Wednesday, February 10, 2010

ကျွန်တော်တို့ချစ်သော....


ကျွန်တော်ဟိုတစ်နေ့က ဦးလေးတစ်ယောက်နဲ့ ဖုန်းပြောရင်း ကျွန်တော်က email လိပ်စာပေးမယ်လို့ပြောပြီး ကျွန်တော့်အကောင့်ကိုပြောပါတယ်။ *****@gmail.com လို့ ပြောတော့။ ထပ်မေးပါတယ်။ မြို့နာမည်ကကောတဲ့။ ကျွန်တော့်ဦးလေးရဲ့ တုံးအမှုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အင်တာနက်သုံးနိုင်တဲ့ လူအရေအတွက်က ဘယ်လောက်မှမရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုမေးခွန်းမျိုးတွေထွက်လာတာ သိပ်တော့ အံ့ဩစရာမကောင်းပါဘူး။ TV တောင် အိမ်တိုင်းမရှိနိုင်တဲ့နိုင်ငံမှာ( TV အစီအစဉ်ကလည်း free က နှစ်လိုင်းပဲရှိပါတယ်။ ဒီမှာဆို လိုင်းသုံးဆယ်ကျော်ပါတယ်။ မြန်မာနိုင်ငံက TV နှစ်လိုင်းက ပေးတဲ့ information ကလည်း သိတဲ့အတိုင်းပါပဲ) Thomas L. Friedman ပြောသလို “ကမ္ဘာပြားပြီ” လို့ ပြောနိုင်ဖို့ မဖြစ်နိုင်တာ သေချာပါတယ်… “The World Is Flat” ထဲကလို နည်းပညာ အသုံးချဖို့ ဆိုတာ အီးမေးလ်လောက်တောင် မသိတဲ့ လူတွေအတွက် သိပ်ဝေးလွန်းနေပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ကမ္ဘာက မပြားသေးဘူးလို့ ရဲရဲကြီး ပြောဝံ့ပါတယ်။
ပညာရေးအနေနဲ့ မြန်မာတွေ မညံ့ပါဘူး… “ The Gardener” blog က ကို Zephyr ပြောသလို ပါပဲ။ မြန်မာနိုင်ငံ ပညာရေးစနစ်က က ကြီးရေ က အဆင့်ကနေ ပြန်စဖို့ မလိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာလည်း အမှန်ပါပဲ...။ ခက်တာက ကျောင်းတွေကို နေရာအနှံ့ခွဲထားတော့ ကျောင်းတွေက များနေပြီး အဲဒီကျောင်းတွေကို ထောက်ပံ့ပေးနိုင်အားက အဲ့လောက်မရှိတာပါပဲ။  

ဂျူးစာအုပ်ထဲက ၁၀ တန်း ကျောင်းသူလိုတော့ ရှိချင်လည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် မတွေ့ဖူးတာတော့ အမှန်ပါပဲ။ အဲဒီမိန်းကလေးလို အင်္ဂလိပ်စာအုပ်တွေ ဖတ်ဖို့ မပြောနဲ့ စာဆိုတာကို ကျောင်းပြဌာန်းစာအုပ်တောင် ကောင်းကောင်း မဖတ်ဖူးတဲ့ လူက များနေပါတယ်။ တကယ်ပြောတာပါ။ အဆောင်တွေက၊ ကျူရှင်တွေက ထုတ်ပေးတဲ့notes လောက် ကျက်ပြီး ဆယ်တန်းအောင်လာသူတွေမနည်းပါဘူး...

ကျွန်တော်တို့ဒီရောက်တော့ မေးကြပါတယ်။ အင်္ဂလိပ်စကားကို ဘယ်နှစ်နှစ်သင်ခဲ့လဲတဲ့ ကျောင်းမှာပဲ ၁၁ နှစ်ဆိုတော့ အံ့ဩကြပါတယ်။(တော်လို့မဟုတ်ဘူးဆိုတာတော့ သိမှာပါ) ကျွန်တော်ကကို အသုံးမကျတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းတော့လည်း မဟုတ်တာ သေချာပါတယ်။ မှားနေတာတော့ သေချာပါတယ်။ ခုရုရှားစကားသင်နေပါတယ်။ တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ လုံးဝကျွမ်းနေပြီလို့ မပြောလိုပေမယ့် ၁၁ နှစ် ၁၂ နှစ်လောက်ထိ သင်လာခဲ့တဲ့ အင်္ဂလိပ်စကားထက်တော့ ကောင်းတာသေချာပါတယ်။ ဒါမျိုးဟာ ဖြစ်တော့မဖြစ်သင့်ပါဘူး။ ဒါပေမယ့်လည်း ဖြစ်နေပါတယ်။ မတတ်နိုင်ပါဘူး။ ပြန်တွေးကြည့်ရင် အင်္ဂလိပ်စာအတွက် ကုန်ခဲ့တဲ့အချိန်တွေကို နှမျှောဖို့ကောင်းပါတယ်။

ကျွန်တော်တို့တတွေဆယ်တန်းအောင်ကြတော့ ဘာတွေလျှောက်မလဲ စဉ်းစားကြတဲ့အခါ ကျောင်းပြီးရင် ဘာလုပ်လို့ရနိုင်မလဲ ဆိုတာကိုပဲ အဓိကတွေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အလုပ်ရှားလို့ပါ။ ၀ါသနာတွေဘာတွေက နောက်မှပါ။ ဘွဲ့ရ အလုပ်လက်မဲ့ဆိုတာမျိုးတော့ အဖြစ်မခံချင်ပါဘူး။ Instituted တွေက ဆင်းလာတဲ့ကျောင်းသားတောင် အလုပ်ရဖို့ခက်ခဲနေတဲ့ အခြေအနေမှာ ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်က ဘွဲ့ရလာသူအတွက်တော့ တော်တော် မျှော်လင့်ချက် မဲ့ပါတယ်။ အခုနောက်ပိုင်းဆို အဝေးသင်နဲ့ဘွဲ့ရတဲ့လူကို အလုပ်မခန့်တာမျိုးတွေပါရှိလာပါတယ်။ ဒီဘာသာရပ်မှာ တတ်မြောက်ပါတယ်ဆိုပြီး ပေးလိုက်တဲ့ ဘွဲ့လက်မှတ်ချင်းအတူတူ အဲ့လိုဖြစ်လာရတာ သိပ်တော့မဟုတ်သေးပါဘူး။ ဘွဲ့ရရုံနဲ့လည်းအလုပ်မရ၊ အလုပ်လေးတစ်ခု ကံကောင်းထောက်မစွာရပြန်တော့လည်း မစားလောက်ဆိုတာမျိုးတွေဖြစ်လာတဲ့တိုင်းပြည်မှာ သူခိုးတွေပေါလာတာ သိပ်မဆန်းပါဘူး။ ခိုးတာမှဗြောင်ခိုးရတာပါ။ အလုပ်ဝင်ရင်တောင် ဘယ်ဌာနက ဂွင်ပိုကောင်းလည်း စဉ်းစားပြီးလျှောက်ကြလောက်အောင် စိတ်ဓါတ်ပျက်စီးနေရပါတယ်။ ရိုးသားရင်ငတ်လာမှတော့ ဘာလုပ်ကြဖို့ရှိပါသေးလဲ....

မြန်မာဇာတ်ကားတစ်ကားကြည့်မိပါတယ်။ မင်းမော်ကွန်းကားပါ။ အဲဒီဇာတ်ကားထဲမှာ မင်းမော်ကွန်းရဲ့ ညီနဲ့ ညီမက ပြောနေကြတာလေးပြောပြချင်ပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ရရင် အစ်ကိုနဲ့ အမေကို တိုက်နဲ့ထားမယ်၊ ကားနဲ့ထားမယ်နဲ့..မစားရ၀ခမမ်းပါပဲ။ အဲဒီဇာတ်ကားကြည့်ပြီး ကိုယ်ကပဲ မှားနေလားတွေးမိပါတယ်။ အဲဒီဇာတ်ကားအရတော့ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးရင် သူဌေးဖြစ်ပါတယ်။ မှတ်ထားလိုက်ပါ။

ခက်တော့လည်း ခက်ပါတယ်။ ဘက်စုံပညာရေးစနစ်ဆိုပြီးလုပ်ပါတယ်။ သိပ်ကောင်းတဲ့ စီမံကိန်းပါ။ ခက်တာက ဖြစ်မြောက်မလာတာပါ။ သူများနိုင်ငံတွေမှာလည်း ဘက်စုံပညာရေးစနစ်ပါပဲ။ ကွာသွားတာက ကျကျနနလုပ်နိုင်တာနဲ့ မလုပ်နိုင်တာပါ။ ဆရာ၊ဆရာမ လုံလောက်မှုမရှိရတဲ့အထဲ၊ ဘက်စုံပညာရေးစနစ်အတွက်ကလည်း ကျွမ်းကျင်သူတွေသင်မှဖြစ်မယ့် ဘာသာရပ်တွေပါ။ ရှိတဲ့ဆရာတွေကိုပဲ တစ်လလောက် မွမ်းမံသင်တန်းပေးပြီး ပြန်သင်ခိုင်းဖို့ဆိုတာ. စိတ်ကူးယဉ်ဆန်လွန်းပါတယ်။ အဲဒီတော့ ဘာဖြစ်လာလည်း ဆိုတာကတော့ ကွန်ပျူတာတွေ စာသင်ခန်းထဲမှာ ဖုန်တက်လာပါတယ်။ ကျောင်းသားတွေကတော့ မောင်ပုံ ဖြစ်နေဆဲပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကွန်ပျူတာတွေ ပျက်မှာစိုးလို့ပါတဲ့…။ ဒါလည်း ဟုတ်တာပဲနော်…။ 

နောက် ဆရာ၊ဆရာမတွေကို သူတို့မေဂျာမဟုတ်တဲ့ ဘာသာတွေသင်ခိုင်းတာ။ ဒါကလည်း ဖြစ်တော့မဖြစ်သင့်ပါဘူး။ ဒီကဆရာဆရာမတွေဆို သူတို့သင်တဲ့ဘာသာရပ်မှာ သူတို့က ပရော်ဖက်ရှင်နယ်ပါပဲ။ ကျွမ်းကျင်မှုရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တလျှောက်လုံးလေ့လာလာခဲ့တဲ့ သူတို့မေဂျာဘာသာဖြစ်နေလို့ပါ။ 
ခက်တာက ကျောင်းသားတွေ စာဖတ်ဝါသနာပါအောင် ပျိုးထောင်ဖို့နေနေသာသာ၊ ကိုယ်တိုင်က ၀ါသနာပါလို့ စာဖတ်ချင်တဲ့ ကျောင်းသားရှိရင်တောင် စာအုပ်တွေပျောက်မှာစိုးလို့ဆိုပြီး ကျောင်းစာကြည့်တိုက်က ဘယ်တော့မှမဖွင့်ပါဘူး။ ခက်ဖူးလားနော်….။

နောက်တစ်ခုက နယ်လေးတွေက ကျောင်းတွေအတွက်ပါ။ မြို့ကျောင်းတွေမှာ ဆရာဆရာမတွေပုံနေသလောက် အဲဒီကျောင်းလေးတွေမှာ လောက်တောင် မလောက်ပါဘူး။ ကျွန်တော်တို့မြို့က ရွာလေးတွေမှာဆို ကျောင်းတစ်ကျောင်းလုံးမှ ဆရာမနှစ်ယောက်ပဲရှိတာမျိုး၊ သင်ရတာက သူငယ်တန်းကနေ လေးတန်းထိ၊ ရှိတဲ့ဆရာဆရာမက နှစ်ယောက်၊ သင်ရတာက မနက်ကိုးနာရီကနေ ညနေသုံးနာရီထိ။ ဒီကြားထဲ မြို့ကနေ ကျောင်းရှိတဲ့ရွာကိုရောက်အောင်သွားရတဲ့ခရီး၊ ဘယ်လောက်လုပ်နိုင်တော့မှာလဲ..။ စေတနာ ဘယ်လောက်ပဲ ပါဦးတော့ လူက လိုက်နိုင်ပါတော့မလား။ အဲဒီက ကလေးတွေကို သင်ကြားဖို့ ဆိုတာ စာတတ်ဖို့လောက်ထိပဲ ရည်မှန်းနိုင်တဲ့အခြေအနေမျိုးပါ။ အဲဒီလိုအခြေခံကနေ တက်လာရတဲ့ ကလေးတွေအဖို့ အရမ်းကြီး ထူးချွန်လာဖို့ဆိုတာ အိပ်မက်တောင် မက်ကြည့်လို့ မရပါဘူး။ အစကောင်းတိုင်း အဆုံးမကောင်းနိုင်ပေမယ့်၊ အစမှာကတည်းက ဆိုးခဲ့ရင်တော့ အဆုံးမှာလည်း မကောင်းနိုင်တာသေချာပါတယ်။
အဲလိုပြောလို့ မြို့ကကျောင်းသားတွေလည်း အကုန်လုံးတော်နေပြီလို့တော့ မဆိုလိုချင်ပါဘူး။ မြို့က ကျောင်းသားတွေလည်း ကျောင်းပြီးရင် Gtalk ပဲ တက်နေတယ်နဲ့တူပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေကြည့်လိုက်ရင် Gtalk မှာချည်းပဲ။ ( အဲဒီတော့လည်း ကျွန်တော့်ဦးလေးလိုတော့ မတုံးတော့ဘူးပေါ့) တစ်ခါတစ်လေတော့လည်း နားမလည်နိုင်ပါဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးလို့ဆိုကြပေမယ့် Gtalk တက်ရတာကိုတော့ ဘာကြိုက်ကြမှန်း တကယ်နားမလည်နိုင်ပါဘူး။ (ဒီနေရာမှာလည်း ကျွန်တော်မျိုးကြီး တော်တော်ညံ့တယ်လို့ပြောလို့ရပါတယ်။ကျွန်တော်လည်း အင်တာနက်သုံးဖြစ်ကာစကတော့ Gtalk တက်ပါတယ်။ ဒါပေမယ့် “ဟိုင်း”လို့ လာပြောရင် ပြန်ဟိုင်းတတ်ပြီး နေကောင်းလား၊ ကောင်းပါတယ်ပြီးရင် ဘာပြောရမှန်းမသိလောက်အောင် ညံ့ဖျင်းတဲ့အတွက် ပေါင်းသင်းဆက်ဆံရေး gtalk နယ်ပယ်မှာ ကျွန်တော်က အောင်မှတ်မရပါဘူး။ အဲဒီလိုပြောနေရတာကိုလည်း ပျင်းပါတယ်။ ဒါကြောင့် ဖိုရမ်တွေဘက်ခြေဦးလှည့်ရာကနေ တဖြည်းဖြည်းနဲ့ ဘလော့ဂ်ဘက်ရောက်လာတာပါ။ ဘလော့ဂ်ဂင်းပြီးနောက်ပိုင်းဆို  Gtalk ထဲကို ၀င်ကိုမ၀င်ဖြစ်တော့သလောက်ပါပဲ။ Gmail ဆိုလည်း ကိုယ့်သူငယ်ချင်းအရင်းတွေလောက်ပဲ စာပြန်ဖြစ်တော့တယ်။ gtalk ထဲက friends list ထက် blog ထဲက blog list ကိုပိုရင်ခုန်ပါတယ်။)

ငယ်ငယ်တုန်းကတော့ မြန်မာနိုင်ငံကြီးတော်တော်ချမ်းသာတယ်လို့ ထင်ခဲ့ဖူးပါတယ်။ သယံဇာတတွေပေါကြွယ်ဝတယ်။ အကောင်းဆုံးကျွန်းတွေ၊ ရေနံတွေ၊ ဆန်စပါးတွေ…။ တကယ်တော့ ငယ်ကတည်းက ကျွန်တော်က ငတုံးလေးပါ။ ခုတော့ နည်းနည်းကြီးလာပြီဖြစ်တဲ့အတွက် ငတုံးကြီးလို့လည်း ပြောလို့ရပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါနေတယ်ဆိုတာကို သိတာ သိပ်မကြာသေးပါဘူး။ အဲ့လိုတုံးပါတယ်။ ကိုယ့်ရဲ့ အသိအမြင်နည်းမှုကိုလည်း မရှက်တန်းဝန်ခံပါတယ်။ သိလည်းသိပါတယ်။ blogger တွေကြည့်လိုက်ရင် ကိုယ့်ထက် အသိအမြင်၊ ပညာအရည်အချင်း၊ အတွေ့အကြုံ အားလုံးသာကြသူတွေ ချည်းပါ။ blog ရေးနေတာကလည်း လူကြီးတွေလို မြင်ချင်လို့ လည်လေးတဆန့်ဆန့်၊ ခြေလေးတထောက်ထောက်နဲ့ ခုန်ဆွဆွနဲ့ ပွဲကြည့်နေတဲ့ ကလေးငယ်တစ်ယောက်လိုပဲ ကိုယ့်ကိုယ်ကိုထင်မိပါတယ်။

 မြန်မာနိုင်ငံအနေနဲ့တော်တော်ကြီးကို နောက်ကျကျန်ခဲ့တယ်ဆိုတာတော့ အထူးတလည် ပြောနေစရာတောင် မလိုတော့ဘူးထင်ပါတယ်။ ဒီနေ့ခေတ်မြန်မာလူငယ် အများစုမှာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူ ဘယ်နှစ်ယောက်များရှိပါသလဲ..။ တော်တော်ကြီးကိုနည်းပါတယ်။ နိုင်ငံရေးဆိုတဲ့နေရာမှာ နိုင်ငံရေးဆိုရာမှာ လက်ရှိအစိုးရကို ထောက်ခံဖို့၊ ဒါမှမဟုတ် ဆန့်ကျင်ဖို့၊ ဆန္ဒထွက်ပြဖို့ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ အတိုက်အခံပါတီတွေကို ထောက်ခံခိုင်းတာလည်း မဟုတ်ပါဘူး။ ဒီနေရာမှာ နိုင်ငံရေးဆိုရာမှာ မိမိနိုင်ငံတိုးတက်မှု၊ ဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်တွေကို သိမြင်ဖို့၊ နိုင်ငံ့နောင်ရေးကို စိတ်ဝင်စားဖို့၊ အဓိကကတော့ နိုင်ငံကို ချစ်မြတ်နိုးဖို့ပါ။ ကိုယ့်နိုင်ငံ အောက်ကျနောက်ကျ ဖြစ်နေတာကို ခံပြင်းဖို့နဲ့ ဘာလုပ်မယ်ဆိုတာကို တွေးဖို့ပါ။ ငါကဘာတတ်နိုင်မှာလဲ လို့တော့ မတွေးထင်ထား သင့်ပါဘူး။ တချို့သူငယ်ချင်းတွေကတော့ ပြောပါတယ်။ ကိုယ့်စီးပွားကိုယ် အေးအေးလုပ်နေရရင် ပြီးတာပဲတဲ့။ ဘယ်သူကမှ ကိုယ့်ထမင်းအိုး ဒုတ်နဲ့လာထိုးနေတာမှမဟုတ်တာတဲ့။ ကောင်းရောပါ။ ကျွန်တော်တွေးမိတာက ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက ဗိုလ်ချုပ်သာ ဘွဲ့လေးရအောင်လုပ်ပြီး မြို့အုပ်၊အရေးပိုင်ပဲ လုပ်မယ်လို့ တွေးခဲ့ရင် လွတ်လပ်ရေးဆိုတာ ဘာမှန်းတောင် သိခဲ့ကြရမှာ မဟုတ်ဘူးလို့ပါ။ လူငယ်တွေက လူကြီး ဖြစ်လာမှာပါ။ သူတို့ကမှ ခုချိန်မှာ အဲ့လိုတွေးနေရင် နောင်တစ်ချိန် သူတို့တာဝန်တွေဖြစ်လာမယ့်အချိန် ဘယ်လိုလုပ်ကြမလဲ မြင်ယောင်ကြည့်ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုကြည့်ကြည့် အားရစရာမရှိတာတော့ အမှန်ပါ။ မြန်မာတွေက ဟမ်းဖုန်းတစ်လုံးကို သိန်းနှစ်ဆယ်၊ အစိတ်ပေးဝယ်နေရတဲ့အချိန်မှာ လာအိုလိုနိုင်ငံမျိုးကတောင် လူတိုင်းဖုန်းကိုင်နိုင်နေပါပြီ။ မြန်မာနိုင်ငံက မီးတောင် မှန်မှန်မရတဲ့ အချိန်မှာ သူတို့တတွေက လျှပ်စစ်ကို တခြားနိုင်ငံကို ရောင်းစားနေပါပြီ။ လာအိုလိုနိုင်ငံနဲ့ နှိုင်းယှဉ်ရတာ အကြောင်းရှိပါတယ်။ လာအိုဆိုတာ တချိန်က မြန်မာနိုင်ငံလောက်တောင် တိုးတက်မှုမရှိတဲ့နိုင်ငံပါ။ သယံဇာတနေရာမှာလည်း မြန်မာနိုင်ငံလောက်မရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံပါ။ အဲဒီနိုင်ငံလည်း ဘာမှဟုတ်သေးတဲ့နိုင်ငံမဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက အဲဒီနိုင်ငံလောက်တောင်…… (ကျွန်တော်ဆက်မပြောတော့ပါဘူး)။
 မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံကြီး ဆင်းရဲတာ ချမ်းသာတာတွေ သိပ်စိတ်မ၀င်စားဘူးဆိုလည်း ဒီပို့စ်က အလုပ်ရှုပ်ရုံပေါ့။ မြန်မာနိုင်ငံကို မြန်မာနိုင်ငံသားတွေကမှမချစ်ရင်၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာတွေကမှ တွေးပူမပေးရင် ဘယ်သူတွေပူပေးမလဲ စဉ်းစားကြည့်နေပါတယ်။  “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ဆီသို့” လို့ ကြွေးကြော်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ခုထိ ဘာမှ ဖြစ်မလာသေးတာကို ကြည့်ရင်တော့ တစ်နေရာရာမှာ တစ်ခုခု မှားနေတာတော့ သေချာပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဦးတည်ချက်တွေ ဆိုတာ (နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး) ပြည်သူတွေ အလွတ်ရအောင် လုပ်ပေးဖို့ သက်သက် မဟုတ်တာတော့ သေချာပါတယ်။ ခက်တာကလည်း အဲလိုပဲဖြစ်နေပါတယ်။ နောက်တစ်ခုရှိတာက တိုင်းပြည်ဆူဆူပူပူဖြစ်နေလို့လည်း အလုပ်ပျက်ရုံအပြင် ဘာမှပိုပြီးကောင်းလာမယ်လို့ မမျှော်လင့်ပါဘူး။ ဒီမိုကရေစီရယ်လို့ နင်းကန်အော်နေကြပေမယ့် ဘာလဲဆိုတာတောင်သေချာသိကြရဲ့လားလို့လည်း ပြောချင်ပါတယ်။ အဲလို့ပြောလို့လည်း အတိုက်အခံပါတီတွေကို မကောင်းပြောတာမျိုးမဟုတ်ပါဘူး။ အားလုံးက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်နေကြသူတွေချည်းပဲမို့ လေးစားပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အဲဒီနိုင်ငံရေးကိုတော့ စိတ်လည်းမ၀င်စားပါဘူး။ ၀ါသနာလည်းမပါပါဘူး။ သိရအောင်တော့ အထိုက်အလျောက် လေ့လာကြည့်မိပါတယ်။ အဓိကပြောချင်တာက စီးပွားရေး၊ပညာရေးနဲ့ လူမှုရေးတွေပါတဲ့ နိုင်ငံ့အရေးပါ။ ပညာရေးမကောင်းလို့ စီးပွားရေးမကောင်း၊ စီးပွားရေးမကောင်းလို့ လူမှုရေးဘက်ကို ကောင်းမွန်အောင်မလုပ်နိုင်၊ လူမှုရေးဘက်က ချွတ်ချုံကျတော့ ပညာရေးမကောင်း၊ ဆိုတဲ့ အဆိုးကျော့သံသရာထဲက ရုန်းထွက်နိုင်ဖို့ပဲ စိတ်ဝင်စားပါတယ်။ ထမင်းတောင်မစားနိုင်လို့ ဆန်ပြုတ်ပြုတ်သောက်နေရတဲ့ မိသားစုတွေ မရှိစေချင်တော့ပါဘူး။ ကွန်ပျူတာဆိုတာ ဘာမှန်းတောင် သေချာမသိတဲ့ ကျောင်းသား၊ ဘွဲ့ရပြီးလည်း ဘာမှလုပ်လို့မရဘူးဆိုပေမယ့် လေးငါးတန်းနဲ့ ကျောင်းထွက်ထားရတဲ့ လူငယ်တွေ မရှိစေချင်တော့ပါဘူး။ သဘာဝဘေးအန္တရာယ်ကျရောက်လို့မှ ကယ်ဆယ်မယ့်လူ ရောက်မလာနိုင်တဲ့ အဖြစ်မျိုး၊ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ပဲသေဆုံးရတဲ့လူနာတွေ စတာတွေအားလုံး မတွေ့ချင်မမြင်ချင်တော့တာအမှန်ပါပဲ။ ဒီလိုပြောနေတာဟာ လက်ရှိအစိုးရ မကောင်းဘူးလို့ပြောနေတာမဟုတ်သလို၊ ဒီအစိုးရပြုတ်သွားမှကောင်းမယ်လို့တော့လည်း မမျှော်လင့်ပါဘူး။ အတိုက်အခံတွေဘက်က တက်လာလို့ကော ပိုကောင်းလာမယ်လို့ ဘယ်သူပြောနိုင်ပါသလဲ။

ဒီဆောင်းပါးကို ရေးဖြစ်တာလည်း အားမလိုအားမရဖြစ်လွန်းလို့ပါ။  အပြောင်းအလဲတော့ ရှိမှဖြစ်မှာမှန်ပေမယ့် ပိုကောင်းလာမယ်၊ ပိုဆိုးလာမယ်လို့တော့ တိတိကျကျ မပြောနိုင်တာသေချာပါတယ်။ အဲဒီလို ပိုကောင်းလာဖို့ကိုပဲ မျှော်လင့်ပြီး လုပ်ဆောင်နေကြရမှာပါ။
 မြန်မာဆိုတာ ဘယ်လိုလဲလို့ဆိုရင် ကောင်းတာလေးတွေပဲ မြင်ချင်တော့တာအမှန်ပဲ။ Google ထဲမှာ Myanmar လို့ ရိုက်လိုက်ရင် ကောင်းတာ၊ လှတာ၊ သာယာအဆင်ပြေတာလေးတွေပဲတွေ့ချင်တော့တာ အိပ်မက်တော့မဟုတ်တော့ဘူးလို့ ယုံကြည်ချင်ပါတယ်

Monday, February 8, 2010

ГБКЗ နဲ့ တစ်ညနေ...

ရောက်သွားတော့ ခြောက်နာရီ ဆယ်မိနစ်။ အ၀င်ပေါက်မှာ တံခါးမှားဖွင့်နေသဖြင့် အထဲက မိန်းကလေးတစ်ယောက်က ပြောပြလိုက်သေးသည်။ ၀င်ဝင်ချင်းပဲ အနောက်တိုင်းဝတ်စုံအပြည့်အစုံနှင့် အမျိုးသားတစ်ယောက်က လက်မှတ်ကိုတောင်းက ဖြတ်လိုက်သည်။ နောက်အင်္ကျီထားရာ ကောင်တာတွင် အနက်ရောင် ယူနီဖောင်းကိုယ်စီနှင့် မိန်းကလေးသုံးယောက် ရပ်နေသည်ကိုတွေ့ရသည်။
“အင်္ကျီက ဒီမှာအပ်ရမှာလား?”
“ဟုတ်ပါတယ်ရှင်”
အနွေးထည်၊ လက်အိပ်နှင့် ဦးထုပ်တို့ကို ချွတ်ပေးလိုက်သည်။ နောက်သူတို့က ကဒ်ပြားတစ်ခုကို ထုတ်ပေးသည်။ ГБЛЗ-167 တဲ့။ တဆက်တည်း လက်မှတ်ထုတ်ပြပြီး သူတို့ကိုမေးလိုက်သည်။ 
“ဘယ်ကိုဆက်သွားရမလဲ”
“ညာဘက်လှေကားကနေတက်သွားလိုက်ပါ။ ဒုတိယထပ်မှာ”
လှေကားရောက်တော့ နောက်ထပ်မိန်ကလေးသုံးယောက်ကို တွေ့သည်။ ထပ်မေးတော့ တံခါးတစ်ခုကို ညွှန်ပြပြီး
“အဲဒီတံခါးကနေ၀င်သွားလိုက်ပါ။ အဲဒီထဲမှာရှိတဲ့မိန်းကလေးက ဆက်ပြီးကူညီပါလိမ့်မယ်”
အထဲရောက်တော့မိန်းကလေးနှစ်ယောက်ကို ထပ်တွေ့သည်။ ယူနီဖောင်းကိုယ်စီနှင့်ပင် ဖြစ်သည်။ လက်မှတ်ထုတ်ပြတော့ ခဏစောင့်ခိုင်းသည်။ အထဲက ဂစ်တာသံသဲ့သဲ့က အပြင်ကိုလျှံကျနေသည်။ ခဏကြာတော့ တေးသွားတစ်ပုဒ်ပြီးကာ လက်ခုပ်သံများထွက်ပေါ်လာသည်။ ယူနီဖောင်းနှင့်မိန်းကလေးက ၀င်ရန်ပြောသဖြင့် အထဲဝင်ကာ အတန်း ၁၃ က ခုနံပါတ် ၂၈ မှာဝင်ထိုင်လိုက်သည်။ သေချာထိုင်ပြီးချိန်မှာ စင်ပေါ်က ဂစ်တာသမားက နောက်တစ်ပုဒ်စတီးနေပြီ။ ဒီလိုနဲ့တစ်ပုဒ်၊ ပြီးနောက်တစ်ပုဒ် အပြေးအလွှား ဆင်းလာလိုက်၊ ညင်ညင်သာသာလေး တက်သွားလိုက်၊ ကျဲသွားလိုက်၊ စုသွားလိုက်။ ဂီတရဲ့ဖမ်းစားမှုအောက်မှာ မျှောလွင့်သွားလိုက်၊ ပြုတ်ကျလာလိုက်၊ တလိုက်လိုက် တဖိုဖို.....။
အခန်းအနားမှူးအမျိုးသမီး တက်လာပြီး(၁၅)မိနစ် နားကြောင်းပြောသည်။
ဂီတရဲ့ ပွတ်သပ်မှုအောက်မှာ သူစိတ်တွေလတ်ဆတ်ပြုံးရွှင်နေခဲ့သည်။ အညောင်းပြေအညာပြေ လမ်းလျှောက်ရင်း လှေကားအဆင်းမှာ သူနဲ့ဆုံသည်။ သူ့မျက်နှာမှာလည်း ကိုယ့်လို ကြည်နူးရိပ်နဲ့ပေပဲ။ နှစ်ယောက်သား စကားတွေဆိုဖြစ်ကြသည်။ ဂီတအကြောင်း၊ ဇာတ်ရုံအကြောင်း၊ နောက်နေ့မှာကျရောက်မယ့် ပွဲတော်နေ့အကြောင်း၊ နောက်သူ့အကြောင်း၊ ကိုယ့်အကြောင်း နှလုံးသားချင်း တစိတ်တပိုင်း နားလည်မိကြ။ မကြာလိုက်ခင်မှာပဲ ပွဲပြန်စတော့မည့် အချက်ပေးဂီတသံလေး ထွက်ပေါ်လာခဲ့သည်။ နှစ်ယောက်သား မခွဲချင် မခွာချင် အကြည့်တချို့ ဖလှယ်မိကြ။ နောက်တော့ ခုံအမှတ်၂၈ မှာ ဂီတကြောမျှောမိပြန်ပေါ့.............

( ဂီတပဒေသာပွဲသွားကြည့်ခဲ့တဲ့ တစ်ညနေကို ခံစားရေးပါသည်။ သီချင်းတွေနားထောင်ရတာထက်စာရင် ဂီတသက်သက်ကို နားထောင်ရတာ ပိုနှစ်သက်မိသည်။ ကင်မရာပါမသွားလို့ ဓါတ်ပုံတွေတော့မတင်နိုင်တော့ဘူး.. )

Sunday, February 7, 2010

အရှုပ်တွေလုပ်နေပါသည်...

ဒီရက်ပိုင်း blog ရွာထဲကို သိပ်မရောက်ဖြစ်ပါဘူး။ အလုပ်ရှုပ်နေလားဆိုတော့ အရှုပ်တွေလုပ်နေတယ်ဆိုရင် ပိုမှန်လိမ့်မယ်ထင်ပါတယ်။ မဖတ်ရသေးတဲ့စာကြွေးတွေ ကျကျနနရှင်းပါတယ်။ ကိုယ်ကြိုက်တဲ့ blog ကကူးထားတဲ့ စာတွေကို ကျကျနန print ထုတ်ပြီးဖတ်ပါတယ်။ အထူးသဖြင့် gardener blog ကစာတွေ သိပ်ကြိုက်ပါတယ်။ ခုနောက်ပိုင်းရေးတဲ့ ဆောင်းပါးတွေကို သေသေချာချာလိုက်ဖတ်ဖြစ်တယ်။ နောက် မနော်ဟရီကိုလည်း ဖတ်ပါတယ်။ မနော်ဟရီ blog ကြောင့် blog ဆိုတာ ဘာမှန်းသိပြီး စာစရေးဖြစ်တာပါ။ သူ့စာတွေကိုတော့ မြန်မာနိုင်ငံမှာနေတုန်း ကတည်းက ကြိုက်ခဲ့တာပါ။ အဲဒီတုန်းကတော့ လုံးချင်းတွေအဖတ်များပါတယ်။ နောက်ပန်ဒိုရာတို့ မဆုမွန်တို့ ၀တ္ထုတွေထက် ဆောင်းပါးတွေပိုဖတ်ဖြစ်တယ်။ နောက် ကိုသက်သန့်ချို နဲ့ ကိုဏီလင်းညို ကိုမရေးနိုင်တဲ့အရေးအသားမျိုး ကျကျနနရေးတတ်ကြတယ်။ အားလည်းကျတယ်။ နောက် မမချစ်ကြည်အေး အတွေးရောအရေးပါ ကောင်းတဲ့ကျွန်တော့်အစ်မပေါ့။ မမ၀ါဝါခိုင်မင်းကတော့ ကျွန်တော်ပထမဆုံးထိတွေ့ခဲ့ရတဲ့ blogger ပေါ့။ blog လေးစရေးကာစက ပို့စ်လေးကျဲကျဲနဲ့ ယောင်လည်လည် ကျွန်တော့်ကို ဆက်ရေးဖြစ်အောင် အားပေးခဲ့တာ။ ကျွန်တော့်ကျေးဇူးရှင် bloggerပေါ့။ မနော်ဟရီ blog က ကျွန်တော် blog စရေးဖြစ်တဲ့အကြောင်းတရားဆိုရင် မမ၀ါက စာဆက်ရေးဖြစ်စေတဲ့ တွန်းအားတစ်ခုပါ။ ( blog ရွာထဲမှာ ကျွန်တော်ရှိနေတာကို မျက်စိနောက်သူများ မမ၀ါကို အပြစ်တင်ကြပါ.. :)) အစ်မနေ့အိပ်မက်နဲ့ ကို craton ကတော့ ကျွန်တော့်ထက် တစ်နှစ်လောက်ပဲကြီးပေမယ့် တွေးအားရောရေးအားပါ ကျွန်တော် ဘယ်လိုမှလိုက်မမှီတဲ့သူတွေပါ။ အစ်မအဖြူရောင်နတ်သမီး - သူ့ဘလော့ဂ်ကိုရောက်သွားရင် လူကအလိုလိုကိုပျော်ပါတယ်။ သူကတော့ ဟာသတွေရေးတာမဟုတ်ပါဘူး။ ဒါပေမယ့် ပျော်ပါတယ်။ ပို့စ်အသစ်မတင်တောင် သွားတော့ သွားလိုက်တာပဲ။ နောက်ပြောရရင်တော့ အများကြီးပဲ...ကုန်တော့မှာမဟုတ်ဘူး။ အကြောင်းအရာကလည်း ဘယ်တွေရောက်ကုန်လည်းမသိတော့ဘူး။ ကြာရင် ဘလော့ဂ် အညွှန်းဖြစ်တော့မယ် :) နောက်လုပ်ဖြစ်တာတစ်ခုက မြန်မာနိုင်ငံနဲ့ ဖုန်းပြောဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ပြောတယ်။ အမျိုးတွေနဲ့ပြောတယ်။ ဆရာတွေနဲ့ပြောတယ်။ ပြောချက်ကတော့ ကမ်းကုန်ပဲ သိသမျှ ဟမ်းဖုန်းမှန်သမျှ အကုန်ပြောပါတယ် :) ဟမ်းဖုန်းကိုဆက်ရင် ပိုက်ဆံသိပ်မကုန်တဲ့ SIM ကဒ်တွေ့ထားလို့ပါ :) ။
နောက် ဇာတ်ကားတွေကြည့်ဖြစ်တယ်။ ကြည့်ဖြစ်တဲ့ဇာတ်ကားတွေအကြောင်းပြောပြန်ရင်လည်း ဇာတ်ကားအညွှန်းဖြစ်တော့မှာမို့ မပြောတော့ပါဘူး။ စာရေးချင်လို့ စာဖတ်နေပါတယ်။ လောလောဆယ်တော့ “အတောင်ပါသောစာလုံးများ” ကိုဖတ်နေပါတယ်။ သူငယ်ချင်းတစ်ယောက် မော်စကိုသွားပြီး ပြန်လာတော့ ပါလာတာပါ။ အိမ်မှာတုန်းက ဖတ်ပြီးသားပေမယ့် မဖတ်တာကြာနေပြီလည်းဖြစ် စာအုပ်ကို လက်နဲ့ ကိုင်ပြီး ကျကျနနမဖတ်၇တာလည်း ကြာနေပြီဖြစ်လို့ ဖတ်ရတာတော်တော် အရသာတွေ့နေပါတယ်။  နောက် “ ပြိုင်မြင်းတို့ရဲ့ခွာသံ” ကြိုက်လွန်းလို့ အထပ်ထပ်ဖတ်နေပါတယ်။ ကိုးတန်းကတည်းက စဖတ်ဖူးတာ ခုဆို ဘယ်နှစ်ခါရှိမှန်းမသိတော့ဘူး။ ကျောင်းကလည်း ပိတ်ထားတော့ လူလည်း တော်တော်ကြီးကို ဇိမ်ကျနေပါတယ်။ စားလိုက်၊အိပ်လိုက်၊ စာဖတ်လိုက်၊ အပြင်လျှောက်သွားလိုက်၊ ဇာတ်ကားကြည့်လိုက်နဲ့ တော်တော်ကောင်းပါတယ်။ နောက်မွေးနေ့တုန်းက ဆရာမလက်ဆောင်ပေးထားတဲ့ Pushkin ရဲ့ ကဗျာစာအုပ်ကို သေချာဖတ်နေပါတယ်။ တချို့ကဗျာလေးတွေကိုတော့ တော်တော်ကြိုက်ပါတယ်။ ကြိုက်တယ်ပြောပေမယ့် ဘာသာပြန်ရလောက်အောင် မတတ်နိုင်သေးတော့လည်း ခက်ပါတယ်။ ကိုယ်ဘာသာပြန်လိုက်မှ လုံးဝပျက်စီးသွားတာမျိုးဖြစ်မှာ အ၇မ်းကြောက်ပါတယ်။ ပို့စ်အသစ်တွေတင်ဖို့ စဉ်းစားထားတာတွေ၊ ရေးထားတာတွေလည်းရှိပါတယ်။ လက်နဲ့ရေးထားတာဆိုတော့ စာရိုက်ရမှာပျင်းနေသေးလို့ မတင်ဖြစ်သေးတာပါ။ အရှုပ်တွေလျှောက်လုပ်နေဖြစ်တာကြောင့်လည်းပါပါတယ်။ ကျွန်တော့်အစ်မ ချစ်ကြည်အေးက အလုပ်တွေရှုပ်နေလားလို့ စီဗုံးမှာလာအော်သွားတာကြောင့် ဒီပို့စ်ကို ရေးပါတယ် ( ဆားချက်တယ် လို့ ၀န်မခံချင်လို့ အကြောင်းပြချက်ရှာထားတာပါ)။ ဝေလင်း အလုပ်မရှုပ်ပါ။ အရှုပ်တွေလုပ်နေခြင်းဖြစ်ပါတယ်။ ဒီပို့စ်တစ်ခုလုံးလည်း ရှုပ်နေပါပြီ။ ကိုယ့်ကိုယ်ကို စာရေးမကောင်းမှန်း စကတည်းက သိပေမယ့် ကြာလေထင်ရှားလာလေ ဖြစ်နေပါတယ်။ မတတ်နိုင်ပါဘူး မျက်စိလည်းလမ်းမှားပြီး ရောက်လာသူကတော့ ဒီပို့စ်ကိုဖတ်မိရင် အိမ်ပြန်မရောက်တော့မှာ သေချာပါတယ်။ နောက်တောင်းပန်ချင်တာတစ်ခုကတော့ ဒီပို့စ်ဖတ်ပြီးရင် ဘာတွေရေးထားတာလဲလို့ မမေးဖို့ပါ.... :) ကိုယ်တိုင် မျက်စိလည်နေလို့ပါ...

Sunday, January 31, 2010

အဌမလူနဲ့.......

                      
ကိုယ်ကျင့်တရားကို ဘုရားလိုကိုးကွယ်တဲ့ကောင်
အလွမ်းတောင်လူလူသူသူ ဖြစ်ခွင့်မရ
မ,မရ ၊ တင်မရတဲ့စိတ်ကို
အဆုံးစွန်ထိချထားလိုက်တယ်
ငါ့မှာအိပ်ရေးတွေတောင်ဝလို့
တစ်ခါတစ်လေတော့လည်း
အချစ်ဆိုတာ
လူချမ်းသာတွေအတွက်
အယားဖြေနည်းတစ်ခုဖြစ်ပြီး
လူဆင်းရဲတွေအတွက်
မျက်ရည်ဖြစ်တယ်လို့
တွေးမိတတ်တယ်...
မုန့်ဘန်းကိုလှမ်းကြည့်တဲ့
မုန့်ဖိုးမဲ့ကလေးငယ်ရဲ့ မျက်လုံးမျိုး
နင်နဲ့တိုးတိုင်းဖြစ်သွားတတ်တာ
ငါ့အားနည်းချက်ပဲထင်ပါရဲ့
ငဲ့ကွက်စရာများလွန်းတဲ့အခြေအနေမှာ
ငတေကလည်း  မာချင်လာတယ်။
တလှေလုံးပုတ်နေချိန်မှာ
ငခုံးမတစ်ကောင်က လာရှင်းပြလို့ကော
ယုံကြမှာတဲ့လား..
စကတည်းကမှားခဲ့တာပါ
သနားမယ့်မျက်လုံးတွေကို ပုန်းရှောင်ရင်း
ညည်းညူချိန်တောင်မရခဲ့
ငါဟာပစ္စည်းမဲ့သူပါကွယ်။
ငယ်ကတည်းက
ရွှေလင်ပန်းမပြောနဲ့
ဆီဆန်းဖို့တောင်မတောင်းဆိုခဲ့တာ
ငါ့အတွက်
ထမင်းကြမ်းခဲကလည်း အေးချမ်းဆဲပါ။
ဝဲတက်လာတဲ့မျက်ရည်တွေအတွက်
မျက်တောင်သုံးလေးချက်က
လုံလောက်ပါတယ်
မျက်ရည်နောက်က ခံစားချက်တွေအတွက်တော့
ကမ္မသကာပေါ့
အလင်းနဲ့အမှောင်
အဖိုနဲ့အမ
ဆန့်ကျင်ဘက်တွေတည်ရှိနေတဲ့လောကကြီးမှာ
ချစ်တတ်ပြီးမမုန်းတတ်တဲ့...ငါ
လူဖြစ်လာတာ
နည်းနည်းများမှားယွင်းနေသလား?
ငါစဉ်းစားမိတယ်။
ကိုယ့်ဇာတ်ညွှန်းကိုယ် ဆုတ်ဖြဲခဲ့ရတဲ့ကောင်
တစ်ခန်းရပ်ဇာတ်ကို 
တစ်ခန်းပြီးတစ်ခန်း..ကခဲ့
တစ်ရွာပြီးတစ်ရွာတွေ့ခဲ့ပေမယ့်
လမ်းကမဆုံး
ကိုယ့်ကိုယ်ကိုပဲ မုန်းမိတော့တယ်...။
တွယ်တာခဲ့ရတဲ့ အိပ်မက်တွေ
တစ်ခုချင်းကွဲကြေနေတာကြည့်ရင်း
ငါ့ကိုငါ စာရင်းဖျက်လိုက်တယ်
အဲလိုတော့လည်း
အားလုံးပျောက်ဆုံး
ငါ့အိပ်မက်တွေတောင်ကတုံးဖြစ်
နင့်ကိုချစ်ကြည့်ဖို့တောင် မတန်တော့ဘူးဟာ..
ဘုရားမရှိတရားမရှိ
အချစ်ပဲသိတဲ့ကောင်
နင့်လှောင်ပြုံးတွေကို
သံသရာ တစ်လျှောက်လုံးစာသိုမှီးဦးမတဲ့လေ..
နင်နဲ့ပတ်သက်လာရင်
မျက်ရည်ကိုတောင်
မှောင်ခိုကူးနေရတာ
(တဆိတ်တော့) ..ရင်နာစရာကောင်းပါတယ်။
ငါငယ်ငယ်ကကောင်းကင်
လက်ကလေးနဲ့မှီလုမှီခင်ရှိခဲ့တယ်
ကြီးလာတဲ့တစ်နေ့
ကောင်းကင်နဲ့ငါ့လက်တွေ့မှာပဲလို့
ရင်ခုန်ယစ်မူး
ကြည်နူးခဲ့ဖူးတယ်
ကံတရားနဲ့ နဖူးဒူးတွေ့
သက္ကရာဇ်တွေ ဆွေးမြေ့လာ
ငါ့ကောင်းကင်ဟာ မပြာတော့ဘူးကွယ်
ကံတရားဆိုတာ
(ငါ့အတွက်)
တရားတဲ့ ကံမှ မဟုတ်တာ
ငါဆတ်ဆတ်ခါနာကျည်းပစ်လိုက်တယ်...
တော်ပါတော့ကွယ်
မျက်ရည်ကိုပိတ်
အဌမလူ အိပ်တော့မယ်....။
               

Sunday, January 10, 2010

ကျွဲနှစ်ကောင်နဲ့ မြေစာပင်


စိမ်းလန်းတဲ့ ကုန်းမြေလေးတစ်ခုပေါ့။ မြေစာမြက်တို့ စိမ်းမြပေါက်ရောက်ရာလေ။
အဲဒီကုန်းမြေလေးကို ကျွဲနှစ်ကောင်ရောက်လာခဲ့တယ်။ မြေစာမြက်လေးတွေ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကုန်ကြတယ်။ “ဘယ်လိုလုပ်ကြမလဲ..? ” အဲဒီမေးခွန်းက မြေစာမြက်လေးတွေ ကြားမှာ ချက်ချင်းပဲ ပျံ့နှံ့သွားတယ်။ ဟုတ်တယ်လေ။ သူတို့အားလုံး ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ မြေစာပင်က ဓါးစာခံဖြစ်တာ ကြားဖူးနေတာကိုး။ သူတို့အလှည့်မှာတော့ အဲလိုအဖြစ်မျိုး အဖြစ်မခံနိုင်တာ အမှန်ပဲ။ သူတို့တွေ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ ကျွဲနှစ်ကောင်ကလည်း ရန်စောင်နေကြပြီ။ နှာတမှုတ်မှုတ်၊ ခွာတရှပ်ရှပ်နဲ့ပေါ့။ ဒါနဲ့ မြေစာပင်လေးတွေလည်း မဖြစ်ချေဘူးဆိုပြီး ၀ိုင်းတားကြတယ်။ နားချကြတယ်။ ခိုက်ရန်ဖြစ်ပွားတယ်ဆိုတာ မကောင်းဘူး။ သည်းခံခြင်းနဲ့ ခွင့်လွတ်ခြင်းကသာ ငြိမ်းချမ်းရေးဖြစ်တယ်။ စသဖြင့်ပေါ့လေ..။ ကြားဖူးနားဝတွေနဲ့ ၀ိုင်းနားချလိုက်ကြတာ ကျွဲနှစ်ကောင်လည်း သင့်မြတ်သွားတယ်။ မြေစာမြက်လေးတွေလည်း ၀မ်းသာလို့ပေါ့။ အဲဒီအချိန်မှာပဲ သတင်းတစ်ခုထပ်ဝင်လာတယ်။ သင့်မြတ်သွားတဲ့ ကျွဲနှစ်ကောင်က မြေစာမြက်တွေကို အတူတကွစားသောက်နေကြတယ်တဲ့…။ မြေစာမြက်လေးတွေ သက်ပြင်းခပ်ဖွဖွချ ငြီးငြူလိုက်ကြတယ်။
“ဩော်…ကျွဲနှစ်ကောင်ခတ်တော့လည်း မြေစာပင်၊ ကျွဲနှစ်ကောင် သင့်မြတ်တော့လည်း မြေစာပင်ပါပဲလား” လို့


Friday, January 8, 2010

လူ..ဖား..မြွေ


ညသန်းခေါင်ယံ…..
မြွေ - အစာရှာထွက်လာတယ်။
ဖား - အစာရှာထွက်လာတယ်။
လူ  - ဟင်းစားထွက်ရှာတယ်။

မြွေ - ဖားအော်သံကြားတယ်။
ဖား - မြွေတွန်သံကြားတယ်။
လူ  - မြွေတွန်သံနဲ့ ဖားအော်သံကြားတယ်။

မြွေ - ဖားဆိုတာ အစာပဲ။ လှမ်းဟပ်လိုက်တယ်။
ဖား - မြွေဆိုတာ အန္တရာယ်ပဲ။ ကောက်ရှောင်လိုက်တယ်။ ကံကောင်းလို့ မြွေပါးစပ်က                လွတ်သွားတယ်။
လူ  - မြွေဆိုတာ အန္တရာယ်ကောင်ပဲ။ ရိုက်သတ်လိုက်တယ်။ စောနက ဖားအော်သံ ကြားပါတယ်။ ဟင်းစားတော့ ရပြီ။ ရိုက်သတ်လိုက်တယ်။ နောက်ပြီး နှစ်ကောင်လုံးကို ပလိုင်းထဲကောက်ထည့် အိမ်ဘက်ကို ခြေဦးလှည့်ခဲ့တော့တယ်။

Wednesday, January 6, 2010

လူမစွမ်းနတ်မ


အင်း..ခင်ဗျားတို့ကတော့ ထင်မယ်။ ကျုပ်တို့ကို မစွမ်းဘူးလို့။ တကယ်တော့ ကျုပ်တို့က စွမ်းပါတယ်။ ခင်ဗျားတို့ လူတွေရဲ့
အလိုကို ဖြည့်ချင်ရင် အလွယ်လေး။ တကယ်တမ်းခက်နေတာက ခင်ဗျားတို့.....။ ခင်ဗျားတို့ လူတွေဘယ်လောက်ခက်လဲ
ဥပမာ ထုတ်ပြချင်တယ်။
တောင်ပိုင်းက သာဇံတို့လင်မယားကို သိတယ်မဟုတ်လား။ သူတို့နှစ်ယောက် ဟိုတလောက သားဆုလာပန်တယ်။
ယောက်ျားဖြစ်တဲ့သူက သားယောက်ျားလေးလိုချင်ပါတယ်တဲ့။ မိန်းမလုပ်သူကျ သမီးမိန်းကလေးလိုချင်တယ်တဲ့။
ကျုပ်တို့က ဘာလုပ်ပေးရမှာတုန်း။ ဆုတောင်းရင်လည်း ညှိညှိနှိုင်းနှိုင်းလေးတော့ လုပ်မှပေါ့။
နောက် အောင်ရွှေ၊ အောင်ငွေ ညီအစ်ကို။ ရွာထဲက ဖြူဝင်းဆိုတဲ့ကောင်မလေးကို နှစ်ယောက်လုံးက ကြိုက်ပြီး။ နေ့တိုင်းလိုလို
ဖြူဝင်းနဲ့ အဆင်ပြေရပါလို၏ လာလုပ်နေကြတယ်။ စဉ်းစားကြည့်လေဗျာ။ နှစ်ယောက်လုံးက ဆုတစ်ခုတည်းကို တောင်းတာ။
တစ်ယောက်တည်းကိုပဲ ကွက်ပြီး “ဖြစ်စေ”လုပ်လိုက်ပြန်ရင် နတ်မင်းကြီးတို့ မျက်နှာလိုက်တယ်ဖြစ်ဦးမယ်။ နှစ်ယောက်လုံး
တောင်းတဲ့ဆုနဲ့ ပြည့်စေဆိုလိုက်ပြန်ရင်လည်း နတ်မင်းကြီးတို့ လူမဆန်ဘူးဖြစ်ရဦးမယ်။
အဲဒါတွေထက်ဆိုးတာရှိသေး။ နတ်ကိုလူမိုက်ငှားတဲ့ကိစ္စ။ ခင်ဗျားတို့ဗျာ...။ ကျုပ်တို့နတ်တွေဆိုတာ လူ့ဘ၀က ကောင်းမှုကုသိုလ်လုပ်
စိတ်ကောင်းနှလုံးကောင်းခဲ့လို့ ခုဒီဘ၀၊ ဒီအခြေအနေရောက်လာရတာ။ ဒါကို ခင်ဗျားတို့လူတွေက အားမနာလျှာမကျိုး
“အရှင်နတ်မင်းကြီ....ဟိုဘက်အိမ်ကကောင်မက ကျွန်မကို မျက်စောင်းနဲ့ထိုးတယ်ဘုရာ့။ အဲဒီကောင်မကို နာနာလေးကိုင်ပေးတော်မူပါဘုရာ့”တဲ့
“အရှင်ဘုရား အောင်ဖေတစ်ယောက် အကြွေးမဆပ်ဘူးဘုရာ့၊ အကြွေးလေး ပြန်ရအောင် မစပါဦး”တဲ့ ခက်ပေဘူးလားဗျာ။
နောက်တစ်မျိုးက နတ်ကို လာဘ်ပေးလာဘ်ယူ လာလုပ်တဲ့အမျိုးတွေ။ ဘယ့်နှယ်ဗျာ ဒီနိုင်ငံမှာနေလို့ ဒီကလူတွေအကျင့်မျိုး ကျုပ်တို့နတ်တွေမှာပါ
ရှိမယ်ထင်နေလားမသိဘူး။ “သားလေးသာ ၅ဘာသာ ဂုဏ်ထူးပါပါစေဘုရာ့ အရှင်ဘုရားအတွက် နတ်ကွန်းအသစ်ဆောက်ပေးပါ့မယ်” ဆိုတာမျိုး။
သူကလည်းဆုတောင်းသေးတယ်။ သူကနတ်ကိုတောင် အိမ်ဆောက်ပေးလိုက်ချင်သေး။ နတ်နေဖို့လုပ်ပေးနိုင်လောက်အောင် စွမ်းနေမှတော့
ဆုတောင်းမနေနဲ့တော့ ကိုယ့်ဟာကိုယ်ပဲ ဖြစ်အောင်လုပ်လိုက်တော့။ ဘယ့်နှယ်ဗျာ ကျုပ်တို့နတ်တွေကိုများ သူတို့ ဆောက်ပေးမှနေစရာရှိတယ်များ
ထင်နေလား။
နောက်ရှိသေးတယ်။ “အရှင်ဘုရား အရှင်ဘုရားသားကြီး အိမ်ပြန်မအိပ်တာ သုံးရက်ရှိပြီဘုရာ့”တဲ့။ ခက်တယ်နော်...ခက်တယ်။ ကိုယ်စွမ်းကိုစလေးလည်း
ထုတ်ကြဦးလေဗျာ..။ ခင်ဗျားတို့တတွေက ပြောတော့ “လူမစွမ်းနတ်မ”တဲ့။ ကျုပ်ကတော့ ကြာရင် “နတ်မ,လို့လူမစွမ်း”ဖြစ်မှာ မြင်ယောင်သေးတော့တယ်။
ကျုပ်တို့နတ်တွေမှာလည်း သူ့နေရာလေးနဲ့သူ။ အခွင့်အရေးပေးချင်တိုင်း ပေးလို့ကောင်းတာမဟုတ်ဘူး။ အခွင့်အရေးတွေအပေးကောင်းရင် ဘာဖြစ်လဲ
ခင်ဗျားတို့သိပါတယ်။ တော်တော့ ကြာရင် နတ်လည်း မျက်ခုံးလှုပ်တယ်။ အဲလိုအကြောင်းချင်းရာလေးတွေ ရှိနေလို့ ပေါ့ဗျာ။ အဲဒါကိုပဲ ခင်ဗျားတို့
လူတွေက နားလည်ပေးမယ်မရှိ ဘာတဲ့ “လူ့အလို နတ်မလိုက်နိုင်” တဲ့။ သာသာနဲ့ နှာနှာနက်လိုက်ကြသေး။ ကျုပ်တို့ နတ်တွေကပဲ
အသုံးမကျသယောင်ယောင်။ ကျုပ်တို့ကပဲ လူ့အလိုလိုက်နိုင်လောက်အောင်မစွမ်းသလိုလို။ “တောက်”...ခင်ဗျားတို့ တောင်းတိုင်း “ဖြစ်စေ” လုပ်ပစ်လိုက်လို့
ရတယ်နော်....ဟင်း...ခက်ကုန်တော့မယ်။

Saturday, January 2, 2010

ဗီးနပ်(စ်)ရဲ့ လက်တစ်စုံ..


ဘယ်သူကများကြိုသိနိုင်ခဲ့မှာတဲ့လဲ မိန်းမတစ်ယောက်ရဲ့ လှပသော လက်ချောင်များမှာ မှော်ဆန်သော ဖျားယောင်းညှို့ငင်မှုတွေ ရှိနေတာကိုလေ။ ရှည်သွယ်သော လက်ချောင်းများ. ပန်းနုရောင် လက်သည်းရှည်ရှည်လေးတွေ.ရွှေဝါရောင် မွေးညှင်းနုနုလေးများနှင့် ဖြူလွလွ အရေပြားအောက်မှ ဖောက်မြင်နေရတဲ့ သွေးကြောမျှင်မျှင် စိမ်းစိမ်းတွေ၊ ထိုအရာတွေအားလုံးထက် စပယ်တစ်ပွင့်လို ဖြူဖွေးနူးညံ့သော လက်ဖ၀ါးပြင်၊ ထိုလက်ဖ၀ါးပြင်ထက်တွင် ကျွန်တော်အကြိမ်ကြိမ် သေဆုံးခဲ့ဖူးပါရဲ့...။ လက်ချောင်းများ၏ လှုပ်ရှားမှုတိုင်းတွင် လင်းမြသောအနုပညာတစ်ရပ် ပါဝင်နေသည်။ မီးခိုးငွေ့ဖြူဖြူတွေရဲ့ အနုပညာလို ဖမ်းဆုပ်ရခက်တဲ့ အနုပညာပေါ့..............
သူ့လက်ချောင်းများက အေးစက်သောနှင်းပွင့်တို့ကို နွေအဖြစ်နဲ့ ပွင့်စေတယ်။ လတစ်စင်းရဲ့ အခင်းအကျင်းနဲ့ပေမယ့် မီးလင်းဖိုလေးလို နွေးစေတယ်။ ကျွန်တော်နေမကောင်းဘူးဆိုတိုင်း နဖူးပေါ်ရောက်ရောက်လာတတ်တဲ့ သူ့လက်ဖ၀ါးက လူတစ်ကိုယ်လုံးကို ပန်းတွေ တဟုန်းဟုန်းပွင့်စေတယ်။ ဒါပေမယ့် ကျွန်တော်ကြောက်တယ်။ ကျောက်ရုပ်ကို နူးညွှတ်စေတဲ့ အနုပညာမှာ ကျွန်တော်ဘယ်လောက်များ ခံနိုင်ရည်ရှိမှာတဲ့လဲ.။ ပျော့ညံ့တယ်ပဲဆိုဆို ကျွန်တော်မငိုပါရစေနဲ့...........
အိုကွယ် ဗီးနပ်(စ်)ရဲ့ ပျောက်ဆုံးနေတဲ့ လက်တွေတဲ့လား..? ခွင့်လွတ်ပါ လက်ချောင်းလေးတို့ရယ်။ မင်းတို့လေးတွေက ဆူးကင်းတဲ့ နှင်းဆီပါ။ ဘယ်လိုပဲဆိုဆို မင်းတို့လေးတွေရဲ့ သွေးတိုးနှုန်းက ငါ့ဘ၀ကို အဆုံးသတ်သွားစေနိုင်တယ်။ မင်းတို့တွေက ပန်းပွင့်စေတဲ့လက်တွေပါ။ ခက်တာက ငါကပန်းတစ်ပွင့် မဟုတ်ဘူးကွယ်..။ ငါက ဗုံးတစ်လုံး ...ခံစားချက်တွေကို ကြုံးရုံး သိုလှောင်ရာပေါ့။ ငါ့ကို မပွင့်လန်းစေချင်စမ်းပါနဲ့ကွယ်။ ဖြစ်နိုင်ရင်တော့ ငါလည်း နှင်းဆီသွေးနဲ့ နင့်လက်ကလေးကို မွှေးမြချင်တာပေါ့။ နင့်လက်ကလေးကို ဆုပ်ကိုင် လောကကြီးကို ရင်ဆိုင်ကြည့်ချင်တာပေါ့။ တကယ့်တကယ်မှာတော့ နင့်လက်ဖ၀ါးက လိပ်ပြာတွေ ကျက်စားဖို့သာပါ။ ဗုံးတစ်လုံးရဲ့ စနက်တံဖြုတ်ဖို့  နင့်လက်ချောင်းလေးတွေ အလုပ်မလုပ်သင့်ပါဘူးကွယ်။ လေကွယ်ရာမှာ ပန်းတို့နဲ့သာပျော်ပါတော့..။ လောကအတွက် သားချော့တေး နင့်လက်နဲ့ရေးပါ။ အဝေးကနေ ငါကြားပါလိမ့်မယ်။ ကမ္ဘာပေါ်က မိခင်တိုင်း အဲဒီသားချော့တေးကို ဆိုကြတဲ့အခါ ဗုံးတစ်လုံးက ပန်းတွေ အတုန်းအရုန်းပွင့်တာ နင်မြင်ရလိမ့်ဦးမယ်...။
တကယ်တော့ သူ့လက်ချောင်းမှာ ပန်းပဲ ပွင့်ခွင့်ရတာပါ။ သူ့လက်ကလေးတွေဆိုတာ ကျွန်တော်တစ်ခေါက်တစ်ခါ မက်ခွင့်ရခဲ့တဲ့ အိပ်မက်ထက်မပိုခဲ့ပါဘူးလေ။ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်တိုင်း သူအားကိုးတကြီး ကိုင်ထားတတ်တာ ကျွန်တော့်လက်မှမဟုတ်တာ။ တပါးသူအတွက် တခါးပိတ်တတ်တဲ့လက်က ကျွန်တော့်အတွက် (ထွက်သွားဖို့) တံခါးဖွင့်ပေးတဲ့လက် ဖြစ်ခဲ့တယ်။  လက်ချောင်းတွေနဲ့ ဖျားယောင်းတတ်တဲ့ နတ်သမီးတစ်ယောက်ကို တွေ့ဖူးပါသလား...?
လက်ချောင်းလေးတွေကိုမှ စွဲလမ်းခဲ့သော၊ လက်ဖ၀ါးလေးတွေရဲ့ နူးညံ့မှုအောက်မှာ ကျရှုံးခဲ့ရသော လူငယ်တစ်ယောက်ဟာ ကျွန်တော်ပေါ့။
“နူးညံ့တဲ့အထိအတွေ့.. ကျွန်တော်ဘာကြောင့်မေ့မရတာပါလိမ့်...? ”


Friday, January 1, 2010

ကိုcraton မွေးနေ့အမှတ်တရ..

ဒီနေ့ဟာ 2010 ရဲ့ ပထမဦးဆုံးနေ့ဖြစ်သလို..ကျွန်တော့်အစ်ကို craton ရဲ့ အသက်၂၀ ပြည့်မွေးနေ့လဲ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ထူးခြားလှတဲ့ သူ့မွေးနေ့ကို မတော်တဆ သိခွင့်ရခဲ့ပြီး သိသိချင်းမှာပဲ ကဗျာတစ်ပုဒ်ရေးခဲ့မိပါတယ်..။ ကဗျာရေးပြီးတာကြာပေမယ့် ခေါင်းစဉ်ကို ဘယ်လိုပေးရမှန်းမသိလို့ ကဗျာလေးအတိုင်းပဲ အစ်ကို့ဆီပို့ပြီး မွေးနေ့လက်ဆောင်အဖြစ်ပေးကာ ခေါင်းစဉ်ပါ တစ်ခါတည်းပေးပေးဖို့..အကူအညီတောင်းခဲ့ပါတယ်..။  ညတွင်းချင်းပါပဲ ကျွန်တော့်ကို စာပြန်လာတယ်။ သူပေးခဲ့တဲ့ ကဗျာလေးရဲ့ခေါင်းစဉ်က “လက်ချင်းယှက်သောလမ်းမများ” ပါ။ အဲဒီခေါင်းစဉ်လေးအတွက် ကိုcraton ကို ကျေးဇူးတင်မိပါတယ်..။ ကျွန်တော်ကိုယ်တိုင်ပေးရရင်တောင် အဲ့လောက်လှပနိုင် ကဗျာကို ထင်ဟပ်နိုင်မှာမဟုတ်လို့ပါ..။ ကျွန်တော်ပေးတဲ့မွေးနေ့လက်ဆောင်ကဗျာလေးက ဒီမှာပါ....




“လက်ချင်းယှက်မိသောလမ်းမများ”


ဘယ်သူတွေက အာဇာနည်လဲ


ဘယ်သူတွေက သူရဲကောင်းလဲ


လမ်းဟောင်းကိုတော့ ငါတို့လျှောက်မှာမဟုတ်ဘူး..


ဘယ်သူတွေ ငိုပြီး


ဘယ်သူတွေက ရယ်နေမလဲ


ငါတို့ကဗျာတွေကနေ ရယ်သံ၊ ငိုသံတွေစီးသွားတယ်..


ငါတို့တွေရဲ့ မနက်ဖြန်မှာ ဘာတွေတောက်ပနေမလဲ


ရောက်လာတဲ့အခါတိုင်းမှာတော့


ကဗျာတွေ အပြိုင်းအရိုင်း…


လူငယ်ပီပီ တခါတလေတော့လည်း……


မစားရ၀ခမန်း..လောကလမ်းပေါ်


ငါတို့ပျော်တတ်ကြတယ်…


မှုန်ရီဝမ်းနည်း အသည်းလည်းကွဲကြပေါ့..


ကောင်းကင်ရဲ့မာယာဆိုတာ ငှက်တွေအတွက်သင်ရိုးညွန်းတမ်းပေါ့


အပြင်ကမကျင်းပပဲ ပွဲဝင်ခဲ့ကြရပေမယ့်


ရှိစုမဲ့ဇွဲနဲ့…ငါတို့ရဲတယ်


သူငယ်ချင်း..


နီးဝေးမဟူ ငါတို့ရင်ဘတ်တွေတူကြတယ်


မာယာများတဲ့လောကကြီးအတွက်


ငါတို့ကဗျာတွေရိုးသားကြရအောင်..


“လမ်းချင်းတူရင် လူချင်းတွေ့မယ်” တဲ့


ငါတို့ လူချင်းမတူတောင် လမ်းချင်းဆုံကြမယ်..

Happy Birthday!!!!!!!!! ကို craton...
အသက်၂၀ပြည့်မွေးနေ့မှသည် နှစ်ပေါင်းရာချီပါစေ..........








С новым годом.......