Tuesday, December 1, 2009

ဒဏ်ရာပြပွဲ……

ဆောင်းပေါ့။ ခပ်ဟောင်းဟောင်းလေ။ ညောင်းညာခြင်းကို ဆန့်ထုတ် အငွေ့ဖြူဖြူတွေ မှုတ်ထုတ်ခဲ့တယ်။ သယ်ဆောင်ဖို့ မလွယ်တဲ့ ပစ္စည်းထဲမှာတော့ အတိတ်မပါဘူး။ မှုန်ဝါးဝါး ပန်းချီကားတစ်ချပ်ကိုမှ နှစ်သက်တယ်ဆိုရင်တော့ အတိတ်တွေကို သတိရတိုင်းထုတ်ကြည့်ပေါ့။ အတိတ်မှာ ရနံ့တချို့ ပါမယ်ဆိုရင် သေချာတယ် ငါ့အတိတ်က ဆိတ်ဖလူးနံ့တွေနဲ့ပြည့်နေမှာ။ ငါရေးခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ရှိတယ်။ "နေ၀င်ချိန်ထိ ငါ့ရနံ့တွေကို ထုတ်လွှတ်သွားမယ်"လို့ ။ တကယ်တော့ ငါက နေဘယ်တော့မှမထွက်မယ့် အရုဏ် ပါ။ ဘယ်လောက်ကြာအောင် စောင့်စောင့် ရောင်နီကတော့ တောက်မှာမဟုတ်ပေဘူး။ တကယ်တော့ ၁၉ နှစ်ဆိုတာ မိုးလင်းဖို့ မလုံလောက်ပါဘူး။ အလယ်တန်းဘ၀က "အရုဏ်"ဆိုတဲ့ စာစီစာကုံး ခုချိန်မှာ စိတ်ကူးနဲ့တောင် မရေးတတ်တော့ဘူး။ ငါက ရောင်နီငတ်နေတဲ့ကောင်လေ။ ဒါတွေကို တိတ်တိတ်လေး စီးဆင်းနေတဲ့ ဆောင်းနံနက်ခင်းတွေဆီက ရခဲ့တာပေါ့။ မီးခိုးငွေ့တလူလူနဲ့ ဆောင်း ပြောင်းလဲသွားပြီတဲ့။ ခုချိန်မှာတော့ ဖြူဖွေးဖွေးနှင်းတွေနဲ့ ပေကျံ မီးခိုးနံ့တောင် မကျန်တော့ဘူး။ ရေလောင်းလို့ ပေါင်းထရုံပဲရှိမယ့် မျှော်လင့်ချက်၊ အဆိပ်ပင်မဟုတ်ပေမယ့် လောင်း….သင့်သလား။

"လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ တာဝန်ဝတ္တရားတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေနဲ့ အကျဉ်းကျနေရတယ်၊ ချည်နှောင်ခံနေရတယ်" တဲ့

အဲဒီတုန်းက ငါပြန်ပြောခဲ့ဖူးတယ်….

"လွတ်လပ်တယ်၊ မလွတ်လပ်ဘူးဆိုတာ လူကလုပ်တာပါ။ ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ်တိုင်ဖန်တီးနိုင်တယ်" လို့ပေါ့။

ဒါပေမယ့် ခုထိ ကိုယ့်ကိုယ်ကို ပြန်မေးနေမိတုန်းပဲ။ "မင်းတကယ်ယုံရဲ့လား.?" လို့လေ။ အသံမထွက်တဲ့ တယောတစ်လက်၊ ဘယ်လောက်ပဲ ပြည့်ကြပ်နေဦးတော့ ဂီတ ဖြစ်မလာမယ့်သူ။ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ ယှဉ်လာတိုင်း ဖြစ်ချင်တာတွေ ဖြစ်သွားတတ်တဲ့ ကံကြမ္မာကို ငါမနာကျည်းသင့်ဘူးတဲ့လား…?

ပတ်ဝန်းကျင်ရဲ့ တချို့မသိတတ်မှုတွေက ငါ့ကိုအေးခဲစေခဲ့တာပေါ့။ ပျိုးပင်ငယ်ကို စကားလုံးမုန်တိုင်းတွေ တိုက်တာဟာ သူတို့ ပြောပြောနေတဲ့ လူသားဆန်မှုတွေလား..?

အတိတ်….

ပုခက်လွှဲတဲ့ မျက်ရည်ကို သုတ်ပေးဖို့ လက်လှမ်းမမှီလို့ ငိုကြွေးခဲ့ဖူးတယ်။ တုံးတစ်တုံး မဖို့တောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ခပ်ထန်ထန် မုန်တိင်းကြားမှာ ငါဟာ "ဆေးမှည့်" ပါ။ မှိုင်းဝလာရင် ပျံတက်သွားမလား၊ ပေါက်ကွဲမလား….။ ဒါကပြဌာန်းချက်သာ။ ကောင်းကင်ကျယ်တယ်ဆိုတာ လူပြောသူပြောသာသာပါ။ ငါ့အတွက် ကောင်းကင်က ကျဉ်းပြီး၊ ပင်လယ်ကကျယ်တယ်။ ကြယ်မလင်းတဲ့ ကောင်းကင်ကျဉ်းမှာ ငါကစာရင်းမ၀င်တဲ့ကောင်။ မရဏဖွားမှာမှ ပြဿဒါးဖြစ်ခဲ့ရ။ ကောင်းကင်နှစ်ခုကြား ဆန္ဒက မလူးသာ မလွန့်သာ။ မြင်းမိုရ်တောင်က ငါ့အတွက် ပိုကြီးခဲ့တယ်။

ဒဏ်ရာဆိုတာကို ပြပွဲတစ်ခုဖြစ်နိုင်လောက်အောင် ခင်းကျင်းမိခဲ့………….

3 comments:

kokomaung.uk said...

ဒဏ်ရာပြပွဲထဲမှာ ထိရှတဲ့စကားလုံးတွေနဲ့ ပြုစုပျိုးထောင်ထားတာကို မျက်ဝါးထင်ထင်မြင်ရတယ်။ စာတစ်ကြောင်းမှာ ရသတစ်မျိုးပေးနိုင်တယ်။
မော်ဒန်ကဗျာအဖြစ်ဆွဲထုတ်လိုက်ရင် ကဗျာအပိုင်းအစတွေ အများအပြား အန်ထွက်လာနိုင်တယ်။

ဆက်လက်ကွန့်မြူးပါလေ။
နားအေးပါးအေးရှိတဲ့အခါ လာခံစားဦးမှာပါ။

ဗညားရှိန် said...

"လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ တာဝန်ဝတ္တရားတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေနဲ့ အကျဉ်းကျနေရတယ်၊ ချည်နှောင်ခံနေရတယ်"


မှန်တယ်လို့ ထင်တယ် . . . .

ငါ့အတွက် ကောင်းကင်က ကျဉ်းပြီး၊ ပင်လယ်ကကျယ်တယ်။ ကြယ်မလင်းတဲ့ ကောင်းကင်ကျဉ်းမှာ ငါကစာရင်းမ၀င်တဲ့ကောင်။ မရဏဖွားမှာမှ ပြဿဒါးဖြစ်ခဲ့ရ။

အရေးအသားတွေ အရမ်းကောင်းတယ်

မိုးခါး said...

ရေးထားတာ ဖတ်လို့ ကောင်းလိုက်တာ ..း))