Friday, December 4, 2009

အရူးစာ.........

လူဆိုတာ ကိုယ့်ငိုသံကိုယ် အကျယ်ဆုံးကြားကြတာချည်းပါ။ ဒါပေမယ့် ငါ့နှလုံးသားက စီးကျလာတာက မင့်မျက်ရည်တွေပါချစ်သူ။ မိုးတွေတဖွဲဖွဲ ရွာနေတာတောင် မင့်ထီးအောက် မခိုဖြစ်ခဲ့ဘူး။ လမ်းချင်းတူတာတောင် တစ်ယောက်တစ်လမ်း။ မင်းက ဦးနှောက်ကို အစာကျွေးပြီး၊ ငါက နှလုံးသားကို မွေးမြူတယ်။ ဘယ်တံခါးကိုပဲဖွင့်ဖွင့် မင့်ကိုတွေ့နေရတော့ ဘယ်အခန်းကိုမှ ငါမ၀င်ဖြစ်တော့ဘူး။ ပြတ်သားတဲ့မိန်းမတွေထဲမှာမှ မင်းက ပိုပြတ်သားတယ်။ ခင်မင်တတ်တဲ့ သူငယ်ချင်းတွေထဲမှာမှ မင်းကပိုပြီးခင်တတ်တယ်။ ကျောခိုင်းထားရင်တောင် တစ်ယောက်ရင်ခုန်သံ တစ်ယောက် ကြားနိုင်ဦးမယ်။ ခုက လက်ချင်းမတွဲပဲ ယှဉ်တွဲလျှောက်နေရတာ။ ငါတို့နည်းနည်းတော့ စိမ်းသွားသလိုပဲ။

သမိုင်းမတင်မီက လူကိုမှ မီးလာပေးတဲ့ နတ်သမီးရေ။ ငါကအမှောင်နဲ့နေသားကျနေပါပြီကွယ်။

ဆောင်းမနက်ခင်းတွေထဲ ငါနှင်းဆီတွေ မျှောခဲ့ဖူးတယ်။ သူတို့တွေလည်း လမ်းမှာ ကြာနေကြတာနေမှာပါ။ တစ်နေ့တော့ မင့်ဆီရောက်လာမှာပေါ့။ သူတို့တွေကိုတွေ့ရင်သာ ဖေးမလိုက်ပါကွယ်။ အဲဒီထဲမှာ လူငယ်တစ်ယောက်ရဲ့ အိပ်မက်တွေပါတယ်။ တစ်နေ့နေ့…တစ်နေ့နေ့ပေါ့……

ငယ်ကတည်းက အပြေးသန်တဲ့မင်းက ခုထိလည်း မရပ်သေးဘူး။ မင်းသိပ်မောနေမှပေါ့။ ပြေးသည်ဖြစ်စေ၊ နှေးသည်ဖြစ်စေ ပန်းတိုင်ကတော့ ရောက်လာမှာပဲကွယ်။ မင့်နဖူးမှာချွေးစို့တာတောင် ငါမမြင်ချင်လို့ပါ။

“စိတ်ဆိုးတယ်”

မင်းနဲ့ ပတ်သက်လာရင် ငါ့မှာ “ဘ၀အဆက်ဆက်”ဆိုတာ မရှိဘူး။ ဒီဘ၀ရဲ့ ထပ်တူညီတဲ့ ဒဏ်ရာတွေ ငါသယ်မသွားချင်လို့။

“ကြိုးစားနော်”

တွေ့ရာခရီးကို တွေ့ရာထီးနဲ့ လျှောက်တတ်တဲ့ငါ့ကို သွားလေရာ ထီးအမြဲပါတဲ့ မင်းက အပြစ်ဆိုချင်လိမ့်မယ်။ ကျေးဇူးပါ။ ငါကမင်းနဲ့ ရင်ခုန်သံချင်းပဲတူချင်တာလေ။ ခံယူချက်နဲ့ ဘ၀အမြင်မှာတော့ နားလည်မှုနဲ့ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ပြုပါ ချစ်သူ။

ကျောင်းက ငါထိုင်ခဲ့တဲ့ ခုံလးမှာထိုင်ကြမယ့်သူတွေ မင့်နာမည်လေးကိုတော့ တွေ့ဖူးကြမှာပဲ။

“ဘာလို့နောက်ကလိုက်လာတာလဲ”

ရှေ့ကိုချည်းပဲမလျှောက်ပါနဲ့၊ နောက်ကိုလည်း တစ်ချက်လောက်တော့ မျှော်ကြည့်လှည့်ပါ။ မင့်ခြေရာဘေးမှာငါရေးထားတဲ့ နာမည်လေး ငါရေးခဲ့တဲ့ နာမည်လေး တွေ့ရတာပေါ့။ ငါတို့ကူခဲ့ကြတဲ့ချောင်းလေးတောင် “ကော”နေပြီ။ ငါတို့ကော ဘယ်လောက်တည်မြဲကြမလဲ။ မိုးအကျမှာ ဆိုးပြတတ်တာကလွဲလို့ သူငါတို့အပေါ်တာဝန်ကျေခဲ့ပါတယ်။ ငါတို့ကော ဘယ်သူ့အပေါ် ဘယ်လောက်တာဝန်ကျေခဲ့ပြီလဲ..? ဒါပေမယ့် ငါပြန်ရောက်ရင် သူ့ကျဆုံးခန်းကို မမြင်ချင်ဘူးဟာ။

“ငါသွားတော့မယ်”

ငါခေါင်းညိမ့်ပြခဲ့တယ်။ အေးလေ၊ ခွဲခွာချိန်မှာ ဘယ်စကားက အကောင်းဆုံးဆိုတာ ငါမှမသိတာ။ နောက်ကျရင်တော့ ငါတတ်လာမှာပေါ့။ နောက်ပြီး ကြည်ကြည်စင်စင် မပြုံးနိုင်သရွေ့ မချိပြုံးတော့ ပြုံးမပြချင်တာလည်း ပါမှာပေါ့လေ။

“မွေးနေ့မှာပျော်ရွှင်ပါစေ”

“ဆေးရောင်လှလှခြယ်ကြမယ်”ဆိုတဲ့ စာသားလေးကို ယုံစားလိုက်တာ၊ ငါ့စာအုပ်လေး အစွန်းစွန်းအထင်းထင်းနဲ့။ “သေတစ်နေ့မွေးတစ်နေ့တဲ့” တစ်နေ့ပဲမွေးပြီး တစ်ဘ၀လုံးသေခဲ့ရတဲ့ ငါ့အတွက်တော့ သိပ်မမှန်သလိုပဲ။ လောကကြီးတစ်ခုလုံးက ချွင်းချက်တွေချည်းပဲလားတောင် ထင်မိတယ်။

“ဒါကတော့ နင်ကစိတ်ပျော့တာကိုး”

မင်းနဲ့ပတ်သက်လာရင် အရာရာကို ရိုးသားစွာ ခံယူမိတာ အပြစ်လား။ ထိုးမယ့်ဆင်နောက်တစ်လှမ်းဆုတ်တာ မဟုတ်ပါဘူး။ မင်းဝင်သာရုံလမ်းဖွင့်ပေးတာပါ။

“ဒီအကြောင်းတွေပြောမှာဆိုရင် ငါဖုန်းချလိုက်တော့မယ်”

စိမ်းကားတယ်ဆိုတာ ဘာမှန်းမသိ၊ ဥပေက္ခာဆိုတာ ဘာမှန်းမသိ၊ မင့်အကြည့်တွေကတင် နွေးထွေးမှုကို ဖန်တီးယူတတ်တာ ငါတော်လို့ပေါ့။

“ဒီမှာလာကြည့်လဲ့၊ ခိုလေးတွေ”

ပြတင်းပေါက်လေးတစ်ခုကို ချစ်ဖူးတယ်။

“နင်သိလား၊ ဒိန်ချဉ်ဆိုတာ နွားနို့နဲ့ သံပုရာရေ ရောထားတာမဟုတ်ဘူးဟ၊ ပေါင်းစည်းမှုတိုင်းက ရလဒ်ကောင်းတွေထွက်လာမယ်မထင်နဲ့”

ကောင်းကင်က ကြယ်မရရင်၊ ရေထဲကကြယ်တော့ မလိုချင်တဲ့ ငါ့ရဲ့ခေါင်းမာမှုလည်း ပါတာပေါ့။

“မချစ်ဘူး”

…………………… …………… ……………..။

…..*x*….***

%(…….)…………..။

“ဟင့်အင်း၊ ငါအဲဒါမျိုးတွေမဖတ်တတ်ဘူး”

“နင်ပေးတဲ့ ကဗျာစာအုပ်လေးကို ကျောင်းက သူငယ်ချင်းတွေကို ပေးဖတ်တော့ ကောင်းတယ်တဲ့”

“နိုးပြီလား၊ ငါသွားတော့မယ်နော်”

“ဒါမျိုးတွေ ငါစိတ်မ၀င်စားချင်သေးဘူးဟာ”

နေတစ်လှည့်၊ လတစ်ခါနဲ့ ငါဘ၀မှာ ထွန်းချင်တိုင်းထွန်း၊ သာချင်တိုင်းသာ။ နင့်စိတ်သံကို ငါမဖတ်တတ်တော့တာ ကြာပါပြီ။ မင်းနဲ့ ပတ်သက်ရင် ရောင့်ရောင့်ရဲရဲ တွေးတတ်လာလို့တော့လားမသိဘူး၊ ငါနည်းနည်း သက်သာလာပြီ။ ဆေးတော့မှန်မှန်မသောက်ဖြစ်ဘူး။ ငါအရူးပဲခံလိုက်တော့မယ်။ ငါ့ကိုတွေ့တော့ နင်နှာခေါင်းရှုံမှာတော့မဟုတ်ပါဘူးလေ။ နင်က မပြည့်ဝတဲ့မိန်းကလေးမှမဟုတ်တာ။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်အနေနဲ့တော့ ဂရုဏာမျက်ဝန်းတွေ သယ်မလာနဲ့။ ငါ့ချစ်သူက မိုးပေါ်မှာ။ ဟိုး…ထောင့်မှာတွေ့လား သောကြာကြယ်၊ သူကအဲဒီမှာနေတာ။ ညညကျ သောကြာကြယ်က,တဲ့ရထားနဲ့ ငါ့ရင်ခွင်ထဲဆင်းလာမှာ…။ ပြန်ခါနီး ကတိတောင်းရင် -

“ မိုးပဲစွေစွေ၊ နှင်းပဲကြွေကြွေ၊ နွေပဲရောက်ရောက်

နင့်မေတ္တာကို ငါမျှော်လင့်သွားမှာပါ

အမှားပြင်ဆင်ချက်ထည့်မရတဲ့

ဘ၀သတင်းစာမှာ

ငါ့နာရေးကြေညာပါသည်အထိပေါ့…” လို့ ကဗျာလေးတစ်ပုဒ်ရွတ်ပြရဦးမယ်။

ကဲပြောရတာမောပြီ ပြန်တော့ဗျာ။ ခဏနေသူလာတော့မှာ..။

“ပျော်အောင်နေနော်၊ ကျန်းမာရေးဂရုစိုက်”

အာဗျာ ပြန်ပါတော့ဆိုနေမှ။

“ငါ့ကိုခွင့်လွတ်ပါဟာ….”

ပြန်တော့!!!!!

5 comments:

ဒဏ္ဍာရီ said...

အရူးစာ လို့ ရေးထားပေမယ့် ... မောင်လေးရဲ့ ခံစားချက် လေးကို ဖတ်လိုက်ရတာလို့ ခံစားလိုက်မိတယ်နော်။ အမှန်တော့ လူဆိုတာ တမျိုးစီတော့ သူ့အတ္တနဲ့သူ ရူးနေကြတာပဲလေ...။
ထာဝရ ပျော်ရွှင်နိုင်ပါစေ...။

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

ဝေလင်းရေ...
“နင်သိလား၊ ဒိန်ချဉ်ဆိုတာ နွားနို့နဲ့ သံပုရာရေ ရောထားတာမဟုတ်ဘူးဟ၊ ပေါင်းစည်းမှုတိုင်းက ရလဒ်ကောင်းတွေထွက်လာမယ်မထင်နဲ့”

ဆိုတဲ့ စာလေးကို..သဘောကျမိတယ်...။ အတွေးလေးတွေ ဆန်းသစ်တယ်...။ အပေါ်က...ညီမ ဒဏ္ဏာရီပြောသလိုပါပဲ...။ ခံစားပေးသွားတယ်နော်ညီလေး...။

ခင်မင်တတ်တဲ့
ဏီလင်းညို

ဟိုတွေးဒီတွေး စာစုများ said...

ခံစားချက်တွေ မျှဝေခံစားသွားပါတယ်ဗျာ။

ချစ်ကြည်အေး said...

အဲလိုစာလေးတွေ ရေးတတ်ချင်တယ် ၊ လက်ချင်းလဲရမလား၊ ခေါင်းချင်းဖြုတ်လဲရမှာလား၊ ဒါမှာမဟုတ် ရင်ဘတ်ချင်းလား......:D

lover said...

အရူးစာကို အရူးမတစ်ယောက်လာဖတ်ပီး ရူးသွားတယ် ကောင်းလိုက်တာနော်..စာသားလေးတွေ...