Sunday, December 18, 2011

ခရစ်စမတ် ပုံပြင်

ခရစ်စမတ်ပုံပြင်
ရှေးတုန်းက တင်ရှားခဲ့တဲ့ ဒဏ္ဍာရီတစ်ခုမှာ ဆိုထားတာကတော့ တစ်ခါက လက်ဘနွန်နိုင်ငံရဲ့ လှပသာယာတဲ့ တောအုပ်လေးတစ်ခုမှာ ထင်းရှူးပင်လေးသုံးပင် ပေါက်လာခဲ့တယ်တဲ့။ အားလုံးသိကြတဲ့အတိုင်းပဲ ထင်းရှူးပင်တွေဟာ ကြီးထွားနှုန်းနှေးလွန်းတာကြောင့် အဲဒီထင်းရှူးပင်လေးသုံးပင်ဟာ ရာစုနှစ်နဲ့ချီပြီး `ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း´၊ `သဘာဝနဲ့ လူသား´ အကြောင်းတွေကို တွေးတော ဖြတ်ကျော်လာခဲ့ကြတယ်။

သူတို့ဟာ ဆော်လမွန် ဘုရင်ကြီးရဲ့ စစ်သည်ရဲမက်တွေ လက်ဘနွန်နိုင်ငံကို ရောက်လာတာ၊ Assyrian လူမျိုးတွေနဲ့ သွေးမြေလွှမ်းခဲ့တဲ့ တိုက်ပွဲတွေကို မြင်တွေ့ခဲ့ကြတယ်။ ပြီးတော့ ကမ္ဘာ့ရန်တွေဖြစ်တဲ့ ယေဇာဗလ် (Jezebel) နဲ့ ပရောဖတ် အီလိယာ (Elijah) တို့ကိုလည်း တွေ့ဖူးခဲ့တယ်။ သူတို့ရှေ့မှောက်မှာပဲ အက္ခရာကို တီထွင်လာကြတယ်။ ကုန်သည်တွေကလည်း ရောင်စုံအထည်အလိပ်တွေတင်ပြီး သူတို့နားက ဖြတ်သန်းသွားကြတယ်။

ဒီလိုနဲ့ သာတောင့်သာယာရှိတဲ့နေ့တစ်နေ့မှာ ထင်ရှူးပင်လေးသုံးပင်ဟာ သူတို့ရဲ့အနာဂတ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ဆုံးဖြတ်လိုက်တယ်။

ပထမတစ်ပင်က ပြောတယ် ` သက်တမ်းတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရတာတွေ အားလုံးနောက်မှာတော့ ငါ့မှာ ဖြစ်ချင်တာ တစ်ခုပဲရှိတယ်။ အဲဒါကတော့ ရန်ခပ်သိမ်းကို အောင်နိုင်တဲ့ ဘုရင်တစ်ပါးရဲ့ ပလ္လင် ဖြစ်ဖို့ပဲ´

`ငါ့အနေနဲ့ကတော့ မေတ္တာနဲ့ စွန့်လွတ်အနစ်နာ ခံမှုအကြောင်း ခေတ်အဆက်ဆက် ဥပမာပြု ပြောဆိုသွားကြရမယ့် အရာတစ်ခုခုရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ချင်တယ်´ လို့ ဒုတိယတစ်ပင်က ပြောတယ်။

တတိယတစ်ယောက်ကတော့ ` လူတွေငါ့ကို ကြည့်တဲ့အခါတိုင်း ဘုရားသခင်ကို အောက်မေ့ကြတာမျိုး ဖြစ်ချင်တယ်´လို့ ပြောလိုက်တယ်။

နှစ်တွေ၊ နှစ်တွေ ကုန်လွန်သွားလိုက်တာ နောက်ဆုံးမှာတော့ တောအုပ်လေးထဲကို သစ်ခုတ်သမားတွေ ရောက်လာကြတယ်။ သစ်ခုတ်သမားတွေဟာ ထင်ရှူးပင်သုံးပင်လုံးကိုခုတ်ပြီး ခွဲစိတ် ပစ်လိုက်ကြတယ်။

ထင်ရှူးပင်သုံးပင်လုံးမှာတော့ ကိုယ်စီကိုယ်စီ စိတ်ကူးအိပ်မက်လေးတွေနဲ့ပေါ့။ ဒါပေမယ့် လက်တွေ့ဘ၀ကြီးဆိုတာက ငါတို့ ဘာတွေ ဖြစ်ချင်လဲဆိုတာ ဘယ်တုန်းကမှ မမေးဘူးလေ။

ပထမ ထင်ရှူးပင်လေးကိုတော့ တင်းကုတ်လုပ်ပစ်လိုက်ကြတယ်။ နောက်ပြီး သူ့ဆီကပိုနေသေးတဲ့ အသားတွေနဲ့ စားခွက်ကလေးလုပ်လိုက်ကြတယ်။

ဒုတိယအပင်ကိုတော့ ခပ်ကြမ်းကြမ်းစားပွဲတစ်လုံးလုပ်လိုက်တယ်။ နောက်ပိုင်းမှာ ပရိဘောဂ ဆိုင်ကို ပို့ပစ်ဖို့ပေါ့။

တတိယအပင်က ရတဲ့သစ်ကိုတော့ ရောင်းမရတဲ့အတွက် ပျဉ်အဖြစ်စိပ်ပြီး မြို့ကြီးတစ်မြို့က ဂိုထောင်ထဲမှာ သိမ်းထားလိုက်ကြတယ်။

ထင်းရှူးပင်သုံးပင်ဟာ ခါးသီးစွာနဲ့ပဲ စိတ်ပျက်လက်ပျက် ညည်းညူမိကြတယ် ` ငါတို့ဟာ သစ်မျိုးကောင်းတွေ ဖြစ်ပေမယ့် ငါတို့ကို ကောင်းကောင်းမွန်မွန်အသုံးပြုဖို့တော့ ဘယ်သူမှ နေရာရှာမတွေ့ကြပါလား´ လို့ပေါ့။

ဒီလိုနဲ့ အချိန်တွေကုန်လာလိုက်တာ တစ်နေ့၊ ကြယ်တာရာတွေ စုံတဲ့ ညတစ်ညမှာ နားခိုစရာမရတတ်တဲ့ ဇနီးမောင်နှံတစ်စုံဟာ ပထမ ထင်းရှူးပင်လေးက ရတဲ့သစ်ကနေ ဆောက်ထားတဲ့ တင်းကုပ်လေးမှာ ညအိပ်နားဖို့ ရောက်လာကြတယ်။ မိန်းမဖြစ်သူက ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့ပေါ့။ အဲဒီညမှာပဲ အဲဒီအမျိုးသမီးဟာ သားတစ်ယောက် ဖွားမြင်တယ်။ အဲဒီကလေးငယ်လေးကို စားခွက်လေးထဲက မြက်ခြောက်လေးတွေပေါ် သိပ်လိုက်တယ်။

အဲဒီအခိုက်အတန့်မှာပဲ ပထမ ထင်းရှူးပင်လေးဟာ သဘောပေါက်သွားတယ်။ သူ့ရဲ့ စိတ်ကူးအိပ်မက်တွေဟာ တကယ်ဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးသော အောင်နိုင်သူ လူသားရဲ့ အထောက်အပံ အဖြစ်ကို သူရလိုက်ပြီလို့ပေါ့။

နောက် နှစ်အနည်းငယ်အကြာမှာ အိမ် ခပ်သေးသေးတစ်လုံးထဲမှာ လူအချို့ စားကြသောက်ကြတယ်။ ဒုတိယ ထင်းရှူးပင်ကနေ လုပ်ထားတဲ့ စားပွဲမှာပေါ့။ အဲဒီလူတွေထဲက တစ်ယောက်က မစားသောက်ကြခင်မှာ စားပွဲပေါ်မှာတင်ထားတဲ့ ပေါင်မုန့်နဲ့ ၀ိုင် အချို့ကို နမူနာထားပြီး စကားတစ်ချို့ပြောတယ်။

အဲဒီမှာ ဒုတိယထင်းရှူးပင်ဟာလည်း သဘောပေါက်သွားတယ်။ သူဟာ ပေါင်မုန့်နဲ့ ၀ိုင်တင်တဲ့ စားပွဲသက်သက်မဟုတ်တော့ပဲ ၊ ဘုရားသခင်နဲ့ လူသားကြား ဆက်သွယ်မှုရဲ့ အထောက်အပံ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။

နောက်တစ်နေ့မှာတော့ တတိယထင်းရှူးပင်လေးက ရတဲ့ ပျဉ်တွေနဲ့ လက်ဝါးကပ်တိုင်လုပ်လိုက်ကြတယ်။ နောက်နာရီအနည်းငယ်အကြာမှာတော့ ဒဏ်ရာတွေနဲ့ လူတစ်ယောက်ကို ခေါ်လာကြပြီး အဲဒီလက်ဝါးကပ်တိုင်မှာ သံတွေနဲ့ ရိုက်လိုက်ကြတယ်။ တတိယမြောက် ထင်းရှူးပင်လေးဟာ စိတ်ပျက်ဝမ်းနည်းစွာနဲ့ သူ့ရဲ့ အသုံးပြုခံနေရာအတွက် ကံကြမ္မာကို ကျိန်ဆိုမိတယ်။

ဒါပေမယ့် သုံးရက်တောင် မလွန်ခင်မှာပဲ သူလည်းသဘောပေါက်သွားတယ်။ သူ့လက်ဝါးကပ်တိုင်မှာ အချိတ်ခံရတဲ့ လူသားဟာ လောကရဲ့ အလင်းတန်ဆောင်ဖြစ်နေတာ။ သူ့ရဲ့ လက်ဝါးကပ်တိုင်ဟာ နှိပ်စက်ညှဉ်းပန်းရာ လက်နက်အဖြစ်ကနေပြီး လွတ်မြောက်ရာ၊ အောင်မြင်ရာ သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာ၊ စတာတွေအားလုံးကိုပေါ့။

ထင်ရှူးပင်လေးသုံးပင်ရဲ့ ကံကြမ္မာကတော့ အဲလိုအဆုံးသတ်သွားခဲ့တယ်။ စိတ်ကူးအိပ်မက်တွေနဲ့ပတ်သက်လာရင် အမြဲဖြစ်နေကြအတိုင်းပဲ- သူတို့ရဲ့ အိပ်မက်တွေဟာ အကောင်အထည်ပေါ်လာခဲ့ကြတယ်၊ ဒါပေမယ့် သူတို့မျှော်မှန်းထားခဲ့တဲ့ ပုံစံတွေနဲ့တော့ တခြားစီပေါ့….

 Paulo Coelho   ရဲ့ christmas story ကို ရုရှားဘာသာမှ ပြန်ဆိုပါတယ်။

notes; ဘာသာပြန်တွေ မရေးဖြစ်တာကြာပါပြီ။ ခရစ်စမတ်အကြောင်း ဖြစ်နေတာရော မူရင်းစာက အလွယ်တကူရှိနေတာကြောင့်ရော ပြန်ဖြစ်သွားတာပါ။ အမှတ်တရပေါ့။ အားလုံးအတွက် ခရစ်စမတ်လက်ဆောင်လို့ ပြောလည်း ရပါတယ်။ Paulo Coelho  ရဲ့စာအုပ်တွေကို  The Alchemist ကနေစပြီး ဖတ်ဖူးခဲ့တာပါ။ အဲဒီကနေစပြီး ကြိုက်ခဲ့တာလို့လည်း ပြောလို့ရပါတယ်။ ဒါလေးကိုတော့ ခရစ်စမတ် အမှတ်တရအနေနဲ့ တင်ဖြစ်တာပါ။ သူကတော့ ဘာသာရေးနဲ့ဆက်နွှယ်ပြီးရေးထားတာ ဖြစ်ပေမယ့် ပေးချင်တဲ့ မက်ဆေ့ခ်ျ လေးကို သဘောကျတာကြောင့် ဘာသာပြန်ဖြစ်သွားတာပါ။ The Alchemist မှာလည်းပဲ လူတွေရဲ့ မျှော်လင့်ချက် အိပ်မက်လေးတွေအကြောင်းပဲ ရေးထားတာပါ။ လူတွေအတွက် မျှော်လင့်ချက်ထက် အရေးကြီးတာရယ်လို့ရော ရှိမှမ၇ှိတာပဲလေ။ ကျွန်တော်တို့တွေရဲ့ အိပ်မက်တွေဟာ ဘယ်လိုပဲဖြစ်နေဖြစ်နေ တစ်နေ့မှာတော့ မုချဖြစ်လာမှာပဲမဟုတ်လား။ ကျွန်တော်တို့ မျှော်လင့်သလိုတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့ဗျာ။ 
ပျော်ရွှင်ဖွယ် ခရစ်စမတ်ပါ (ဝေလင်း)

Saturday, November 26, 2011

နတ်သမီးပုံပြင်

အိပ်ရာဝင်ပုံပြင်တွေနဲ့မရင်းနီးခဲ့ပေမယ့်

ပုံပြင်ထဲက နတ်သမီးနဲ့တော့ ရင်းနီးခွင့်ရခဲ့တယ်

နီးခြင်းဝေခြင်းကြား

မေတ္တာမှာ အလျားအနံလည်းရှိခဲ့တယ်။

သူ့ပုံပြင်ထဲမှာ ရွှေမင်းသားပါသလို၊ လူရမ်းကားလည်းပါတယ်

လေပြေညှင်းသလို၊ မုန်တိုင်းနံ့လည်းသင်းတယ်

နတ်သမီးပုံပြင်မဆုံးခင်အိပ်ပျော်သွားတတ်ပေမယ့်

ဘယ်တော့မှမစိုးရိမ်ခဲ့ဘူး

(ယုံကြည်တယ်)

ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့

နောက်ဆုံးမှာတော့ နတ်သမီးပုံပြင်ဟာ

`ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း´ နဲ့ဆုံးတယ်။

                                                                   ဝေလင်း

အစ်မအဖြူရောင်နတ်သမီးရဲ့မွေးနေ့အတွက် ရေးခဲ့တဲ့ကဗျာလေးပါ။။ အခုအမှတ်တရအဖြစ်တင်လိုက်ပါတယ်။

Monday, October 31, 2011

လက်ထပ်ထိမ်းမြားခြင်း


ပြီးခဲ့တဲ့ လ တစ်လလုံး မြန်မာနိုင်ငံမှာ ရှိနေခဲ့ပါတယ်။အိမ်ပြန်ရောက်တော့ သိတဲ့အတိုင်းပဲ စာအုပ်ပုံထဲ ခေါင်းထိုးတာပဲ။ ပြန်လာတော့လည်း သယ်လို့ရသမျှသယ်လာတဲ့ ထဲမှာ စားစရာသောက်စရာတွေက တ၀က်နဲ့ စာအုပ်က တ၀က်ပါ။ အမှန်တကယ်က စာအုပ်လေးတစ်အုပ်အကြောင်းပြောချင်လို့ပါ။ တစ်အုပ်လုံးအကြောင်းတောင် မဟုတ်ပါဘူးလေ။ ပြောချင်တာလေးတွေရွေးပြောမှာပါ။ စာအုပ်က ဆရာမြသန်းတင့် ဘာသာပြန်တဲ့ Andre Maurois ရဲ့ The Art of Living ပါ။ ဆရာက ဘ၀နေနည်း အနုပညာ လို့ နာမည်ပေးထားပါတယ်။ အဲဒီထဲမှာ ခေါင်းစဉ်ခွဲ ၉ ခု ပါပါတယ်။ တော်တော်ကောင်းတဲ့ စာအုပ်လေးပါ။ ( အဲဒါတွေက အတည်ပါ။ အခုအပျက်တွေစပါတော့မယ်။ J ) အဟဲ ပြောချင်တဲ့အကြောင်းကတော့ “လက်ထပ်ထိမ်းမြားခြင်း အနုပညာ” ဆိုတဲ့ ခေါင်းစဉ်ပါ။ စာအုပ်ထဲမှာ ဘာရေးထားတယ်ဆိုတာထက်ကို စာအုပ်ကိုဖတ်ပြီး တွေးမိတာလေးတွေ ပြောချင်လို့ပါ။ (စာအုပ်ထဲမှာ ပါတာတော့ စာအုပ်ပဲဝယ်ဖတ်ကြည့်တော့)
မြန်မာနိုင်ငံပြန်တုန်းက သူငယ်ချင်းမိန်းကလေးက (မိန်းကလေးသူငယ်ချင်းနဲ့ သူငယ်ချင်းမိန်းကလေး ဘာကွာလဲတော့ မသိဘူး။ သေချာတာက အဲဒီတစ်ယောက်က သူငယ်ချင်း ပြီးတော့ မိန်းကလေး) သူက ပြောတယ်။ ယောက်ျားမယူချင်ဘူးတဲ့ (သေချာတာကတော့ တရားရသွားတာမဟုတ်ပါဘူး) တွေးကြည့်ရင်ကြောက်တယ်။ ပျင်းစရာကြီးတဲ့။ အဲဒီတစ်ယောက်တည်းနဲ့ တစ်သက်လုံးနေသွားရမှာတဲ့။ ကိုယ်တစ်ယောက်တည်းဆိုလွတ်လွတ်လပ်လပ်ပဲတဲ့။ ဘယ်သူ့ကိုမှ ငဲ့စရာမလိုဘူးတဲ့။
အဲဒါတွေက သူပြောတာပါ။ သူပြောတာတွေရေးပြနေလို့ ကျွန်တော်ကပါအဲလိုတွေးနေပြီလို့မထင်ပါနဲ့။ ကျွန်တော်ကတော့ မိန်းမယူဖြစ်အောင်ယူမှာပါ။ (အသက်အရွယ်ကြောင့်လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်)
ဘာဖြစ်လို့လည်းဆိုတော့ မိသားစုဘ၀တစ်ခုကို တည်ထောင်ကြည့်ချင်လို့ပါ။ ကျွန်တော်က ကျွန်တော့်အဖေ ဘယ်သူလဲဆိုတာထက် ကျွန်တော့်သား ဘယ်သူဖြစ်မယ်ဆိုတာက ပိုပြီး ကျွန်တော်ဘယ်သူဆိုတာကို ပြဌာန်းတယ်လို့ ခံယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘတွေကို ကျွန်တော်တို့ ရွေးချယ်ခွင့်၊ ပြုပြင်ဖန်တီးခွင့်၊ ဖန်တီးနိုင်စွမ်းမှ မရှိတာ။ ကျွန်တော်တို့ တကယ်ဖန်တီး ပျိုးထောင်ယူရမှာက ကျွန်တော်တို့ရဲ့သားသမီးတွေပဲ ရှိပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ လူ့အဖွဲ့အစည်းတစ်ခု ကို သူဘယ်လောက်အောင်အောင်မြင်မြင် ထူထောင်နိုင်လဲဆိုတာနဲ့ ကျွန်တော်က တိုင်းထွာချင်ပါတယ်။ မိသားစုဘ၀တစ်ခုကိုတောင် ကောင်းကောင်းမတည်ထောင်နိုင်ရင် လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ယဉ်ရင် ဘယ်လိုမှ လုပ်နိုင်ကိုင်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါတွေဟာ အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ရဲ့ ရယ်ရွှင်ဖွယ်အတွေးတွေ ဖြစ်နိုင်သလို၊ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ထားတဲ့ လူတစ်ယောက်ရဲ့ ဆင်ခြေတွေလည်း ဖြစ်နိုင်ပါတယ်။
ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဝတ္ထုထဲမှာ ဆ၇ာမင်းသိင်္ခရေးထားတာလေးကို သဘောကျမိပါတယ်။ မိန်းမတွေဟာ သုညနဲ့တူတယ်တဲ့။ တချို့မိန်းမတွေကဆို သုည ၅ လုံးလောက်နဲ့ညီမျှတယ်ဆိုတယ်။ ယောက်ျားတစ်ယောက်ဟာ သုညနဲ့တူတဲ့မိန်းမကို လက်ထပ်လိုက်ခြင်းအားဖြင့် သူ့မှာ မူရင်းတန်ဖိုး ၁ ပဲရှိတယ်ဆိုင်ရင်တောင် ၁၀၊ ၁၀၀၊ ၁၀၀၀ စသဖြင့် တန်ဖိုးတက်သွားနိုင်ပါတယ်။ ကတ်သီးကပ်သတ်တွေးပြီး တချို့က ဆိုချင်ကြမယ်။ သုညတွေကို နောက်မှာ မထားပဲ ရှေ့မှာထားရင်ရောဆိုပြီးတော့ ဒါဆိုလည်း ပူစရာမရှိသေးပါဘူး။ အရင်းက အရင်းပဲမို့။ (ဒီနေရာမှာ သုညနဲ့ နှိုင်းယှဉ်ရခြင်းက မိန်းမတွေကို တန်ဖိုးမရှိဘူးလို့ ဆိုလိုတာမျိုးမဟုတ်ပဲ ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်က ဘယ်လိုတန်ဖိုးမြင့်ပေးနိုင်တယ်လို့ မြင်သာအောင် နှိုင်းယှဉ်ခြင်းဖြစ်တယ်လို့ မှတ်ယူစေချင်ပါတယ်။
ထားပါတော့။ စားအုပ်ထဲက ဟာလေးပြောချင်ပါတယ်။ Andre Maurois က ထိမ်းမြားခြင်းအနုပညာဆိုတဲ့ အခန်းမှာ လက်ထပ်ထိမ်းမြားခြင်းကို ဆန့်ကျင်တဲ့ လူတွေရဲ့ အမြင်တွေ၊ အဲဒီလူတွေပြောခဲ့တာတွေကို အရင်ပြောပါတယ်။
“လက်ထပ်ထိမ်းမြားတယ်ဆိုတာ ဘာလဲ။ ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်တို့ဟာ အသက်ငယ်ငယ်မှာ  သူတို့ရဲ့ စိတ်ကူးယဉ်ဘ၀ကို အဆုံးသတ်လိုက်တာဖြစ်တယ်။ တစ်နည်းအားဖြင့် နောက်ထပ်စွန်းစားမှုအသစ်တွေ၊ ရင်ခုန်စရာအသစ်တွေကိုလည်း စွန့်လွတ်လိုက်ကြတဲ့သဘောဖြစ်တယ်။ ချစ်သူချင်း ချိန်းတွေ့ပြီး ယစ်မူးရတဲ့ အရသာကလေးတွေကို စွန့်လွတ်လိုက်ရခြင်း ဖြစ်တယ်။ နောက်ထပ်ချစ်လို့ ခံစားရတဲ့ အံ့ဩစရာကောင်းတဲ့ သာယာကြည်နူးမှုလေးတွေကို စွန့်လွတ်လိုက်ရခြင်း ဖြစ်တယ်။ သူတို့ရဲ့အရေးကြီးတဲ့ အဓိကကျတဲ့ စွမ်းအင်တွေကို ဖြတ်တောက်လိုက်ရတာ ဖြစ်တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘာမှရင်ခုန်မှုတွေမရှိတော့တဲ့ ဘ၀ကြီးထဲကို တစ်သက်လုံးဆင်းသက်သွားခဲ့ရတာဖြစ်တယ်။ ဒီလိုနဲ့ ဘ၀ကိုစတင်ဖို့ ပြင်ဆင်တုန်းမှာပဲ ဘ၀ဆုံးသွားရတယ်။ ဒီလိုနဲ့ လင်ကိစ္စ၊ မယားကိစ္စထဲမှာ နစ်မြုပ်သွားပြီး ငြီးငွေ့စရာကောင်းတဲ့ ဘ၀ကြီးထဲမှာ နစ်မွန်းသွားရတော့တယ်။ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှုတွေကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှုတွေ့ဖို့ အလားအလာတွေ ပိတ်သွားရတော့တယ်။ အံ့ဩစရာတွေ ပျောက်ပျက်ကုန်ဆုံးသွားရတော့တယ်။ နည်းနည်းကြာလာတော့ အချစ်ဟာလည်း ပျောက်ဆုံးသွားပြီး အိမ်မှုကိစ္စအတွက် လုံးပန်းရ၊ သားသမီးပညာရေးအတွက် စိုးရိမ်ရ ဖြစ်လာတယ်။ ဒီလိုနဲ့ လူငယ်ရဲ့ဘ၀၊ လူငယ်ရဲ့ ပျော်ရွှင်စရာတွေကို မခံစားလိုက်ရဘဲ၊ မသိမသာနဲ့ အိုမင်းရင့်ရော်သွားခဲ့ရတယ်။ လက်ထပ်လိုက်ရင်ပျော်စရာကောင်းမှာပဲဆိုတဲ့ စိတ်ကူးယဉ်အချစ်ကြောင့် လက်ထပ်ခဲ့ပေမယ့် လက်ထပ်လိုက်တာနဲ့ လက်ထပ်ချင်အောင် လှုံ့ဆော်ပေးခဲ့တဲ့ စိတ်ကူးယဉ်အချစ်ဟာလည်း ပြိုလဲပျက်စီးသွားတော့တယ်။”
အပေါ်က စာပိုဒ်က စာအုပ်ထဲကပါ။ အဲဒီမှာပြောထားတဲ့ ထဲမှာ ကျွန်တော်က “အသက်ငယ်ငယ်” ဆိုတဲ့ စာလုံးကို မျဉ်းသားပြထားပါတယ်။ ဟုတ်ပါတယ်။ အသက်ငယ်ငယ်နဲ့ ယောက်ျား၊မိန်းမ ယူကုန်ကြရင်တော့ အဲဒီမှာရေးထားတဲ့ အတိုင်းပါပဲ။ စိတ်ပျက်စရာသိပ်ကောင်းပါတယ်။ ဒီတစ်ခေါက်ပြန်သွားတော့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့တယ်။ ကိုယ်က ကျောင်းတောင်မပြီးသေးလို့ ကျောင်းသားစိတ်တောင် မပျောက်သေးတဲ့ အချိန်မှာ တချို့ဆိုရင် သားကိုယ်စီ၊ သမီးကိုယ်စီနဲ့ ဖြစ်နေကြပြီ။ သူတို့ဘ၀နဲ့သူတို့ ပျော်ချင်လည်း ပျော်ကောင်းပျော်လိမ့်မယ်။( သိပ်တော့မထင်ပါဘူး)။ ဒါပေမယ့် အားကျစရာမဟုတ်တာတော့ အသေအချာပဲ။ ထားပါတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်မပြုသင့်ဘူးဆိုတော့ ဘယ်အချိန်မှာ ပြုသင့်ပြီလဲ? အဲဒါကတော့ မပြောတတ်တော့ဘူး။ အသက်ငယ်ငယ်ဆိုတာက ဘယ်အရွယ်အထိကိုပြောတာလဲ? ဥပဒေအရတော့ ၁၈ နှစ်ဆို အိမ်ထောင်ပြုခွင့်ပေးပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုဖို့ကိုတော့ အသက်နဲ့တိုင်းတာလို့ကောရပါ့မလား? ကျွန်တော့်အစ်ကိုကြီးတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှတ်တမ်းတင် ဗွီဒီယိုကြည့်မိတယ်။ အခမ်းအနားတွေကြည့်ပြီး နည်းနည်းတောင် စိတ်ပျက်တယ်။ ကုန်သွားမယ့်ငွေတွေကို တွေးပြီး စိတ်တောင်ညစ်တယ်။ လာတဲ့ဧည့်သည်တွေထဲမှာ သတို့သားသတို့သမီးနဲ့သိတာက တစ်ဝက်လောက်ပဲပါတယ်။ အဲဒီတစ်ဝက်ထည်းမှာမှ ရင်းနှီးတာက တစ်ဝက်လောက်။ စဉ်းစားတာကြည့်ပေတော့။ ရုရှားတွေ အခုနောက်ပိုင်းမင်္ဂလာဆောင်တဲ့ ပုံစံကိုသဘောကျပါတယ်။ နှစ်ဖက်မိဘပါမယ်။ ညီအစ်ကိုမောင်နှမ အရင်းတွေပါမယ်။ နောက်အရင်းနီးဆုံးဆိုတဲ့ သူငယ်ချင်းတွေပါမယ်။ (အဖေ့မိတ်ဆွေ၊ အမေ့မိတ်ဆွေတွေ မပါပါဘူး) ပြောရရင်တော့ ဒါအကုန်ပဲ။ ခန်းမရယ်လို့လည်းမငှားဘူး။ မနက်ပိုင်း ဒါမှမဟုတ် ညနေပိုင်း အဲဒီလူစုက ကားနဲ့ မြို့ထဲက နေရာစုံ လှပတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်၊ လျှောက်လည်၊ ပြီးရင် စားသောက်ဆိုင်တစ်ခုခုမှာ( ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ဆိုင်) ကျွေးမွေးပြီး ပြီးသွားတာပါပဲ။ ကျွန်တော်ကတော့ အဲဒီပုံစံကို သဘောကျပါတယ်။ ခမ်းခမ်းနားနားဆိုတာကို ဘယ်လိုမှ ခံစားကြည့်လို့မရသေးပါဘူး။ လိုလည်းမလိုအပ်ဘူးလို့ထင်ပါတယ်။ ( ဒါကိုကြားရင်တော့ မရှိသေးတဲ့ သတို့သမီးလောင်းက စိတ်ပျက်မှာအမှန်ပါပဲ)
အခမ်းအနားက အခမ်းအနားပေမယ့် လက်ထပ်ခြင်းဆိုတဲ့ မူရင်းအဓိပ္ပာယ်ကိုတော့ မပျက်စေချင်ပါဘူး။
လက်ထပ်ခြင်းက လူနှစ်ယောက်လက်တွဲပြီး လူ့အဖွဲ့အစည်းတစ်ခုကို(အသေးလေးပေမယ့်) တည်ထောင်ကြည့်ခြင်းပါ
Notes: ဒီပို့စ်အပြီးမှာ စိတ်ဝင်စားသူ အမျိုးကောင်းသမီးများ ဖုန်းဆက်လို့ရပါတယ်။ ဖုန်းနံပါတ်ကတော့   +7931299**** ပါ နောက်ကလေးလုံးကိုတော့ ဖူးစာရှင်မှန်ရင်မှန်းနိုင်ပါလိမ့်မယ်)))))))))

ထပ်ပြောချင်တာလေးရှိပါတယ်။ မတော်တဆ ကံဆိုးကံကောင်း တစ်ယောက်ယောက်ကများဒီပို့စ်ကို ဖတ်မိခဲ့ပြီး လက်ထပ်ထိမ်းများခြင်း အကြောင်းလေး ရေးပေးကြရင် သိပ်ကောင်းမှာပဲဗျာ.. တဂ်တာတော့မဟုတ်ပါဘူး... ဘလော့ဂ်ဂါမောင်နှမတွေ ဆန္ဒရှိမယ်ဆိုရင်ပေါ့။

Monday, September 19, 2011

ငိုချင်း သို့ ငိုခြင်း

ဥပေက္ခာမှောင်မှောင်မှာ
ကြောင်အနက်တစ်ကောင်မြင်လိုက်တယ်
မျှော်လင့်ချက်ကြီးရင်မှာပိုက်ပြီး သေဆုံးနေတဲ့လူတွေစာရင်းထဲမှာ ကိုယ်က မိန့်မိန့်ကြီး
ငါ့ရေတွင်းထဲက ဖားက ရှေ့ကို တစ်တောင် ခုန်တိုင်း နောက်ကို နှစ်တောင် ပြန်ကျတယ်
နင့်ဆီရောက်ဖို့ ဘယ်လောက်ခုန်ရမလဲ...?
တစ်နေ့တစ်လံနဲ့ ပုဂံက ဘယ်မှမရွေ့ဘူး 
အဲလိုပဲ ကိုယ်ကလည်း ဘယ်မှမရွေ့ဘူး
လူတစ်ယောက်ကိုချစ်ရင် အဲဒီလူစိတ်ချမ်းသာစေချင်တယ်တဲ့
ကိုယ်က မင်းကိုလည်းချစ်တယ်၊ ကိုယ့်ကိုယ်ကိုလည်းချစ်တယ်
ဒါကြောင့် 
ကိုယ်တို့နှစ်ယောက်လုံးစိတ်မချမ်းသာနိုင်ဘူး
အချစ်ဆိုတဲ့ စကားလုံးကိုတွေ့တိုင်း သုံးကြိမ်ပြုံးတယ်
ဘာဖြစ်လို့လဲဆိုတော့
အချစ်နဲ့တွေ့တိုင်းငိုခဲ့ရလို့
လူတွေက အချစ်နဲ့တွေ့လာရင် ပြောင်းလဲသွားတယ်
ငါနဲ့အချစ်နဲ့တွေ့တော့
အချစ်က( နာကျင်မှုအဖြစ်)ပြောင်းလဲသွားတယ်
သိပ်လှတာပဲနော်တဲ့ တိမ်တွေကြည့်တုန်းက မင်းပြောဖူးတယ်
အခု အဲဒီတိမ်တွေ မိုးရွာသွားပြီ
ဖားတွေကလည်းအော်လို့၊
ပုဂံကလည်း ရပ်လို့
ကြောင်နက်ကလည်း နံရံထောင့်မှာခွေလို့
ပြီးတော့......
ဥပေက္ခာတွေကလည်းမှောင်လို့။

Saturday, June 25, 2011

တမ်းတခြင်း

တောင်ပံတွေကျိုးတုန်းက

ဆားငန်ရေတွေသောက်ဖူးတယ်..

မိုးကိုမျှော်ကြည့်တော့ဝေးတုန်းပဲ

မျက်ဝန်းတစ်စုံရယ်၊ အပြုံးတစ်ခုရယ် လိုချင်တယ်

တကယ်တော့ 

အပင်နဲ့ ဘယ်လောက်ဝေးဝေး ပန်းကတော့ မွှေးမှာပဲ

ငါကသာ မနေတတ် မထိုင်တတ်နဲ့ အကြည့်တွေငတ်ခဲ့တာ

Good Bye!!!! မိန်းကလေးရေ

 ကြင်နာတတ်တဲ့ နင့်နှလုံးသားပေါ် ကြယ်တွေကြွေပါစေ

ငါကတော့ ကြယ်တွေမြင်တိုင်း နှလုံးသားချင်းနီးခဲ့တဲ့ နေ့တွေကို သတိရနေဦးမယ်...


PS  နည်းနည်းတော့ ရည်းစားစာဆန်နေလားမသိဘူး.... :((((((
                                                                                        ဝေလင်း







Wednesday, April 13, 2011

ရင်ထဲကသင်္ကြန်

               
သင်္ကြန်ရေ...

အပြင်မှာ အရည်ပျော်လက်စ နှင်းထုကြီးရှိတယ်

+1 လို့ပြနေတဲ့ သာမိုမီတာလေးလည်းရှိတယ်

အရွက်တစ်ရွက်မှမရှိတဲ့ သစ်ပင်တွေရှိတယ်

အနွေးထည်ကိုယ်စီနဲ့ လမ်းသလားနေတဲ့သူတွေ ရှိတယ်

ဒါပေမယ့် ကြဲကြဲတောက်နေတဲ့ နေမရှိဘူး

အရွက်စိမ်းစိမ်း အပွင့်ဝါ၀ါနဲ့ ပိတောက်ပင်တွေမရှိဘူး

စတုဒီသာမရှိဘူး

တူးပို့ တူးပို့ မရှိဘူး

ပြီးတော့ ယိမ်းသမလေးတွေ မရှိဘူး

ရေပက်တဲ့ မဏ္ဍပ်မရှိသလို ရေပက်ခံထွက်တဲ့ လူတွေလည်း မရှိဘူး

မုန့်လုံးရေပေါ်မရှိသလို ရေပြွတ်တွေနဲ့ ရေလိုက်ပက်နေတဲ့ ကလေးတွေလည်း မရှိဘူး

ဒါပေမယ့်.........

ဒါပေမယ့်

ငါ့ရင်ထဲမှာ နင်ရှိနေတယ်ဆိုရင် ယုံမလားသင်္ကြန်..?

ငါ့ရင်ထဲမှာ ပိတောက်ရှိတယ်၊ တူးပို့တူးပို့ ရှိတယ်

ပြီးတော့ နင့်ကိုလွမ်းတဲ့ အလွမ်းတွေနဲ့ ရွှဲရွှဲစိုနေတဲ့ 

နှလုံးသားလည်းရှိတယ်

ဒါဟာ သင်္ကြန်ပဲပေါ့ကွယ်

ငါချစ်ရတဲ့ သင်္ကြန်ပေါ့...
          
                
                       

notes; အစ်မချစ်ကြည်နဲ့ အစ်မအဖြူရောင်ရေ....။ ကသုတ်ကယက်ထပြီး ပုဆိုးစုတ်လေးနဲ့ ဖုန်ခါလိုက်ပါပြီ။
ပြီးတော့ ဘလော့အ၀င် တံခါးဝမှာ ရေပုံးကို ကြိုးနဲ့ ချိတ်ထားခဲ့ တာမို့ ခုချိန်လောက်ဆို ကဗျာ ဖတ်ပြီးတဲ့ သူတိုင်း ရေရွှဲနေလောက်ပြီ.. ဟီးးးးး