သတို့သမီး(ဇာတ်သိမ်း)
ဆောင်ဦးရာသီ ကုန်ဆုံးပြီး ဆောင်းက တဖြည်းဖြည်း ပီပြင်လာသည်။ နာဂျာအိမ်ကို အရမ်းလွမ်းနေမိသည်။
နေ့တိုင်းလိုလို အမေ့အကြောင်း၊ အဘွားအကြောင်း၊ စာရှာအကြောင်း တွေးနေမိသည်။ အိမ်ကပို့လိုက်တဲ့
စာတွေမှာ ကောင်းကောင်းမွန်မွန်ပဲမို့ သူမလုပ်ခဲ့တာတွေကို ခွင့်လွတ်လိုက်ကြပြီ ၊ မေ့ပစ်လိုက်ကြပြီ ထင်မိသည်။ မေလထဲ စာမေးပွဲတွေပြီးတော့ သူမ ပျော်ရွှင်စွာပဲ အိမ်ကို ပြန်ခဲ့သည်။ လမ်းမှာ မော်စကိုကို ၀င်ပြီး စာရှာနဲ့ ၀င်တွေ့သည်။ စာရှာကတော့ မနှစ်နွေတုန်းကလိုပင် အပြောင်းအလဲ မရှိ။ မုတ်ဆိတ်မွေး၊ ပါးပြိုင်းမွေး၊ ဆံပင်ဘုတ်သိုက်၊ ပတ္တူသားဝတ်စုံ၊ အားလုံးအရင်ကလိုပင်။ ဒါပေမယ့် ပုံစံကတော့ ပိုပြီး ချိနဲ့လာ၊ ပိုပြီး ပိန်လာ၊ ပိုပြီးအိုစာလာသည်။ ကျန်းမာရေးကလည်း ပိုဆိုးလာပုံပင်။ ချောင်းကလည်း အချိန်ပြည့် တဟွတ်ဟွတ်ဆိုးနေသည်။
“ဘုရားရေ.. နာဂျာရောက်လာတယ်” တွေ့တွေ့ချင်းပဲ ၀မ်းသာအားရလှမ်းနှုတ်ဆက်သည်။
ဆေးလိပ်မီးခိုးတွေ၊ ဆေးမှင်နံ့တွေ မွန်ထူနေတဲ့ ပုံနှိပ်တိုင်မှာ ခဏထိုင်ပြီး စာရှာ့အခန်းဆီ သွားကြသည်။ အခန်းထဲ ၀င်လိုက်သည်နှင့် ကြမ်းပြင်ပေါ်က ဆေးလိပ်တိုတွေ၊ နေရာအနှံ့က တံတွေးကွက်တွေ၊ စက္ကူစုတ်တွေကြားထဲက ပန်းကန်အကွဲတွေ၊ ပြီးတော့ စားပွဲနဲ့ ကြမ်းပြင်ပေါ်က ယင်ကောင်အသေတွေက ဆီးကြိုနေကြသည်။ စာရှာတစ်ယောက် သူ့ဘ၀ကြီးကို ပစ်စလက်ခတ် ထားတာ မြင်သာလွန်းနေသည်။ တယောက်ယောက်က ကောင်းကောင်းမွန်မွန်နေဖို့ပြောလည်း သူကတော့ ရယ်မောနေရုံအပြင် ဘာမှတုန့်ပြန် ပြောင်းလဲလာမှာ မဟုတ်ပေ။
“ရတယ်စာရှာ.. ရတယ် ဘာမှမဖြစ်ဘူး၊ အဆင်ပြေပါတယ်” နာဂျာက ပြာပြာသလဲပင် ပြောလိုက်သည်။
“ဆောင်းဦးတုန်းက အမေ ပီတာစဘက်ကို လာသေးတယ် စာရှာ။ အဘွားစာရှာကလည်း စိတ်မဆိုးတော့ဘူးလို့ ပြောတယ်။”
စာရှာက သူမကို ပြုံးပြီး ကြည့်နေသည်။ နောက် ချောင်းတဟွတ်ဟွတ်ဆိုးပြန်သည်။ နာဂျာသူ့ကို ကြည့်ပြီး
အရမ်းနေမကောင်း ဖြစ်နေလား မဖြစ်ဘူးလား မသိနိုင်အောင် ဖြစ်မိသည်။
“စာရှာ ရှင်အရမ်းများ နေမကောင်း ဖြစ်နေလား”
“ရပါတယ်။ ဘာမှမဖြစ်ပါဘူး။ နည်းနည်းပါ။”
“ဘုရားရေ… နည်းနည်းပါ ဟုတ်လား။ ဘာလို့ ဆေးမကုတာလဲ။ ဘာလို့ ကိုယ့်ကျန်းမာရေးကိုယ်
ဂရုမစိုက်တာလည်း စာရှာရယ်..”
နာဂျာ စိုးရိမ်ပူပန်စွာပြောပြီး မျက်ရည်တို့ စီးကျလာမိသည်။ ပြီးတော့ ဘာကြောင့်မှန်းမသိ အန်ဒရိန်ကို
မြင်ယောင်မိသည်။ အိမ်အသစ်ကို သွားသတိရမိသည်။ အတိတ်ကအရာတွေက စိတ်ထဲမှာ
တစ်ခုချင်းပေါ်လာကြသည်။ သိပ်ကြာခဲ့ပြီလို့ ထင်နေမိတဲ့ အ၇ာတွေပေါ့။
“စာရှာ ရှင်အရမ်းဖျားနေတယ်။ ရှင့်ကို အခုလိုတွေ့ရတော့ ကျွန်မ ဘာလုပ်ရမှန်းမသိအောင် ဖြစ်မိတယ်။ ကျွန်မမှာ တာဝန်ရှိတာပေါ့။ ရှင်ဒီလောက်တောင် ကျွန်မအပေါ် ကောင်းခဲ့တာ။ အမှန်အတိုင်း ပြောရရင် ရှင်က ကျွန်မနဲ့ အနီးကပ်ဆုံး အရင်းနှီးဆုံး၊ ကျွန်မကို နားအလည်ဆုံးပဲ စာရှာ။
စကားပြောပြီးကြတော့ စာရှာက သူမကို ဘူတာသို့လိုက်ပို့သည်။ ရထားထွက်တဲ့ထိ လက်ပြနှုတ်ဆက်ပြီး
ကျန်ခဲ့သည်။ သူ့မျက်နှာမှာ ပြုံးနေပေမယ့် အားနည်းနေတဲ့ သူ့ခြေထောက်တွေက အရမ်း နေမကောင်းဖြစ်နေတာ မြင်သာနေသည်။
မွန်းလွဲပိုင်းလောက်မှာ နာဂျာ မြို့ကို ပြန်ရောက်သည်။ ဘူတာကနေ အိမ်ကို ပြန်သည့်လမ်းသည်
ရှည်လျားလွန်းလှသည်ဟု တွေးမိသည်။ အိမ်ကိုရောက်တော့ အဘွားမာဖာက သူမကို ဖက်ပြီး ငိုသည်။
အဘွားမာဖာသည် ပိုပြီး အိုစာလာ၊ ကြည့်ရဆိုးလာသည်။ နာဂျာ့ကို ကျွတ်ထွက်သွားတော့မတတ်ဖက်ပြီး
ပုခုံးပေါ်ခေါင်းတင်ကာ အတန်ကြာသည်ထိ ငိုသည်။ ညီးနာတစ်ယောက်လည်း ပိုပြီး အသက်ကြီးလာသည်။
မျက်နှာချောင်၊ မျက်တွင်းချိုင့်နှင့် ပိုပြီး ကြည့်ရဆိုးလာသည်။ ဒါပေမယ့် သူမလက်က စိန်တွေကတော့
တလက်လက်ပြောင်နေဆဲ။
“သမီးရယ်.. သမီးလေးရယ်..”
အဘွားနှင့် အမေနှစ်ယောက်လုံးပင် ဘာမှမပြောပဲ ထိုင်ငိုနေကြသည်။ သူတို့ကို ကြည့်ရသည်မှာ ပြန်မရနိုင်တော့တဲ့ အတိတ်ကအရာတွေကြောင့် ၀မ်းနည်းနေကြသည့်ပုံ။ သူတို့၏ သမီး နာဂျာသည် မင်္ဂလာဆောင်ခါနီး ထွက်ပြေးသွားသော သတို့သမီးဖြစ်သည်။ တနည်းအားဖြင့် သူတို့ အဖွဲ့အစည်း၊ သူတို့ အသိုင်းအ၀ိုင်းမှ ထွက်ပြေးသွားခြင်း ဖြစ်သည်။ ဒီမြို့ဒီအဖွဲ့အစည်း၌ သူမသည် အများနှင့် မသက်ဆိုင်သောသူ ဖြစ်သည်။
သစ္စာဖောက်တစ်ယောက် ဖြစ်သွားခဲ့ပြီ။ ထိုအရာသည် ပြန်လည် ပြင်ဆင်၍ မရတော့ သူတို့တန်ဖိုးထားသော အသိုင်းအ၀ိုင်း၌ သူတို့တန်ဖိုးထားသော သမီးသည် တန်ဖိုးမရှိတော့ပေ။
နာဂျာအပေါ်ထပ်က သူမအခန်းကို တက်လာခဲ့သည်။ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ရသော သူမ၏ အိပ်ရာလေးကို ကြည့်သည်။ နောက်လိုက်ကာအဖြူ ခပ်ရိုးရိုးတပ်ထားသည့် ပြတင်းကိုကြည့်သည်။ နောက်ပြတင်းပေါက်ကနေ နေရောင်ဖြာကျနေသည့် ပန်းခြံထဲကိုကြည့်သည်။ စားပွဲကိုလက်နှင့် အသာအယာပွတ်သပ်ကြည့်သည်။ စားပွဲရှေ့မှာ ၀င်ထိုင်ပြီး တွေးသည်။ ညနေစာစားသည်။ မလိုင်များများနှင့် လက်ဖက်ရည် ကောင်းကောင်း တစ်ခွက်သောက်သည်။ သို့သော် ဘာလိုနေသလိုလို။ အခန်းတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေသလို၊ ခံစားနေရသည်။ နောက်အိပ်ရာပေါ်မှာလှဲပြီး မျက်စိမှိတ် အိပ်ဖို့ကြိုးစားမိသည်။ သို့သော် ဘာကြောင့်မှန်းမသိ နွေးထွေးနူးညံ့သော အိပ်ရာပေါ်အိပ်နေရာတာ ရယ်စရာကောင်းသလို ဖြစ်နေသည်။ အခန်းထဲကို ညီးနာဝင်လာသည်။ ထိုင်ပြီး အပြစ်တင်သည့်အကြည့်၊ ကြောက်ရွံ့သည့် အကြည့်တို့ဖြင့် ကြည့်သည်။
“ဘယ်လိုလဲနာဂျာ” သူမက ခဏနားပြီး ဆက်ပြောသည်။
“ညည်းကျေနပ်တယ်ပေါ့၊ သိပ်ကျေနပ်တယ်ပေါ့”
“ကျေနပ်တယ်မေမေ” နာဂျာက ဆက်ပြောသည်။
“သမီးကို မေမေ ဘယ်လိုမြင်လဲ။ မေမေသိလား သမီးဒဿနသင်တယ်။ အရာရာကိုတွေးတယ်။ ဒဿအမြင်နဲ့ ကြည့်တယ်။ သမီးအတွက် အရာတော်တော်များများဟာ ရှင်းရှင်း လင်းလင်း ဖြစ်လာတယ်။ အဲဒီအတွက် သမီးကျေနပ်တယ်။ ဘ၀ဆိုတာ သုံးမြောင့်ဖန်တုံးကို ဖြတ်လာတဲ့ အလင်းတန်းလိုပဲ…..
“သမီးကိုပြောပါမေမေ။ အခုအဘွားရဲ့ ကျန်းမာရေးက ဘယ်လိုလဲ..။”
“ဘာမှ မဖြစ်ဘူးလို့ ပြောရမလားပဲ။ နင် စာရှာနဲ့ထွက်သွားပြီး နင့်ဆီက ကြေးနန်းရတယ်။ အဲဒီကြေးနန်းစာဖတ်ပြီး မူးလဲတယ်။ သုံးရက်လုံးလုံး အိပ်ရာထဲ မလှုပ်မယှက်လဲနေတယ်။ နောက် ဘုရားရှိခိုးလိုက်၊ ငိုလိုက်နဲ့ ခုတော့ ဘာမှမဖြစ်တော့ဘူးလို့ ဆိုရမှာပဲ..”
“ဘ၀ဆိုတာ သုံးမြောင့်ဖန်တုံးကို ဖြတ်လာတဲ့ အလင်းတန်းလိုပဲ ရောင်စဉ်ခုနစ်ခု တစ်ခုချင်းခွဲဖြာသွားသလိုမျိုး ဘ၀မှာလည်း အခြင်းအရာတစ်ခုချင်း၊ ဘာသာရပ်တစ်ခုချင်းစီကို သီးခြားစီ သင်ယူလေ့လာရမယ်။”
အမေထွက်သွားခါနီး ဘာတွေပြောသွားမှန်း နာဂျာမကြားလိုက်တော့။ မကြာခင်မှာပဲ သူမအိပ်ပျော်သွားသည်။
မေလကုန်ပြီး ဇွန်လထဲရောက်လာသည်။ နာဂျာလည်း တဖြည်းဖြည်း အိမ်မှာအသားကျလာသည်။
အဘွားမာဖာတစ်ယောက် ရေနွေးတစ်အိုးနဲ့ အလုပ်တွေ ရှုပ်နေတာ၊ ညီးနာက ညနေတိုင်း သူမအတွေးတွေ
လာလာပြောတာ၊ ဒါမှမဟုတ် အဘွားကို ပြုစုနေတာတွေက နာဂျာ့အတွက် တွေ့နေမြင်နေကျ မြင်ကွင်းတွေ
ဖြစ်လာသည်။အိမ်မှာလည်း ယင်တွေက တဖြည်းဖြည်း များလာသည်။ အခန်းမျက်နှာကျက်တွေမှာ၊ မီးဖိုခန်းနဲ့ ဧည့်ခန်းတွေမှာ …။ တဖြည်းဖြည်း ပိုဆိုးလာသလို ထင်ရသည်။ အမေနှင့် အဘွားမာဖာတို့က အပြင်လည်း မထွက်ကြ။ မတော်တဆ အန်ဒရိန်တို့ သားအဖနှင့် ဆုံမှာကြောက်ကြသည်။ နာဂျာကတော့ ပန်းခြံထဲ ထွက်သည်။ လမ်းပေါ်ထွက်သည်။ မြို့ထဲသွားသည်။ လျှောက်ကြည့်သည်။ မြို့လေးကား ဘာမှ အသစ်အဆန်းပြောင်းလဲမှုမရှိ။ တဖြည်းဖြည်း အိုမင်း ပျက်စီးနေသည်။ လတ်ဆတ်နုပျိုမှုတို့ကို မတွေ့ရ။ ကိုယ့်ဘ၀အသစ်ကို ခပ်မြန်မြန်လေး ရှင်းရှင်းလင်းလင်း မြင်လာနိုင်ရင်တော့ ထိုအရာတွေကို ဟားတိုက်ရယ်မောနိုင်လေမည်လားမသိပေ။ သေချာတာကတော့ လွတ်လပ်ပေါ့ပါး ပျော်ရွှင်ရမှာ အမှန်ပင်။ မြေအောက်ထပ်က ညစ်ပတ်စုတ်ပြည်သည့် အခန်းထဲမှာ အိမ်ဖော်လေးယောက် စုပြုံအိပ်ရသည့် အဘွားမာဖာ၏ အိမ်ကြီးကို ပြန်ပြင်ဆောက်မည့် အချိန်၊ အိမ်ကြီး၏ စုတ်ပြတ်ဆိုးဝါးမှုတွေ အရိပ်ငွေ့လေးတောင် မကျန်တော့ပဲ လှပခမ်းနားလာမယ့်အချိန် ရှိလာပါဦးမည်လားမသိ။ အခုတော့ သူမပန်းခြံထဲ လမ်းဆင်းလျှောက်တဲ့အချိန် ခြံစည်းရိုးကို ခေါက်ပြီး “သတို့သမီး၊ သတို့သမီး”ဟု အော်ဟစ် နောက်ပြောင်တတ်သော ကလေးတွေကြောင့်သာ နာဂျာတစ်ယောက် ပျော်ရွှင်နေရသည်။
စာရှာ့ဆီက စာတွေရောက်လာတတ်သည်။ သူ့ရဲ့ဘော်လ်ဂါ ခရီးစဉ်က သူ့ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။ သူဆေးရုံတက်ရသည်။ အသံပျောက်သွားပြီး ဆေးရုံပေါ်မှာ နှစ်ပတ်လောက် လှဲနေရသည်။ သူသည့်ထက် ပိုခံနိုင်တော့မှာမဟုတ်တာ သူမနားလည်လိုက်သည်။ ဒီသတင်းကြားရတာ သူမ စိတ်မကောင်းဖြစ်မိပေမယ့် မပူပန်မိတော့။ သူမရှင်သန်ချင်သေးသည်။ ပီတာစဘက် ရွှေမြို့တော်ကို ပြန်သွားချင်သေးသည်။
စာရှာသယ်ဆောင်လာခဲ့သော သူမဘ၀ကို ပြန်ရောက်ချင်သည်။သူမတစ်ညလုံး အိပ်မပျော်။ မနက်လင်းတော့ ပြတင်းပေါက်နားထိုင်ပြီး နားစွင့်နေမိသည်။ အောက်ထပ်မှ အဘွားမာဖာ၏ စိုးရိမ်တကြီး မေးမြန်းနေသံ ကြားရသည်။ ပြီးတော့ တယောက်ယောက် ငိုသည့်အသံ ကြားရသည်။ နာဂျာအောက်ထပ်ဆင်းလာတော့ အဘွားက ထောင့်တစ်ထောင့်မှာ ဘုရားရှိခိုးနေသည်။ သူမမျက်နှာက ငိုထားမှန်း သိသာသည်။ စားပွဲပေါ်မှာတော့ ကြေးနန်းတစ်စောင်ကို ဖွင့်လျက်သားတွေ့ရသည်။ မနေ့မနက်က စာရှာ အဆုတ်ရောဂါနှင့် ဆုံးသွားကြောင်း ပို့လိုက်သည့် ကြေးနန်းစာဖြစ်သည်။
အဘွားနဲ့ အမေက ဘုရားကြောင်းသွားပြီး စာရှာအတွက် သရဏဂုံတင်ကြသည်။ နာဂျာ အခန်းထဲမှာ
ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်းတွေးနေမိသည်။ နောက်ဆုံး သူမသဘောပေါက်လာသည်။ စာရှာဖြစ်စေချင်ခဲ့သည့် ဘ၀ကို သူမပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သူမသည် ဤနေရာ ဤ အသိုင်းအ၀ိုင်း၌ လူပိုသက်သက်သာ ဖြစ်သည်။ သူမ၏ဘ၀သည် ဒီမှာမရှိ။ အထီးကျန်ဖြစ်နေသည်။ မသက်ဆိုင်သူဖြစ်နေသည်။ ဤအသိုင်းအ၀ိုင်းမှလည်း သူမအနေနှင့် ဘာမှမလိုအပ်၊ ဤနေရာသည် သူမနေရာမဟုတ်ပေ။ အရင်က ခံစားချက်များအားလုံးသည် မီးလောင်ပြီးနောက် လေထပျြောက်ကွယ်သွားသေ ပြာမှုန်များလိုပင် ပျောက်ကွယ်သွားကြသည်။
စာရှာ့အခန်းထဲ ၀င်ကြည့်မိသည်။ “နေရစ်ခဲ့တော့ စာရှာရေ”လို့ တီးတိုးနှုတ်ဆက်မိသည်။ သူမရှေ့မှာတော့
အစိမ်းသက်သက် ဖြစ်နေတဲ့ လျှို့ဝှက်ချက်တွေပြည့်နေတဲ့ ဘ၀အသစ်က ရေးဆွဲပြီးသားလို မြင်နေရသည်။ သူမကို ဆွဲဆောင်နေသည်။ နောက် ကိုယ့်အခန်းကိုယ်ပြန်ပြီး နှစ်နျစ်ခြိုက်ခြိုက် အိပ်လိုက်သည်။
နောက်တစ်နေ့မနက်မှာတော့ ပျော်ရွှင်စွာပင် သူမစိတ်ကူးခဲ့သည့်အတိုင်း မြို့လေးကို ထာဝရလက်ပြနှုတ်ဆက်ပြီး ထွက်သွားပေတော့မည်..
ချက်ကော့ဗ်၏ သတို့သမီးကို ပြန်ဆိုသည်။
Невеста А . П .Чехова
notes; ဘလော့ဂ်လေးကို မရောက်ဖြစ်တာ ဘယ်လောက် ကြာသွားမှန်းမသိအောင် ပစ်ထားခဲ့မိတယ်။ ခဏခဏ ရေးမယ်ရေးမယ်နဲ့ စိတ်ကူးမိခဲ့ပေမယ့် တကယ့်တကယ်ကျ မလုပ်ဖြစ်ပြန်ဘူး။ ခုတော့ ဖြစ်ညစ်ပြီး ကျန်နေတဲ့ အကြွေးကို ချေလိုက်ပါတယ်။ ဘာသာပြန်ပြီးတာကတော့ တော်တော် ကြာနေပါပြီ။ အွန်လိုင်းပေါ် မရောက်ဖြစ်တာကော ရေးတုန်းက လက်နဲ့ရေးထားတာမို့လို့ ကွန်ပျူတာနဲ့ ပြန်ရိုက်ရမှာ ပျင်းနေတာနဲ့ကောကြောင့် မတင်ဖြစ်ရာကနေ ခုတင်ဖြစ်သွားတော့ တော်တော်လေး စိတ်လက်ပေါ့ပါးသွားပါတယ်။ မရှိတုန်း ခြံဝကနေ လာလာအော်တဲ့ အစ်ကိုအစ်မတွေ၊ ခြံထဲထိဝင်ပြီး အော်ဟစ်သွားတဲ့ အစ်ကိုအစ်မတွေနဲ့ အိမ်ရှင်များ ပြန်လာပလား ခြံရှေ့ကနေ ဖြစ်ဖြစ်ကြည့်သွားကြတဲ့ အစ်ကိုအစ်မတွေအားလုံးကို ကျေးဇူးလည်းတင်၊ အားလည်းနာ၊ တောင်းလည်း တောင်းပန်ပါတယ်....
ပျော်ရွှင်ပါစေ...
ဝေလင်း