Sunday, September 19, 2010

နူးညံ့မှု


နူးညံ့မှု(ချစ်မေတ္တာ)


၂၅ စက်တင်ဘာ ၁၈၉၃

    ချစ်ရတဲ့လူဝီ!
          ဒီလိုနဲ့ တို့နှစ်ယောက် နောက်ထပ်ဘယ်တော့မှ ပြန်မတွေ့နိုင်တာ သေချာသွားခဲ့ပြီနော်။ တို့လိုပဲ မာကျောဖို့ သတိရစေချင်တယ်။ နင့်အနေနဲ့ မခွဲခွာချင်တာ။ တို့နှစ်ယောက် အတူနေရဖို့ဆို ဘာမဆို သဘောတူဖို့ အဆင်သင့်ရှိတာ သိပါတယ်။ ဒါပေမယ့် နင့်ဘ၀သစ်ကို ပြန်စနိုင်ဖို့ တို့တတွေ ခွဲခွာမှ ဖြစ်မယ်လေ။ နင့်ကိုရော ကိုယ့်ကိုယ်ကိုပါ ဆန့်ကျင်ပြီးဆုံးဖြတ်ရတာ တကယ်မလွယ်ပါဘူးလူဝီ။ တို့နှစ်ယောက်လုံးအတွက် တကယ်ပဲ ခက်ပါတယ်။ နင်ဘယ်လောက်ပဲ ငိုငို၊ ခေါင်းအုံးထဲ မျက်နှာဝှက်ထားရာကနေ ထပြီး ဘယ်လောက်ပဲ ၀မ်းနည်းစရာကောင်းပြီး အသနားခံတဲ့အကြည့်နဲ့ ကြည့်ကြည့် တို့မလုပ်နိုင်ဘူးကွယ်။ ဘယ်လောက်တောင် ပူဆွေးဝမ်းနည်းနေလိုက်တဲ့ မျက်နှာလဲကွယ်…။ ညမှောင်ရိပ် လွှမ်းလာလို့ နင့်မျက်နှာကို တို့မမြင်ရတော့ပေမယ့် ခံစားလို့ရတယ် ကောင်လေးရယ်။ နင့်မျက်ရည်တွေက တို့လက်ပေါ် စီးဆင်းသွားကြတယ်လေ….။
          ခုတို့နှစ်ယောက်လုံး ရက်ရက်စက်စက်ပဲ နာကျင်နေကြရပြီ။ တို့အတွက်တော့ ဒါတွေအားလုံးဟာ ခြောက်ခြားဖွယ်ရာ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ပထမတစ်ရက်တော့ ယုံနိုင်ဖို့တောင် ခက်ခဲလိမ့်ဦးမယ်။ နောက်တစ်လနှစ်လလောက်ထိတော့ နှစ်ယောက်လုံးနာကျင်ကြရလိမ့်ဦးမယ်။ အဲဒါပြီးရင်တော့ နလံထူနိုင်ကောင်းပါရဲ့…။
          အဲဒီအချိန်ကျမှပဲ တို့နင့်ဆီ စာပြန်ရေးတော့မယ်။ နင့်ဆီကို မကြာခဏ စာရေးဖို့ တို့နှစ်ယောက် ဆုံးဖြတ်ခဲ့ကြတယ် မဟုတ်လား။ ပြီတော့ တို့လိပ်စာကို နင်မသိစေဖို့၊ သိအောင်လည်း မကြိုးစားဖို့နဲ့ တို့ရဲ့စာတွေက တို့နှစ်ယောက်ကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော ကြိုးလေးတစ်ချောင်းဖြစ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြတယ်နော်။
          နင့်ကို နောက်ဆုံးအနေနဲ့ နမ်းလိုက်ပါရဲ့။ လုံးဝအပြစ်ကင်းစင်ပြီး တိတ်ဆိတ်တဲ့ အနမ်းနဲ့ နူးညံ့စွာ နမ်းလိုက်ပါရဲ့ကွယ်။ တို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့ အကွာအဝေးက ခြားနားတော့မယ် မဟုတ်လား….!

----------------------------------------------

၂၅ စက်တင်ဘာ ၁၈၉၄
     
       ချစ်ရတဲ့ လူဝီ!
          ကတိပေးထားတဲ့အတိုင်း တို့နင့်ဆီ ပြန်ပြီးစာရေးလိုက်ပြီနော်။ အခုဆို တို့တွေ ခွဲခွာခဲ့တာ တစ်နှစ်တောင်ပြည့်ခဲ့ပြီ်။ နင် တို့ကို မမေ့သေးဘူးဆိုတာ သိပါတယ်။ တို့နှစ်ယောက်ကြားက ဆက်သွယ်မှုလေးကလည်း ခုချိန်ထိရှိနေတုန်းပဲ။ နင့်အကြောင်းတွေးမိတဲ့ အခါတိုင်း နင့်ရဲ့နာကျင်မှုကို ခံစားမိတာချည်းပါပဲ။
          ကုန်လွန်ခဲ့တဲ့ ၁၂ လလုံးလုံး ၀မ်းနည်းကြေကွဲဖွယ်ရာတွေ မြူလိုဆိုင်းပြီး ကိုယ့်အလုပ်နဲ့ကိုယ် နေခဲ့ကြတယ်။ ဟော… အခုတော့လည်း မြူတွေထွက်ခွာသွားကြပြီ။ တနည်းပြောရရင် အသေးအဖွဲလေးတွေ ဖြစ်သွားပြီ။ တဖြည်းဖြည်းနဲ့ လုံးဝမှုန်ဝါး ပျောက်ကွယ်သွားကြပြီ။ အမှန်ပြောရရင် မှတ်ဥာဏ်ထဲမှာတော့ ကျန်ရစ်နေသေးတာပေါ့။ အကြောင်းတိုက်ဆိုင်ရင်တော့ သတိရမိတာပေါ့လေ။
          တို့ဘယ်လိုပဲ ကြိုးစားကြည့်ပေမယ့် နင့်ကို ပထမဆုံးအကြိမ်တွေ့တုန်းက နင့်မျက်နှာကို မမှတ်မိတော့တာ အမှန်ပဲ လူဝီ။
          နင်လည်း ပထမဆုံးအကြိမ် တို့နဲ့တွေ့တုန်းက တို့ရဲ့အကြည့်ကို မှတ်မိရဲ့လားလို့ စမ်းကြည့်ပါလား။ အဲဒါဆိုရင် လောကကြီးမှာ ဘာမှမတည်မြဲပဲ ကြွေလွှင့် ပျောက်ကွယ်သွားတတ်စမြဲဆိုတာ နားလည်လာလိမ့်မယ်။
          သိပ်မကြာသေးခင်ကပဲ တို့နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိတယ်။ ဘယ်သူ့ကိုလဲ…? ဘာကိုလဲ..? ။ ဘယ်သူ့ကိုမှလည်း မဟုတ်ဘူး။ ဘာကိုမှလည်းမဟုတ်ဘူး။ လမ်းလျှောက်ရင်း လမ်းတစ်ဖက်တစ်ချက် သစ်ပင်တွေကြားက နေရောင်ခြည်တန်းလေးတွေ ဖြာကျနေတာကို ကြည့်ရင်း မရည်ရွယ်ပါပဲ ပြုံးဖြစ်သွားတာ။
          တို့အရင်ကလည်း ပြုံးဖို့ ကြိုးစားခဲ့ဖူးတယ်။ အစကတော့ ပြန်ပြုံးတတ်အောင်သင်ဖို့ မဖြစ်နိုင်တော့ဘူးလို့တောင် ထင်မိတယ်။  အားလုံးက ဒီလိုပါပဲ။ နင့်ကို ပြောချင်တာကတော့ နာကျင်မှုဆိုတာကို ဆန့်ကျင်ပြီး တစ်ကြိမ်တစ်ခါ တို့ပြုံးခဲ့တယ်။ ပြီးတော့ နင့်ကိုလည်း ခဏတိုင်းလိုလို ပြုံးစေချင်တယ်။ ရိုးရိုးလေးပါ။ ရာသီဥတုကောင်းလို့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုကို သတိရမိလို့ပဲ ဖြစ်ဖြစ် ၀မ်းမြောက်ဝမ်းသာ ရှိစမ်းပါကွယ်။ နင့်ရှေ့တည့်တည့်မှာ နင့်ရဲ့အနာဂတ်က စောင့်ကြိုနေတယ်လေ။ ကဲပါလေ…. ခေါင်းကို မော့ပြီး ပြုံးကြည့်လိုက်စမ်းပါ…..။   

 -------------------------------------------------------
၁၇ ဒီဇင်ဘာ ၁၈၉၉
ဟော… နောက်တစ်ကြိမ် စာရေးဖြစ်ပြန်ပြီ ချစ်ရတဲ့ လူဝီရေ။
တို့ဟာ အိမ်မက်တစ်ခုလိုပဲနော်။ မဟုတ်ဘူးလားလူဝီ..? ပေါ်ချင်တဲ့အချိန်မှ ပေါ်လာတတ်တယ်နော်။ ဒါပေမယ့် အမြဲလိုလို လိုအပ်တဲ့ အချိန်မှာပေါ့။ အထူးသဖြင့် ပတ်ဝန်းကျင်မှာ မှောင်မိုက်ပြီး ဟာလာဟင်းလင်း ဖြစ်နေတယ်လို့ နင်ခံစားနေချိန်မျိုးတွေမှာပေါ့။ တို့ရောက်လာတတ်တယ်။ ပြီးတော့ ထွက်သွားပြန်တယ်။ အနီးတကာ့အနီးဆုံးမှာပေမယ့် နင် ထိတွေ့လို့လည်း မရပြန်ဘူး။
တို့အနေနဲ့တော့ ကိုယ့်ကိုယ်ကို ကံဆိုးလိုက်တာလို့ မခံစားရဘူး ကောင်လေးရေ။ တို့ဆီကို ရွှင်လန်းတက်ကြွမှုတွေဟာ အမြဲရောက်ရောက်လာတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းလိုလို နံနက်ခင်းကိုတော့ လင်းခွင့်ပေးရတာပဲမဟုတ်လား။ ရာသီစက်ဝိုင်းဆိုတာကလည်း ပုံမှန်လည်ပတ်နေမြဲပဲမဟုတ်လား။ နေရောင်က နူးနူးညံ့ညံ့လေးတောက်ပလို့။ နေ့လည်ခင်း အလင်းရောင်လည်း ခါတိုင်းလိုပဲ နှစ်လိုဖွယ်ကောင်းနေရဲ့။
သိပ်မကြာသေးခင်ကဆိုရင် တို့ ကတောင်ကမိသေးတယ်ထင်တာပဲ။ ခဏတိုင်းလိုလို အားရပါးရ ရယ်မောမိတယ်။ အစကတော့ ရယ်ချင်ရုံ ရယ်စရာကောင်းရုံသက်သက်ပဲ။ ခုတော့ ဘယ်နှစ်ကြိမ်ရယ်လို့ရယ်မိမှန်းတောင် မသိတော့ဘူး။
မနေ့က လျှောက်လည်ဖြစ်တယ်။ နေ၀င်တရောရီ အချိန်လေးမှာ လူတွေ ပြည့်ကျပ်နေလိုက်တာလူဝီရယ်..။ အရောင်အသွေး အစုံအလင်နဲ့ လှပနေလိုက်တာ ပန်းခင်းကြီးနဲ့တောင်  တူနေသေးတော့ရဲ့။ အဲဒီလို ပျော်ရွှင်ကြည်နူးနေတဲ့ လူတွေအလယ်ရောက်သွားတော့ ကိုယ်ပါရောယောင်ပြီး ပျော်ရွှင်လာမိတယ်။
အဲဒီအကြောင်းတွေ ပြောချင်လို့ ဒီစာကို တို့ရေးလိုက်တာ။ နောက်ပြီး ယုံကြည်မှုတစ်ခု၊ နင့်ကို မျှော်လင့်ချက်မဲ့စွာချစ်တယ်ဆိုတဲ့ ယုံကြည်မှု အဲဒီယုံကြည်မှုကို ပိုမိုခိုင်မှာလာစေချင်တဲ့အကြောင်း ပြောချင်တာရောပေါ့။ တို့တွေဘယ်လောက်ပဲ စဉ်းစားကြည့်ခဲ့ကြပေမယ့် “အချစ်”ဆိုတာကို သိပ်ကောင်းကောင်းနားမလည်ခဲ့ကြဘူးနော်…။ ဒါပေမယ့် ဆုတောင်းကြရအောင် တို့နှစ်ယောက်ရဲ့ နှလုံးသားတစ်ခုလုံးက အချစ်ဆိုတာကို နှစ်နှစ်ကာကာ ယုံကြည်လာစေဖို့ပေါ့။
 ----------------------------------------------------------------

၆ ဇူလိုင် ၁၉၀၄

နှစ်တွေကုန်လွန်သွားလိုက်တာ ၁၁ နှစ်တောင် ရှိခဲ့ပြီနော်လူဝီ။ ဒီအတော အတွင်း တို့အဝေးကြီးကို ထွက်သွားခဲ့တယ်။ ခုပြန်လာခဲ့တယ်။ နောက်ထပ်သိပ်မကြာခင်မှာပဲ နောက်ခရီးတစ်ခုအတွက် ပြင်ဆင်ရတော့မယ်။
သေချာတာကတော့ နင့်မှာ ကိုယ့်အိမ်ကိုယ့်ယာနဲ့။ လူဝီရေ.. အချစ်ရေ၊ အခုဆို နင်ဟာ လုံးဝရင့်ကျက်နေလောက်ရောပေါ့နော်။ ပြီးတော့ နင့်အတွက် အဓိပ္ပာယ်အများကြီးရှိတဲ့ မိသားစုနဲ့ အတည်တကျ ဖြစ်နေလောက်ရောပေါ့။
နောက်နင်ကိုယ်တိုင်ရော ဘယ်လိုပုံစံမျိုးဖြစ်နေမလဲ မြင်ယောင်ကြည့်မိတယ်။ စိုစိုပြည်ပြည် ပြည့်ပြည့် ဖောင်းဖောင်းနဲ့၊ ပခုံးတွေကလည်း ပိုပြီး ကျယ်လာ၊ ပြီးတော့ ဆံပင်ဖြူတချို့တ၀က်လည်း ပေါက်လောက်ရောပေါ့။ နောက်ပြီး ဟိုးအရင်ကလိုပဲ နင့်မျက်နှာ ရွှင်ရွှင်ကြည်ကြည်မှာ ပြုံးများပြုံးလိုက်ရင် နှုတ်ခမ်းနှစ်ခုက ခပ်တင်းတင်းစေ့လို့။ သတိရမိပါသေးရဲ့ လူဝီရယ်….။
တို့ကရော…? တို့ပြောတောင် မပြောပြချင်ဘူးကွယ်။ တို့ဘယ်လောက်ထိ အိုမင်းသွားပြီဆိုတာကိုလေ။ အိမင်းနေတဲ့ မိန်းမကြီးတစ်ယောက် ဖြစ်သွားခဲ့ပြီ။ ပြီးတော့ မိန်းမတွေက ယောက်ျားတွေထက် ပိုပြီ ရုပ်ကျလွယ်တယ်လေ။ ခုနေများ တို့ နင့်အနားမှာ ရှိနေခဲ့ရင် နင့်အမေလို့ထင်ရမှာ အမှန်ပဲ။ မျက်နှာပေါ်က အရေးအကြောင်းတွေ နင့်ကိုကြည့်တဲ့ အကြည့်တွေကအစပေါ့။
တွေ့ပြီလား တို့တွေ ခွဲခွာခဲ့ကြတာ ဘယ်လောက်မှန်လဲဆိုတာကို..။ တို့တွေခွဲခွာခဲ့တာ တကယ့်အချိန်ကောင်းပါပဲကွယ်။ အခုတို့နှစ်ယောက်ရဲ့ နာကျင်မှုတွေ ကုန်လွန်သွားခဲ့ပြီ။ တည်ငြိမ်ခဲ့ကြပြီ။ စာအိတ်ပေါ်က တို့လက်ရေးကိုတွေ့တဲ့အခါ အရင်ကလိုမဟုတ်တော့ပဲ နင့်အတွက် ပျော်ရွှင်စရာလေး ဖြစ်ချင်ဖြစ်နေတော့မှာပါ။

 ---------------------------------------------------------------------------------------------
၂၅ စက်တင်ဘာ ၁၈၉၃

ချစ်ရတဲ့လူဝီ…!
အခုဆို တို့တွေခွဲခွာခဲ့တာ နှစ်ပေါင်း၂၀တောင် ရှိခဲ့ပြီ။
အဲ့လိုပဲ တို့မရှိပဲ နင် နှစ်ပေါင်း၂၀တောင် ရှင်သန်နေနိုင်ခဲ့ပြီ အချစ်ရေ..။ တကယ်လို့ နင်မသေသေးဘူးဆိုရင် နင်ဒီစာကို ဖတ်ရမှာပါ။ နှစ်ပေါင်းများစွာ မပျက်မကွက် ပို့ပေးနေကျ လူတွေက ဒီစာကို အရင်က စာတွေလိုပဲ နင့်ဆီအရောက်ပို့ပေးကြလိမ့်မယ်။ တစ်ခုပဲ ခွင့်လွတ်ပေးပါ။ တို့နှစ်ယောက် လမ်းခွဲပြီးနောက်တစ်နေ့မှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ အတွက်ပေါ့။ တို့မတတ်နိုင်ဘူးအချစ်ရယ်။ နင်မရှိပဲ ရှင်သန်နေထိုင်ဖို့ ဘ၀နေနည်း တို့မသင်ကြား မတတ်မြောက်သေးဘူးကွယ်။
မနေ့ကပဲ တို့နှစ်ယောက် ခွဲခွာခဲ့ကြတယ်။ တို့ပထမဆုံး ပို့လိုက်တဲ့ စာက ရက်စွဲကို သေချာပြန်ကြည့်ကြည့်ပါ။ နင်အဲဒါကို သတိထားမိမှာ မဟုတ်ပါဘူး။ အဲဒီနေ့ ညနေက တို့နှစ်ယောက် တို့တတွေရဲ့ အခန်းလေးထဲမှာ အတူတကွ ရှိခဲ့ကြတာပေါ့။ နင်ကတော့ ခေါင်းအုံးထဲ ခေါင်းထိုးပြီး ကယ်သူမဲ့တဲ့ ကြောက်စရာသောကတွေနဲ့ ကလေးလေးလိုပဲ ငိုကြွေးနေခဲ့တယ်လေ။ အဲဒီညနေက ပြတင်းပေါက်တစ်ခြမ်း ဖွင့်ထားပေမယ့် တို့လက်ပေါ်စီးကျလာတဲ့ မက်ရည်တွေကိုတော့ မမြင်ရလောက်အောင် မှောင်နေခဲ့တယ်။ နင်က နာကျင်ဝမ်းနည်းမှုကြောင့် ငိုကြွေးနေခဲ့ပေမယ့် တို့ကတော့ ရှိသမျှအင်အားနဲ့ ချုပ်တည်းပြီး ကြိတ်မှိတ် နှုတ်ဆိတ်နေခဲ့တယ်။ ဒီနေ့ တို့အခန်းထောင့်လေးမှာထိုင်ပြီး အချိန်တွေခြားပြီး နင်ဖတ်ရမယ့် စာလေးစောင်ကို ရေးခဲ့တယ်။ အခုဒီစာကို အဆုံးသတ်ပြီးတဲ့ အချိန်မှာတော့ ငါ့ရဲ့ ဘ၀အဆုံးသတ်ပေါ့။
ဒီနေ့ညနေ တို့ရဲ့စာတွေကို နင့်ဆီနေ့စွဲအတိုင်း ပို့ဖို့ရယ်၊ နင်ငါ့ကို ရှာဖွေမတွေ့နိုင်ဖို့ရယ် လုပ်ထားခဲ့ရဦးမယ်။
ပြီးရင်တော့ ဒီဘ၀ကြီးကနေ တို့ထွက်ခွာသွားတော့မယ်အချစ်ရယ်။ အဲဒီ စက်ဆုပ်ထိတ်လန့်ဖွယ် အကြောင်းကိုတော့ ဘာအကြောင်းနဲ့မှ နင့်ကို အသေးစိတ်ပြောမပြတော့ဘူး လူဝီ။ အဲဒါတွေက နင့်ကို ပိုပြီးနာကျင်စေရုံထက် ဘာမှအသုံးမ၀င်လို့ပဲ။
အရေးကြီးတာက နင့်စိတ်မှာ ဒါဏ်ရာမရစေဖို့ သိမ်သိမ်မွေ့မွေ့နဲ့ ဂရုတစိုက် လုပ်ဖို့ပဲ။ တို့ဖြစ်ချင်တာက နင့်ကို စိုးရိမ်ပူပန်နိုင်ဖို့ သေဆုံးသွားပြီးနောက်မှာတောင် နင့်အတွက် တို့ရှင်သန်နေဖို့ပဲ။ တို့နင့်ဆီ မကြာခဏဆိုသလို ရောက်ရောက်လာရမယ်။ ဒါပေမယ့် နင့်မှတ်ဥာဏ်ထဲကနေ တို့တဖြည်းဖြည်း ပျောက်ကွယ်သွားစေဖို့ ခဏတိုင်းလည်း မဖြစ်ရဘူး။ နင်မနာကျင်စေဖို့ သိပ်ခြားလို့လည်း မဖြစ်သေးဘူး။ အမှန်တရားကို နင်သိမယ့်အချိန်ဟာ ဒီလောက်ထိ နှစ်တွေ ကုန်လွန်သွားပြီးမှပဲ ဖြစ်ရမယ်။ (အချိန်ဆိုတာ အကောင်းဆုံး သမားတော်ပဲ မဟုတ်လား) တို့ရဲ့ သေဆုံးခြင်းက နင့်အတွက် အရမ်းကြီး အဓိပ္ပာယ်မရှိတော့မယ့်အချိန်၊ သိပ်မခက်ခဲတော့မယ့် အချိန်ပေါ့။
လူဝီ။ အချစ်ရေ ဒီနေ့တို့နှစ် နောက်ဆုံးအကြိမ် စကားပြောကြတာဟာ သိပ်နိမိတ်မကောင်းသလိုပဲကွယ်။
တို့နှစ်ယောက်ပြောကြတာဟာ လုံးဝမကြားရသလောက်တိုးတယ်။ တစ်ယောက်နဲ့ တစ်ယောက် သိပ်ကိုပဲ ဝေးကွာနေသလို။ တို့ဟာ နင့်အတွက်ပဲ တည်ရှိတာ။ နင်ကတော့ တို့ကို မေ့သွားခဲ့ပြီ။ “အခုအချိန်” ဆိုတဲ့ စကားလုံးလေးဟာ အဲဒီစာလုံးလေးကို ရေးလိုက်တဲ့သူနဲ့ အဲဒီစာလုံးလေးကို ဖတ်ပြီး နှုတ်ဖျားကနေ ခပ်ဖွဖွ ရွတ်နေတဲ့လူကြားမှာ အများကြီး ခြားနားသွားခဲ့ပြီ။
အခုအချိန်မှာ ကြီးမားတဲ့ အချိန်အတိုင်းအတာတစ်ခုကို လွန်မြောက်သွားခဲ့ပြီ။ အဓိပ္ပာယ်မရှိတဲ့ အရာတွေလို့ ထင်မယ်ဆို ထင်လို့ရနေပြီဖြစ်တဲ့ အချိန်ပေါ့။ အခု အရင်ကလိုပဲ နင့်ကို နမ်းလိုက်ပါရဲ့။
ပြီးတော့…….
ဒါပါပဲကွယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုပြီးဝမ်းနည်းမိမှာ ကြောက်လို့။ နောက်ပြီး အချစ်က သိပ်နက်ရှိုင်းတဲ့အခါ၊ နှုးညံ့မှု(ချစ်မေတ္တာ)က အကန့်အသတ် မရှိတဲ့အခါ ရှောင်တိမ်းလို့မရတဲ့ တို့ရဲ့ ရူးသွပ်တဲ့ အိပ်မက်တွေကို ၀န်ခံမိမှာစိုးလို့……….။
                                          ပြင်သစ်စာရေးဆရာ ဟင်နရီ ဘားဗျူစ့် ၏ “နူးညံ့မှု” ကို ပြန်ဆိုပါသည်။
                                          from russian language Нежность by Анри Барбюс.

note; ဒီစာကို ဘာသာပြန်ပြီးတာ ကြာပါပြီ။ လွန်ခဲ့တဲ့ လေးငါးခြောက်လလောက် ကတည်းကပါ။ အဓိကကတော့ ခေါင်းစဉ်ကြောင့် မတင်ဖြစ်ပဲ ဖြစ်နေတာ။ ခေါင်းစဉ်က မူရင်းပြင်သစ်ဘာသာစကားမှာကော ရုရှားဘာသာစကားမှာပါ တော်တော်လှပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ စာလုံးဖြစ်နေပါတယ်။ မြန်မာလို ဘာသာပြန်မယ်ဆိုရင် နူးညံ့မှုလို့ ခပ်လွယ်လွယ်ရပေမယ့် တကယ်ဆိုလိုတဲ့ အဓိပ္ပာယ်ကိုတော့ ဘယ်လိုမှမရပါဘူး။ ကျွန်တော့်ရဲ့ မြန်မာစာညံ့ဖျင်းမှုလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီတိုင်းပဲ ခေါင်းစဉ်တတ်လိုက်ပါတယ်။ ပြီးတော့ အစက အပိုင်းခွဲပြီးတင်မလို့ပါပဲ။ နောက်တော့ တစ်စုတည်း ဖြစ်စေချင်တာနဲ့ ပေါင်းတင်လိုက်ပါတယ်။ တော်တော် ရှည်သွားမှာဖြစ်တဲ့အတွက် ဒီအထိရောက်အောင် ဖတ်လာခဲ့ရင်တော့ ကျေးဇူးအရမ်းတင်မိမှာပါ။
ပျော်ရွှင်ပါစေ...
ဝေလင်း

3 comments:

သဒ္ဓါလှိုင်း said...

လာလည်တာကျေးဇူးတင်ပါတယ်..။
မသဒ္ဓါလည်းတပတ်လုံးနေမကောင်းလို့ပျောက်နေတာပါ.
ကျန်းမာရွှင်လန်းပါစေ..
ခင်မင်စွာ
သဒ္ဓါ

Tiger said...

ဘာသာပြန် ဆိုပေးတာကို တကယ်ကို တကယ် ကို ကျေးဇူးတင်ပါတယ်။ ဒီ စာလေးကို အင်္ဂလိပ်လို တစ်နေရာမှ ဖတ်ဖူးပါတယ် လွန်ခဲ့တဲ့၂နှစ်လောက်က ပါ အခု ပြန်ရှာကြည့်တာ စက်ထဲမှာ မတွေ့ဖူးဖြစ်နေလို့ ။
တစ်ခု စပ်စု ချင်တာက အခု မြန်မာလို ဘာသာပြန်ဆိုမှုမှာ ရု၇ှားလိုကနေ ပြန်တာလား ပြင်သစ်လိုကနေ ပြန်တာလားဆိုတာပါ ။ အရေးတော့ မကြီးပါဘူး ဒါပေမယ့် မရှင်းတာလေးဖြစ်နေလို့ ဘာရယ်မဟုတ်ပါဘူးမေးကြည့်တာပါ ။
ခင်မင်လျက်
ကျားကြီး

ဝေလင်း said...

ရုရှားလိုကနေပြန်တာပါအစ်ကိုရေ.. ပို့စ်အောက်မှာ from russian language Нежность by Анри Барбюс. အဲဒီစာတန်းလေး ထည့်ထားပါတယ်....။ အင်္ဂလိပ်လိုလည်း ရှိပါတယ်..။ အင်တာနက်ပေါ်မှာကြည့်ကြည့်လို့ရပါတယ်။