Tuesday, December 29, 2009

မျက်နှာဖုံး

                                                            

"ကြွပါခင်ဗျာ...။"ဘာများအလိုရှိပါသလဲ။"
"မျက်နှာဖုံးလိုချင်လို့"
ဟုတ်ကဲ့...ဘယ်လိုမျက်နှာဖုံးမျိုးလိုချင်ပါသလဲ..."
"ပထမတစ်ခုက သဘောကောင်းဖောရွေတဲ့ မျက်နှာဖုံး..."
"နောက်စိတ်မကောင်း ၀မ်းနည်းတဲ့မျက်နှာဖုံး.."
"ရိုကျိုး ရိုးသားတဲ့မျက်နှာဖုံး"
"ရှိတဲ့မျက်နှာဖုံး အကုန်သာပေးဗျာ..."
အကုန်.. ဟုတ်လား? အဲလောက်အများကြီးဘာလုပ်မှာလဲဗျ
လိုအပ်လို့ပေါ့ဗျ...မျက်နှာဖုံးမရှိဘဲလောကကြီးမှာ ရှင်သန်ဖို့
ရာ ဘယ်လောက်ခက်ခဲလဲဆိုတာ ခင်ဗျားသိလို့လား..။
အရင်က ကျုပ်က မူလမျက်နှာနဲ့ပဲနေထိုင်ခဲ့တာ။စိတ်ဆိုးစရာ
ရှိရင် စိတ်ဆိုးလိုက်တာပဲ၊ ၀မ်းသာစရာရှိရင် ၀မ်းသာပစ်လိုက်တယ်၊
မကျေနပ် စရာတွေ့ရင်လည်းမကျေနပ်ပစ်လိုက်တာပဲ...။အဲလိုနေခဲ့တဲ့
အတွက် ဘာတွေ ဖြစ်လာလဲသိလား...?
လူတွေကကျွန်တော့ကို ရွံကြောက်ကြီးဖြစ်လာကြတယ်။ကျွန်တော်နဲ့ဆက်ဆံဖို့
ရှောင်ဖယ်လာကြတယ်။လူတွေကြားထဲမှာ လူမဟုတ်သလို အထီးကျန်လာရတယ်..။
ကဲထားပါတော့ဗျာ ပေးမှာသာပေးပါ။
နေအုံးမေ့တော့မလို့ ဘာပုံပန်းမှမပါတဲ့ ဗြောင်မျက်နှာဖုံးတစ်ခုလည်း ထည့်လိုက်ပါအုံး။
လောကကြီးမှာ မျက်နှာပြောင်တိုက်ရမယ့် အခြေအနေတွေလည်းအများကြီးပဲလေ..။
ဟုတ်ကဲ့ ဒီမှာအားလုံးထုပ်ပိုး ပြီးပါပြီ။
'ဟုတ်လား ကျေးဇူးပဲ ဘယ်လောက်ကျလဲ'
ပစ္စည်း တန်ဖိုးကငွေသားနဲ့ချေရမှာ မဟုတ်ပါဘူးခင်ဗျာ...
ဒါဆိုချက်နဲ့လား အဲဒါလည်းအဆင်ပြေသားပဲ..."
"မဟုတ်ပါဘူး၊ ငွေသားနဲ့မဟုတ်ဘူးဆိုတာက၊ ဒီမျက်နှာဖုံးကိုလက်ခံရရှိပြီးတာနဲ့
တပြိုင်နက်  ခင်ဗျားရဲ့ခံစားချက်တွေ အားလုံးကို ဒီမှာထားခဲ့ဖို့ပါပဲ။
မျက်နှာဖုံးနဲ့ရှင်သန်ဖို့ ဆိုံးဖြတ်ပြီးမှတော့ ခံစားချက်အစစ်တွေမလိုအပ်တော့ဘူးမဟုတ်ား.။
"ကောင်းပြီလေ ကျွန်တော်ထားခဲ့ပါ့မယ်။

မျက်နှာဖုံးတွေနှင့်အသားကျနေသော လူ့လောကဆီသို့ မျက်နှာဖုံးများစွဲကိုင်ကာ       ရင်ကော့၍ထွက်လာတော့သည်။
                       

Saturday, December 26, 2009

ကျွန်တော့် ခရစ်စမတ်လက်ဆောင်...


မနေ့က တစ်နေ့လုံး စိတ်တော်တော် ညစ်ခဲ့ရတယ်။ blogging အလုပ်ကောင်းလွန်းတဲ့အကျိုးလေးပေါ့။ နဂိုကတည်းက physics က အားနည်းပါတယ်ဆို ဒီရောက်တော့မှ ရုရှားစကားနဲ့သင်ရတယ်။ ကောင်းရော..။ အတွက်ပုစ္ဆာပိုင်းကတော့ စကားနားမလည်သည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ အနည်းနဲ့အများတော့ တွက်လို့ရတာမှန်ပေမယ့် theory ပိုင်းကတော့ ဘယ်လိုမှလိုက်မရပါဘူး။ physics လုပ်တိုင်း physics စာအုပ်ထက် dictionary နဲ့ပိုရင်းနှီးရတယ်။ နှစ်စပိုင်းကဆို လက်ချာချိန်တွေ ငိုချင်လောက်အောင် စိတ်ဓါတ်ကျတယ်။ ( ဆရာကလည်း စကားပြောတော်တော်မြန်ပါတယ်။) နဂိုကမှ ရုရှားစကားက အူလည်လည်ပါဆိုနေမှ သူက မြန်တော့ ဘယ်လိုမှလိုက်မမှီနိုင်ဘူး..။ အဲဒီကြားထဲ စာကြည့်ချိန်တွေ အပျင်းထူပြီး blog ရွာလေးထဲပဲရောက်နေမိတော့ ဒီကောင့်အခြေအနေကို စဉ်းစားတာကြည့်တော့....။ အဲဒီမှာဖြေမယ်ဆိုတဲ့ အချိန်မှာမှ နဂိုက လိုက်မမှီတဲ့စာတွေ ပြန်ရှာ၊ပြန်ကူးရတယ်။ အခုစာမေးပွဲမှာ ကျွန်တော်ကြည့်ရမှာက ၆ ခန်းရှိပါတယ်။ အဲဒီထဲမှာမှ ကျွန်တော်တီးမိခေါက်မိရှိတာ ၃ ခန်းလောက်ပဲရှိတယ်..ဟီး။ စဉ်းစားကြည့်ပေတော့ နောက်နေ့မနက်ဆိုပဲ ဖြေရတော့မယ်..ဒီနေ့ညနေထိ ဘာမှအဆင်သင့်မဖြစ်သေးဘူး..။ ဒီကြားထဲ ပို့စ်အသစ်က ၀င်တင်လိုက်သေးတယ်။ မနက်လင်းတော့မှ ပျားတုပ်တာပဲ..။ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး..။ ဘာမှလည်းလုပ်လို့မရတော့ဘူးလေ..အဟဲ။
ဒီမှာတစ်ခုပြောပြချင်ပါတယ်။ စာမေးပွဲ စစ်ပုံစစ်နည်းပါ။ ကျွန်တော့်physics မေးခွန်းက ၃ ပုဒ်ရှိပါတယ်။ ပထမနှစ်ပုဒ်က သီအိုရီပိုင်းပါ။ နောက်တစ်ပုဒ်ကတော့ အတွက်ပုစ္ဆာပါ။ အရင်ဦးဆုံး အဲဒါတွေကို ဖြေရပါတယ်..။ အဲဒါကတော့ ရေးဖြေပေါ့။ အဲဒါတွေဖြေပြီးပြီဆိုရင် ဆရာနဲ့ one by one စပါတယ်။ ဆရာက ကိုယ်ကျတဲ့ပုစ္ဆာ( ပြောဖို့မေ့သွားတယ်။ စာမေးပွဲမေးခွန်းက တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး..မဲနှိုက်ပြီး ကိုယ်ကျတဲ့နံပါတ်အတိုင်း ဖြေရတာပါ)နဲ့ပတ်သက်တဲ့ သီအိုရီပိုင်းကို မေးပါတယ်။ စာမေးပွဲတစ်ခုလုံးမှာ အဲဒါက အသက်ပါ။ အဲဒီကောင်မဖြေနိုင်ရင် ဘယ်လောက်ရေးထားထား အမှတ်မပေးပါဘူး။ ကျောင်းသားရဲ့ မှတ်သားမှုထက် နားလည်မှုကို ပိုလိုလားတဲ့ပုံစံလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ နောက်တစ်ခုကရုရှားပညာရေးစနစ်ရဲ့ အမှတ်ပေးနည်းပါ။ သူတို့မှာ အမြင့်ဆုံးဆိုတဲ့အမှတ်က ၅ မှတ်ပါ။ အမှတ်ပြည့်ပေါ့။
ဒုတိရက ၄ မှတ်ပါ.။တော်တော်ကောင်းတဲ့အမှတ်ပါပဲ..။ ကျွန်တော်တို့ဆီက ဂုဏ်ထူးမှတ်လောက်နဲ့တူပါတယ်။ နောက်တစ်ခုကတော့ ၃ မှတ် အောင်မှတ်ပေါ့..။ နှစ်မှတ်ဆိုရင်တော့ ကျပါတယ်။ နောက်တစ်ကြိမ်ပြန်ဖြေရပါတယ်။
ကျွန်တော်ကျတဲ့မေးခွန်းက နံပါတ်တစ် နယူတန်ရဲ့ law သုံးခုပါ..။ ပျော်သည်ပေါ့။ နောက်တစ်ခုက သံလိုက်စက်ကွင်းနဲ့ ပတ်သက်တာပါ။ နောက်ဆုံးအတွက်ပုစ္ဆာကလည်း သံလိုက်စက်ကွင်းအပိုင်းကပါပဲ..။ ပထမ နယူတန်လောက်ကတော့ သာသာယာယာပေါ့..နောက်နံပါတ်နှစ်ကတော့ လုံးဝကို ကျက်မသွားတာ။ ကဲမဖြေဘူးကွာ..။ လာထားအတွက်ပုစ္ဆာ..။ မရပါဘူးခင်ဗျ...။ ပုံသေနည်းမေ့နေလို့...။ သူငယ်ချင်းအချင်းချင်း မေးဖို့ကလည်း ဆရာက ကျွန်တော့်ဘေးတင် ထိုင်နေတာ။ အဲဒီတော့ ဘယ်လိုလုပ်ရလဲဆိုတော့ ဆရာ့အားနည်းချက်ကို အသုံးချရပါတယ်။ ဆရာ့အားနည်းချက်က ဘာလဲဆိုတော့ ပုစ္ဆာတစ်ခုကို သူ့တပည့်တွေ တွက်နေရင်း အူတိအူကြောင်ဖြစ်နေတာမြင်ရင် အရမ်းတွက်ပြချင်တာပါ..။ တစ်ခုတော့ ရှိတာပေါ့..။ သူ့ကို follow လေးတော့လိုပေးရတယ်။ ကျွန်တော်လည်း မဖြစ်ချေဘူးဆိုပြီး ဆရာပေါ့..ခုကျွန်တော်တွက်ထားတာ မှန်လား ဘာညာပေါ့..။ တကယ်က ဘာမှမတွက်ရသေးပါဘူး။ ပေးထားချက်လေးရေးပြီး ပုံလေးဆွဲထားရုံပဲရှိသေးတာ။ ဒါပေမယ့် သူ့ထုံးစံအတိုင်း သူ့ဟာသူအရှိန်မထိန်းနိုင်ပဲ တ်ွပြသွားလိုက်တာ ဂဏန်းထည့်ပြီး ဂဏန်းပေါင်းစက်နှိပ်တာပဲ ကျွန်တော်လုပ်လိုက်ရတယ်။ အဲလိုပဲ ဝေလင်းတို့က လည်တာ။ တွက်ပြီးတော့ သူ့ရဲ့ မေးမြန်းခန်းတွေစပါတော့တယ်..။ နယူတန်ရဲ့လောသုံးခုကတော့ အေးဆေးပေါ့..။ ငယ်ကတည်းက သင်လာတာ မဖြေနိုင်စရာလား..။ အဟဲ နံပါတ်နှစ်ကတော့ လုံးဝမရပါဘူး။
ကဲ သုံးပုဒ်မေးတာမှာ တစ်ပုဒ်ပဲ ဖြေနိုင်တဲ့ကျောင်းသားကို( ပုစ္ဆာကလည်း သူတွက်ပေးလိုက်ရတာနော်) ဘယ်လောက်ပေးသင့်သလဲ...? ပြောကြမှာပေါ့ နှစ်မှတ်လို့..။ မထင်ပါနဲ့ခင်ဗျား ဝေလင်း ၄ မှတ်ရခဲ့ပါတယ်...။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ မြန်မာအဖွဲ့ကို သဘောကျလို့ပါ။ ကျွန်တော်တို့ကို ညံ့တယ်လို့ သူ့စိတ်ထဲမှာ မသတ်မှတ်ထားဘူးလေ။ (တကယ်တော့ ကျွန်တော်တို့က အပျင်းထူတာပါ)။ သူတို့အမှတ်ပေးစနစ်က ကျွန်တော်တို့လို တစ်ပုဒ်မှား တစ်မှတ်လျှော့၊ တစ်ခုမှားရင် မှားသလောက် အမှတ်လျှော့ဆိုတာမျိုးမှ မဟုတ်တာ။ ပေးချင်တဲ့အမှတ်ဆိုတာ ဆရာဆရာမ ပါးစပ်ထဲတင်ရှိတာ။ ဆရာဆရာမကသာ ချစ်လို့ကတော့ အလိုလိုနေရင်းကို သူတို့က ၅ မှတ်ပေးချင်နေတာ။ သူတို့ပညာရေးစနစ်ထဲမှာ အဲဒီတစ်ခုပဲ မကောင်းတာပါ။ ဒါပေမယ့် ဘယ်လောက်ပဲမကောင်းဘူးပြောပြော အဲဒါလေးကပဲ ကိုယ့်ကိုကယ်သွားခဲ့ပါတယ်။ ဘယ်လောက်ကောင်းလဲနော်..။ ဒါပေမယ့် နောက်ကိုတော့ blogging တာလေးလျှော့ပြီး စာဘက်အာရုံစိုက်ဖို့ စဉ်းစားထားပါတယ်။ စိတ်ပင်ပန်းလွန်းလို့ပါ..။ တခြားဘာသာရပ်တွေဆိုလည်း အဲလိုမဖြစ်ပါဘူးလေ။ သင်္ချာလို ဘာသာမျိုးဆို ခေါင်းပြားအောင်အိပ်ပြီးဖြေတာ။ လောလောဆယ်တော့ ပျော်ပါတယ်ခင်ဗျာ... စန်တာကလော့ရဲ့ ခရစ်စမတ်လက်ဆောင်လေးက တကယ်ကောင်းပါတယ်..

Friday, December 25, 2009

အရှုံး..

                 
ပြီးဆုံးသွားခဲ့ပြီ...

အမုန်းမရှိ၊ အရှုံးမရှိ

ရုန်းကြည့်လို့မလွတ်တဲ့ကြိုး

ငါ့ ဓါးကျိုးနဲ့ ပြတ်စေခဲ့ပြီ..။

နင်နဲ့ငါက

နေနဲ့လလိုမျိုး

ငါကနိုးထရုံရှိသေး

နင်ကအိပ်သွားခဲ့ပြီ..။

ဝေးရမယ့် ကံကြမ္မာကို

ငါကိုတိုင်သတ်မှတ်

ဖြတ်ညှပ်ကပ်လုပ်ထားကြည့်တယ်

ငါ့မျက်နှာကျက်မှာ

ကြေကွဲဖွယ်ရာဆန်ဆန်ပေါ့...။

မာယာဆန်တဲ့ပြောင်းလဲမှုတွေကို

ငါလိုက်နားမလည်ချင်တော့ဘူး.

ငါနင့်ကိုမချစ်ဘူးကွယ်...။

မိန်းမတစ်ယောက်ကိုနားလည်ဖို့ကြိုးစားမယ့်အစား

နို့ဆီခွက်ထဲ ငါးထိုင်မျှားတာက

ငါ့အတွက် အခွင့်လမ်းပိုများလိမ့်မယ်...။

ဘုရားလည်းသိတယ်

တရားလည်းသိတယ်

အချစ်ကိုတော့ငါမသိဘူးကွယ်..

ညီမျှခြင်းနှစ်ခုကို ညီမျှခြင်းချဖို့

ဘယ်သင်္ကေတသုံးရမလဲ..?

အချစ်နဲ့အရှုံးမှာ

အမုန်းကိုရွေးလို့မရဘူးတဲ့ကွယ်...

ပြောစမ်းပါ ငါမနာကျည်းသင့်ဘူးလား..

ငယ်ငယ်ကတည်းက ညံ့ခဲ့တဲ့ငါ

ကြီးတော့လည်းတော်မလာဘူး....။

မော်မော်ဖူးခဲ့ရတဲ့မျက်နှာတွေကို

မုန်းတယ်...

နင့်ဆံနွယ်တစ်ချက်အဝေ့မှာ

မေ့မတတ်ဖြစ်တတ်တဲ့ကောင်..

ခုချိန်ထိလည်း ဟန်မဆောင်တတ်သေးဘူးကွယ်........။

(အားလုံးပဲ ခရစ်စမတ်မှာပျော်ရွှင်ပါစေဗျာ..အစကတော့ ခရစ်စမတ်အတွက် ပို့စ်တစ်ခုရေးမလို့ပါပဲ...ဒါပေမယ့် ခရစ်စမတ်နံ့မသင်းတဲ့ ခရစ်စမတ်တစ်ခုမို့ ဘယ်လိုအာရုံသွင်းပြီးရေးရမယ် မသိဖြစ်မိပါတယ်..။ ဒီမှာက ခရစ်စမတ်က ဇန်န၀ါရီမှလေ..။ ပြီးတော့ ဒီနှစ်အတွက် ကျွန်တော်ရတဲ့ခရစ်စမတ်လက်ဆောင်က စာမေးပွဲလေ..မနက်စာမေးပွဲဖြေရတော့မယ်..။ စာတွေမသေးဘူး.. :P ။ အိပ်တော့မယ်။)
                        

Wednesday, December 23, 2009

ရေ...

ကမ္ဘာကြီးတစ်ခုလုံးကို ရေလွမ်းခဲ့ဖူးတယ်တဲ့။ ဖြစ်နိုင်ရင် ခုချိန်မှာ သူ ကမ္ဘာကြီးတစ်ခုလုံး ရေလွမ်းစေချင်မိတယ်။
တကယ်။ ခုချိန်မှာ ဘယ်နည်းနဲ့သေချင်လည်း မေးလာရင် သူရေနှစ်ပြီးသေဖို့ကိုပဲ ရွေးချယ်မိမှာ အမှန်ပင်။ အမေ့ထံမှ တိုးညှင်းသော ချောင်းဆိုးသံလေး ထွက်လာသည်။ သူဘာလုပ်ရမှာတဲ့လဲ။ ခုချိန်မှာ ရေနဲ့တူတာဆိုလို့ ငိုလျှင်ပင် မျက်ရည်ထွက်ဖွယ်မမြင်။

ဘယ့်နှယ်ဗျာ။ သစ္စာမရှိလိုက်တဲ့မိုးနှယ်..။ တစ်နေကုန် မိုးရွာဖို့နေနေသာသာ တိမ်ကလေး တစ်စတောင်တက်မလာဘူး။ နေကလည်း ပူလိုက်တာမှ ကျွတ်နေတာပဲ။ မီးထတောက်မလား အောက်မေ့ရတယ်။ ( ဂျိုဇော်၏ အရုပ်တွဲလဲ၊ ငုတွဲလဲမှ..)
ခပ်တည်တည်၊ ခပ်ခန့်ခန့် လူတစ်ယောက်ကို တွေ့ရတော့ သူအားတက်သွားမိသည်။ သူ့ဟာနဲ့သူ စမ်းတ၀ါးဝါး ရှာနေတာထက်စာလျှင် မေးကြည့်တာက ပိုနီးစပ်မည်ဟုလည်းတွေးမိသည်။ တရိုတသေပင် သူပြောပါသည်။
“အစ်ကို ရေလေးများ ရနိုင်မလားမသိဘူး”
“ဩော်..အေးညီ၊ အဟမ်း...ဒါကဒီလိုရှိတယ် ညီရ။ လူဆိုတာ ရေသောက်ချင်မှ ရေရှာလို့မရဘူးကွ။
ကိုယ်ပိုင်ရေတွင်းတစ်ခုတော့ရှိသင့်တယ်။လောကကြီးမှာ"ခုရေတွင်းတူးခုရေကြည်သောက်"ချင်လို့မရဘူးကွ။
မှတ်ထားပေါ့ညီရာ။အေး...အေး သွားသွားကိုယ့်မှာတော့ရေမရှိဘူးကွ။ရေတွင်းတူးချင်ရင်တော့ကိုယ်ကိုပြော
ဟုတ်ပြီလား ကိုယ်လည်းဟိုဘက်ရပ်ကွက်ကရေတွင်းတူးဖို့ငှားထားလို့ သွားလိုက်ဦးမယ်။”
သူ့ရှေ့ထွက်ခွာသွားသော ထိုသူ၏ ကျောပြင်ကိုစိတ်ရှုပ်စွာကြည့်နေမိသည်။ဘာပြောသွားပါလိမ့်သူစဉ်းစားမ
နေနိုင်ပါ။ဆက်လက်ထွက်လာခဲ့သည်။သူတော်စင်လိုလိုလူတစ်ယောက်နှင့်တွေသည်။သူကတော့ကူညီလိုစိတ်
ရှိကောင်းပါရဲ့ဟုတွေးမိသည်။
                       "အဘ....ရေလေးများကူညီနိုင်မလားမသိဘူး"
       "ကလေး...အဘကိုယ်တိုင်ရေရှာနေသူပါ။ရင်ထဲကဒေါသမီး၊လောဘမီး၊မောဟမီးတွေကိုငြိမ်းဖို့ ရေလိုက်
ရှာနေတာ နှစ်ပေါင်း၂၀ကျော်ခဲ့ပြီ။အဘလည်း မကူညီနိုင်ဘူးကွဲ့။"
                 ရှေ့ဆက်လျှောက်လာတော့ မျက်မှန်ထူထူ၊စာအုပ်ချိုင်ကြားညှပ်ကာ လမ်းလျှောက်နေသူတစ်
ယောက်ကိုတွေရသည်။သူဇွဲမလျှော့တမ်းထိုသူ့ထံသွားရောက်ချဉ်းကပ်မိပြန်သည်။
                      "  အစ်ကို, 'ရေ'..."
                'ရေ'လား...?။ဟား....ဟား မင်းငါနဲ့လာတွေ့တာကံကောင်းတာပဲကွ။ ထိုသူ့စကားကြောင့်သူအားတက်မိသည်။ဒီတစ်ခါတော့ဖြင့် ရေ ,ရချေပြီဟုလည်းတွေးမိသည် ထိုသူကဆက်ပြောသည်။
               “ မင်းကဖောင်စီးရင်းရေငတ်နေတဲ့ကောင်ပဲကွ။ ရေဆိုတာဘာလဲသိလား ဟိုက်ဒရိုဂျင်နှစ်ဆနဲ့
အောက်စီဂျင်တစ်ဆပေါင်းလိုက်ရင်ရေဖြစ်တာပဲကွ။ မင်းအခုရှူနေတဲ့လေထုထဲမှာ အောက်စီဂျင်လည်းရှိ
တယ် ဟိုက်ဒရိုဂျင်လည်းရှိတယ်။ မင်းအခုက အဲဒါကိုပေါင်းစပ်ပေးရုံပဲ။ရေလိုက်လွဲမနေပါနဲ့ကွာ။ သိသူဖော်စား၊မသိသူကျော်သွားကွ။ ငါကတော့ သွားပြီ။ ကြိုးစားလိုက်ပေဦး..။”
သက်ပြင်းပဲချမိတော့သည်။ရေတောင်းတဲ့ လူကိုရေအကြောင်းပဲလာပြောနေကြသည်။ သူတို့ရဲ့စကားလုံးတွေကိုသောက်သုံး၍ရလျှင်တော့မဆိုးပါ။ ရေကဘာလဲ။ အသက်လား?ဘ၀လား? ဆာလောင်မှုဖြေသိမ့်ဖို့လား?၊ သန့်စင်ဖို့လား?၊ တိုက်စားဖို့လား?၊ ဖျက်ဆီးဖို့လား?၊ ဖန်တီးဖို့လား? ရေတစ်ခွက်က လူတစ်သက်ဖြစ်နိုင်သလို၊ လှိုင်းတစ်ချက်ကလည်း လူ့အသက်ဖြစ်နိုင်သည်ပဲ။ သူ တောင်းဆိုတာက ကြယ်တစ်ခင်း နဲ့ လမင်းတစ်ရာမဟုတ်ပါ။ မြင့်မြတ်လှပါသည်ဆိုသော လူသားတို့ထံမှ ရေလေးတစ်ခွက်သာဖြစ်ပါသည်။
       ထိုစဉ် သူ့လက်ဖမိုးပေါ်သို့ ရေတစ်စက် ကျလာသည်။မရှေးမနှာင်းပင် နောက်တစ်စက်၊ ပြီးနောက်တစ်
စက်၊ တစ်စက်ပြီးတစ်စက်...
     "မိုး" ဟုတ်တယ် သူဝမ်းသာ အားရရယ်မောမိသည်။
  “ မိုး ရွာပြီကွ ဟား...ဟား။”
သို့သော် မိုးက....! သူ့ရယ်သံက လမ်းခုလတ်မှာပဲ ရပ်တန့်သွားရသည်။သူ့မျက်လုံး အစုံကမျက်ရည်တို့ စီးကျ
ကာ မိုးနဲ့ရောသွားသည်။ သူ ဆက်လက်ရပ်တည် နိုင်စွမ်းမရှိတော့ဘဲ ဒူးထောက် ကျသွားသည်။ ရူးသွပ်စွာ
အော်ဟစ်မိသည်။
     “ မဖြစ်သင့်ဘူး....။ဟင့်အင် မဖြစ်ရဘူးကွာ...။” သူ တစ်လျှောက်လုံးမျှော်လင့်လာခဲ့တဲ့ မိုး က “ မိုးခါး” တဲ့လားကွယ်။
                                           မဖြစ်....သင့်ဘူး....။
မှတ်ချက်။    ။ကျွန်တော်သည် ရေသောက်ရန်ရေ ရှာနေသူမဟုတ်ပါ။
                     ရေတိုက်ရန် ရေ ရှာနေသူသာဖြစ်ပါသည်။

Monday, December 21, 2009

အမှားပြင်ဆင်ချက်...

               
ဝလုံးလေးတွေ မရေးတတ်တော့တာ

ကြာခဲ့ပြီ..

ပိုင်ဆိုင်ခွင့်မရတဲ့ အိပ်မက်တွေရေတွက်ရင်း

မိုးလင်းချိန်ကိုမျှော်မိတယ်

ငါတို့အိမ်ကနာရီက

ည၁၂နာရီတိတိမှာရပ်ပေါ့

တချို့တွေမမြင်ချင်ယောင်ဆောင်ထားတဲ့ မျက်ရည်တွေအတွက်

ငါတို့တွေငိုပြလို့ရမလား..

တပါးသူရဲ့မျက်ရည်

ငါတို့ပါးပေါ်မှာ စီးခဲ့ပြီ။

မြင်ကြည့်လိုက်စမ်းပါကွယ်

မင်းတို့လည်း လူသားတွေပါ

မြက်ခြောက်ပဲ ၀ါးပါရစေ

မျက်မှန်စိမ်းတော့ မတတ်ပါရစေနဲ့

မျှော်လင့်ချက်တွေ ဖွယ်တယ်တယ်နိုင်ရချည့်..

ချည့်နဲ့နဲ့ ဒဏ်ရာတွေနဲ့ မချိပြုံးတွေအတွက်

အမုန်းတွေကို သင်ပုန်းချေကြစို့

လာကွယ် မင်းလယ်ကွင်းထဲ ငါလည်းဆင်းမယ်.........
               

Sunday, December 20, 2009

အနာဂတ်...

နောင်လာမယ့် ၅ နှစ်မှာ....

၁.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ.(မိမိရဲ့ စိတ်ကူးထဲမှာ ကိုယ်လုပ်ချင်တဲ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလေးတစ်ခုပါ။)ကျွန်မရဲ့စိတ်ကူးများထဲက ကျွန်မလုပ်ချင်တဲ့ အလုပ်တွေအကြောင်းကိုတော့ စိတ်ကူးများနဲ့ ကျွန်မဆိုပြီး ပို့စ်လေးရေးဘူးခဲ့ပါတယ်။

.မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့)စိတ်ကူးထဲက အိမ်ထောင်ရေး ( မိမိရဲ့ စိတ်ကူးထဲက အိမ်ထောင်ဘက်ဟာ ဘယ်လို စိတ်ဓါတ် ဘယ်လိုပုံစံမျိုးလေး ဖြစ်စေချင်ပါသလဲ။ အသက် ၂၀ ကျော် ၃၀ အရွယ်တွေမို့ ဒီအကြောင်းက မဖြစ်မနေ စဉ်းစားကြရတော့မှာပါ။)


မမ၀ါက အဲဒီလိုတဂ်ပါတယ်။ ကျွန်တော်ကတော့ တွေးချင်သလိုတွေး၊ ယူချင်သလိုယူပြီး ရေးလိုက်ပါတယ်.. :)



ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားလည်း ဆိုတော့ အများကြီးပဲ။ လုပ်ဖို့ အလုပ်ကတော့ ကျောင်းဆင်းတာနဲ့ တာဝန်ကျတဲ့ဆီကို သွားရုံပဲ။ ဒါပေမယ့် တကယ်လုပ်ချင်တာကတော့ ရှစ်တန်းတုန်းက ရောင်းပစ်လိုက်ရတဲ့ စာအုပ်အငှားဆိုင်လေး ပြန်လုပ်ပေးချင်တယ်။ ကိုယ့်မြို့လေးမှာပဲ။ အဲဒါကတော့ အဖေနဲ့ အမေအတွက်ပါ။ အဲဒီဆိုင်လေး ရောင်းပစ်တုန်းကလည်း အရမ်းနှမြောပြီး ငိုချင်မိတယ်။ ကိုယ့်စာဖတ်ဝါသနာကို အဲဒီဆိုင်လေးက အစပျိုးပေးခဲ့တာ။ အဲဒီဆိုင်လေးကိုတော့ မဖြစ်ဖြစ်အောင် လုပ်ဖို့ စဉ်းစားထားတယ်။ နောက်လုပ်ချင်တာတစ်ခုက စာအုပ်အရောင်းဆိုင် ဖွင့်ချင်တယ်။ စာအုပ်တွေကို စုံနိုင်သမျှစုံအောင် တင်မယ်။ ခန့်ခန့်ညားညားလုပ်ချင်တာ။ စာအုပ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ညီအောင်။ အဲဒါကတော့ ဝေးပါသေးတယ်။ ကြိုးစားရဦးမယ်။ မမ၀ါပြောတဲ့ နောက်ငါးနှစ်နဲ့ အကောင်အထည် ဖော်နိုင်ဖို့ မလွယ်သေးဘူး။ နောက်ငါးနှစ်နေမှ ကျောင်းဆင်းမှာဆိုတော့ ၁၀နှစ်လည်း ဖြစ်သွားနိုင်တယ်။ အနှစ်၂၀လည်း ဖြစ်သွားနိုင်တယ်။
နောက်ဆုံးတစ်ခုကတော့ စာအုပ်အငှားဆိုင်လေး ရှိခဲ့တုန်းကတည်းက ပေါ်ခဲ့တဲ့ စိတ်ကူးလေးတစ်ခုပါ။ အဲဒီစိတ်ကူးကတော့ ပင်စင်ယူချိန်လောက်မှပဲ အကောင်အထည် ဖော်နိုင်လိမ့်မယ်နဲ့တူပါတယ်။ လုပ်တော့လုပ်ချင်တယ်။ စာကြည့်တိုက်ဖွင့်ချင်တာ။ member ၀င်ထားတဲ့လူက စာအုပ်ငှားနိုင်မယ်။ လစဉ်ကြေးသွင်းရမယ်။ မငှားနိုင်တဲ့ စာအုပ်မျိုးကိုတော့ စာကြည့်တိုက်မှာပဲ ဖတ်နိုင်အောင် လုပ်မယ်။ member မ၀င်ထားတဲ့လူတွေကိုတော့ စာကြည့်တိုက်မှာပဲ ဖတ်လို့ရမယ်။ စာအုပ်အငှားဆိုင် သဘောမျိုးပဲ။ ငှားဖတ်ရမှာပေါ့။ ဘယ်ကစိတ်ကူးရလည်းဆိုတော့ ဆိုင်မှာ စာအုပ်ကောင်းလေးတွေတင်ရင် ပျောက်ပျက်ကုန်တဲ့ဆီက စပါတယ်။ စာကောင်းပေကောင်းတွေဆို အရမ်းပျောက်ပါတယ်။ နောက်ရှားပါးတဲ့စာအုပ်တွေဆို ငှားပေးဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အဲဒီအခါမျိုးမှာ ဆိုင်ခန်းလေး တစ်ခန်းနဲ့ဖွင့်ထားတဲ့ စာအုပ်အငှားဆိုင်လို ဆိုင်မျိုးအနေနဲ့ ဘယ်လိုမှာ အဆင်မပြေပါဘူး။ အဲဒါကြောင့် စာကြည့်တိုက်ဖွင့်ချင်တာပါ။ ရှားပါးမဂ္ဂဇင်းတွေ၊ စာအုပ်တွေ နောက်တန်ဖိုးကြီးစာအုပ်တွေ၊ နောက်တစ်ခုက စာအုပ်အငှားဆိုင်တွေမှာ တင်လို့မဖြစ်ပေမယ့် အမှန်တကယ် အသုံးဝင်တဲ့စာအုပ်မျိုး၊ အထူးသဖြင့် ပညာရပ်ဆိုင်ရာ။ နည်းပညာဆိုင်ရာ စာအုပ်မျိုးတွေ။ အဲဒီစာအုပ်မျိုးတွေက စာအုပ်ဆိုင်တွေအနေနဲ့ မကိုက်ပါဘူး။ ငှားဖတ်တဲ့လူကလည်း ရှားပါတယ်။ ဒါပေမယ့် တကယ့်တကယ်လိုအပ်တဲ့လူကြတော့လည်း လိုပြန်ပါတယ်။ နောက်စွယ်စုံကျမ်းလိုမျိုး ဘယ်သူမှ ငှားဖတ်ဖို့စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုးကားဖို့ လိုလာရင် သူက အသုံးလိုပါတယ်။ အတွဲလိုက် ကိုယ်ပိုင်ဝယ်ထားနိုင်ဖို့ဆိုတာကလည်း အနည်းငယ်ခက်တာမို့ စာကြည့်တိုက်ရဲ့ အရာသာဖြစ်နေပြန်ပါတယ်။ နောက် အင်္ဂလိပ်စာအုပ်တွေပါထားမယ်။ နောက် အင်တာနက်ပါ တတ်နိုင်ရင်ချိတ်ထားပြီး online စာကြည့်တိုက်လိုပါ တွဲထားမယ်။ ကျွန်တော့် စိတ်ကူးတွေကလည်း စာအုပ်နဲ့ကိုမလွတ်ဖူးနော်..ခက်ပါ့။ စီးပွားရေးသက်သက်ဆိုတာထက်ကို လုပ်ချင်မိတာလေးတွေပါ။ 



နောက်တစ်ခုကတော့ တော်တော်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကူးထဲကအိမ်ထောင်ဘက်နဲ့ နှလုံးသားထဲက အိမ်ထောင်ဘက်က ထပ်တူမကျလို့။ ပြီးတော့ နောက်ငါးနှစ်မှာ ကိုယ့်အသက်က ၂၃ ဆိုတော့ အိမ်ထောင်ပြုဖို့စိတ်ကူးလုံးဝမရှိသေးတာတော့အမှန်ပါ။ ကျောင်းဆင်းဆင်းချင်း မိန်းမယူရင်လည်း အိမ်ကကျွန်တော့်ကို သတ်ပါလိမ့်မယ်..:P ။ ဒါပေမယ့် စိတ်ကူးထားတာတော့ ရှိတာပေါ့လေ။ ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ စိတ်ကူးဆိုတော့ ကလေးဆန်ချင်လည်း ဆန်နေပါလိမ့်မယ်။ ဒါပေမယ့် သည်းခံပြီး ဖတ်ပေါ့နော့်။ အမှန်အတိုင်းပြောရရင် အိမ်ထောင်ရေးဆိုတာ ဘာမှန်းတကယ်မသိသေးပါဘူး။ အိမ်ထောင်ရေးမပြောနဲ့ ရည်းစားတောင် ကောင်းကောင်းမထားဖူးသေးဘူး..( အဲဒါက ကြေညာဝင်တာ၊ မယုံလည်းနေပေါ့)။ ဖြစ်စေချင်တဲ့ အိမ်ထောင်ဖက်ကတော့ ပထမ-အဓိက အကျဆုံးအချက်ကမီးဖွင့်ထားလည်း အိပ်ပျော်တတ်တဲ့လူဖြစ်မှ..။ နောက်တစ်ခုက ကျွန်တော်စာဖတ်နေတဲ့အချိန်တို့၊ တွေးချင်ရာတွေးနေတဲ့အချိန်တို့ နားလည်မှုရှိရှိ နေတတ်မှ( ဘေးကနေ စကားတတွတ်တွတ် လာပြောနေလို့တော့ မဖြစ်ဘူးလေနော့်)၊ နောက်တစ်ခုက တစ်လတစ်ခါမဟုတ်တောင် နှစ်လတစ်ခါလောက်တော့ စိတ်ကောက်တတ်ရမယ် ( ချစ်စရာကောင်းအောင် စိတ်ကောက်တာမျိုးပေါ့လေ။ အမြင်ကတ်စရာကောင်းလောက်အောင် ကောက်တာမျိုးတော့လည်း ဖြစ်သေးဘူး)။ နို့မဟုတ်ရင် ပျင်းစရာကြီး။ ပြန်ချော့ချင်လို့။ နောက်တစ်ခုက ထမင်းဟင်းချက်တာ အရမ်းမကောင်းတောင် စားလို့ဖြစ်အောင်တော့ ချက်တတ်ဦးမှ..။ ( ငါးခြောက်ချက်တာ ဆားထက်ချက်တာတို့ ၊ ထမင်းချက်တာ ပျော့တူးမနပ်တို့လည်း ဖြစ်သေးဘူး။ မရှိလောက်ပါဘူးတော့ ပြောနဲ့နော်။ ကျွန်တော့် သူငယ်ချင်းတွေထဲမှာကို တွေ့ဖူးလို့ :P )။
နောက်တစ်ခုက ဇီဇာလည်းမကြောင်မှ။ နောက်ဆုံးတစ်ခုကတော့ ရုပ်မချောတောင် ညဘက်တွေ့လို့ မလန့်လောက်တဲ့ ရုပ်ရည်တော့လည်း ရှိမှ (ကျွန်တော်က သရဲကြောက်တတ်တယ်)။
အပေါ်ကရေးခဲ့တာတွေအကုန်လုံး မရှိလည်း ဖြစ်ပါတယ်လေ..ကျွန်တော်ကလည်း ချစ်ပြီး ကျွန်တော့်ကိုလည်း ချစ်ရင်ရပါပြီ..တကယ်။ မမ၀ါတို့ အိမ်ထောင်ရေးကိုတော့ အားကျပါသည်။


( ကလေးအတွေးလို့ပဲ သဘောထားပေးပါ မမ၀ါရေ…)


Saturday, December 19, 2009

အသိပေးခြင်း...

ကွန်ပျူတာ ပျက်သွားပါသဖြင့် ဒီရက်ပိုင်းအတွင်း blogging နိုင်မည် မဟုတ်ပါ။ ဒါပေမယ့် ပို့စ်တွေ တင်ဖြစ်အောင်တော့ တတ်နိုင်သမျှ ကြိုးစားပါ့မယ်။ ဒါပေမယ့် စာတော့ လိုက်ဖတ်နိုင်မှမဟုတ်တော့လို့ ခွင့်လွတ်ကြပါ။ ကွန်ပျူတာက ပြင်ရမယ် မရဘူး မသေချာသေးလို့ပါ။ :(

Friday, December 18, 2009

မီး

အတွေးတွေက လမ်းပေါ်မှာ။ လေတစ်ချက် အဝှေ့မှာ နှင်းစက်တို့က မျက်နှာပေါ်သို့ တိုးဝင်လာကြသည်။ တဆစ်ဆစ်နှာကျင်လာသော နားရွက်တို့ကြောင့် ဦးထုပ်ဆောင်းမလာမိသည်ကို နောက်တရချင်လာသည်။ ဒါပေမယ့် အိမ်ထဲမှာ ကော်ဖီထိုင်သောက်နေသူ တစ်ယောက်အဖို့ ဦးထုပ်ဆောင်းနေစရာမှ မလိုတာပဲလေ။ တကယ်တော့ အဲဒီတုန်းက ပြတင်းပေါက်မှန်ကို မိုးရေစက်လေးတွေ လာမှန်နေတာကိုပင် သူကောင်းကောင်းမှတ်မိနေသည်။

ရုတ်တရတ် စင်ရော်တစ်ကောင် ဖြတ်ပျံသွားတာ တွေ့လိုက်ရသည်။ အဖြူရောင်နှင်းပွင့်တွေကြားမှာ စင်ယောင်အဖြူရောင်တစ်ကောင် ဖြတ်ပျံသွားတာက သိပ်တော့ ကဗျာ မဆန်လှဟုတွေးမိသည်။ ရှေ့ဆက်လျှောက်လာတော့ ကျွဲရိုင်းသတ်ပွဲ တစ်ခုကိုတွေ့ရသည်။ ဘာရယ်မဟုတ်ဝင်ကြည့်မိသည်။ ပရိသတ်တွေက ဆူညံစွာ အားပေးနေသည်။ "ဘာကိုများ သဘောကျနေကျပါလိမ့်" သေချာကြည့်တော့ ကွင်းလည်မှ ကျွဲရိုင်းသတ်သူ ကိုင်ထားသည်က သမရိုးကျ အစနီတစ်ခု မဟုတ်ဘဲ သွေးချင်းချင်းနီနေသည့် အူတစ်ခွေဖြစ်နေသည်။ သူနှင့် အရမ်းရင်းနှီးနေသလို ခံစားရသည်။ ထိုစဉ်ကျွဲရိုင်းက ထိုသူ့ထံသို့ တဟုန်ထိုးပြေးလာသည်။ (မလုပ်နဲ့) သူအလန့်တကြားအော်မိသည်။ သူထံရောက်ရှိလာသော မျက်လုံးအချို့ကို ဥပေက္ခာပြုထားလိုက်သည်။ ဟုတ်တယ်။ ထို့ အူခွေက သူ့အူတွေ မနက်ကမှ သောက်လာသော ကော်ဖီနံ့က မှားစရာမရှိ။ သို့သော် သူဘာမှ မတက်နိုင်လိုက်ခင်မှာဘဲ သူ့အူတွေက ချိုဖျားမှာ ပါသွားခဲ့ပြီ။ သူစိတ်ပျက်စွာပင် ခေါင်းငိုက်စိုက်ချ၍ ပန်းခြံထဲက ထွက်လာခဲ့သည်။ ကိုယ့်အပြစ်နဲ့ကိုမို့ လူသနားအောင်တော့ ငိုမပြချင်တော့ပါ လုံလောက်ပါပြီလေ။ သိပ်ချစ်ခဲ့ခြင်းနဲ့ ညီမျှစွာပဲ သိပ်ကြေကွဲခဲ့ပြီးပြီပဲ။ ငါဘာများထပ်မျှော်လင့်နေဦးမှာလဲ..။

ဆေးလိပ်သောက်ချင်လာ၍ ဆေးလိပ်တစ်လိပ် ထုတ်ပြီး မီးခြစ်ကိုရှာရာ မီးခြစ်ပါမလာသည်ကို သတိရမိကာ အနီးအနားသို့ ဝေ့ကြည့်မိသည်တွင် လူတစ်ယောက်ကို မီးနှင့်အတူတွေ့ရသဖြင့် ၀မ်းသာအားရ သွားညှိလိုက်ရာ ဘယ်လိုမှညှိမရပေ။ မီးကိုထိနေပါလျက် ဆေးလိပ်က မီးမစွဲသည်ကို နားမလည်နိုင်ဖြစ်သည်နှင့် ဆေးလိပ်ကပဲမှားနေလား..? ဟင့်အင်းမမှားပါဘူး။ ဒါဆို….? ဟင့်အင်း အနားကပ်ရုံနှင့်ပင် တရှိန်ရှိန်ပူနေသည့်မီးကလည်း မှားစရာမရှိ။ ဒါနှင့် သည်လူကို မေးကြည့်မိသည်။

"ဟေ့လူ..မီးက ဘာလို့ညှိမရတာလဲဗျ"

"ဆေးလိပ်သောက်ချင်မီးခြစ်ရှာညှိပေါ့" ထိုလူက ပြန်ပြောသည်။

"အာ..မဟုတ်သေးဘူးလေဗျာ၊ မီးတောက်ကြီးတွေ့နေမှ မီးခြစ်လိုက်ရှာနေရဦးမှာလား?" လို့ ကျွန်တော်ပြန်မေးတော့။

"ဘယ်မှာလည်းဗျ၊ မီးက.." ထိုသူက ပြန်မေးသည်တွင် သူနားမလည်နိုင်ဖြစ်သွားသည်။ "တော်ပြီ"ဟု ဆုံးဖြတ်ရင်း ဆေးလိပ်ကို လွင့်ပစ်ကာ ထွက်လာခဲ့သည်။ လောကကြီးမှာ မီးကိုမီးမှန်း မသိတဲ့လူကလည်း ရှိသေးသည်ဟု စိတ်ပျက်စွာတွေးမိသည်။

"သေချာသည်ကတော့ ထိုနေ့သည် ခဏမျှသာအေးပြီး အလွန်ပူသောနေ့တစ်နေ့ ဖြစ်သည် ဆိုတာပါပဲ"

PS. နောက်ဆုံးစာသားကို ဆရာဂျိုဇော်၏ ၀တ္ထုတစ်ပုဒ်မှ သုံးစွဲပါသည်။

Thursday, December 17, 2009

မဖွဲ့သီဖြစ်သော….




ဖမ်းမမိတဲ့ကဗျာတစ်ပုဒ်

ငါဘယ်ကြိုးနဲ့တုပ်ရမလဲ

လွဲတတ်လွန်းတဲ့ အလွဲတွေထဲမှာမှ

နင်ကတော့ မှန်ခဲ့တယ်….။

နင့်လက်နဲ့ရက်တဲ့ ကောင်းကင်

ထဲထဲဝင်ဝင် ပျံသန်းကြည့်ချင်ခဲ့တယ်…

မီးခိုးငွေ့တွေကြား

နင့်စကားသံ….

ကြားချင်ခဲ့ဖူးတယ်

(တားများလေမလား…?)

ထောင့်မကျိုးတဲ့ ငပျင်းငါက

နင့်မေတ္တာကျတော့လည်း ငတ်ခဲ့တယ်

မလိုအပ်ပါဘူးကွယ်..

ငါ့အတွက် "မာန" တစ်ခုရှိရင်ပဲ

မတ်မတ်ရပ်လို့ဖြစ်ပါတယ်….။

ဘယ်ကွေ့မှာ ဘယ်တက်နဲ့လှော်လှော်

ငါက,တော်ခွင့်မရခဲ့သူပါ………။

ကောင်းကင်က ကြယ်တစ်စင်းလိုပဲ(နင်)လင်းပါတော့။

ကောင်းကင်ရက်တဲ့လက်

တစ်ပါးသူအတွက်ပဲ ဖြစ်ပါစေတော့…

နင့်သိက္ခာ၊ ငါ့မာနကြား

စတေးသင့်တာတွေ များကောင်းများခဲ့မှာပေါ့

နင့်အကြောင်းတွေးတိုင်း

ကဗျာဖြစ်မလာတဲ့ ကဗျာတစ်ပုဒ်ကို

(ငါ) ရှက်မိတယ်

ဟင့်အင်း….

လ,ကကွယ်ခဲ့တာမဟုတ်ပါဘူး

ကောင်းကင်က ကွယ်ခဲ့တာပါ…။

လွယ်လွယ်မရတာမှ တန်ဖိုးထားရမယ်ဆို

ဘယ်တော့မှရမှာမဟုတ်တဲ့ နင့်အချစ်က

တန်ဖိုးဖြတ်မရခဲ့တာ……….

ကြာပေါ့…………..။

ငါ့ပြတိုက်မှာတော့…

နင်ကပြခန်းအမှတ်(၁၃)ပဲဖြစ်တယ်….။




Wednesday, December 16, 2009

ဘာတွေမရှိလို့ မဖြစ်ဘူးလဲ…?

မနေ့က မီးပျက်သွားပါတယ်။ သတင်းထူးဆိုပြီး ပို့စ်တစ်ခုတင်လိုက်လို့ ဘာများလည်းဆိုပြီး လာကြည့်တဲ့သူတွေကို အားနာပါတယ်။ J ဒီမှာကတော့ တကယ်ထူးတာကိုးလေ။ ဒါတောင် ကျွန်တော်တို့ ကျောင်းဝင်းတစ်ခုပဲပျက်သွားတာ။

မီးပျက်တာဘာဖြစ်လဲဆိုတော့ အရင်ဦးဆုံး သွားရေးလာရေး ဒုက္ခရောက်သွားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ မီးပျက်သွားရင် ဘာလုပ်လဲ။ မီးစက်ရှိတဲ့အိမ်က မီးစက်နိုးပါတယ်။ အင်ဗက်တာရှိတဲ့အိမ်က အင်ဗက်တာ။ နောက်ဆုံးဘာမှာမရှိတောင် ဖယောင်းတိုင်မီးလေးတော့ ထွန်းလိုက်တာပါပဲ။ ဟိုနားဒီနားသွားမယ်။ ရတယ်လေ အိမ်တစ်အိမ်မှာ ဓါတ်မီးတစ်လက်တော့ ရှိတာပဲ။ ဓါတ်မီးလေး တ၀င်းဝင်းနဲ့ပေါ့။ ဒီမှာကျတော့ မီးက ဘယ်တုန်းကမှ မပျက်ပါဘူး။ အဲဒီတော့ ဒီမှာ ဖယောင်းတိုင်မရောင်းပါဘူး။ ရောင်းတဲ့ဖယောင်းတိုင်ဆိုတာကလည်း အလှထွန်းတဲ့ ဖယောင်းတိုင်လောက်ပဲ ရှိတာလေ။ အဲဒီဖယောင်းတိုင်မျိုးကလည်း ပွဲတစ်ခုခုရှိမှ ၀ယ်ထားကြတာဆိုတော့ ဘယ်သူမှ ဖယောင်းတိုင် မရှိပါဘူး။ နောက်ဓါတ်မီး၊ ထူးပြီး ပြောစရာလိုမယ်မထင်ဘူး။ ဓါတ်မီးလည်း ဘယ်အိမ်မှမဆောင်ပါဘူး။ တကယ်လည်း လိုမှမလိုတာ။ ဒါပေမယ့် မနေ့ကလို ကြုံတောင့်ကြုံခဲ ဖြစ်လာတော့ ဘာဖြစ်သလဲဆိုတော့ ဘာမှပြင်ဆင်ပြီးသားမရှိပါဘူး။ ကျွန်တော်တို့ အဆောင်က ၅ ထပ်ရှိပါတယ်။ ၃ ထပ်က လူနေတာ။ ကျန်တဲ့ နှစ်ထပ်ကတော့ စာသင်ခန်းတွေပါ။ တစ်ထပ်ကနေ တစ်ထပ်ဆင်းဖို့ ဘာမှမမြင်ရပါဘူး။ ပြီးတော့ ဒီမှာက ညနေ၄နာရီလောက်ဆို မှောင်ပြီ။ ဘာမှမမြင်ရတော့ဘူး။ အားလုံးဓါတ်မီးကမရှိမီးကမှောင်နဲ့ အပေါ်ထပ်အောက်ထပ်ဆင်းဖို့ လက်ကိုင်ဖုန်းကမီးနဲ့ အလုပ်လုပ်ရပါတယ်။ ပြီးတော့ ထမင်းစားတော့ (ကျွန်တော်တို့ကို ကျောင်းကကျွေးတာပါ) စားရိပ်သာသွားတော့ မီးမရှိလို့ ခါတိုင်းထက် တစ်နာရီ နောက်ကျပြီးမှာကျွေးပါတယ်။ စားရိပ်သာကလည်း လျှပ်စစ်နဲ့ ချက်တာကိုး။ သူတို့က ထင်းလည်းမသုံး၊ မီးသွေးဆိုတာကလည်း အသားကင်တဲ့အခါလောက်ပဲသုံးတာဆိုတော့ ဘာမှအဆင်သင့်မရှိပါဘူး။ အဲည၉နာရီ စားတဲ့အခါကျတော့လည်း သူတို့ အခေါ် "မက်ကာလောင်း" ၊ (ကျွန်တော်တို့ ခေါက်ဆွဲနဲ့ ဆင်ပါတယ်။ ပုံစံကတော့ မုန့်ကြွေစေ့နဲ့တူမယ်ထင်တာပဲ၊ ရေနွေးနဲ့ ပြုတ်စားရတာမျိုးပါ) ကို အသားနဲ့ ရောထားတဲ့ဟာ ကျွေးပါတယ်။ ကျွန်တော့်အထင်တော့ ဘယ်က အပင်တွေခုတ်ပြီး မီးဖိုတယ်မသိပါဘူး သစ်စိုတွေဆိုတော့ မီးခိုးနံ့ နံနေပါတယ်။ အဲဒီတစ်ခွက်နဲ့ ပေါင်မုန့်ထောပတ်သုတ်ကိုပဲ ကြိတ်မှိတ်စားခဲ့ရပါတယ်။ စားဖူးသမျှထဲမှာတော့ အဆိုးဆုံးပါပဲ J ။ မြန်မာနိုင်ငံမှာဆို ဒီဒုက္ခမျိုး ဘယ်ကြုံမလဲနော့။ ကျွန်တော်တို့ မြန်မာတွေက မီးပျက်တာလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ် ပြောပါလိမ့်မယ်။ J

ဒီမှာကျွန်တော်စဉ်းစားမိတာက ဒီကလူတွေအတွက် ခုခေတ်ကြီးမှာလျှပ်စစ်ဆိုတာ မရှိလို့ကို မဖြစ်တဲ့ အရာတစ်ခုဖြစ်နေပါပြီ။ ပစ္စည်းတစ်ခုကို မရှိမဖြစ်ဘူးပြောလို့ ရှေးကလည်း မရှိပဲနေခဲ့ကြတာပဲပြောလို့ မဖြစ်ဘူးဆိုတာပါ။ ရှေးတုန်းက မရှိပဲနေခဲ့တယ်။ ဘာဖြစ်လဲ..? ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ခုမရှိရင် ဘာဖြစ်သွားမလဲ….? ခုဖြစ်ရပ်လေးဟာ ကျွန်တော်တို့ ကျောင်းတစ်ခုလေးပဲ ဖြစ်တာပါ။ တကယ်လို့ တစ်မြို့လုံးများ ပျက်သွားရင်…။ မတွေးဝံ့စရာပါ။ ပထမဆုံး လျှပ်စစ်မရှိတဲ့အတွက် သုညအောက်အေးတဲ့ နိုင်ငံအနေနဲ့ ( ခုစာရေးနေတဲ့ အချိန်မှာ အနှုတ် ၃၁ ဒီဂရီ ရှိပါတယ်) heater တွေအလုပ်အလုပ်မလုပ်နိုင်တဲ့ အတွက် လူတွေ သေနိုင်ပါတယ်။ နောက်တစ်ခုက မီးပွိုင့်တွေ အလုပ်မလုပ်နိုင်၊ ညနေမှောင်တာ စောတဲ့အတွက် လမ်းမီးမပေးနိုင်၊ ပြောရင် မကုန်နိုင်ဖွယ်ရာပါ။ များများမဟုတ်ပါဘူး သုံးလေးရက်လောက်များ ပျက်မိရင် ဆန္ဒများပြကုန်ကြမလားပဲ..။ သူတို့မှာ ဒီအခြေအနေအတွက် ပြင်ဆင်ထားမှုမရှိပါဘူး။

ကျွန်တော်တို့ လူနေမှုဘ၀မှာ တစ်စုံတစ်ခု၊ ဒါမှမဟုတ် တစ်စုံတစ်ယောက် မရှိမဖြစ်လောက်အထိဖြစ်လာပြီး၊ ရုတ်တရက် အဲဒီအရာ အဲဒီလူမရှိတော့ရင် လူနေမှုဘ၀ဖရိုဖရဲ ဖြစ်သွားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ အစစအရာရာ မိဘက လိုက်လုပ်ပေးနေတဲ့ ကလေးတစ်ယောက်ဟာ၊ ရုတ်တရက် မိဘတိမ်းပါးသွားတဲ့အခါ အခက်အခဲအမျိုးမျိုးနဲ့ ကြုံရမှာပါပဲ။ ကုဋေရှစ်ဆယ်သူဌေးသားမွဲသွားတာဟာ သူပညာမတတ်လို့ဆိုတာထက် သူ့မှာမိဘတွေမရှိတော့ရင်ဆိုတဲ့ ပြင်ဆင်တွေးတောထားမှုမရှိလို့ လို့ပဲ ကျွန်တော်ထင်ပါတယ်။ ပညာမတတ်တိုင်း မွဲသွားမယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါတယ်။ ကျွန်တော့်ဘ၀မှာ တစ်စုံတစ်ခု၊ ဒါမှမဟုတ် တစ်စုံတစ်ရာဟာ မရှိမဖြစ်လောက်အောင် အရေးပါနေပြီလားလို့။ တကယ်လို့ အဲဒီအရာများမရှိတော့ရင် ဘယ်လိုအခြေအနေမျိုးတွေ ရင်ဆိုင်ရနိုင်မလဲ။ အဲဒီအတွက် ဘယ်လိုပြင်ဆင်မလဲ။

တော်တော်များများတွေ့ပါတယ်။ မရှိလို့မဖြစ်တာတွေ၊ မိဘ၊ ကျန်းမာရေး၊ ငွေကြေး စသဖြင့်ပေါ့..။ ဘယ်လိုဖြင်ဆင်ထားရမလဲဆိုတာတော့ ခုထိအဖြေမထွက်သေးပါဘူး…

ကဲ..ဒါဖြင့် ခင်ဗျားတို့ကော………………………?
(PS. ကျွန်တော်ကတော့ မီးပျက်သွားတာ တော်တော်လေး နေမထိထိုင်မသာဖြစ်သွားတယ်။ ဘလော့ဂ် မဂင်းရလို့.. :)။ ဒါလေးလဲ မရှိလို့ မဖြစ်ဘူးဗျ..)

Tuesday, December 15, 2009

သတင်းထူးပါဗျို့......

မကြုံစဖူး မီးပျက်သွားလို့ ဒီနေ့ညတော့ မဂင်းနိုင်တော့ဘူး :(
ဘယ့်နယ် မီးထပျက်ရတယ်လို့ နောက်နေ့မှပဲ အသေးစိတ်ပြောတော့မယ်..
ခုတော့ note book က အားကုန်နေပြီ..
အားလုံးပဲ ခဏတာ့တာ..

Monday, December 14, 2009

လူဆိုးတစ်ယောက်ရဲ့နောင်တများ...

                                                           
ခုံပေါ်ထိုင်ချင်တဲ့သူဟာ
ခုံကိုနိုင်ဖို့လည်းလိုမယ်
တစ်ခါတစ်လေတော့လည်း 
လက်ထဲကငွေကြေး သိပ်လေးတယ်လို့ ခံစားမိတယ် 
ကျွန်တော်..ဘယ်လောက်သယ်နိုင်ပြီး
ဘယ်လောက်ချထားခဲ့နိုင်မလဲ
အမေက မီးဖိုချောင်ထဲက ဆန်အိုး
မိုးပြီးကြည့်နေချိန်မှာ
ကျွန်တော်က လက်ဖက်ရည်ဖိုးအတွက် ကြိုးစားနေမိတယ်..
ကျွန်တော်ကလူဆိုးပါ..အမေ
အိမ်ပြန်ရောက်မှ အမေ့ကိုမေးရမယ်
“လမ်းမှတောင်းတဲ့လူလည်းရှိတယ်၊ ပေးတဲ့လူလည်းရှိတယ်
သားဘာကိုရွေးရမလဲ” လို့
ပေလိုလူနဲ့ တူလိုလူကြား
မီးဖုတ်ထားတဲ့ ဓါးတစ်ချောင်းလည်း ဖြစ်ဖူးတယ်...။
လေထုဖိအားနဲ့ ကမ္ဘာ့ဆွဲအားကြားက ကျွန်တော်တို့အတွက်
ဘေးကြပ်နံကြပ်ဆိုတာ 
မတ်မတ်ရပ်နိုင်ဖို့ဖြစ်တယ်
သေမယ့်အတူတူတော့ 
ငတေတစ်ကောင်လောက်မာခွင့်ရမယ်ဆိုလည်း
ကျွန်တော်ကျေနပ်ပါတယ်
(ဖြေသိမ့်မိတယ်)
ကိုယ့်သမိုင်းကိုယ်ရေးတာမှန်ပေမယ့် 
နောက်လူတွေ ဘယ်လိုများခိုင်းနှိုင်းကြမှာပါလိမ့်...
တွေးမိပါသေးတယ်..
တကယ်တော့ ငါက
လ,တစ်ခြမ်းပဲမြင်တဲ့သူ...
ဟိုဘက်ကမ်းကမီးမထိန်ဘူးကွယ်....

Sunday, December 13, 2009

ဆင်ခြေဆင်လက်..



ဘာရယ်မဟုတ်ပါဘူး...။ ပျင်းပျင်းရှိတာနဲ့ လျှောက်ကြည့်ရင်း ရုရှားဆိုဒ်တစ်ခုမှာတွေ့တာလေးပြန်တင်ပေးလိုက်တာပါ။ သဘောကျလို့...




ရန်မဖြစ်ကြပါနဲ့နော်....

“မင်းမဟုတ်တာတွေ မရစ်စမ်းနဲ့ကွာ” အဖေ့အသံ။
“မဟုတ်တာတွေ ! ဟုတ်လား။ မိဆွေဆိုတဲ့ မိန်းမက မဟုတ်တာ ဘာမှမပြောခဲ့ဖူးဘူး။ အိမ်ကမိန်းမဆိုတာ သူများနားနဲ့မဆန့်တော့မှ သဲ့သဲ့လောက်ကြားရတာပါ။ ရှင်နဲ့ အဲဒီကောင်မနဲ့ ဘာတွေဘယ်လို ဖြစ်နေတယ်ဆိုတာ တစ်မြို့လုံး မကြားချင်မှ အဆုံးပဲ။” မျက်ရည်စက်လက်နဲ့ အမေ့အသံလေ။
“မဟုတ်ပါဘူးလို့ ပြောနေကွာ၊ ဒီမိန်းမ” ဖေဖေကတော့ မဟုတ်ဘူးပြောတာပဲ။
မေမေက ကျွန်တော့်ကို ဖက်၍ ငိုရင်းပြောသည်။
“ဒီကလေးတွေသာ မရှိခဲ့ရင်သိပ်ကောင်းမှာပဲ။ ခုတော့ သူတို့လေးတွေမျက်နှာကြောင့် ရှင့်ကို ပေါင်းနေတာ။ နို့မဟုတ်ရင် ကွာပစ်တယ်။”
“မဆွေ..ဘာမှလျှောက်ပြောမနေနဲ့ မင်းနဲ့ ငါနဲ့ ဆတ်ဆော့ခဲ့ကြလို့ ဒီကလေးတွေ ရလာခဲ့ပြီ။ ကွဲမယ်၊ ကွာမယ်ဆိုတဲ့ စကား လာမပြောနဲ့”
ဘယ်မိန်းမကမှ မကွဲချင်မကွာချင်ပါဘူး။ အဲဒီလိုပဲ ဘယ်မိန်းမကမှ ကိုယ့်ယောက်ျား အိမ်ထောင်ရေးဖောက်ပြန်နေတာကို မလိုလားဘူးဆိုတာပဲ”
ဘာတွေလဲဟင်...။ ဖေဖေနဲ့မေမေ ရန်မဖြစ်ကြပါနဲ့လား။ သူကတော့ ဘာမှမသိတော့ဘူး။ ဒါပေမယ့် မေမေငိုတော့ သူလည်း ငိုမိသည်။
“ကဲ..တော်တော့ ဘာမှမပြောနဲ့တော့။ ငါ သားကိုကျောင်းသွားပို့လိုက်ဦးမယ်။ ကလေးစာမေးပွဲဖြေမယ့်နေ့ စိတ်မဆင်းရဲစေချင်ဘူး”
ဟုတ်သားပဲ။ ဖေဖေပြောမှ သူသတိရသည်။ ဒီနေ့ သူတို့ တတိယတန်း စာမေးပွဲနေ့ပဲ။
“လာသား...၊ ကျောင်းသွားမယ်” လို့ပြောပြီး ဖေဖေက အောက်ကိုဆင်းသွားသည်။ ခါတိုင်းလိုများ မေမေက နှုတ်ဆက်အနမ်း နမ်းဦးမလားစောင့် နေမိသေးသည်။ တော်တော်ကြာသည်ထိ မေမေက သူ့ဘက်လှည့်မလာပဲ ငိုလို့သာနေသည်ကိုတွေ့ရတော့ သူအသာဆင်းလာမိသည်။ “မေမေ မေ့နေတာ ထင်ပါရဲ့” မမေ့လည်း မေမေနမ်းချင်တော့မှာ မဟုတ်ပါဘူးလေ။ မနက်က မေမေလိမ်းပေးခဲ့တဲ့ သနပ်ခါးတွေလည်း ငိုရတာနဲ့ ရှိမှမရှိတော့ပဲ။
အောက်ရောက်တော့ ဖေ့ဖေ့ကို စက်ဘီးပေါ်မှာ အသင့်စောင်နေတာ တွေ့ရသည်။ သူတိတ်တိတ်လေးပဲ တက်လိုက်သည်။ ခါတိုင်းလို ဖေဖေ့ခါးကိုလည်း ဖက်မထားမိတော့။ ဖေဖေနဲ့မေမေ ဘာဖြစ်ကြမှန်း သူတကယ် နားမလည်ပါ။ သူသိတာတစ်ခုပဲရှိသည်။ ဖေဖေနဲ့မေမေရန်ဖြစ်ပြီး မေမေငိုတာကိုပဲ သူသိသည်။ ခုလည်းမေမေ ငိုပြီးကျန်ခဲ့မှာပဲဟု တွေးရင်း သူငိုချင်လာပြန်သည်။ သူမျက်တောင်တစ်ချက်ခတ်ပြီး မျက်ရည်စတွေကို သိမ်းလိုက်သည်။ ဖေဖေပြောတော့“ယောက်ျားလေးဆိုတာ မျက်ရည်မကျရဘူးတဲ့” ဘာမှန်းသေချာနားမလည်ပေမယ့် ငိုရင်ဖေဖေမကြိုက်ဘူးလို့ပဲ သူမှတ်ထားသည်။ ခုလည်း သူငိုတာဖေဖေတွေ့သွားမှဖြင့်။ ပြောသာပြောရတာပါလေ။ ဖေဖေကဖြင့်သိမှာမဟုတ်ပါဘူး။ မျက်မှောင်ကြီး ကုတ်ပြီး တစ်လမ်းလုံးဘာတွေတွေးနေမှန်းမသိ။ 
ဒီလိုနဲ့ ကျောင်းကိုရောက်တော့ သူ့ကိုချပေးပြီး ဖေဖေထွက်သွားသည်။ ဖေဖေထွက်သွားမှ ခါတိုင်းလို မုန့်ဖိုးပေးမသွားတာ သတိရမိသည်။ နေပါစေတော့လေ သူလည်း ဘာမှမစားချင်ပါဘူး။ ပြီးတော့ ကျောင်းကလည်း တက်နေပြီ။ သူအခန်းထဲ ၀င်ထိုင်လိုက်သည်။ ဆရာမက မေးခွန်းစာရွက် လာပေးသည်။ မေးခွန်းစာရွက်ကို ကြည့်ပြီး သူငိုင်နေမိသည်။ ညတုန်းက ကျက်ထားတဲ့စာတွေက တစ်လုံးမှ ခေါင်းထဲပေါ်မလာ။ သူ့ခေါင်းထဲမှာ နောက်ဆုံး ဖေဖေနဲ့မေမေ ရန်ဖြစ်ကြတာပဲ သိသည်။ “ကွာမယ်” တဲ့ ကွာတယ်ဆိုတာ အတူမနေတော့တာလို့တော့ သူသိသည်။ ဒါပေမယ့် ဖေဖေနဲ့ မေမေက ဘာလို့ အတူမနေရမှာလဲ..?
ထိုစဉ် အခန်းစောင့်ဆရာမက အနားရောက်လာသည်။ ကျွန်တော့်ရှေ့မှာရပ်ပြီး “ ဥက္ကာအောင် ကျောင်းကို ဘယ်သူလိုက်ပို့လဲ”  ကျွန်တော်နှုတ်ဆိတ်နေမိသည်။ ဆရာမက ဆက်ပြောသည်။
“အဖေလိုက်ပို့တာလား၊ မေမေလေးကော မပါဘူးလား။ နောက်ဆိုရင် ဥက္ကာအောင်တို့က မေမေလေးနဲ့ နေရတော့မယ်။ နင့်ဖေဖေက နင်တို့ထက် ပိုချစ်ရမယ့်သူ တွေ့နေပြီ။ နင့်အဖေက နင့်အမေကို မကြိုက်တော့လို့ အသစ်ရှာတာ” 
ထိုသို့ပြောပြီး သူ့စကားသူ သဘောကျကာ ရယ်မောနေပြန်သည်။ 
ဘာများရယ်စရာ ပါပါသလဲ။ ဖေဖေက မေမေ့ကို မချစ်တော့ဘူးဆိုတာ ရယ်စရာလို့ သူကတော့ဖြင့်မထင်ပါ။ ဖေဖေကမေမေ့ကို ဘာလို့ မချစ်ရမှာလဲ။ “မေမေလေး”တဲ့ သူတစ်ခါမှ မကြားဖူးခဲ့သော အသုံးအနှုန်း။ ဘယ်ကမေမေလေးလဲ မသိဘူး။ သူ့မှာမေမေတစ်ယောက်ပဲရှိသည်။ သူချစ်သောမေမေ၊ သူ့ကိုချစ်သော မေမေ။ ကြီးတာလည်းမရှိဘူး၊ ငယ်တာလည်း မရှိပါဘူး။ 
လက်ထဲမှ ခဲတံဖြင့် သူ့ရှေ့တဲ့တဲ့မှ ရယ်မေနေသည့် ဆရာမကို မုန်းတီးစွာ ပစ်ပေါက်မိသည်။
“အား....” ဟူသော ဆရာမ အသံကလွဲပြီး စာသင်ခန်းထဲမှာ ဘာတွေဖြစ်ကျန်ခဲ့မှန်း သူမသိတော့။ သူသိတာက သူပြေးနေမိသည်.............................

ဖျတ်ခနဲ ၀င်လာသေ အသိစိတ်နဲ့ အတူ ဒါအိပ်မက်ပဲဆိုတာ သိပြီး သက်ပြင်းချမိပြန်သည်။ သူ့ခန္ဓာကိုယ်မှာတော့ အမှန်တကယ်ပြေးလာရသူလို ချွေးတို့ ရွှဲစိုနေသည်။ ပါးပြင်မှာကလည်း မျက်ရည်စတို့နှင့်။ ငယ်စဉ်ကတည်းက ခြောက်လန့်လာခဲ့သော ထိုအိပ်မက်ကနေ ဘယ်အချိန်မှများ လွတ်မြောက်မှာတဲ့လဲ။ သူမခေါ်ပဲ ရောက်ရောက်လာတတ်သည့် အတိတ်တွေထဲမှာ ထိုအတိတ်ကို သူအမုန်းဆုံးပဲဖြစ်သည်။ ရေအေးအေးတစ်ခွက်သောက်၍ မရတော့တာသိသိကြီးနှင့် မျက်လုံးကို ဇွတ်မှိတ်၍ အိပ်စက်ဖို့ ကြိုးစားမိပြန်သည်။ သူ့ရင်ထဲမှာတော့ ..
    “ဖေဖေနဲ့ မေမေရယ် ရန်မဖြစ်ကြပါနဲ့တော့နော်” 
ဆိုတဲ့ စကားလေးသံလေးပဲ ပဲ့တင်ထပ်လျက်..... 


Wednesday, December 9, 2009

ငါတို့မြေ...



စာမေးပွဲတွေ တစ်ခုပြီးတစ်ခု ဖြေနေရတာ

နောက်ဆုံးသေပစ်လိုက်ဖို့တဲ့လား...

လောကကို မင်းရောက်ရှိကြောင်းပြသဖို့

အမှန်ခြစ်အဲလောက်များများ မလိုပါဘူးကွယ်

အမှန်ခြစ်တွေဘယ်လောက်ရွာရွာ

ငါတို့က ရေများရာ,မှမဟုတ်တာ..

အိပ်မက်ထဲမှာတောင် လှိုင်းပုတ်သံ မကြားချင်သည်အထိ

ငါ့ရင်ခွင်အတိ ကန္တာရနဲ့ ဖြည့်မိတယ်

ဟုတ်တယ်လေ..

ငါတို့ဘ၀မှာ ပိုင်ဆိုင်ခွင့်ရတာ ဒါပဲရှိတာကိုး......။

လောကကြီးရေ !!!!!!!!!!

ကုလားအုပ်တစ်ကောင်အတွက်တော့ ကန္တာရက တိရစ္ဆာန်ရုံထက် ပိုကောင်းပါရဲ့....


Monday, December 7, 2009

ကြိုးပုံပြင်….

"ကျွန်တော်"


အားလုံးထဲက…..


သူမ…


တွေ့ဆုံခြင်း…..


"အချစ်.."

"အဖြူရောင်ချည်နှောင်မှု"


"တုန့်ပြန်မှု”


"ဝေဒနာ"



"အလွမ်း"


"သူ့တောင်းဆိုမှု"


"ကျွန်တော့်ပိုင်ဆိုင်မှု"



"သူ့ရွေးချယ်မှု"

"သံယောဇဉ်"


“ကြိုးကိုင်လက်”

"နေကွယ်ချိန်"

"ဘ၀"

PS. ပုံများကို google မှရယူပါသည်။

Sunday, December 6, 2009

စကားစမြည်...

ကျွန်တော့် blog လေးကို နည်းနည်း ပုံပြောင်းလိုက်ပါတယ်။ အစကblog လေးက အရမ်းကျဉ်းနေတဲ့အတွက် ကိုယ့်blog ကိုယ်ဝင်တိုင်း အသက်ရှူကြပ်သလို ခံစားရလို့ ပြီးတော့ အရမ်းရှုပ်နေပြီး လာဖတ်တဲ့လူတွေလည်း ကျွန်တော့်လိုပဲ ဖြစ်နေမှာစိုးလို့ပါ။ ပြီးတော့ template အဟောင်းတုန်းက page အောက်ခံက အညိုရောင်ဆိုတော့ ပို့စ်အရောင်ခွဲရတာ ခက်ပါတယ်။ အဲဒါကြောင့် ဒီ template မှာတော့ အဖြူရောင်ပဲသုံးထားပါတယ်။ နောက်ပြီးတော့ ခရမ်းရောင်သုံးတာ များသွားပါတယ်။ ဒီရက်ပိုင်း ခရမ်းရောင်ကို ဘာလို့ အရမ်းသဘောကျနေမိလဲတော့ မသိပါဘူး။ အရောင်နဲ့ ပတ်သက်ပြီးရွေးရမယ်ဆို ခရမ်းရောင်ပဲစိတ်ထဲ ပေါ်ပေါ်လာတယ်။ မနေ့တုန်းကတည်းက လုပ်နေတာ လုပ်ပြီး ဘယ်လိုမှတင်မရဘူး။ error ပဲပြပြနေလို့။ ဒီနေ့မနက်မှာမှ တစ်မနက်လုံးအချိန်ပေးပြီး ဟိုပြင်လိုက်၊ ဒီပြင်လိုက် လုပ်လိုက်တာ ကံကောင်းပြီးရသွားပါတယ်။ အဲဒီကြားထဲ ပြောင်းပြီးကာစရှိသေး မန့်လို့လည်းမရဘူး၊ cbox ထဲလည်း ၀င်ရခက်တယ်ဆိုပြီး cbox ထဲမှာလာအော်သွားလို့ လူကိုထူပူသွားတာပဲ။ ခုတော့ အဆင်ပြေပြီထင်တာပါပဲ။ ကျွန်တော်မေးတိုင်း ဒုက္ခပေးတိုင်း ဖြေပေး၊ ကူညီပေးတဲ့ ကျွန်တော့်အစ်ကိုကြီး မောင်နိုင်
ကို ကျေးဇူးတင်ပါတယ်။ ဒီtemplate ပြောင်းဖို့ softwear လည်း connection မကောင်းတဲ့ကြား၊ upload တင်လို့မရတဲ့ကြားက gtalk ကနေ တစ်နာရီကျော်ကြာအောင် သူပဲ ပို့ပေးခဲ့တာပါ။ မနက်ကလည်း မမ၀ါက သူမန့်သွားတဲ့ ကောမန့် တက်မလာသေးဘူးလို့ ပြောလာပါတယ်။ ကျွန်တော့် blog လေးမှာ ကောမန့်ကို ကျွန်တော်တင်မှ တက်လာအောင်လုပ်ထားလို့ပါ။ အဲဒါကိုလည်း မကြာခင် ပြန်ပြင်မှာပါ။ ကောမန့်တွေအားလုံးကို တင်ပေးပါတယ်။ မန့်သွားကြတဲ့ အစ်ကိုတွေ အစ်မတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ blogger စီနီယာကြီးတွေတော့မသိပါဘူး။ ကျွန်တော်ကတော့ တစ်ယောက်ယောက် commet ရေးသွားလို့ mail တက်လာရင် ဘယ်လိုပျော်မှန်းမသိပျော်ပါတယ်။ စီပုံးထဲလည်း တစ်ယောက်မှ မအော်၊ comment လည်းတစ်စောင်မှ ပေါ်မလာဆိုရင်တော့ တော်တော်ကြီးဝမ်းနည်းပါတယ်။ အဲဒီနေ့အတွက်။ blog လေးက ခုမှတစ်လတောင်မပြည့်သေးတဲ့အပြင် ကျွန်တော်ကလည်း နည်းပညာပိုင်း ဘာမှမတတ်တာကြောင့် လိုအပ်ချက်တွေရှိနေဦးမှာပါ။ လိုအပ်ချက်တွေတွေ့လာရင် blogger မောင်နှမတွေအနေနဲ့ မထောက်မညှာ ဝေဖန်နိုင်ပါတယ်။ ဝေလည်း ဝေဖန်စေချင်ပါတယ်။ တဖြည်းဖြည်းနဲ့ ချို့ယွင်းချက်တွေကို တတ်နိုင်သမျှ ပြုပြင်သွားမှာပါ။ ကျွန်တော့်ကို ဒီblog လေးဆက်ရေးဖြစ်စေဖို့ အားပေးစကားပြောခဲ့တဲ့ မမ၀ါ ကိုလည်း ကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ ခနော်နီခနော်နဲ့ အိမ်လေးကို ချို့ယွင်းချက်တွေကို သည်းခံပြီး လာလည်ကြတဲ့သူတွေ၊ အော်သွားတဲ့လူတွေ၊ မန့်သွားတဲ့လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီစာလေးကို ဆုံးအောင်ဖတ်ပေးလို့ ပိုပြီးကျေးဇူးတင်ပါတယ်။

PS. cbox မှာ အော်သွားရင် လင့်လေးချန်သွားပေးပါလို့။ အစ်ကိုတို့၊ အစ်မတို့ အိမ်ကို အလည်လာချင်လို့ပါ။

ပဋိပက္ခ..

ပျံသန်းခွင့်မရှိမယ့် အတူတူတော့
လှောင်ချိုင့်တံခါးကို အသာပိတ်
အိပ်လိုက်တာပဲကောင်းမယ်ထင်ပါရဲ့
တောင်တန်းနဲ့ပင်လယ်
အိပ်မက်ထဲပဲ ထည့်သယ်ကြတာပေါ့
မိုးမလင်းတော့မယ့် မနက်ဖြန်အတွက်တော့
ငါထူးပြီးစိတ်မပူတော့ဘူး….
ရှေ့ကိုပဲလျှောက်လျှောက်၊ နောက်ကိုပဲလျှောက်လျှောက်
နောက်ဆုံးတော့ သန်းခေါင်ပဲ ပြန်ရောက်တာပဲ
တစ်နိုင်သယ်ခွင့်ရမယ်ဆိုရင်တောင်
ငါ့အိပ်မက်ငါမနိုင်တော့ဘူး……
“မင်းတစ်ယောက်ပဲခံစားတတ်မယ်ထင်နေလားတဲ့”
ဟုတ်ကဲ့ အဖေ
လူဆိုတာ ကိုယ့်ဗဟိုနဲ့ကိုယ် ၀ိုင်းနေတဲ့ စက်ဝိုင်းတွေပါအဖေ
ဒါပေမယ့် တစ်ချို့ကတော့ ဗဟိုနှစ်ခုရှိတဲ့ ellipse တွေလည်း ဖြစ်နေနိုင်တယ်
သားကိုလည်း အတ္တလေးနည်းနည်းတော့ ကြီးခွင့်ပေးပေါ့
အဖေ့နေရာ ၀င်မထမ်းနိုင်တောင်
အဖေ့အတွက် “ပခုံးခုဝတ်လေး” ဖြစ်ချင်တာ
သားဆန္ဒပါ……..

Saturday, December 5, 2009

ကူညီကြပါဦး........

စိတ်ညစ်နေတယ်။ ဘာမှလည်း အဆင်မပြေဘူး။ အလုပ်ပိနေတယ်။ အလုပ်ပိတယ်ဆိုတာ စာပိတာပါလေ။ စာမေးပွဲတွေကဖြေရတော့မယ်။ conference အတွက်စာတမ်းကလည်း မရေးရသေးဘူး။ ကိုးကားစရာလိုက်ရှာတော့လည်း ရှာမတွေ့ဘူး။ blogger အစ်ကိုတို့ အစ်မတို့ရေ ကူညီကြပါဦးဗျာ။“ မြန်မာသဒ္ဒါနဲ့ ရုရှားသဒ္ဒါနှိုင်းယှဉ်ချက်”ဆိုပြီး ဆရာမက conference မှာဖတ်ခိုင်းလို့ ၊ အမှန်က ခုဒီဇင်ဘာမှာဖတ်ရမှာ။ ကိုးကားစရာ စာအုပ်စာတမ်းမရှိလို့။ရွှေ့လိုက်ရတယ်။ မြန်မာသဒ္ဒါနဲ့ ပတ်သက်ပြီး ပြန်ဖတ်ဖို့ google ကြီးထဲလိုက်ရှာတာ google လည်းမတတ်နိုင်တော့ဘူး။ ဘာမှထိထိရောက်ရောက် ကိုးကားစရာရှာမတွေ့ဘူး။
စာအုပ်တွေလိုက်ရှာပြန်တော့လည်း မြန်မာသဒ္ဒါပိုင်းကို အားကိုးလောက်ဖွယ်ရာမတွေ့။ ၀ီကီမှာ ၀င်ရှာတော့လည်း မြန်မာသဒ္ဒါအကြောင်းမပါ။ အားတောင်ပျက်တယ်။ ကိုယ့်မြန်မာစကား အဲ့လောက်တောင် ဖြစ်နေပြီလားပေါ့။ တွေ့ပါတယ်။ ၀ိဘတ်ဆိုပြီး ရိုက်ရှာကြည့်သေးတယ်။ တွေ့ပါတယ်။ preposition ဆိုတဲ့ အင်္ဂလိပ်grammer အကြောင်းတွေ။ အင်္ဂလိပ်grammer အကြောင်းတော့ ရေးမယ့်လူရှိပြီး မြန်မာ သဒ္ဒါအကြောင်းကျ ရေးမယ့်လူမရှိဘူးတဲ့လား..? တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ တွေ့အောင်မရှာနိုင်တဲ့ ကျွန်တော့်ညံ့ဖျင်းမှုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် english grammer ဆိုပြီး ရိုက်ရှာကြည့်လိုက်ပါ။ များပြားလိုက်တဲ့ဆိုဒ်တွေ။ မြန်မာစာသည် တို့စာမဟုတ်တော့လို့လား...? သဒ္ဒါမတတ်စာမတတ်ဆိုတဲ့ စကားကိုများ လွင့်ပစ်လိုက်ကြပြီလား..? သဒ္ဒါစာအုပ်လေးတစ်အုပ်တောင်မတွေ့မှတော့ မသိလို့ဖတ်ချင်ရင် ဖတ်စရာမရှိ၊ မရှိတော့ ထင်ရာရေး။ မြန်မာစာမြန်မာစကားရဲ့ရှေ့ခရီးက ဘယ်ကိုပါလဲ..? မြန်မာနိုင်ငံက စာအုပ်ဆိုင်တွေကြည့်လိုက်ရင်လည်း အင်္ဂလိပ်စကားပြော၊ အင်္ဂလိပ် grammer စာအုပ်တွေမှိုလိုပေါက်နေသလောက်၊ မြန်မာစာမြန်မာစကားအတွက် သဒ္ဒါစာအုပ်ကို မတွေ့မိပါဘူး။ ကျောင်းမှာပြဌာန်းတဲ့ မြန်မာသဒ္ဒါစာအုပ်ပဲတွေ့မိပါတယ်။ အင်္ဂလိပ်စာကို သဒ္ဒါမှားမှာတော့ ရှက်ကြတယ်။ မြန်မာစာ သဒ္ဒါမမှန်တာကြတော့ ရှက်ရကောင်းမှန်းမသိပါဘူး။ ဘာဖြစ်လို့များအဲလိုဖြစ်နေရတာလဲဗျာ။ ဒီမှာဆို သူတို့ဘာသာစကား အရမ်းအလေးထားတယ်။ ဘာသာရပ်တွေအားလုံးဟာ သူတို့ဘာသာစကားနဲ့ချည်းပဲ။ သူတို့ဆီမှာကျောင်းတက်ချင်ရင် သူတို့စာအရင်သင်ပေတော့ပဲ။
ခုတော့ ကိုယ့်ဘာသာစကား.......စိတ်ညစ်မိပါရဲ့။
လောလောဆယ်တော့ blogger ညီအစ်ကို မောင်နှမတွေမှာ မြန်မာသဒ္ဒါနဲ့ ပတ်သက်တဲ့ စာအုပ်လေးများရှိရင် ကူညီကြပါဦး။ နောက်ဆုံး ကျောင်းပြဌာန်းစာအုပ်ပဲဖြစ်ဖြစ်ပေါ့။ အရေးကြီးလို့ပါ။

မြန်မာစာအရေးလည်း စိတ်လေးမိပါတယ်ဗျာ....

Friday, December 4, 2009

အရူးစာ.........

လူဆိုတာ ကိုယ့်ငိုသံကိုယ် အကျယ်ဆုံးကြားကြတာချည်းပါ။ ဒါပေမယ့် ငါ့နှလုံးသားက စီးကျလာတာက မင့်မျက်ရည်တွေပါချစ်သူ။ မိုးတွေတဖွဲဖွဲ ရွာနေတာတောင် မင့်ထီးအောက် မခိုဖြစ်ခဲ့ဘူး။ လမ်းချင်းတူတာတောင် တစ်ယောက်တစ်လမ်း။ မင်းက ဦးနှောက်ကို အစာကျွေးပြီး၊ ငါက နှလုံးသားကို မွေးမြူတယ်။ ဘယ်တံခါးကိုပဲဖွင့်ဖွင့် မင့်ကိုတွေ့နေရတော့ ဘယ်အခန်းကိုမှ ငါမ၀င်ဖြစ်တော့ဘူး။ ပြတ်သားတဲ့မိန်းမတွေထဲမှာမှ မင်းက ပိုပြတ်သားတယ်။ ခင်မင်တတ်တဲ့ သူငယ်ချင်းတွေထဲမှာမှ မင်းကပိုပြီးခင်တတ်တယ်။ ကျောခိုင်းထားရင်တောင် တစ်ယောက်ရင်ခုန်သံ တစ်ယောက် ကြားနိုင်ဦးမယ်။ ခုက လက်ချင်းမတွဲပဲ ယှဉ်တွဲလျှောက်နေရတာ။ ငါတို့နည်းနည်းတော့ စိမ်းသွားသလိုပဲ။

သမိုင်းမတင်မီက လူကိုမှ မီးလာပေးတဲ့ နတ်သမီးရေ။ ငါကအမှောင်နဲ့နေသားကျနေပါပြီကွယ်။

ဆောင်းမနက်ခင်းတွေထဲ ငါနှင်းဆီတွေ မျှောခဲ့ဖူးတယ်။ သူတို့တွေလည်း လမ်းမှာ ကြာနေကြတာနေမှာပါ။ တစ်နေ့တော့ မင့်ဆီရောက်လာမှာပေါ့။ သူတို့တွေကိုတွေ့ရင်သာ ဖေးမလိုက်ပါကွယ်။ အဲဒီထဲမှာ လူငယ်တစ်ယောက်ရဲ့ အိပ်မက်တွေပါတယ်။ တစ်နေ့နေ့…တစ်နေ့နေ့ပေါ့……

ငယ်ကတည်းက အပြေးသန်တဲ့မင်းက ခုထိလည်း မရပ်သေးဘူး။ မင်းသိပ်မောနေမှပေါ့။ ပြေးသည်ဖြစ်စေ၊ နှေးသည်ဖြစ်စေ ပန်းတိုင်ကတော့ ရောက်လာမှာပဲကွယ်။ မင့်နဖူးမှာချွေးစို့တာတောင် ငါမမြင်ချင်လို့ပါ။

“စိတ်ဆိုးတယ်”

မင်းနဲ့ ပတ်သက်လာရင် ငါ့မှာ “ဘ၀အဆက်ဆက်”ဆိုတာ မရှိဘူး။ ဒီဘ၀ရဲ့ ထပ်တူညီတဲ့ ဒဏ်ရာတွေ ငါသယ်မသွားချင်လို့။

“ကြိုးစားနော်”

တွေ့ရာခရီးကို တွေ့ရာထီးနဲ့ လျှောက်တတ်တဲ့ငါ့ကို သွားလေရာ ထီးအမြဲပါတဲ့ မင်းက အပြစ်ဆိုချင်လိမ့်မယ်။ ကျေးဇူးပါ။ ငါကမင်းနဲ့ ရင်ခုန်သံချင်းပဲတူချင်တာလေ။ ခံယူချက်နဲ့ ဘ၀အမြင်မှာတော့ နားလည်မှုနဲ့ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ပြုပါ ချစ်သူ။

ကျောင်းက ငါထိုင်ခဲ့တဲ့ ခုံလးမှာထိုင်ကြမယ့်သူတွေ မင့်နာမည်လေးကိုတော့ တွေ့ဖူးကြမှာပဲ။

“ဘာလို့နောက်ကလိုက်လာတာလဲ”

ရှေ့ကိုချည်းပဲမလျှောက်ပါနဲ့၊ နောက်ကိုလည်း တစ်ချက်လောက်တော့ မျှော်ကြည့်လှည့်ပါ။ မင့်ခြေရာဘေးမှာငါရေးထားတဲ့ နာမည်လေး ငါရေးခဲ့တဲ့ နာမည်လေး တွေ့ရတာပေါ့။ ငါတို့ကူခဲ့ကြတဲ့ချောင်းလေးတောင် “ကော”နေပြီ။ ငါတို့ကော ဘယ်လောက်တည်မြဲကြမလဲ။ မိုးအကျမှာ ဆိုးပြတတ်တာကလွဲလို့ သူငါတို့အပေါ်တာဝန်ကျေခဲ့ပါတယ်။ ငါတို့ကော ဘယ်သူ့အပေါ် ဘယ်လောက်တာဝန်ကျေခဲ့ပြီလဲ..? ဒါပေမယ့် ငါပြန်ရောက်ရင် သူ့ကျဆုံးခန်းကို မမြင်ချင်ဘူးဟာ။

“ငါသွားတော့မယ်”

ငါခေါင်းညိမ့်ပြခဲ့တယ်။ အေးလေ၊ ခွဲခွာချိန်မှာ ဘယ်စကားက အကောင်းဆုံးဆိုတာ ငါမှမသိတာ။ နောက်ကျရင်တော့ ငါတတ်လာမှာပေါ့။ နောက်ပြီး ကြည်ကြည်စင်စင် မပြုံးနိုင်သရွေ့ မချိပြုံးတော့ ပြုံးမပြချင်တာလည်း ပါမှာပေါ့လေ။

“မွေးနေ့မှာပျော်ရွှင်ပါစေ”

“ဆေးရောင်လှလှခြယ်ကြမယ်”ဆိုတဲ့ စာသားလေးကို ယုံစားလိုက်တာ၊ ငါ့စာအုပ်လေး အစွန်းစွန်းအထင်းထင်းနဲ့။ “သေတစ်နေ့မွေးတစ်နေ့တဲ့” တစ်နေ့ပဲမွေးပြီး တစ်ဘ၀လုံးသေခဲ့ရတဲ့ ငါ့အတွက်တော့ သိပ်မမှန်သလိုပဲ။ လောကကြီးတစ်ခုလုံးက ချွင်းချက်တွေချည်းပဲလားတောင် ထင်မိတယ်။

“ဒါကတော့ နင်ကစိတ်ပျော့တာကိုး”

မင်းနဲ့ပတ်သက်လာရင် အရာရာကို ရိုးသားစွာ ခံယူမိတာ အပြစ်လား။ ထိုးမယ့်ဆင်နောက်တစ်လှမ်းဆုတ်တာ မဟုတ်ပါဘူး။ မင်းဝင်သာရုံလမ်းဖွင့်ပေးတာပါ။

“ဒီအကြောင်းတွေပြောမှာဆိုရင် ငါဖုန်းချလိုက်တော့မယ်”

စိမ်းကားတယ်ဆိုတာ ဘာမှန်းမသိ၊ ဥပေက္ခာဆိုတာ ဘာမှန်းမသိ၊ မင့်အကြည့်တွေကတင် နွေးထွေးမှုကို ဖန်တီးယူတတ်တာ ငါတော်လို့ပေါ့။

“ဒီမှာလာကြည့်လဲ့၊ ခိုလေးတွေ”

ပြတင်းပေါက်လေးတစ်ခုကို ချစ်ဖူးတယ်။

“နင်သိလား၊ ဒိန်ချဉ်ဆိုတာ နွားနို့နဲ့ သံပုရာရေ ရောထားတာမဟုတ်ဘူးဟ၊ ပေါင်းစည်းမှုတိုင်းက ရလဒ်ကောင်းတွေထွက်လာမယ်မထင်နဲ့”

ကောင်းကင်က ကြယ်မရရင်၊ ရေထဲကကြယ်တော့ မလိုချင်တဲ့ ငါ့ရဲ့ခေါင်းမာမှုလည်း ပါတာပေါ့။

“မချစ်ဘူး”

…………………… …………… ……………..။

…..*x*….***

%(…….)…………..။

“ဟင့်အင်း၊ ငါအဲဒါမျိုးတွေမဖတ်တတ်ဘူး”

“နင်ပေးတဲ့ ကဗျာစာအုပ်လေးကို ကျောင်းက သူငယ်ချင်းတွေကို ပေးဖတ်တော့ ကောင်းတယ်တဲ့”

“နိုးပြီလား၊ ငါသွားတော့မယ်နော်”

“ဒါမျိုးတွေ ငါစိတ်မ၀င်စားချင်သေးဘူးဟာ”

နေတစ်လှည့်၊ လတစ်ခါနဲ့ ငါဘ၀မှာ ထွန်းချင်တိုင်းထွန်း၊ သာချင်တိုင်းသာ။ နင့်စိတ်သံကို ငါမဖတ်တတ်တော့တာ ကြာပါပြီ။ မင်းနဲ့ ပတ်သက်ရင် ရောင့်ရောင့်ရဲရဲ တွေးတတ်လာလို့တော့လားမသိဘူး၊ ငါနည်းနည်း သက်သာလာပြီ။ ဆေးတော့မှန်မှန်မသောက်ဖြစ်ဘူး။ ငါအရူးပဲခံလိုက်တော့မယ်။ ငါ့ကိုတွေ့တော့ နင်နှာခေါင်းရှုံမှာတော့မဟုတ်ပါဘူးလေ။ နင်က မပြည့်ဝတဲ့မိန်းကလေးမှမဟုတ်တာ။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်အနေနဲ့တော့ ဂရုဏာမျက်ဝန်းတွေ သယ်မလာနဲ့။ ငါ့ချစ်သူက မိုးပေါ်မှာ။ ဟိုး…ထောင့်မှာတွေ့လား သောကြာကြယ်၊ သူကအဲဒီမှာနေတာ။ ညညကျ သောကြာကြယ်က,တဲ့ရထားနဲ့ ငါ့ရင်ခွင်ထဲဆင်းလာမှာ…။ ပြန်ခါနီး ကတိတောင်းရင် -

“ မိုးပဲစွေစွေ၊ နှင်းပဲကြွေကြွေ၊ နွေပဲရောက်ရောက်

နင့်မေတ္တာကို ငါမျှော်လင့်သွားမှာပါ

အမှားပြင်ဆင်ချက်ထည့်မရတဲ့

ဘ၀သတင်းစာမှာ

ငါ့နာရေးကြေညာပါသည်အထိပေါ့…” လို့ ကဗျာလေးတစ်ပုဒ်ရွတ်ပြရဦးမယ်။

ကဲပြောရတာမောပြီ ပြန်တော့ဗျာ။ ခဏနေသူလာတော့မှာ..။

“ပျော်အောင်နေနော်၊ ကျန်းမာရေးဂရုစိုက်”

အာဗျာ ပြန်ပါတော့ဆိုနေမှ။

“ငါ့ကိုခွင့်လွတ်ပါဟာ….”

ပြန်တော့!!!!!