- သိပ်မကြာခင်မှာပဲ နေ၀င်တော့မှာမို့နဲ့ တူပါရဲ့ ကောင်းကင်ကြီးက နှုတ်ဆက်နေလိုက်တာ တိမ်လေးတွေတောင် လောင်ကျွမ်းတောက်ပလို့ မကြာခင် ခွဲခွာရတော့မှာ ၀မ်းနည်းနေသလား... ဒါမှမဟုတ် လေလေးတစ်ချက်နှစ်ချက် အဝှေ့မှာ ထထခုန်ကြတဲ့ သစ်ရွက်ကြွေလေးတွေရဲ့ ဘ၀ကိုပဲ မရှုရက်လေသလား.. သူတို့ဘယ်လိုများ ဖြေသိမ့်ကြပါသလဲ...။
- သစ်ရွက်ကြွေလေးတွေဆီနည်းနည်း၊ အဖျားဝါပြီး ငိုက်စိုက်ကျနေတဲ့ မြက်ပင်လေးတွေဆီနည်းနည်း၊ နွေရာသီကနေထွက်ပြေးလာတဲ့ လေပြေလေးတွေဆီ နည်းနည်း၊ မကြာခင်ပျောက်ကွယ်တော့မယ့် နေ၀န်းလေးဆီ နည်းနည်း ခံစားချက်လေးတွေ မျှပေးမိတာ ပတ်ဝန်းကျင်တစ်ခုလုံးတောင်လေးလံလို့..။
- နွေရာသီကုန်ဆုံးသွားပြီ..။
- ဆောင်းအိပ်မက်တွေဟာ နွေရာသီမှာလည်း မက်တတ်တယ်ဆိုတာ နွေရာသီကုန်ဆုံးချိန်အိပ်မက်က လန့်နိုးမှ သိလိုက်ရတဲ့အခါ ပြန်မရနိုင်တော့မှန်း သိတဲ့အသိတွေနဲ့အတူ နှမျှောတသ ဆုံးရှုံးခြင်းကို ခံစားလိုက်ရတယ်။
- တဖြည်းဖြည်းမှောင်လာလိုက်တာ ပတ်ဝန်းကျင်ကလား စိတ်ကလားတောင် မဝေခွဲနိုင်တဲ့ အဖြစ်မျိုး ကြုံတွေ့လာရတဲ့အခါ သေချာနေတဲ့ သံသယတွေကိုတောင်မှ သံသယလေးဝင်ပြီး အကောင်းဆုံးကို မျှော်လင့်နေမိသေးတာဟာ ရူးသွပ်မှုဆိုရင်တောင် ကျွန်တော်ကိုယ့်ကိုယ်ကို အပြစ်မတင်ရက်ဘူး..။
- နှုတ်ခမ်းနှစ်ခုထိတွေ့မှု၊ ၀င်သက်ထွက်သက်အပေးအယူမျှမှု.. ဘယ်တုန်းကမှ တို့အနမ်းတွေ အဲလောက် မရှည်လျားခဲ့ဖူးဘူး။ အခုတော့ နေရောင်အောက်က ရေခဲတုံးတစ်တုံးလို တဖြည်းဖြည်း ပါးလျပျောက်ကွယ်သွားသလိုမျိုး တစ်ယောက်ကို တစ်ယောက် ဆုံးရှုံးရင်းနမ်းခဲ့ကြတာ `နောက်ဆုံး´ဆိုတဲ့ အသိနဲ့တဲ့လား။ တစ်ယောက်ကိုတစ်ယောက် ခပ်တင်းတင်း ပွေးဖက်ထားခဲ့ကြတဲ့ လက်တွေဟာ ထာဝရ လက်မလွတ်လိုက်ရခင် နောက်ဆုံးအင်အားတဲ့လား...။
- အနမ်း။ ပါးပြင်၊ အပေါ်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း၊ နားရွက်ကလေးတွေ နောက်ပြီးတော့ လည်တိုင် အားလုံးကို ဆုံးရှုံးမှုနဲ့ မွတ်သိပ်စွာနမ်းခဲ့တာ။ အဲဒီအနမ်းဟာ နှုတ်ဆက်အနမ်းမဟုတ်ပေမယ့် သေချာနေပြီဖြစ်တဲ့ ဆုံးရှုံးမှုတွေနဲ့ နောက်ဆုံးအနမ်းပါ။
- အနမ်းတွေဟာ ဘယ်တော့မှ လေထဲပျောက်ကွယ်မသွားဘူး...။
- တိမ်အတုတွေကြောင့် နှလုံးသားနှစ်ခု ဖျားနာသွားတာဟာ ဘယ်သူ့အပြစ်ကြောင့်လဲ ဆိုတဲ့ မေးခွန်းကို မေးဖို့ အဖြေကို နားထောင်နိုင်စွမ်းမရှိတာနဲ့ပဲ သက်ပြင်းသုံးကြိမ်ချခဲ့မိတယ်..။
- ရှုံးနိမ့်ခြင်းနဲ့ ဆုံးရှုံးခြင်းဟာ သနပ်ခါးလိမ်း ပန်းပန်ပြီး ဇာတ်စင်ရှေ့ထွက်လာတဲ့အခါ ကံတရားဆိုတဲ့ ဇာတ်ဆရာက ကန့်လန့်ကာ ထောင့်ကွယ်ကနေ ပြုံးပြီးကြည့်တယ်။
- လေထုထဲမှာ ရနံ့တွေ ပါလာတတ်လွန်းလို့ အသက်ရှူဖို့တောင် ကြောက်လန့်မိ။ ခြောက်သွေ့တဲ့လေထုကို ရှူရှိုက်မိတိုင်း အနမ်းတွေနဲ့ စိုစွတ်နေတဲ့ လေထုကို လွမ်းမိတယ်။
- ပိုင်ဆိုင်ခွင့် မရှိတော့တဲ့ အနမ်းကို အခါအခွင့်ကြုံတိုင်း လွမ်းဆွတ်မိတာ ကိုယ့်ကိုယ်ကို နှိပ်စက်ရာများ ကျလေမလား..?
- အနမ်းနှစ်ခုကြား အများကြီးခြားနားသွားတာကို မနမ်းခင်အခိုက်အတန့်နဲ့ နမ်းပြီးအခိုက်အတန့် နှလုံးသာကို ယှဉ်ကြည့်တော့ သိပ်သိသာလာတာဟာ မနမ်းခင်ရှင်သန်နေခဲ့တဲ့ နှလုံးသားဟာ နမ်းပြီးတဲ့အချိန်မှာ သေဆုံးသွားတာကို တွေ့မြင်ရလို့ဖြစ်တယ်။
- နွေးထွေးတယ်၊ စိုစွတ်တယ်၊ နူးညံ့တယ်၊ တလပ်လပ်နဲ့ ရင်ထဲက ဖိုတယ်၊ ချိုမြိန်တယ်၊ နှလုံးခုန်မြန်လာတယ်။ ဟိုးအတွင်းထဲ.. အတွင်းထဲအထိ....
- နှုတ်ခမ်းနှစ်ခုရဲ့ ထိတွေ့မှုအောက်မှာ အတ္တတွေပြိုကျ၊ သူလည်းမရှိငါလည်းမရှိ ဖြစ်တည်မှုအသစ်၊ သူမဟာ ငါ့ရဲ့ ဒုတိယတစ်ဝက်ဖြစ်တယ် လို့ ......။
- ဒီစာမှာ အနမ်းကလွဲပြီး ဘာမှမပါဘူး..။
notes; လွန်ခဲ့တဲ့ သုံးလလောက်က ရေးခဲ့တဲ့ အက်ဆေးလေးပါ။ အခုအချိန်မှာ ပြန်ဖတ်ကြည့်တော့ ရယ်ချင်သလိုပဲ....။ အားလုံးဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲကုန်တာပါပဲ...။