Sunday, November 8, 2009

ကဗျာရွတ်သူများ.............

တစ်ဆက်တည်းပြောလိုက်သည်။

“ဒီလိုနေ့မျိုးပဲဗျ သူ့ကိုကျွန်တော်စတွေ့တာ။ ခုလောက်တော့ဆိုင်ထဲမှာလူမရှိဘူးပေါ့လေ။”

ဘေးနားရှိ ၀ိုင်းတစ်ဝိုင်းမှ ရယ်သံတစ်ချို့ ဖိတ်လျှံလွင့်စင်လာသည်။ သူက စီးကရက်အစီခံကို မီးခြစ်ကိုယ်နဲ့ တတောက်တောက်ခေါက်ရင်း စကားကိုဆက်လိုက်သည်။

သောက်လက်စ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်အသာအယာချလိုက်သည်။ ပြီးနောက် သူ့ရှေ့ကလူကို

“အဲဒီညက နတ်သမီးက ဘီလူးနက္ခတ်နဲ့ ၀င်လာခဲ့တာ။ ဒီစားပွဲမှာပဲ ပန်းတစ်ပွင့်ကြွေကျခဲ့ တာပေါ့။ အဲဒီနတ်သမီးကပြောခဲ့တယ်။ လောကကြီးက ကျဉ်းကျဉ်းလေးပါတဲ့။ မရှာဘဲနဲ့တောင် တွေ့တတ်လွန်းလို့တဲ့။ ပန်းတစ်ပွင့်ရဲ့အလှအပကြောင့်ရော ၊ ဘာမှန်းမသိတဲ့အကြောင်း အရာတွေကို ရုတ်တရက်သိလိုက်ရခြင်းကြောင့်ပါ ကျွန်တော် ဆွံ့အနေခဲ့မိတယ်။ ပြီးတော့ နတ်သမီးက ကဗျာတစ်ပုဒ်ရွတ်ပြသွားတယ်။”

“အားလုံး…အားလုံးအတွက်
ငါမင်းကိုကျေးဇူးတင်ခဲ့ပါတယ်
ခပ်ခါးခါးမျက်ရည်တွေရယ်
အဆိပ်ပြွမ်းတဲ့အနမ်းတချို့နဲ့အတူ
တိတ်ဆိတ်ပြင်းထန်တဲ့ နာကျင်မှုတွေအတွက်
တစ်လျှောက်လုံး မင်းလှည့်စားခဲ့တာတွေအတွက်
ကျေးဇူးပါပဲ……....။”
(Anna)

နှုတ်ခမ်းထက်မှ စီးကရက်တိုကို လွင့်ပစ်လိုက်သည်။ စားပွဲပေါ်မှ အေးစက်နေပြီဖြစ်သော လက်ဖက်ရည်
ကိုတစ်ကျိုက်မျှသောက်လိုက်သည်။ ထိုအခိုက်အတန့်လေးမှာပင် သူ့ရှေ့မှလူ သက်ပြင်းချတာ သုံးခါတိတိရှိပြီဖြစ်ကြောင်း သူသတိထားမိလိုက်သည်။ သူတို့စကားဝိုင်းလေးက ခဏတဖြုတ်တော့ တိတ်ဆိတ်သွားသည်။ အတန်ကြာမှ သူ့ရှေ့မှလူက စကားစသည်။

“ဖြစ်နိုင်ရင် ဒီအကြောင်းကိုပြန်မပြောချင်ဘူးဗျာ။ ဒါပေမယ့် မျိုသိပ်ထားဖို့ကလည်း အချိန်မရွေး
ပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးကို ရင်ဘတ်ထဲထည့်ထားရသလိုပဲ။ ပင်ပန်းလွန်းတယ်ဗျ။
တကယ်တော့ အဲဒီညက ဓားတစ်လက်ရဲ့ကျိန်စာတွေ ဖြိုးဖြိုးဖျောက်ဖျောက် ရွာသွန်းတဲ့ ညပါပဲလေ။ သူ့ကိုစတွေ့တွေ့ချင်းပဲ ဓားတစ်လက်ရဲ့ အေးစက်မှုနဲ့ တည်ငြိမ်မှုတွေ ဖြာထွက် နေတာ သတိထာမိခဲ့တယ်။ သူကပြောတယ်“ ဒီမှာမိတ်ဆွေ ကျွန်တော်က နဂါးမှန်းသိအောင်
အမောက်ကြီးတထောင်ထောင်နဲ့ မနေတတ်ဘူးဗျ။ ဒါပေမယ့် လိုအပ်လာရင်လဲ မျက်စောင်းထိုး
ဖို့ ၀န်မလေးတတ်ဘူး။ ထားလိုက်ပါတော့လေ။ ပြီးတာတွေလဲ ပြီးသွားပါပြီ။ ဒါပေမယ့် ကဗျာတစ် ပုဒ်လောက်ရွတ်ပြချင်တယ်။ အဲဒီကဗျာဆုံးသွားရင်တော့ ခင်ဗျားကျွန်တော့ကို နားလည်သွား မှာပါ ”

အတောင်ပါတာချင်းအတူတူ
ပျံမရတာက ငါ့ညံ့ဖျင်းမှုတဲ့လား
ကျားသနားမှ နွားချမ်းသာရမယ်ဆိုရင်တော့
စားသာစားလိုက်ပါတော့ကွယ်...
ငါက..သနားစဖွယ်မဟုတ်ပေဘူး
တွေးမိတိုင်းရင်နာတယ်ပြောရင်
မတွေးဘဲနေပါလားလို့ ပြောကြလိမ့်ဦးမယ်..
မင်းတို့ပဲ….နေကြည့်
ဂျစ်ပစီတစ်ယောက်ရဲ့ရင်ခုန်သံဟာ
နည်းနည်းတော့ အရိုင်းဆန်လိမ့်မယ်
ဘ၀တစ်လျှောက်လုံး
သွားတွေက အောက်နှုတ်ခမ်းတွေကို
လွတ်ခဲ့ရတယ်လို့မှမရှိပဲ..
မြင်းကောင်းတောင် ခွာလိပ်သေးတာပဲ
ငါကနဂိုကတည်းကအကျိုး
ရနိုးနိုးနဲ့ ပျိုးမိသူ……...

“ကျေးဇူးပဲဗျာ။ ဟန်ဆောင်ပြီးတော့ ၀မ်းသာပါတယ်လို့မပြောနိုင်ပေမယ့်ပေါ့လေ။ သူ့ကို ကောင်းကောင်းစောင့်ရှောက်လိုက်ပါလို့လဲ မပြောတော့ပါဘူး။ ခင်ဗျားကို ကျွန်တော်ယုံတယ်။”

စကားဆုံးသွားတော့ သူ့ရှေ့ကလူက သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချသည်။ ထို့နောက် ဆက်ပြောသည်။

“ပြောရင်ယုံမလား တော့မသိဘူး။ ခင်ဗျားလိုပဲ ကျွန်တော်လည်း သူ့ကိုမသိဘူး။ သူဘာတွေပြော သွားမှန်းလည်း ကျွန်တော် မသိဘူးဗျ။ ဒီလိုနဲ့ပဲ ကျွန်တော်လည်းဒီဇာတ်လမ်းထဲ ပါလာခဲ့တာ။ ကဲ..ကျွန်တော့်တာဝန်လည်းပြီးပြီ။ ခွင့်ပြုပါဦး။”

သူ့ရှေ့ကလူထွက်သွားသည်ကို သူငေးကြည့်နေမိသည်။ တကယ်တော့ အဲဒီလူစောင့်နေသူမှာ သူမဟုတ်သလို သူစောင့်နေသူမှာလည်းထိုလူမဟုတ်ပေ။သူ့ရင်ထဲမှာတော့ ရှင်းမပြတတ်သော ပုစ္ဆာတွေ
တသီကြီးကျန်ခဲ့သည်။ ထိုစဉ် သူမျှော်လင့်နေသော အသံကိုကြားလိုက်ရသည်။

“မောင်…စောင့်ရတာကြာလို့ပျင်းနေပြီလား”
“ဟင့်အင်း.. မပျင်းပါဘူး”
“ဒါနဲ့ စောနက မောင်နဲ့အတူထိုင်နေတာ ဘယ်သူလဲဟင်”
“အမှန်အတိုင်းပြောရင် ကိုယ်လည်းအဲဒါပဲ သိချင်နေတာ”
“မောင့်ဟာက ဘယ့်နှယ်ကြီးလဲ”
“ထားလိုက်ပါကွာ။ လာခဏလောက်ထိုင်ဦး။ ကဗျာတစ်ပုဒ်ရွတ်ပြစရာရှိတယ်။”

“ဘ၀မှာ…
မျက်နှာချင်းဆိုင်ရလွန်းတော့လည်း
လူချင်းမှားပြီး
နှုတ်ဆက်မိတာတွေများလွန်းတယ်။
ကောင်မလေးရေ...
“မင်္ဂလာပါ”
မင်းကိုငါ လူမှားခဲ့ပါသလား”

No comments: