက် စိုးရိမ်ရ ဖြစ်လာတယ်။ ဒီလိုနဲ့ လူငယ်ရဲ့ဘ၀၊ လူငယ်ရဲ့ ပျော်ရွှင်စရာတွေကို မခံစားလိုက်ရဘဲ၊ မသိမသာနဲ့ အိုမင်းရင့်ရော်သွားခဲ့ရတယ်။ လက်ထပ်လိုက်ရင်ပျော်စရာကောင်းမှာပဲဆိုတဲ့ စိတ်ကူးယဉ်အချစ်ကြောင့် လက်ထပ်ခဲ့ပေမယ့် လက်ထပ်လိုက်တာနဲ့ လက်ထပ်ချင်အောင် လှုံ့ဆော်ပေးခဲ့တဲ့ စိတ်ကူးယဉ်အချစ်ဟာလည်း ပြိုလဲပျက်စီးသွားတော့တယ်။”
အပေါ်က စာပိုဒ်က စာအုပ်ထဲကပါ။ အဲဒီမှာပြောထားတဲ့ ထဲမှာ ကျွန်တော်က “အသက်ငယ်ငယ်” ဆိုတဲ့ စာလုံးကို မျဉ်းသားပြထားပါတယ်။ ဟုတ်ပါတယ်။ အသက်ငယ်ငယ်နဲ့ ယောက်ျား၊မိန်းမ ယူကုန်ကြရင်တော့ အဲဒီမှာရေးထားတဲ့ အတိုင်းပါပဲ။ စိတ်ပျက်စရာသိပ်ကောင်းပါတယ်။ ဒီတစ်ခေါက်ပြန်သွားတော့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့တယ်။ ကိုယ်က ကျောင်းတောင်မပြီးသေးလို့ ကျောင်းသားစိတ်တောင် မပျောက်သေးတဲ့ အချိန်မှာ တချို့ဆိုရင် သားကိုယ်စီ၊ သမီးကိုယ်စီနဲ့ ဖြစ်နေကြပြီ။ သူတို့ဘ၀နဲ့သူတို့ ပျော်ချင်လည်း ပျော်ကောင်းပျော်လိမ့်မယ်။( သိပ်တော့မထင်ပါဘူး)။ ဒါပေမယ့် အားကျစရာမဟုတ်တာတော့ အသေအချာပဲ။ ထားပါတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်မပြုသင့်ဘူးဆိုတော့ ဘယ်အချိန်မှာ ပြုသင့်ပြီလဲ? အဲဒါကတော့ မပြောတတ်တော့ဘူး။ အသက်ငယ်ငယ်ဆိုတာက ဘယ်အရွယ်အထိကိုပြောတာလဲ? ဥပဒေအရတော့ ၁၈ နှစ်ဆို အိမ်ထောင်ပြုခွင့်ပေးပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုဖို့ကိုတော့ အသက်နဲ့တိုင်းတာလို့ကောရပါ့မလား? ကျွန်တော့်အစ်ကိုကြီးတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှတ်တမ်းတင် ဗွီဒီယိုကြည့်မိတယ်။ အခမ်းအနားတွေကြည့်ပြီး နည်းနည်းတောင် စိတ်ပျက်တယ်။ ကုန်သွားမယ့်ငွေတွေကို တွေးပြီး စိတ်တောင်ညစ်တယ်။ လာတဲ့ဧည့်သည်တွေထဲမှာ သတို့သားသတို့သမီးနဲ့သိတာက တစ်ဝက်လောက်ပဲပါတယ်။ အဲဒီတစ်ဝက်ထည်းမှာမှ ရင်းနှီးတာက တစ်ဝက်လောက်။ စဉ်းစားတာကြည့်ပေတော့။ ရုရှားတွေ အခုနောက်ပိုင်းမင်္ဂလာဆောင်တဲ့ ပုံစံကိုသဘောကျပါတယ်။ နှစ်ဖက်မိဘပါမယ်။ ညီအစ်ကိုမောင်နှမ အရင်းတွေပါမယ်။ နောက်အရင်းနီးဆုံးဆိုတဲ့ သူငယ်ချင်းတွေပါမယ်။ (အဖေ့မိတ်ဆွေ၊ အမေ့မိတ်ဆွေတွေ မပါပါဘူး) ပြောရရင်တော့ ဒါအကုန်ပဲ။ ခန်းမရယ်လို့လည်းမငှားဘူး။ မနက်ပိုင်း ဒါမှမဟုတ် ညနေပိုင်း အဲဒီလူစုက ကားနဲ့ မြို့ထဲက နေရာစုံ လှပတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်၊ လျှောက်လည်၊ ပြီးရင် စားသောက်ဆိုင်တစ်ခုခုမှာ( ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ဆိုင်) ကျွေးမွေးပြီး ပြီးသွားတာပါပဲ။ ကျွန်တော်ကတော့ အဲဒီပုံစံကို သဘောကျပါတယ်။ ခမ်းခမ်းနားနားဆိုတာကို ဘယ်လိုမှ ခံစားကြည့်လို့မရသေးပါဘူး။ လိုလည်းမလိုအပ်ဘူးလို့ထင်ပါတယ်။ ( ဒါကိုကြားရင်တော့ မရှိသေးတဲ့ သတို့သမီးလောင်းက စိတ်ပျက်မှာအမှန်ပါပဲ)
အခမ်းအနားက အခမ်းအနားပေမယ့် လက်ထပ်ခြင်းဆိုတဲ့ မူရင်းအဓိပ္ပာယ်ကိုတော့ မပျက်စေချင်ပါဘူး။
လက်ထပ်ခြင်းက လူနှစ်ယောက်လက်တွဲပြီး လူ့အဖွဲ့အစည်းတစ်ခုကို(အသေးလေးပေမယ့်) တည်ထောင်ကြည့်ခြင်းပါ
Notes: ဒီပို့စ်အပြီးမှာ စိတ်ဝင်စားသူ အမျိုးကောင်းသမီးများ ဖုန်းဆက်လို့ရပါတယ်။ ဖုန်းနံပါတ်ကတော့   +7931299**** ပါ နောက်ကလေးလုံးကိုတော့ ဖူးစာရှင်မှန်ရင်မှန်းနိုင်ပါလိမ့်မယ်)))))))))

ထပ်ပြောချင်တာလေးရှိပါတယ်။ မတော်တဆ ကံဆိုးကံကောင်း တစ်ယောက်ယောက်ကများဒီပို့စ်ကို ဖတ်မိခဲ့ပြီး လက်ထပ်ထိမ်းများခြင်း အကြောင်းလေး ရေးပေးကြရင် သိပ်ကောင်းမှာပဲဗျာ.. တဂ်တာတော့မဟုတ်ပါဘူး... ဘလော့ဂ်ဂါမောင်နှမတွေ ဆန္ဒရှိမယ်ဆိုရင်ပေါ့။

Sunday, February 7, 2010

အရှုပ်တွေလုပ်နေပါသည်...

ဒီရက်ပိုင်း blog ရွာထဲကို သိပ်မရောက်ဖြစ်ပါဘူး။ အလုပ်ရှုပ်နေလားဆိုတော့ အရှုပ်တွေလုပ်နေတယ်ဆိုရင် ပိုမှန်လိမ့်မယ်ထင်ပါတယ်။ မဖတ်ရသေးတဲ့စာကြွေးတွေ ကျကျနနရှင်းပါတယ်။ ကိုယ်ကြိုက်တဲ့ blog ကကူးထားတဲ့ စာတွေကို ကျကျနန print ထုတ်ပြီးဖတ်ပါတယ်။ အထူးသဖြင့် gardener blog ကစာတွေ သိပ်ကြိုက်ပါတယ်။ ခုနောက်ပိုင်းရေးတဲ့ ဆောင်းပါးတွေကို သေသေချာချာလိုက်ဖတ်ဖြစ်တယ်။ နောက် မနော်ဟရီကိုလည်း ဖတ်ပါတယ်။ မနော်ဟရီ blog ကြောင့် blog ဆိုတာ ဘာမှန်းသိပြီး စာစရေးဖြစ်တာပါ။ သူ့စာတွေကိုတော့ မြန်မာနိုင်ငံမှာနေတုန်း ကတည်းက ကြိုက်ခဲ့တာပါ။ အဲဒီတုန်းကတော့ လုံးချင်းတွေအဖတ်များပါတယ်။ နောက်ပန်ဒိုရာတို့ မဆုမွန်တို့ ၀တ္ထုတွေထက် ဆောင်းပါးတွေပိုဖတ်ဖြစ်တယ်။ နောက် ကိုသက်သန့်ချို နဲ့ ကိုဏီလင်းညို ကိုမရေးနိုင်တဲ့အရေးအသားမျိုး ကျကျနနရေးတတ်ကြတယ်။ အားလည်းကျတယ်။ နောက် မမချစ်ကြည်အေး အတွေးရောအရေးပါ ကောင်းတဲ့ကျွန်တော့်အစ်မပေါ့။ မမ၀ါဝါခိုင်မင်းကတော့ ကျွန်တော်ပထမဆုံးထိတွေ့ခဲ့ရတဲ့ blogger ပေါ့။ blog လေးစရေးကာစက ပို့စ်လေးကျဲကျဲနဲ့ ယောင်လည်လည် ကျွန်တော့်ကို ဆက်ရေးဖြစ်အောင် အားပေးခဲ့တာ။ ကျွန်တော့်ကျေးဇူးရှင် bloggerပေါ့။ မနော်ဟရီ blog က ကျွန်တော် blog စရေးဖြစ်တဲ့အကြောင်းတရားဆိုရင် မမ၀ါက စာဆက်ရေးဖြစ်စေတဲ့ တွန်းအားတစ်ခုပါ။ ( blog ရွာထဲမှာ ကျွန်တော်ရှိနေတာကို မျက်စိနောက်သူများ မမ၀ါကို အပြစ်တင်ကြပါ.. :)) အစ်မနေ့အိပ်မက်နဲ့ ကို craton ကတော့ ကျွန်တော့်ထက် တစ်နှစ်လောက်ပဲကြီးပေမယ့် တွေးအားရောရေးအားပါ ကျွန်တော် ဘယ်လိုမှလိုက်မမှီတဲ့သူတွေပါ။ အစ်မအဖြူရောင်နတ်သမီး - သူ့ဘလော့ဂ်ကိုရောက်သွားရင် လူကအလိုလိုကိုပျော်ပါတယ်။ သူကတော့ ဟာသတွေရေးတာမဟုတ်ပါဘူး။ ဒါပေမယ့် ပျော်ပါတယ်။ ပို့စ်အသစ်မတင်တောင် သွားတော့ သွားလိုက်တာပဲ။ နောက်ပြောရရင်တော့ အများကြီးပဲ...ကုန်တော့မှာမဟုတ်ဘူး။ အကြောင်းအရာကလည်း ဘယ်တွေရောက်ကုန်လည်းမသိတော့ဘူး။ ကြာရင် ဘလော့ဂ် အညွှန်းဖြစ်တော့မယ် :) နောက်လုပ်ဖြစ်တာတစ်ခုက မြန်မာနိုင်ငံနဲ့ ဖုန်းပြောဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ပြောတယ်။ အမျိုးတွေနဲ့ပြောတယ်။ ဆရာတွေနဲ့ပြောတယ်။ ပြောချက်ကတော့ ကမ်းကုန်ပဲ သိသမျှ ဟမ်းဖုန်းမှန်သမျှ အကုန်ပြောပါတယ် :) ဟမ်းဖုန်းကိုဆက်ရင် ပိုက်ဆံသိပ်မကုန်တဲ့ SIM ကဒ်တွေ့ထားလို့ပါ :) ။
နောက် ဇာတ်ကားတွေကြည့်ဖြစ်တယ်။ ကြည့်ဖြစ်တဲ့ဇာတ်ကားတွေအကြောင်းပြောပြန်ရင်လည်း ဇာတ်ကားအညွှန်းဖြစ်တော့မှာမို့ မပြောတော့ပါဘူး။ စာရေးချင်လို့ စာဖတ်နေပါတယ်။ လောလောဆယ်တော့ “အတောင်ပါသောစာလုံးများ” ကိုဖတ်နေပါတယ်။ သူငယ်ချင်းတစ်ယောက် မော်စကိုသွားပြီး ပြန်လာတော့ ပါလာတာပါ။ အိမ်မှာတုန်းက ဖတ်ပြီးသားပေမယ့် မဖတ်တာကြာနေပြီလည်းဖြစ် စာအုပ်ကို လက်နဲ့ ကိုင်ပြီး ကျကျနနမဖတ်၇တာလည်း ကြာနေပြီဖြစ်လို့ ဖတ်ရတာတော်တော် အရသာတွေ့နေပါတယ်။  နောက် “ ပြိုင်မြင်းတို့ရဲ့ခွာသံ” ကြိုက်လွန်းလို့ အထပ်ထပ်ဖတ်နေပါတယ်။ ကိုးတန်းကတည်းက စဖတ်ဖူးတာ ခုဆို ဘယ်နှစ်ခါရှိမှန်းမသိတော့ဘူး။ ကျောင်းကလည်း ပိတ်ထားတော့ လူလည်း တော်တော်ကြီးကို ဇိမ်ကျနေပါတယ်။ စားလိုက်၊အိပ်လိုက်၊ စာဖတ်လိုက်၊ အပြင်လျှောက်သွားလိုက်၊ ဇာတ်ကားကြည့်လိုက်နဲ့ တော်တော်ကောင်းပါတယ်။ နောက်မွေးနေ့တုန်းက ဆရာမလက်ဆောင်ပေးထားတဲ့ Pushkin ရဲ့ ကဗျာစာအုပ်ကို သေချာဖတ်နေပါတယ်။ တချို့ကဗျာလေးတွေကိုတော့ တော်တော်ကြိုက်ပါတယ်။ ကြိုက်တယ်ပြောပေမယ့် ဘာသာပြန်ရလောက်အောင် မတတ်နိုင်သေးတော့လည်း ခက်ပါတယ်။ ကိုယ်ဘာသာပြန်လိုက်မှ လုံးဝပျက်စီးသွားတာမျိုးဖြစ်မှာ အ၇မ်းကြောက်ပါတယ်။ ပို့စ်အသစ်တွေတင်ဖို့ စဉ်းစားထားတာတွေ၊ ရေးထားတာတွေလည်းရှိပါတယ်။ လက်နဲ့ရေးထားတာဆိုတော့ စာရိုက်ရမှာပျင်းနေသေးလို့ မတင်ဖြစ်သေးတာပါ။ အရှုပ်တွေလျှောက်လုပ်နေဖြစ်တာကြောင့်လည်းပါပါတယ်။ ကျွန်တော့်အစ်မ ချစ်ကြည်အေးက အလုပ်တွေရှုပ်နေလားလို့ စီဗုံးမှာလာအော်သွားတာကြောင့် ဒီပို့စ်ကို ရေးပါတယ် ( ဆားချက်တယ် လို့ ၀န်မခံချင်လို့ အကြောင်းပြချက်ရှာထားတာပါ)။ ဝေလင်း အလုပ်မရှုပ်ပါ။ အရှုပ်တွေလုပ်နေခြင်းဖြစ်ပါတယ်။ ဒီပို့စ်တစ်ခုလုံးလည်း ရှုပ်နေပါပြီ။ ကိုယ့်ကိုယ်ကို စာရေးမကောင်းမှန်း စကတည်းက သိပေမယ့် ကြာလေထင်ရှားလာလေ ဖြစ်နေပါတယ်။ မတတ်နိုင်ပါဘူး မျက်စိလည်းလမ်းမှားပြီး ရောက်လာသူကတော့ ဒီပို့စ်ကိုဖတ်မိရင် အိမ်ပြန်မရောက်တော့မှာ သေချာပါတယ်။ နောက်တောင်းပန်ချင်တာတစ်ခုကတော့ ဒီပို့စ်ဖတ်ပြီးရင် ဘာတွေရေးထားတာလဲလို့ မမေးဖို့ပါ.... :) ကိုယ်တိုင် မျက်စိလည်နေလို့ပါ...

Tuesday, December 15, 2009

သတင်းထူးပါဗျို့......

မကြုံစဖူး မီးပျက်သွားလို့ ဒီနေ့ညတော့ မဂင်းနိုင်တော့ဘူး :(
ဘယ့်နယ် မီးထပျက်ရတယ်လို့ နောက်နေ့မှပဲ အသေးစိတ်ပြောတော့မယ်..
ခုတော့ note book က အားကုန်နေပြီ..
အားလုံးပဲ ခဏတာ့တာ..

Sunday, December 13, 2009

ဆင်ခြေဆင်လက်..



ဘာရယ်မဟုတ်ပါဘူး...။ ပျင်းပျင်းရှိတာနဲ့ လျှောက်ကြည့်ရင်း ရုရှားဆိုဒ်တစ်ခုမှာတွေ့တာလေးပြန်တင်ပေးလိုက်တာပါ။ သဘောကျလို့...




Sunday, December 6, 2009

စကားစမြည်...

ကျွန်တော့် blog လေးကို နည်းနည်း ပုံပြောင်းလိုက်ပါတယ်။ အစကblog လေးက အရမ်းကျဉ်းနေတဲ့အတွက် ကိုယ့်blog ကိုယ်ဝင်တိုင်း အသက်ရှူကြပ်သလို ခံစားရလို့ ပြီးတော့ အရမ်းရှုပ်နေပြီး လာဖတ်တဲ့လူတွေလည်း ကျွန်တော့်လိုပဲ ဖြစ်နေမှာစိုးလို့ပါ။ ပြီးတော့ template အဟောင်းတုန်းက page အောက်ခံက အညိုရောင်ဆိုတော့ ပို့စ်အရောင်ခွဲရတာ ခက်ပါတယ်။ အဲဒါကြောင့် ဒီ template မှာတော့ အဖြူရောင်ပဲသုံးထားပါတယ်။ နောက်ပြီးတော့ ခရမ်းရောင်သုံးတာ များသွားပါတယ်။ ဒီရက်ပိုင်း ခရမ်းရောင်ကို ဘာလို့ အရမ်းသဘောကျနေမိလဲတော့ မသိပါဘူး။ အရောင်နဲ့ ပတ်သက်ပြီးရွေးရမယ်ဆို ခရမ်းရောင်ပဲစိတ်ထဲ ပေါ်ပေါ်လာတယ်။ မနေ့တုန်းကတည်းက လုပ်နေတာ လုပ်ပြီး ဘယ်လိုမှတင်မရဘူး။ error ပဲပြပြနေလို့။ ဒီနေ့မနက်မှာမှ တစ်မနက်လုံးအချိန်ပေးပြီး ဟိုပြင်လိုက်၊ ဒီပြင်လိုက် လုပ်လိုက်တာ ကံကောင်းပြီးရသွားပါတယ်။ အဲဒီကြားထဲ ပြောင်းပြီးကာစရှိသေး မန့်လို့လည်းမရဘူး၊ cbox ထဲလည်း ၀င်ရခက်တယ်ဆိုပြီး cbox ထဲမှာလာအော်သွားလို့ လူကိုထူပူသွားတာပဲ။ ခုတော့ အဆင်ပြေပြီထင်တာပါပဲ။ ကျွန်တော်မေးတိုင်း ဒုက္ခပေးတိုင်း ဖြေပေး၊ ကူညီပေးတဲ့ ကျွန်တော့်အစ်ကိုကြီး မောင်နိုင်
ကို ကျေးဇူးတင်ပါတယ်။ ဒီtemplate ပြောင်းဖို့ softwear လည်း connection မကောင်းတဲ့ကြား၊ upload တင်လို့မရတဲ့ကြားက gtalk ကနေ တစ်နာရီကျော်ကြာအောင် သူပဲ ပို့ပေးခဲ့တာပါ။ မနက်ကလည်း မမ၀ါက သူမန့်သွားတဲ့ ကောမန့် တက်မလာသေးဘူးလို့ ပြောလာပါတယ်။ ကျွန်တော့် blog လေးမှာ ကောမန့်ကို ကျွန်တော်တင်မှ တက်လာအောင်လုပ်ထားလို့ပါ။ အဲဒါကိုလည်း မကြာခင် ပြန်ပြင်မှာပါ။ ကောမန့်တွေအားလုံးကို တင်ပေးပါတယ်။ မန့်သွားကြတဲ့ အစ်ကိုတွေ အစ်မတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ blogger စီနီယာကြီးတွေတော့မသိပါဘူး။ ကျွန်တော်ကတော့ တစ်ယောက်ယောက် commet ရေးသွားလို့ mail တက်လာရင် ဘယ်လိုပျော်မှန်းမသိပျော်ပါတယ်။ စီပုံးထဲလည်း တစ်ယောက်မှ မအော်၊ comment လည်းတစ်စောင်မှ ပေါ်မလာဆိုရင်တော့ တော်တော်ကြီးဝမ်းနည်းပါတယ်။ အဲဒီနေ့အတွက်။ blog လေးက ခုမှတစ်လတောင်မပြည့်သေးတဲ့အပြင် ကျွန်တော်ကလည်း နည်းပညာပိုင်း ဘာမှမတတ်တာကြောင့် လိုအပ်ချက်တွေရှိနေဦးမှာပါ။ လိုအပ်ချက်တွေတွေ့လာရင် blogger မောင်နှမတွေအနေနဲ့ မထောက်မညှာ ဝေဖန်နိုင်ပါတယ်။ ဝေလည်း ဝေဖန်စေချင်ပါတယ်။ တဖြည်းဖြည်းနဲ့ ချို့ယွင်းချက်တွေကို တတ်နိုင်သမျှ ပြုပြင်သွားမှာပါ။ ကျွန်တော့်ကို ဒီblog လေးဆက်ရေးဖြစ်စေဖို့ အားပေးစကားပြောခဲ့တဲ့ မမ၀ါ ကိုလည်း ကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ ခနော်နီခနော်နဲ့ အိမ်လေးကို ချို့ယွင်းချက်တွေကို သည်းခံပြီး လာလည်ကြတဲ့သူတွေ၊ အော်သွားတဲ့လူတွေ၊ မန့်သွားတဲ့လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီစာလေးကို ဆုံးအောင်ဖတ်ပေးလို့ ပိုပြီးကျေးဇူးတင်ပါတယ်။

PS. cbox မှာ အော်သွားရင် လင့်လေးချန်သွားပေးပါလို့။ အစ်ကိုတို့၊ အစ်မတို့ အိမ်ကို အလည်လာချင်လို့ပါ။

Saturday, December 5, 2009

ကူညီကြပါဦး........

စိတ်ညစ်နေတယ်။ ဘာမှလည်း အဆင်မပြေဘူး။ အလုပ်ပိနေတယ်။ အလုပ်ပိတယ်ဆိုတာ စာပိတာပါလေ။ စာမေးပွဲတွေကဖြေရတော့မယ်။ conference အတွက်စာတမ်းကလည်း မရေးရသေးဘူး။ ကိုးကားစရာလိုက်ရှာတော့လည်း ရှာမတွေ့ဘူး။ blogger အစ်ကိုတို့ အစ်မတို့ရေ ကူညီကြပါဦးဗျာ။“ မြန်မာသဒ္ဒါနဲ့ ရုရှားသဒ္ဒါနှိုင်းယှဉ်ချက်”ဆိုပြီး ဆရာမက conference မှာဖတ်ခိုင်းလို့ ၊ အမှန်က ခုဒီဇင်ဘာမှာဖတ်ရမှာ။ ကိုးကားစရာ စာအုပ်စာတမ်းမရှိလို့။ရွှေ့လိုက်ရတယ်။ မြန်မာသဒ္ဒါနဲ့ ပတ်သက်ပြီး ပြန်ဖတ်ဖို့ google ကြီးထဲလိုက်ရှာတာ google လည်းမတတ်နိုင်တော့ဘူး။ ဘာမှထိထိရောက်ရောက် ကိုးကားစရာရှာမတွေ့ဘူး။
စာအုပ်တွေလိုက်ရှာပြန်တော့လည်း မြန်မာသဒ္ဒါပိုင်းကို အားကိုးလောက်ဖွယ်ရာမတွေ့။ ၀ီကီမှာ ၀င်ရှာတော့လည်း မြန်မာသဒ္ဒါအကြောင်းမပါ။ အားတောင်ပျက်တယ်။ ကိုယ့်မြန်မာစကား အဲ့လောက်တောင် ဖြစ်နေပြီလားပေါ့။ တွေ့ပါတယ်။ ၀ိဘတ်ဆိုပြီး ရိုက်ရှာကြည့်သေးတယ်။ တွေ့ပါတယ်။ preposition ဆိုတဲ့ အင်္ဂလိပ်grammer အကြောင်းတွေ။ အင်္ဂလိပ်grammer အကြောင်းတော့ ရေးမယ့်လူရှိပြီး မြန်မာ သဒ္ဒါအကြောင်းကျ ရေးမယ့်လူမရှိဘူးတဲ့လား..? တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ တွေ့အောင်မရှာနိုင်တဲ့ ကျွန်တော့်ညံ့ဖျင်းမှုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် english grammer ဆိုပြီး ရိုက်ရှာကြည့်လိုက်ပါ။ များပြားလိုက်တဲ့ဆိုဒ်တွေ။ မြန်မာစာသည် တို့စာမဟုတ်တော့လို့လား...? သဒ္ဒါမတတ်စာမတတ်ဆိုတဲ့ စကားကိုများ လွင့်ပစ်လိုက်ကြပြီလား..? သဒ္ဒါစာအုပ်လေးတစ်အုပ်တောင်မတွေ့မှတော့ မသိလို့ဖတ်ချင်ရင် ဖတ်စရာမရှိ၊ မရှိတော့ ထင်ရာရေး။ မြန်မာစာမြန်မာစကားရဲ့ရှေ့ခရီးက ဘယ်ကိုပါလဲ..? မြန်မာနိုင်ငံက စာအုပ်ဆိုင်တွေကြည့်လိုက်ရင်လည်း အင်္ဂလိပ်စကားပြော၊ အင်္ဂလိပ် grammer စာအုပ်တွေမှိုလိုပေါက်နေသလောက်၊ မြန်မာစာမြန်မာစကားအတွက် သဒ္ဒါစာအုပ်ကို မတွေ့မိပါဘူး။ ကျောင်းမှာပြဌာန်းတဲ့ မြန်မာသဒ္ဒါစာအုပ်ပဲတွေ့မိပါတယ်။ အင်္ဂလိပ်စာကို သဒ္ဒါမှားမှာတော့ ရှက်ကြတယ်။ မြန်မာစာ သဒ္ဒါမမှန်တာကြတော့ ရှက်ရကောင်းမှန်းမသိပါဘူး။ ဘာဖြစ်လို့များအဲလိုဖြစ်နေရတာလဲဗျာ။ ဒီမှာဆို သူတို့ဘာသာစကား အရမ်းအလေးထားတယ်။ ဘာသာရပ်တွေအားလုံးဟာ သူတို့ဘာသာစကားနဲ့ချည်းပဲ။ သူတို့ဆီမှာကျောင်းတက်ချင်ရင် သူတို့စာအရင်သင်ပေတော့ပဲ။
ခုတော့ ကိုယ့်ဘာသာစကား.......စိတ်ညစ်မိပါရဲ့။
လောလောဆယ်တော့ blogger ညီအစ်ကို မောင်နှမတွေမှာ မြန်မာသဒ္ဒါနဲ့ ပတ်သက်တဲ့ စာအုပ်လေးများရှိရင် ကူညီကြပါဦး။ နောက်ဆုံး ကျောင်းပြဌာန်းစာအုပ်ပဲဖြစ်ဖြစ်ပေါ့။ အရေးကြီးလို့ပါ။

မြန်မာစာအရေးလည်း စိတ်လေးမိပါတယ်ဗျာ....

Sunday, November 22, 2009

စိတ်ညစ်တယ်..

တစ်ခါတစ်လေတော့လည်း ငါစဉ်းစားမိတယ်။ နင့်အချစ်ကို ရဖို့ကြိုးစားနေမိတဲ့ငါဟာ သံလိုက်တစ်ချောင်းရဲ့ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကို သပ်သပ်စီခွဲထုတ်ဖို့ ကြိုးစားသူလို ဖြစ်နေပြီလားလို့။ တကယ်တော့လည်း အချစ်ဆိုတာ ဘာမှမဟုတ်ရပါလားကွယ်။ မိန်းမတစ်ယောက်ရဲ့ ရင်ခုန်သံကို ခန့်မှန်းဖို့က အဲလောက်ခက်ခဲမှန်း မသိခဲ့ရပါလား။

တကယ်တော့ ငါက ချစ်နေတာမဟုတ်ဘူး စွဲလမ်းနေတာပါ။ ငါဘာကိုများ စွဲလမ်းနေမိပါလိမ့်?

ကြင်နာတတ်တဲ့ အပြုအမူတွေကိုလား? ဒါမှမဟုတ် ချိုသာတဲ့စကားသံကိုလား? နူးညံ့လှပတဲ့ လက်ချောင်လေးတွေရဲ့ အထိအတွေ့ကိုလား?

ဟင့်အင်း! လို့ ငါငြင်းတယ်။ ငါဘာကိုမှမစွဲလမ်းချင်လို့ပါ။ ဘုရားစူးရစေ့ ငါအိပ်ချင်နေတယ်။ တကယ်တော့ အရာအားလုံး အသစ်ကပြန်စတယ်ဆိုတာ စိတ်ကူးနဲ့တောင် မဖြစ်နိုင်ပါဘူး။

ဘယ်မြစ်ထဲကိုများ မင်းကနှစ်ခါဆင်းချင်သေးတာလဲ?

တကယ်တော့ ငါကရူးမိုက်စွာ အတ္တကြီးချင်တာပဲ။ မလုပ်နဲ့နော်။ မင်းလုပ်သင့်တာတွေ အများကြီးရှိပါသေးတယ်ကွယ်။ လောကကြီးမှာ မေးခွန်းတွေ သိပ်များလွန်းတယ်။

ဘယ်သူများအောင်မှတ်ရခဲ့ကြသလဲ..?

ရှုံးမယ်မှန်းသိရဲ့နဲ့တိုက်ရတာ တစ်ခါတစ်လေတော့လည်း ရင်နာစရာကောင်းတယ်ကွယ်….။ ဘ၀မှာတစ်ချို့တိုက်ပွဲတွေက ရှောင်လွှဲခွင့်မရှိဘူးလေ။ တိုက်ပွဲထဲမှာ အရှုံးကို ရွေးပြီးတိုက်ရတာတွေကိုလည်း ရင်နာနာနဲ့ ကြုံဖူးတယ်။

ကောင်မလေးရေ…

ငါကတော့ နင့်ကိုချစ်မိကတည်းက ရူးသွပ်နေတာဖြစ်ပြီး..

နင်ကတော့ ငါ့ကို ပြန်မချစ်ကတည်းက ရူးသွပ်သွားတာဖြစ်တယ်။

ငါတို့နှစ်ယောက်များ ချစ်သွားကြရင် ဘာများဖြစ်လာမှာပါလိမ့်..?

Thursday, November 12, 2009

သံသယ…….

ဘယ်လိုသံသယမျိုးတွေကို လက်သင့်ခံနေရဦးမှာလည်း။ အစကတည်းကရှုံးခဲ့ပြီးမှတော့ နှစ်သိမ့်အပြုံးတွေက ဘာလုပ်ရမှာလဲ? နှစ်သိမ့်တယ်ဆိုတာ စော်ကားခြင်း တစ်မျိုးသာဖြစ်တယ်လေ။နှစ်သိမ့်ပြုံးထက်စာရင် အမုန်းကမှ ငါ့အတွက်လှလိမ့်ဦးမယ်။ ကျိန်စာဆိုးတွေစိုးမိုးတဲ့ငါ့ဘ၀ထဲကိုမှ နင်ကအလွမ်းမိုးတွေ ရွာရက်တယ်။ နှလုံးသားတစ်ခုနဲ့တစ်ခုက နှစ်ခုမဟုတ်တော့လည်းခက်တယ်။ အပြုံးတောင်အတုလုပ်ကြတဲ့လောကကြီးမှာ ဘာကများ စစ်မှန်ဦးမှာလဲ? စက်ရုံထုတ်(ဖောဖောသီသီ) နှလုံးသားတွေနဲ့ ငါ့လာမချစ်စမ်းနဲ့ဟာ။ နံတယ်။ extra date တတ်ထားတဲ့ အချစ်တွေနဲ့ လာလာမနှောင့်ယှက်စမ်းနဲ့။ date လွန်လာရင်လည်း ကိုယ့်ကိုယ်ကို အမှိုက်ပုံးထဲ သွန်ပစ်လိုက်။ ဘာတဲ့ဆိုရင် ငါ့နှလုံးသားကိုပဲ လာလာခလုတ်မတိုက်စမ်းနဲ့။ စိတ်ရှုပ်လွန်းလို့။ ငါ့ဟာငါ တစ်ယောက်တည်း ကိုယ့်အသည်းကိုယ် ဖြည်းဖြည်းချင်းခွဲနေရတာကမှ ကဗျာဆန်လမ့်ဦးမယ်။ ဓါးတစ်ချောင်းလို ကိုယ့်ကိုယ်ကို ဓါးအိမ်ထဲထည့်ပိတ်ထားလို့ရရင် ဘယ်လောက်ကောင်းမလဲ။ အနာဂတ်ကို တောင်မလွမ်းတာ အတိတ်ကို ဘာလုပ်ရမှာလဲ။ ငါနောက်မဆုတ်ချင်ဘူးဟာ။ ကျေးဇူးပြုပြီး ငါ့ကိုနောင်တတွေမပေးပါနဲ့။

ဘယ်အချိန်ထိရှိမလဲ ငါ့နောင်တတွေ။ နောက်ဆုတ်ဖို့မစဉ်းစားပဲချစ်ခဲ့ပေမယ့် တစ်ခါတစ်လေ နောက်တွန့်မိတာကပဲ ငါ့ညံ့ဖျင်းမှုဖြစ်ခဲ့လား။ နင့်သံသယတွေက ငါ့ကိုတွန့်ဆုတ်စေတာတော့လည်း အမှန်ပဲလေ။ ငါကြောက်တယ်။ ဟုတ်တယ်လေ။ နင့်ကိုယ်နင်တောင် သံသယဖြစ်နေတဲ့အချစ်ကို ငါက ဘယ်လိုသတ္တိနဲ့ ယုံကြည်ရမှာတဲ့လဲ..? ကြိုးထုံးကိုဖြည်ချင်ရင် ကြိုးထုံးတဲ့သူကို ရှာရမယ်တဲ့။ ဒါပေမယ့် အချစ်က နင်မဖြည်နိုင်တဲ့ ကြိုးတစ်ထုံးဖြစ်ခဲ့ရင်ကော….? နင်မဖြေနိုင်တော့ဘူးမဟုတ်လား။

တကယ်တော့ နင့်သံသယဆိုတာက ငါ့အပေါ်ဖြစ်နေတာမဟုတ်ပါဘူး။ နင်မညာပါနဲ့။ နင့်ကိုယ်နင်သံသယဖြစ်နေတာပါ။ လူဆိုတာ ကိုယ့်ကိုယ်ကို ကာကွယ်တတ်တဲ့ သတ္တ၀ါဆိုတာ မေ့မထားနဲ့လေ။

ငါက နင့်ဆီမှာဘာရှိလဲဆိုတာမကြည့်ပဲ နင်ဘာလိုသလဲဆိုတာပဲ ကြည့်ခဲ့တဲ့ကောင်ပါလေ။ လိုတာတွေကြည့်ရင်းနဲ့ပဲ ပိုတာတွေ တွေ့လာရတဲ့အခါမှာ နင့်ဘ၀မှာ ငါဆိုတာ အစကတည်းက မရှိတာသိလာခဲ့ရတယ်။ တကယ်တော့ငါက ကြိုးတပ်ခံရတဲ့ပစ်တိုင်းထောင်ရုပ်သာပါ။

တကယ်တော့ နင်ရောငါပါ မမှားခဲ့ပါဘူးလေ။ ကံကြမ္မာက ပုစ္ဆာကူးမှားခဲ့တာပါ။ ငါညံ့ခဲ့တာပါ။ နဲ့ ပေါင်းတာ မဖြစ်ပဲ ဖြစ်နေတယ်ဆိုကတည်းက ငါရိပ်မိခဲ့ဖို့ကောင်းတာ။ ငါက ၁ မှမဟုတ်ခဲ့ပဲ! ငါကသုညပဲလေ။

ငါ့အပြစ်တွေပါလေ။ မေ့လျော့နေတဲ့ နှလုံးသားနှစ်ခုကို ထိပ်ပုတ်ခေါင်းပုတ် လှုပ်နိုးခဲ့တာ ငါပါ……………..