အိမ်အပြန်လမ်းက ပန်းပုဝါ
ဖလော်ရီဒါက ကမ်းခြေကို သွားကြမယ့်အဖွဲ့ဖြစ်သည်။ ယောက်ျားလေး သုံးယောက်၊ မိန်းကလေးသုံးယောက် ဖြူလွလွသောင်ပြင်နဲ့ နွေးထွေးတဲ့ နေရောင်ခြည်၊ ရေပြာပြာပင်လယ်နဲ့ လတ်ဆတ်တဲ့ လေကိုတွေးပြီးပျော်မြူးနေကြသည်။ တစ်ယောက်နဲ့တစ်ယောက်လည်း ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင် စနောက်ပြီး လိုက်ပါလာကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း အပြုံးပန်းတွေပေးလို့။ ကားပေါ်မှာ ပါလာတဲ့ အခြားခရီးသည်တွေကိုလည်း သူတို့လိုပင် ပျော်ရွှင်စေချင်ကြသည်။
သူတို့နားက ခုံမှာတော့ ခပ်ငယ်ငယ်လူရွယ်တစ်ယောက်လိုက်ပါလာသည်။ တစ်ချက်ချက် ပေါက်ကွဲထွက်လာတဲ့ ရယ်သံတွေ၊ လူငယ်တွေရဲ့ ပျော်ရွှင်မှုလှိုင်းက သူ့မျက်နှာက မှိုင်တွေငေးမောတဲ့ အမူအရာကို ပျောက်ကွယ်သွားအောင် မရိုက်ခတ်နိုင်သည့်အလား မှိုင်တွေပြီးလိုက်ပါလာသည်။ ခုံပေါ်မှာ ခပ်ကျုံ့ကျုံ့ထိုင်နေတဲ့ပုံက စိတ်နဲ့လူနဲ့ မကပ်သလိုလို။
လူငယ်တွေအဖွဲ့ထဲက မိန်းကလေးတစ်ယောက်က အဲဒီလူရွယ်နားသွားထိုင်သည်။ အဲဒီမိန်းကလေးကြောင့် ထိုလူငယ်ရဲ့နာမည်ဟာ ဗင်ဂိုး ဆိုတာနဲ့ နယူးယောက်ထောင်မှာ လေးနှစ်ပြစ်ဒဏ်ခံပြီး ပြန်လာတဲ့လူဆိုတာ သိကြရသည်။ အဲလို သိရတော့ ခရီးသွားတွေ ပိုအံ့ဩကြရသည်။ ထောင်ကလွတ်လာပြီး အိမ်ပြန်မယ့်သူက ပျော်ရွှင်မနေဘဲ ဘာလို့များမှိုင်တွေနေရပါလိမ့်ပေါ့…။
“ရှင့်မှာ အိမ်ထောင်ရှိသလား..?” မိန်းကလေးက မေးလိုက်သည်။
ထိုရိုးစင်းသောမေးခွန်းနောက်မှာ ခပ်ဆန်းဆန်း အဖြေက လိုက်လာသည်။
“မသိပါဘူးဗျာ..”
အဲဒီအဖြေကိုကြားတော့ မိန်းကလေးက တအံ့တဩနဲ့ ထပ်မေးသည်။
“မသိဘူး ဟုတ်လား..?”
“ကျွန်တော်ထောင်ထဲဝင်ရတော့မယ်ဆိုတော့ ကျွန်တော့်မိန်းမဆီ စာတစ်စောင် ရေးခဲ့တယ်။ အဲဒီစာထဲမှာ ကျွန်တော်ဟာ ထောင်ထဲမှာ အချိန်အကြာကြီးနေရမှာမို့လို့ တကယ်လို့များ သူ့အနေနဲ့ စောင့်ရမှာ ခက်ခဲတယ်ဆိုရင် ၊ တကယ်လို့များ ကလေးတွေက သူတို့အဖေအကြောင်း မေးကြရင်၊ အဲလိုဖြစ်လာလို့ သူမနာကျင်ရတယ်ဆိုရင် ၊ ခြုံပြောရရင်တော့ သူမအတွက် ရပ်တည်ဖို့ ခက်ခဲလာခဲ့ရင် ကျွန်တော့်ကို မေ့ပစ်လိုက်ပါ။ နောက်အိမ်ထောင်ပြုချင်လည်း ပြုပါ။ ကျွန်တော်နားလည်နိုင်ပါတယ်။ ပြီးတော့ နောက်အိမ်ထောင်ပြုမယ်ဆိုလည်း ကျွန်တော့်ကို အကြောင်းကြားနေဖို့မလိုပါဘူးလို့ ရေးလိုက်တယ်။”
“ဆိုလိုတာက အခုရှင်ပြန်သွားရင် အိမ်မှာ ရှင့်ကို ဘာက စောင့်ကြိုနေမယ်ဆိုတာ မသိဘူးပေါ့.. ဟုတ်လား..?”
“ဟုတ်တယ်..” တုန်ရင်မှုကို ဖုံးကွယ်ထားတဲ့ အသံနဲ့ ဗင်ဂိုးက ဖြေသည်။
“ပြီးခဲ့တဲ့ တစ်ပတ်လောက်က ထောင်ထဲမှာ အနေအထိုင်ကောင်းမွန်လို့ဆိုပြီး ကျွန်တော့်ကို လွတ်ရက်ထက် စောလွတ်မယ်ဆိုတဲ့ သတင်းကြားတော့ ကျွန်တော်သူ့ဆီကို နောက်ထပ် စာတစ်စောင် ထပ်ရေးလိုက်တယ်။ ကျွန်တော်တို့မြို့နားရောက်ရင် သတိထားကြည့်ကြပေါ့။ လမ်းဘေးနားမှာ ၀က်သစ်ချပင်ကြီး တစ်ပင်ရှိတယ်။ တကယ်လို့ သူ့အနေနဲ့ ကျွန်တော့်ကို လိုအပ်သေးရင်၊ ကျွန်တော့်ကို စောင့်နေသေးတယ်ဆိုရင် အဲဒီဝက်သစ်ချပင်ကြီးမှာ အ၀ါရောင်ပုဝါလေး ချိတ်ထားပေးပါ။ အဲလိုချိတ်ထားခဲ့ရင် ကျွန်တော်ကားပေါ်က ဆင်းပြီးအိမ်ကို ပြန်လာခဲ့မယ်။ တကယ်လို့ သူမအနေနဲ့ ကျွန်တော့်ကို မတွေ့ချင်တော့ဘူးဆိုရင် ဘာမှမလုပ်ထားပါနဲ့တော့။ ကျွန်တော်ဘတ်(စ်)ကားပေါ်ကနေပဲ မြို့ကို ဖြတ်ကျော်သွားပါတော့မယ်လို့ စာထဲထည့်ရေးလိုက်တယ်…။”
မြို့ကိုရောက်ဖို့က ဘယ်လောက်မှမလိုတော့ပေ။ ကားပေါ်က လူငယ်တွေအားလုံး မြို့ရှိရာဘက်သို့ အလုအယက်ပင် ၀င်ထိုင်ကြကာ လမ်းတလျှောက်က မိုင်တိုင်တွေကို ကြည့်ပြီး ရေတွက်လာကြသည်။ ဗင်ဂိုးကတော့ ရလဒ်ကို မကြည့်ရဲ၍ထင့် ခြေကုန်လက်ပန်းကျစွာ မျက်လုံးမှိတ်ထားသည်။
၁၀ကီလိုသာ ကျန်တော့သည်။ နောက်၅ကီလိုမီတာ… ပြီးတော့ ရုတ်တရက် ကားပေါ်က ခရီးသည်တွေအားလုံး ကိုယ့်နေရာကနေ ထခုန်ကုန်ကြသည်။ ၀မ်းမြောက်ဝမ်းသာ အော်ဟစ်ကခုန်ကြသည်။
ဗင်ဂိုးထပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ ၀က်သစ်ချပင်တစ်ပင်လုံးက ရှိသမျှ အကိုင်းတွေမှာ အ၀ါရောင်ပုဝါလေးတွေနှင့် ပြည့်နှက်နေသည်။ လေနှင့်အတူ တလူလူလွင့်ပြီး အိမ်ပြန်လာတဲ့ လူတစ်ယောက်ကို ကြိုဆိုနှုတ်ဆက်နေကြလေသည်။
Борис Ганого ၏ Ожидание ကိုပြန်ဆိုသည်။
6 comments:
ိဟိုတလောကပဲ ဘယ်နားမှာလည်း မသိဘူး ဖတ်လိုက်ရတယ်..
ကြိုက်လို့ ခုလည်း ထပ်ဖတ်သွားပါတယ်..
ဖဲကြိုးဝါနဲ့ ယုဇပင် သီချင်းလေးကို နားထဲ ကြားယောင်မိသွားတယ်။ လိမ္မာတယ် အမပြောစကား နားထောင်သားပဲ...။ အနဲဆုံး တလ ၄ပုဒ်လောက်တော့ တင်ပါဟယ်... တပတ်တပုဒ်ပေါ့....:)
ကောင်းပါတယ်ဗျာ။ စိတ်ကြည်နူးစရာ ပုံပြင်လေးပေါ့။
ဖတ်လို့ကောင်းတတဲ့ ဇာတ်လမ်းလေးပါပဲ။
အခုမှ အကြွေးလာဆပ်ဖြစ်တော့တယ်...
ဖတ်ပြီး ပျော်သွားတယ် .. :D
Post a Comment