Monday, October 31, 2011

လက်ထပ်ထိမ်းမြားခြင်း


ပြီးခဲ့တဲ့ လ တစ်လလုံး မြန်မာနိုင်ငံမှာ ရှိနေခဲ့ပါတယ်။အိမ်ပြန်ရောက်တော့ သိတဲ့အတိုင်းပဲ စာအုပ်ပုံထဲ ခေါင်းထိုးတာပဲ။ ပြန်လာတော့လည်း သယ်လို့ရသမျှသယ်လာတဲ့ ထဲမှာ စားစရာသောက်စရာတွေက တ၀က်နဲ့ စာအုပ်က တ၀က်ပါ။ အမှန်တကယ်က စာအုပ်လေးတစ်အုပ်အကြောင်းပြောချင်လို့ပါ။ တစ်အုပ်လုံးအကြောင်းတောင် မဟုတ်ပါဘူးလေ။ ပြောချင်တာလေးတွေရွေးပြောမှာပါ။ စာအုပ်က ဆရာမြသန်းတင့် ဘာသာပြန်တဲ့ Andre Maurois ရဲ့ The Art of Living ပါ။ ဆရာက ဘ၀နေနည်း အနုပညာ လို့ နာမည်ပေးထားပါတယ်။ အဲဒီထဲမှာ ခေါင်းစဉ်ခွဲ ၉ ခု ပါပါတယ်။ တော်တော်ကောင်းတဲ့ စာအုပ်လေးပါ။ ( အဲဒါတွေက အတည်ပါ။ အခုအပျက်တွေစပါတော့မယ်။ J ) အဟဲ ပြောချင်တဲ့အကြောင်းကတော့ “လက်ထပ်ထိမ်းမြားခြင်း အနုပညာ” ဆိုတဲ့ ခေါင်းစဉ်ပါ။ စာအုပ်ထဲမှာ ဘာရေးထားတယ်ဆိုတာထက်ကို စာအုပ်ကိုဖတ်ပြီး တွေးမိတာလေးတွေ ပြောချင်လို့ပါ။ (စာအုပ်ထဲမှာ ပါတာတော့ စာအုပ်ပဲဝယ်ဖတ်ကြည့်တော့)
မြန်မာနိုင်ငံပြန်တုန်းက သူငယ်ချင်းမိန်းကလေးက (မိန်းကလေးသူငယ်ချင်းနဲ့ သူငယ်ချင်းမိန်းကလေး ဘာကွာလဲတော့ မသိဘူး။ သေချာတာက အဲဒီတစ်ယောက်က သူငယ်ချင်း ပြီးတော့ မိန်းကလေး) သူက ပြောတယ်။ ယောက်ျားမယူချင်ဘူးတဲ့ (သေချာတာကတော့ တရားရသွားတာမဟုတ်ပါဘူး) တွေးကြည့်ရင်ကြောက်တယ်။ ပျင်းစရာကြီးတဲ့။ အဲဒီတစ်ယောက်တည်းနဲ့ တစ်သက်လုံးနေသွားရမှာတဲ့။ ကိုယ်တစ်ယောက်တည်းဆိုလွတ်လွတ်လပ်လပ်ပဲတဲ့။ ဘယ်သူ့ကိုမှ ငဲ့စရာမလိုဘူးတဲ့။
အဲဒါတွေက သူပြောတာပါ။ သူပြောတာတွေရေးပြနေလို့ ကျွန်တော်ကပါအဲလိုတွေးနေပြီလို့မထင်ပါနဲ့။ ကျွန်တော်ကတော့ မိန်းမယူဖြစ်အောင်ယူမှာပါ။ (အသက်အရွယ်ကြောင့်လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်)
ဘာဖြစ်လို့လည်းဆိုတော့ မိသားစုဘ၀တစ်ခုကို တည်ထောင်ကြည့်ချင်လို့ပါ။ ကျွန်တော်က ကျွန်တော့်အဖေ ဘယ်သူလဲဆိုတာထက် ကျွန်တော့်သား ဘယ်သူဖြစ်မယ်ဆိုတာက ပိုပြီး ကျွန်တော်ဘယ်သူဆိုတာကို ပြဌာန်းတယ်လို့ ခံယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘတွေကို ကျွန်တော်တို့ ရွေးချယ်ခွင့်၊ ပြုပြင်ဖန်တီးခွင့်၊ ဖန်တီးနိုင်စွမ်းမှ မရှိတာ။ ကျွန်တော်တို့ တကယ်ဖန်တီး ပျိုးထောင်ယူရမှာက ကျွန်တော်တို့ရဲ့သားသမီးတွေပဲ ရှိပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ လူ့အဖွဲ့အစည်းတစ်ခု ကို သူဘယ်လောက်အောင်အောင်မြင်မြင် ထူထောင်နိုင်လဲဆိုတာနဲ့ ကျွန်တော်က တိုင်းထွာချင်ပါတယ်။ မိသားစုဘ၀တစ်ခုကိုတောင် ကောင်းကောင်းမတည်ထောင်နိုင်ရင် လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ယဉ်ရင် ဘယ်လိုမှ လုပ်နိုင်ကိုင်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါတွေဟာ အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ရဲ့ ရယ်ရွှင်ဖွယ်အတွေးတွေ ဖြစ်နိုင်သလို၊ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ထားတဲ့ လူတစ်ယောက်ရဲ့ ဆင်ခြေတွေလည်း ဖြစ်နိုင်ပါတယ်။
ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဝတ္ထုထဲမှာ ဆ၇ာမင်းသိင်္ခရေးထားတာလေးကို သဘောကျမိပါတယ်။ မိန်းမတွေဟာ သုညနဲ့တူတယ်တဲ့။ တချို့မိန်းမတွေကဆို သုည ၅ လုံးလောက်နဲ့ညီမျှတယ်ဆိုတယ်။ ယောက်ျားတစ်ယောက်ဟာ သုညနဲ့တူတဲ့မိန်းမကို လက်ထပ်လိုက်ခြင်းအားဖြင့် သူ့မှာ မူရင်းတန်ဖိုး ၁ ပဲရှိတယ်ဆိုင်ရင်တောင် ၁၀၊ ၁၀၀၊ ၁၀၀၀ စသဖြင့် တန်ဖိုးတက်သွားနိုင်ပါတယ်။ ကတ်သီးကပ်သတ်တွေးပြီး တချို့က ဆိုချင်ကြမယ်။ သုညတွေကို နောက်မှာ မထားပဲ ရှေ့မှာထားရင်ရောဆိုပြီးတော့ ဒါဆိုလည်း ပူစရာမရှိသေးပါဘူး။ အရင်းက အရင်းပဲမို့။ (ဒီနေရာမှာ သုညနဲ့ နှိုင်းယှဉ်ရခြင်းက မိန်းမတွေကို တန်ဖိုးမရှိဘူးလို့ ဆိုလိုတာမျိုးမဟုတ်ပဲ ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်က ဘယ်လိုတန်ဖိုးမြင့်ပေးနိုင်တယ်လို့ မြင်သာအောင် နှိုင်းယှဉ်ခြင်းဖြစ်တယ်လို့ မှတ်ယူစေချင်ပါတယ်။
ထားပါတော့။ စားအုပ်ထဲက ဟာလေးပြောချင်ပါတယ်။ Andre Maurois က ထိမ်းမြားခြင်းအနုပညာဆိုတဲ့ အခန်းမှာ လက်ထပ်ထိမ်းမြားခြင်းကို ဆန့်ကျင်တဲ့ လူတွေရဲ့ အမြင်တွေ၊ အဲဒီလူတွေပြောခဲ့တာတွေကို အရင်ပြောပါတယ်။
“လက်ထပ်ထိမ်းမြားတယ်ဆိုတာ ဘာလဲ။ ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်တို့ဟာ အသက်ငယ်ငယ်မှာ  သူတို့ရဲ့ စိတ်ကူးယဉ်ဘ၀ကို အဆုံးသတ်လိုက်တာဖြစ်တယ်။ တစ်နည်းအားဖြင့် နောက်ထပ်စွန်းစားမှုအသစ်တွေ၊ ရင်ခုန်စရာအသစ်တွေကိုလည်း စွန့်လွတ်လိုက်ကြတဲ့သဘောဖြစ်တယ်။ ချစ်သူချင်း ချိန်းတွေ့ပြီး ယစ်မူးရတဲ့ အရသာကလေးတွေကို စွန့်လွတ်လိုက်ရခြင်း ဖြစ်တယ်။ နောက်ထပ်ချစ်လို့ ခံစားရတဲ့ အံ့ဩစရာကောင်းတဲ့ သာယာကြည်နူးမှုလေးတွေကို စွန့်လွတ်လိုက်ရခြင်း ဖြစ်တယ်။ သူတို့ရဲ့အရေးကြီးတဲ့ အဓိကကျတဲ့ စွမ်းအင်တွေကို ဖြတ်တောက်လိုက်ရတာ ဖြစ်တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘာမှရင်ခုန်မှုတွေမရှိတော့တဲ့ ဘ၀ကြီးထဲကို တစ်သက်လုံးဆင်းသက်သွားခဲ့ရတာဖြစ်တယ်။ ဒီလိုနဲ့ ဘ၀ကိုစတင်ဖို့ ပြင်ဆင်တုန်းမှာပဲ ဘ၀ဆုံးသွားရတယ်။ ဒီလိုနဲ့ လင်ကိစ္စ၊ မယားကိစ္စထဲမှာ နစ်မြုပ်သွားပြီး ငြီးငွေ့စရာကောင်းတဲ့ ဘ၀ကြီးထဲမှာ နစ်မွန်းသွားရတော့တယ်။ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှုတွေကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှုတွေ့ဖို့ အလားအလာတွေ ပိတ်သွားရတော့တယ်။ အံ့ဩစရာတွေ ပျောက်ပျက်ကုန်ဆုံးသွားရတော့တယ်။ နည်းနည်းကြာလာတော့ အချစ်ဟာလည်း ပျောက်ဆုံးသွားပြီး အိမ်မှုကိစ္စအတွက် လုံးပန်းရ၊ သားသမီးပညာရေးအတွက် စိုးရိမ်ရ ဖြစ်လာတယ်။ ဒီလိုနဲ့ လူငယ်ရဲ့ဘ၀၊ လူငယ်ရဲ့ ပျော်ရွှင်စရာတွေကို မခံစားလိုက်ရဘဲ၊ မသိမသာနဲ့ အိုမင်းရင့်ရော်သွားခဲ့ရတယ်။ လက်ထပ်လိုက်ရင်ပျော်စရာကောင်းမှာပဲဆိုတဲ့ စိတ်ကူးယဉ်အချစ်ကြောင့် လက်ထပ်ခဲ့ပေမယ့် လက်ထပ်လိုက်တာနဲ့ လက်ထပ်ချင်အောင် လှုံ့ဆော်ပေးခဲ့တဲ့ စိတ်ကူးယဉ်အချစ်ဟာလည်း ပြိုလဲပျက်စီးသွားတော့တယ်။”
အပေါ်က စာပိုဒ်က စာအုပ်ထဲကပါ။ အဲဒီမှာပြောထားတဲ့ ထဲမှာ ကျွန်တော်က “အသက်ငယ်ငယ်” ဆိုတဲ့ စာလုံးကို မျဉ်းသားပြထားပါတယ်။ ဟုတ်ပါတယ်။ အသက်ငယ်ငယ်နဲ့ ယောက်ျား၊မိန်းမ ယူကုန်ကြရင်တော့ အဲဒီမှာရေးထားတဲ့ အတိုင်းပါပဲ။ စိတ်ပျက်စရာသိပ်ကောင်းပါတယ်။ ဒီတစ်ခေါက်ပြန်သွားတော့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့တယ်။ ကိုယ်က ကျောင်းတောင်မပြီးသေးလို့ ကျောင်းသားစိတ်တောင် မပျောက်သေးတဲ့ အချိန်မှာ တချို့ဆိုရင် သားကိုယ်စီ၊ သမီးကိုယ်စီနဲ့ ဖြစ်နေကြပြီ။ သူတို့ဘ၀နဲ့သူတို့ ပျော်ချင်လည်း ပျော်ကောင်းပျော်လိမ့်မယ်။( သိပ်တော့မထင်ပါဘူး)။ ဒါပေမယ့် အားကျစရာမဟုတ်တာတော့ အသေအချာပဲ။ ထားပါတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်မပြုသင့်ဘူးဆိုတော့ ဘယ်အချိန်မှာ ပြုသင့်ပြီလဲ? အဲဒါကတော့ မပြောတတ်တော့ဘူး။ အသက်ငယ်ငယ်ဆိုတာက ဘယ်အရွယ်အထိကိုပြောတာလဲ? ဥပဒေအရတော့ ၁၈ နှစ်ဆို အိမ်ထောင်ပြုခွင့်ပေးပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုဖို့ကိုတော့ အသက်နဲ့တိုင်းတာလို့ကောရပါ့မလား? ကျွန်တော့်အစ်ကိုကြီးတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှတ်တမ်းတင် ဗွီဒီယိုကြည့်မိတယ်။ အခမ်းအနားတွေကြည့်ပြီး နည်းနည်းတောင် စိတ်ပျက်တယ်။ ကုန်သွားမယ့်ငွေတွေကို တွေးပြီး စိတ်တောင်ညစ်တယ်။ လာတဲ့ဧည့်သည်တွေထဲမှာ သတို့သားသတို့သမီးနဲ့သိတာက တစ်ဝက်လောက်ပဲပါတယ်။ အဲဒီတစ်ဝက်ထည်းမှာမှ ရင်းနှီးတာက တစ်ဝက်လောက်။ စဉ်းစားတာကြည့်ပေတော့။ ရုရှားတွေ အခုနောက်ပိုင်းမင်္ဂလာဆောင်တဲ့ ပုံစံကိုသဘောကျပါတယ်။ နှစ်ဖက်မိဘပါမယ်။ ညီအစ်ကိုမောင်နှမ အရင်းတွေပါမယ်။ နောက်အရင်းနီးဆုံးဆိုတဲ့ သူငယ်ချင်းတွေပါမယ်။ (အဖေ့မိတ်ဆွေ၊ အမေ့မိတ်ဆွေတွေ မပါပါဘူး) ပြောရရင်တော့ ဒါအကုန်ပဲ။ ခန်းမရယ်လို့လည်းမငှားဘူး။ မနက်ပိုင်း ဒါမှမဟုတ် ညနေပိုင်း အဲဒီလူစုက ကားနဲ့ မြို့ထဲက နေရာစုံ လှပတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်၊ လျှောက်လည်၊ ပြီးရင် စားသောက်ဆိုင်တစ်ခုခုမှာ( ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ဆိုင်) ကျွေးမွေးပြီး ပြီးသွားတာပါပဲ။ ကျွန်တော်ကတော့ အဲဒီပုံစံကို သဘောကျပါတယ်။ ခမ်းခမ်းနားနားဆိုတာကို ဘယ်လိုမှ ခံစားကြည့်လို့မရသေးပါဘူး။ လိုလည်းမလိုအပ်ဘူးလို့ထင်ပါတယ်။ ( ဒါကိုကြားရင်တော့ မရှိသေးတဲ့ သတို့သမီးလောင်းက စိတ်ပျက်မှာအမှန်ပါပဲ)
အခမ်းအနားက အခမ်းအနားပေမယ့် လက်ထပ်ခြင်းဆိုတဲ့ မူရင်းအဓိပ္ပာယ်ကိုတော့ မပျက်စေချင်ပါဘူး။
လက်ထပ်ခြင်းက လူနှစ်ယောက်လက်တွဲပြီး လူ့အဖွဲ့အစည်းတစ်ခုကို(အသေးလေးပေမယ့်) တည်ထောင်ကြည့်ခြင်းပါ
Notes: ဒီပို့စ်အပြီးမှာ စိတ်ဝင်စားသူ အမျိုးကောင်းသမီးများ ဖုန်းဆက်လို့ရပါတယ်။ ဖုန်းနံပါတ်ကတော့   +7931299**** ပါ နောက်ကလေးလုံးကိုတော့ ဖူးစာရှင်မှန်ရင်မှန်းနိုင်ပါလိမ့်မယ်)))))))))

ထပ်ပြောချင်တာလေးရှိပါတယ်။ မတော်တဆ ကံဆိုးကံကောင်း တစ်ယောက်ယောက်ကများဒီပို့စ်ကို ဖတ်မိခဲ့ပြီး လက်ထပ်ထိမ်းများခြင်း အကြောင်းလေး ရေးပေးကြရင် သိပ်ကောင်းမှာပဲဗျာ.. တဂ်တာတော့မဟုတ်ပါဘူး... ဘလော့ဂ်ဂါမောင်နှမတွေ ဆန္ဒရှိမယ်ဆိုရင်ပေါ့။

3 comments:

လွင်ပြင်လှိုင်းငယ် said...

ဖတ်သွားပါ၏

jasmine(တောင်ကြီး) said...

ကိုဝေလင်းရေ
ဒီမှာလဲတွေ့ရတယ်မြန်မာစစ်စစ်တွေပါပဲ
ယောက်ကျာင်္းမယူချင်ဘူးတဲ့လေ
ရေးမပြတော့ပါဘူးကိုဝေလင်းပြောတဲ့အတိုင်းပဲ
ကိုယ်ကယူတာတောင်ကိုယ့်ကိုပါအပြစ်မြင်နေလေရဲ့
ကောင်းကျသေးရဲ့လားရှင်
ကိုသေလင်းလဲမြန်မြန်ရှာတော့ယောက်ကျာင်္းလေးက
တော့ဘယ်အချိန်ယူယူရပါတယ်နော်..
ဒဏ်ရာတွေနဲ့လူပါ...ကိုဝေလင်းရေးထားတာလေ
လူတိုင်းတော့ဒဏ်ရာတွေနဲ့ပါပဲအဲတာတွေကိုသတိရ
နေမယ့်အစားမေ့ပြီးဘ၀ကိုကောင်းတဲ့လမ်းလေး
ရွေးတာလူတိုင်းအတွက်အကောင်းဆုံးပါပဲကိုဝေလင်းရေ
လူပျိုကြီးတွေမြန်မြန်စွံပါစေနော်။

mosquito said...

ကိုဝေလင်းရေ မမခြင် အတွက် မွေးနေ့ ဆုတောင်းလေးတွေ့လိုက်လို့သတိရပြီး လာလည်တာပါ.. ကျေးဇူးတင်ပါတယ်နော်... ပိုစ်လေးလဲ ဖတ်သွားပါတယ်...ပျော်ရွှင်ပါစေ