Wednesday, December 16, 2009

ဘာတွေမရှိလို့ မဖြစ်ဘူးလဲ…?

မနေ့က မီးပျက်သွားပါတယ်။ သတင်းထူးဆိုပြီး ပို့စ်တစ်ခုတင်လိုက်လို့ ဘာများလည်းဆိုပြီး လာကြည့်တဲ့သူတွေကို အားနာပါတယ်။ J ဒီမှာကတော့ တကယ်ထူးတာကိုးလေ။ ဒါတောင် ကျွန်တော်တို့ ကျောင်းဝင်းတစ်ခုပဲပျက်သွားတာ။

မီးပျက်တာဘာဖြစ်လဲဆိုတော့ အရင်ဦးဆုံး သွားရေးလာရေး ဒုက္ခရောက်သွားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ မီးပျက်သွားရင် ဘာလုပ်လဲ။ မီးစက်ရှိတဲ့အိမ်က မီးစက်နိုးပါတယ်။ အင်ဗက်တာရှိတဲ့အိမ်က အင်ဗက်တာ။ နောက်ဆုံးဘာမှာမရှိတောင် ဖယောင်းတိုင်မီးလေးတော့ ထွန်းလိုက်တာပါပဲ။ ဟိုနားဒီနားသွားမယ်။ ရတယ်လေ အိမ်တစ်အိမ်မှာ ဓါတ်မီးတစ်လက်တော့ ရှိတာပဲ။ ဓါတ်မီးလေး တ၀င်းဝင်းနဲ့ပေါ့။ ဒီမှာကျတော့ မီးက ဘယ်တုန်းကမှ မပျက်ပါဘူး။ အဲဒီတော့ ဒီမှာ ဖယောင်းတိုင်မရောင်းပါဘူး။ ရောင်းတဲ့ဖယောင်းတိုင်ဆိုတာကလည်း အလှထွန်းတဲ့ ဖယောင်းတိုင်လောက်ပဲ ရှိတာလေ။ အဲဒီဖယောင်းတိုင်မျိုးကလည်း ပွဲတစ်ခုခုရှိမှ ၀ယ်ထားကြတာဆိုတော့ ဘယ်သူမှ ဖယောင်းတိုင် မရှိပါဘူး။ နောက်ဓါတ်မီး၊ ထူးပြီး ပြောစရာလိုမယ်မထင်ဘူး။ ဓါတ်မီးလည်း ဘယ်အိမ်မှမဆောင်ပါဘူး။ တကယ်လည်း လိုမှမလိုတာ။ ဒါပေမယ့် မနေ့ကလို ကြုံတောင့်ကြုံခဲ ဖြစ်လာတော့ ဘာဖြစ်သလဲဆိုတော့ ဘာမှပြင်ဆင်ပြီးသားမရှိပါဘူး။ ကျွန်တော်တို့ အဆောင်က ၅ ထပ်ရှိပါတယ်။ ၃ ထပ်က လူနေတာ။ ကျန်တဲ့ နှစ်ထပ်ကတော့ စာသင်ခန်းတွေပါ။ တစ်ထပ်ကနေ တစ်ထပ်ဆင်းဖို့ ဘာမှမမြင်ရပါဘူး။ ပြီးတော့ ဒီမှာက ညနေ၄နာရီလောက်ဆို မှောင်ပြီ။ ဘာမှမမြင်ရတော့ဘူး။ အားလုံးဓါတ်မီးကမရှိမီးကမှောင်နဲ့ အပေါ်ထပ်အောက်ထပ်ဆင်းဖို့ လက်ကိုင်ဖုန်းကမီးနဲ့ အလုပ်လုပ်ရပါတယ်။ ပြီးတော့ ထမင်းစားတော့ (ကျွန်တော်တို့ကို ကျောင်းကကျွေးတာပါ) စားရိပ်သာသွားတော့ မီးမရှိလို့ ခါတိုင်းထက် တစ်နာရီ နောက်ကျပြီးမှာကျွေးပါတယ်။ စားရိပ်သာကလည်း လျှပ်စစ်နဲ့ ချက်တာကိုး။ သူတို့က ထင်းလည်းမသုံး၊ မီးသွေးဆိုတာကလည်း အသားကင်တဲ့အခါလောက်ပဲသုံးတာဆိုတော့ ဘာမှအဆင်သင့်မရှိပါဘူး။ အဲည၉နာရီ စားတဲ့အခါကျတော့လည်း သူတို့ အခေါ် "မက်ကာလောင်း" ၊ (ကျွန်တော်တို့ ခေါက်ဆွဲနဲ့ ဆင်ပါတယ်။ ပုံစံကတော့ မုန့်ကြွေစေ့နဲ့တူမယ်ထင်တာပဲ၊ ရေနွေးနဲ့ ပြုတ်စားရတာမျိုးပါ) ကို အသားနဲ့ ရောထားတဲ့ဟာ ကျွေးပါတယ်။ ကျွန်တော့်အထင်တော့ ဘယ်က အပင်တွေခုတ်ပြီး မီးဖိုတယ်မသိပါဘူး သစ်စိုတွေဆိုတော့ မီးခိုးနံ့ နံနေပါတယ်။ အဲဒီတစ်ခွက်နဲ့ ပေါင်မုန့်ထောပတ်သုတ်ကိုပဲ ကြိတ်မှိတ်စားခဲ့ရပါတယ်။ စားဖူးသမျှထဲမှာတော့ အဆိုးဆုံးပါပဲ J ။ မြန်မာနိုင်ငံမှာဆို ဒီဒုက္ခမျိုး ဘယ်ကြုံမလဲနော့။ ကျွန်တော်တို့ မြန်မာတွေက မီးပျက်တာလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ် ပြောပါလိမ့်မယ်။ J

ဒီမှာကျွန်တော်စဉ်းစားမိတာက ဒီကလူတွေအတွက် ခုခေတ်ကြီးမှာလျှပ်စစ်ဆိုတာ မရှိလို့ကို မဖြစ်တဲ့ အရာတစ်ခုဖြစ်နေပါပြီ။ ပစ္စည်းတစ်ခုကို မရှိမဖြစ်ဘူးပြောလို့ ရှေးကလည်း မရှိပဲနေခဲ့ကြတာပဲပြောလို့ မဖြစ်ဘူးဆိုတာပါ။ ရှေးတုန်းက မရှိပဲနေခဲ့တယ်။ ဘာဖြစ်လဲ..? ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ခုမရှိရင် ဘာဖြစ်သွားမလဲ….? ခုဖြစ်ရပ်လေးဟာ ကျွန်တော်တို့ ကျောင်းတစ်ခုလေးပဲ ဖြစ်တာပါ။ တကယ်လို့ တစ်မြို့လုံးများ ပျက်သွားရင်…။ မတွေးဝံ့စရာပါ။ ပထမဆုံး လျှပ်စစ်မရှိတဲ့အတွက် သုညအောက်အေးတဲ့ နိုင်ငံအနေနဲ့ ( ခုစာရေးနေတဲ့ အချိန်မှာ အနှုတ် ၃၁ ဒီဂရီ ရှိပါတယ်) heater တွေအလုပ်အလုပ်မလုပ်နိုင်တဲ့ အတွက် လူတွေ သေနိုင်ပါတယ်။ နောက်တစ်ခုက မီးပွိုင့်တွေ အလုပ်မလုပ်နိုင်၊ ညနေမှောင်တာ စောတဲ့အတွက် လမ်းမီးမပေးနိုင်၊ ပြောရင် မကုန်နိုင်ဖွယ်ရာပါ။ များများမဟုတ်ပါဘူး သုံးလေးရက်လောက်များ ပျက်မိရင် ဆန္ဒများပြကုန်ကြမလားပဲ..။ သူတို့မှာ ဒီအခြေအနေအတွက် ပြင်ဆင်ထားမှုမရှိပါဘူး။

ကျွန်တော်တို့ လူနေမှုဘ၀မှာ တစ်စုံတစ်ခု၊ ဒါမှမဟုတ် တစ်စုံတစ်ယောက် မရှိမဖြစ်လောက်အထိဖြစ်လာပြီး၊ ရုတ်တရက် အဲဒီအရာ အဲဒီလူမရှိတော့ရင် လူနေမှုဘ၀ဖရိုဖရဲ ဖြစ်သွားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ အစစအရာရာ မိဘက လိုက်လုပ်ပေးနေတဲ့ ကလေးတစ်ယောက်ဟာ၊ ရုတ်တရက် မိဘတိမ်းပါးသွားတဲ့အခါ အခက်အခဲအမျိုးမျိုးနဲ့ ကြုံရမှာပါပဲ။ ကုဋေရှစ်ဆယ်သူဌေးသားမွဲသွားတာဟာ သူပညာမတတ်လို့ဆိုတာထက် သူ့မှာမိဘတွေမရှိတော့ရင်ဆိုတဲ့ ပြင်ဆင်တွေးတောထားမှုမရှိလို့ လို့ပဲ ကျွန်တော်ထင်ပါတယ်။ ပညာမတတ်တိုင်း မွဲသွားမယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါတယ်။ ကျွန်တော့်ဘ၀မှာ တစ်စုံတစ်ခု၊ ဒါမှမဟုတ် တစ်စုံတစ်ရာဟာ မရှိမဖြစ်လောက်အောင် အရေးပါနေပြီလားလို့။ တကယ်လို့ အဲဒီအရာများမရှိတော့ရင် ဘယ်လိုအခြေအနေမျိုးတွေ ရင်ဆိုင်ရနိုင်မလဲ။ အဲဒီအတွက် ဘယ်လိုပြင်ဆင်မလဲ။

တော်တော်များများတွေ့ပါတယ်။ မရှိလို့မဖြစ်တာတွေ၊ မိဘ၊ ကျန်းမာရေး၊ ငွေကြေး စသဖြင့်ပေါ့..။ ဘယ်လိုဖြင်ဆင်ထားရမလဲဆိုတာတော့ ခုထိအဖြေမထွက်သေးပါဘူး…

ကဲ..ဒါဖြင့် ခင်ဗျားတို့ကော………………………?
(PS. ကျွန်တော်ကတော့ မီးပျက်သွားတာ တော်တော်လေး နေမထိထိုင်မသာဖြစ်သွားတယ်။ ဘလော့ဂ် မဂင်းရလို့.. :)။ ဒါလေးလဲ မရှိလို့ မဖြစ်ဘူးဗျ..)

7 comments:

ဂျပန်ကောင်လေး said...

မီးပျက်ရင်လား... လက်ဖက်ရည်ဆိုင်သွား.. သူငယ်ချင်းပေါင်းသင်းများနဲ့ စကားများ... မီးလာရင်တောင် ပြန်မသွားချင်... ဟီးဟီး...

ဆောင်းယွန်းလ said...

လေးလေးနက်နက် တွေးပြီးရေးထားတဲ့ ပို့စ်ကောင်းတခုပါပဲ...

ဆောင်းယွန်းလ said...

လေးလေးနက်နက် တွေးပြီး ရေးထားတဲ့ ပို့စ်ကောင်းတခုပါပဲ.....

~ဏီလင်းညို~ said...

ညီလေးရေ...
တချို့ဟာတွေက necessary တော့ ဖြစ်သင့်တယ်...။ essential တော့ မဖြစ်သင့်ဘူးလို့ အစ်ကိုတော့ထင်တယ်... ဘာတွေပဲဖြစ်နေဖြစ်နေခဲ့ပေါ့နော်...။ ပြင်ဆင်သင့်တာကတော့ အဓိကအနေနဲ့ဆိုရင် စိတ်ဓာတ်နဲ့ ခံစားချက်ပဲ... လို့ထင်တယ်လေ...။
မီးပျက်သွားတာ... တော်တော် ဒုက္ခရောက်သွားမှာပဲနော်...။
အရမ်းအေးတယ်ဆို.. ကျန်းမာရေးဂရုစိုက်ဦးနော်..ညီလေး...။

ခင်မင်တဲ့
ဏီလင်းညို

မိုးခါး said...

တွေးရင်တော့ ဘယ်အရာမှ မရှိလို့ မဖြစ်ပဲနော်
တကယ်မရှိပဲဆိုလည်း အင်း ... ကြာတော့လည်း နေသားကျသွားမှာပဲ ထင်တယ် :D

busymozzee said...

ဖြစ်ရလေတယ်... ဝေလီဝေလင်းရယ်...

ညရဲ့ကောင်းကင် said...

မှန်ပါ့ဗျာ..မှန်ပါ့ဗျာ...
လေးလေးနက်နက်တွေးပြီး ရေးတတ်တယ်ဗျာ...
တကယ်ချီးကျူးတယ်...

ခင်မင်မှုဖြင့်
ညရဲ့ကောင်းကင်