Sunday, January 31, 2010

အဌမလူနဲ့.......

                      
ကိုယ်ကျင့်တရားကို ဘုရားလိုကိုးကွယ်တဲ့ကောင်
အလွမ်းတောင်လူလူသူသူ ဖြစ်ခွင့်မရ
မ,မရ ၊ တင်မရတဲ့စိတ်ကို
အဆုံးစွန်ထိချထားလိုက်တယ်
ငါ့မှာအိပ်ရေးတွေတောင်ဝလို့
တစ်ခါတစ်လေတော့လည်း
အချစ်ဆိုတာ
လူချမ်းသာတွေအတွက်
အယားဖြေနည်းတစ်ခုဖြစ်ပြီး
လူဆင်းရဲတွေအတွက်
မျက်ရည်ဖြစ်တယ်လို့
တွေးမိတတ်တယ်...
မုန့်ဘန်းကိုလှမ်းကြည့်တဲ့
မုန့်ဖိုးမဲ့ကလေးငယ်ရဲ့ မျက်လုံးမျိုး
နင်နဲ့တိုးတိုင်းဖြစ်သွားတတ်တာ
ငါ့အားနည်းချက်ပဲထင်ပါရဲ့
ငဲ့ကွက်စရာများလွန်းတဲ့အခြေအနေမှာ
ငတေကလည်း  မာချင်လာတယ်။
တလှေလုံးပုတ်နေချိန်မှာ
ငခုံးမတစ်ကောင်က လာရှင်းပြလို့ကော
ယုံကြမှာတဲ့လား..
စကတည်းကမှားခဲ့တာပါ
သနားမယ့်မျက်လုံးတွေကို ပုန်းရှောင်ရင်း
ညည်းညူချိန်တောင်မရခဲ့
ငါဟာပစ္စည်းမဲ့သူပါကွယ်။
ငယ်ကတည်းက
ရွှေလင်ပန်းမပြောနဲ့
ဆီဆန်းဖို့တောင်မတောင်းဆိုခဲ့တာ
ငါ့အတွက်
ထမင်းကြမ်းခဲကလည်း အေးချမ်းဆဲပါ။
ဝဲတက်လာတဲ့မျက်ရည်တွေအတွက်
မျက်တောင်သုံးလေးချက်က
လုံလောက်ပါတယ်
မျက်ရည်နောက်က ခံစားချက်တွေအတွက်တော့
ကမ္မသကာပေါ့
အလင်းနဲ့အမှောင်
အဖိုနဲ့အမ
ဆန့်ကျင်ဘက်တွေတည်ရှိနေတဲ့လောကကြီးမှာ
ချစ်တတ်ပြီးမမုန်းတတ်တဲ့...ငါ
လူဖြစ်လာတာ
နည်းနည်းများမှားယွင်းနေသလား?
ငါစဉ်းစားမိတယ်။
ကိုယ့်ဇာတ်ညွှန်းကိုယ် ဆုတ်ဖြဲခဲ့ရတဲ့ကောင်
တစ်ခန်းရပ်ဇာတ်ကို 
တစ်ခန်းပြီးတစ်ခန်း..ကခဲ့
တစ်ရွာပြီးတစ်ရွာတွေ့ခဲ့ပေမယ့်
လမ်းကမဆုံး
ကိုယ့်ကိုယ်ကိုပဲ မုန်းမိတော့တယ်...။
တွယ်တာခဲ့ရတဲ့ အိပ်မက်တွေ
တစ်ခုချင်းကွဲကြေနေတာကြည့်ရင်း
ငါ့ကိုငါ စာရင်းဖျက်လိုက်တယ်
အဲလိုတော့လည်း
အားလုံးပျောက်ဆုံး
ငါ့အိပ်မက်တွေတောင်ကတုံးဖြစ်
နင့်ကိုချစ်ကြည့်ဖို့တောင် မတန်တော့ဘူးဟာ..
ဘုရားမရှိတရားမရှိ
အချစ်ပဲသိတဲ့ကောင်
နင့်လှောင်ပြုံးတွေကို
သံသရာ တစ်လျှောက်လုံးစာသိုမှီးဦးမတဲ့လေ..
နင်နဲ့ပတ်သက်လာရင်
မျက်ရည်ကိုတောင်
မှောင်ခိုကူးနေရတာ
(တဆိတ်တော့) ..ရင်နာစရာကောင်းပါတယ်။
ငါငယ်ငယ်ကကောင်းကင်
လက်ကလေးနဲ့မှီလုမှီခင်ရှိခဲ့တယ်
ကြီးလာတဲ့တစ်နေ့
ကောင်းကင်နဲ့ငါ့လက်တွေ့မှာပဲလို့
ရင်ခုန်ယစ်မူး
ကြည်နူးခဲ့ဖူးတယ်
ကံတရားနဲ့ နဖူးဒူးတွေ့
သက္ကရာဇ်တွေ ဆွေးမြေ့လာ
ငါ့ကောင်းကင်ဟာ မပြာတော့ဘူးကွယ်
ကံတရားဆိုတာ
(ငါ့အတွက်)
တရားတဲ့ ကံမှ မဟုတ်တာ
ငါဆတ်ဆတ်ခါနာကျည်းပစ်လိုက်တယ်...
တော်ပါတော့ကွယ်
မျက်ရည်ကိုပိတ်
အဌမလူ အိပ်တော့မယ်....။
               

Sunday, January 10, 2010

ကျွဲနှစ်ကောင်နဲ့ မြေစာပင်


စိမ်းလန်းတဲ့ ကုန်းမြေလေးတစ်ခုပေါ့။ မြေစာမြက်တို့ စိမ်းမြပေါက်ရောက်ရာလေ။
အဲဒီကုန်းမြေလေးကို ကျွဲနှစ်ကောင်ရောက်လာခဲ့တယ်။ မြေစာမြက်လေးတွေ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကုန်ကြတယ်။ “ဘယ်လိုလုပ်ကြမလဲ..? ” အဲဒီမေးခွန်းက မြေစာမြက်လေးတွေ ကြားမှာ ချက်ချင်းပဲ ပျံ့နှံ့သွားတယ်။ ဟုတ်တယ်လေ။ သူတို့အားလုံး ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ မြေစာပင်က ဓါးစာခံဖြစ်တာ ကြားဖူးနေတာကိုး။ သူတို့အလှည့်မှာတော့ အဲလိုအဖြစ်မျိုး အဖြစ်မခံနိုင်တာ အမှန်ပဲ။ သူတို့တွေ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ ကျွဲနှစ်ကောင်ကလည်း ရန်စောင်နေကြပြီ။ နှာတမှုတ်မှုတ်၊ ခွာတရှပ်ရှပ်နဲ့ပေါ့။ ဒါနဲ့ မြေစာပင်လေးတွေလည်း မဖြစ်ချေဘူးဆိုပြီး ၀ိုင်းတားကြတယ်။ နားချကြတယ်။ ခိုက်ရန်ဖြစ်ပွားတယ်ဆိုတာ မကောင်းဘူး။ သည်းခံခြင်းနဲ့ ခွင့်လွတ်ခြင်းကသာ ငြိမ်းချမ်းရေးဖြစ်တယ်။ စသဖြင့်ပေါ့လေ..။ ကြားဖူးနားဝတွေနဲ့ ၀ိုင်းနားချလိုက်ကြတာ ကျွဲနှစ်ကောင်လည်း သင့်မြတ်သွားတယ်။ မြေစာမြက်လေးတွေလည်း ၀မ်းသာလို့ပေါ့။ အဲဒီအချိန်မှာပဲ သတင်းတစ်ခုထပ်ဝင်လာတယ်။ သင့်မြတ်သွားတဲ့ ကျွဲနှစ်ကောင်က မြေစာမြက်တွေကို အတူတကွစားသောက်နေကြတယ်တဲ့…။ မြေစာမြက်လေးတွေ သက်ပြင်းခပ်ဖွဖွချ ငြီးငြူလိုက်ကြတယ်။
“ဩော်…ကျွဲနှစ်ကောင်ခတ်တော့လည်း မြေစာပင်၊ ကျွဲနှစ်ကောင် သင့်မြတ်တော့လည်း မြေစာပင်ပါပဲလား” လို့


Friday, January 8, 2010

လူ..ဖား..မြွေ


ညသန်းခေါင်ယံ…..
မြွေ - အစာရှာထွက်လာတယ်။
ဖား - အစာရှာထွက်လာတယ်။
လူ  - ဟင်းစားထွက်ရှာတယ်။

မြွေ - ဖားအော်သံကြားတယ်။
ဖား - မြွေတွန်သံကြားတယ်။
လူ  - မြွေတွန်သံနဲ့ ဖားအော်သံကြားတယ်။

မြွေ - ဖားဆိုတာ အစာပဲ။ လှမ်းဟပ်လိုက်တယ်။
ဖား - မြွေဆိုတာ အန္တရာယ်ပဲ။ ကောက်ရှောင်လိုက်တယ်။ ကံကောင်းလို့ မြွေပါးစပ်က                လွတ်သွားတယ်။
လူ  - မြွေဆိုတာ အန္တရာယ်ကောင်ပဲ။ ရိုက်သတ်လိုက်တယ်။ စောနက ဖားအော်သံ ကြားပါတယ်။ ဟင်းစားတော့ ရပြီ။ ရိုက်သတ်လိုက်တယ်။ နောက်ပြီး နှစ်ကောင်လုံးကို ပလိုင်းထဲကောက်ထည့် အိမ်ဘက်ကို ခြေဦးလှည့်ခဲ့တော့တယ်။

Wednesday, January 6, 2010

လူမစွမ်းနတ်မ


အင်း..ခင်ဗျားတို့ကတော့ ထင်မယ်။ ကျုပ်တို့ကို မစွမ်းဘူးလို့။ တကယ်တော့ ကျုပ်တို့က စွမ်းပါတယ်။ ခင်ဗျားတို့ လူတွေရဲ့
အလိုကို ဖြည့်ချင်ရင် အလွယ်လေး။ တကယ်တမ်းခက်နေတာက ခင်ဗျားတို့.....။ ခင်ဗျားတို့ လူတွေဘယ်လောက်ခက်လဲ
ဥပမာ ထုတ်ပြချင်တယ်။
တောင်ပိုင်းက သာဇံတို့လင်မယားကို သိတယ်မဟုတ်လား။ သူတို့နှစ်ယောက် ဟိုတလောက သားဆုလာပန်တယ်။
ယောက်ျားဖြစ်တဲ့သူက သားယောက်ျားလေးလိုချင်ပါတယ်တဲ့။ မိန်းမလုပ်သူကျ သမီးမိန်းကလေးလိုချင်တယ်တဲ့။
ကျုပ်တို့က ဘာလုပ်ပေးရမှာတုန်း။ ဆုတောင်းရင်လည်း ညှိညှိနှိုင်းနှိုင်းလေးတော့ လုပ်မှပေါ့။
နောက် အောင်ရွှေ၊ အောင်ငွေ ညီအစ်ကို။ ရွာထဲက ဖြူဝင်းဆိုတဲ့ကောင်မလေးကို နှစ်ယောက်လုံးက ကြိုက်ပြီး။ နေ့တိုင်းလိုလို
ဖြူဝင်းနဲ့ အဆင်ပြေရပါလို၏ လာလုပ်နေကြတယ်။ စဉ်းစားကြည့်လေဗျာ။ နှစ်ယောက်လုံးက ဆုတစ်ခုတည်းကို တောင်းတာ။
တစ်ယောက်တည်းကိုပဲ ကွက်ပြီး “ဖြစ်စေ”လုပ်လိုက်ပြန်ရင် နတ်မင်းကြီးတို့ မျက်နှာလိုက်တယ်ဖြစ်ဦးမယ်။ နှစ်ယောက်လုံး
တောင်းတဲ့ဆုနဲ့ ပြည့်စေဆိုလိုက်ပြန်ရင်လည်း နတ်မင်းကြီးတို့ လူမဆန်ဘူးဖြစ်ရဦးမယ်။
အဲဒါတွေထက်ဆိုးတာရှိသေး။ နတ်ကိုလူမိုက်ငှားတဲ့ကိစ္စ။ ခင်ဗျားတို့ဗျာ...။ ကျုပ်တို့နတ်တွေဆိုတာ လူ့ဘ၀က ကောင်းမှုကုသိုလ်လုပ်
စိတ်ကောင်းနှလုံးကောင်းခဲ့လို့ ခုဒီဘ၀၊ ဒီအခြေအနေရောက်လာရတာ။ ဒါကို ခင်ဗျားတို့လူတွေက အားမနာလျှာမကျိုး
“အရှင်နတ်မင်းကြီ....ဟိုဘက်အိမ်ကကောင်မက ကျွန်မကို မျက်စောင်းနဲ့ထိုးတယ်ဘုရာ့။ အဲဒီကောင်မကို နာနာလေးကိုင်ပေးတော်မူပါဘုရာ့”တဲ့
“အရှင်ဘုရား အောင်ဖေတစ်ယောက် အကြွေးမဆပ်ဘူးဘုရာ့၊ အကြွေးလေး ပြန်ရအောင် မစပါဦး”တဲ့ ခက်ပေဘူးလားဗျာ။
နောက်တစ်မျိုးက နတ်ကို လာဘ်ပေးလာဘ်ယူ လာလုပ်တဲ့အမျိုးတွေ။ ဘယ့်နှယ်ဗျာ ဒီနိုင်ငံမှာနေလို့ ဒီကလူတွေအကျင့်မျိုး ကျုပ်တို့နတ်တွေမှာပါ
ရှိမယ်ထင်နေလားမသိဘူး။ “သားလေးသာ ၅ဘာသာ ဂုဏ်ထူးပါပါစေဘုရာ့ အရှင်ဘုရားအတွက် နတ်ကွန်းအသစ်ဆောက်ပေးပါ့မယ်” ဆိုတာမျိုး။
သူကလည်းဆုတောင်းသေးတယ်။ သူကနတ်ကိုတောင် အိမ်ဆောက်ပေးလိုက်ချင်သေး။ နတ်နေဖို့လုပ်ပေးနိုင်လောက်အောင် စွမ်းနေမှတော့
ဆုတောင်းမနေနဲ့တော့ ကိုယ့်ဟာကိုယ်ပဲ ဖြစ်အောင်လုပ်လိုက်တော့။ ဘယ့်နှယ်ဗျာ ကျုပ်တို့နတ်တွေကိုများ သူတို့ ဆောက်ပေးမှနေစရာရှိတယ်များ
ထင်နေလား။
နောက်ရှိသေးတယ်။ “အရှင်ဘုရား အရှင်ဘုရားသားကြီး အိမ်ပြန်မအိပ်တာ သုံးရက်ရှိပြီဘုရာ့”တဲ့။ ခက်တယ်နော်...ခက်တယ်။ ကိုယ်စွမ်းကိုစလေးလည်း
ထုတ်ကြဦးလေဗျာ..။ ခင်ဗျားတို့တတွေက ပြောတော့ “လူမစွမ်းနတ်မ”တဲ့။ ကျုပ်ကတော့ ကြာရင် “နတ်မ,လို့လူမစွမ်း”ဖြစ်မှာ မြင်ယောင်သေးတော့တယ်။
ကျုပ်တို့နတ်တွေမှာလည်း သူ့နေရာလေးနဲ့သူ။ အခွင့်အရေးပေးချင်တိုင်း ပေးလို့ကောင်းတာမဟုတ်ဘူး။ အခွင့်အရေးတွေအပေးကောင်းရင် ဘာဖြစ်လဲ
ခင်ဗျားတို့သိပါတယ်။ တော်တော့ ကြာရင် နတ်လည်း မျက်ခုံးလှုပ်တယ်။ အဲလိုအကြောင်းချင်းရာလေးတွေ ရှိနေလို့ ပေါ့ဗျာ။ အဲဒါကိုပဲ ခင်ဗျားတို့
လူတွေက နားလည်ပေးမယ်မရှိ ဘာတဲ့ “လူ့အလို နတ်မလိုက်နိုင်” တဲ့။ သာသာနဲ့ နှာနှာနက်လိုက်ကြသေး။ ကျုပ်တို့ နတ်တွေကပဲ
အသုံးမကျသယောင်ယောင်။ ကျုပ်တို့ကပဲ လူ့အလိုလိုက်နိုင်လောက်အောင်မစွမ်းသလိုလို။ “တောက်”...ခင်ဗျားတို့ တောင်းတိုင်း “ဖြစ်စေ” လုပ်ပစ်လိုက်လို့
ရတယ်နော်....ဟင်း...ခက်ကုန်တော့မယ်။

Saturday, January 2, 2010

ဗီးနပ်(စ်)ရဲ့ လက်တစ်စုံ..


ဘယ်သူကများကြိုသိနိုင်ခဲ့မှာတဲ့လဲ မိန်းမတစ်ယောက်ရဲ့ လှပသော လက်ချောင်များမှာ မှော်ဆန်သော ဖျားယောင်းညှို့ငင်မှုတွေ ရှိနေတာကိုလေ။ ရှည်သွယ်သော လက်ချောင်းများ. ပန်းနုရောင် လက်သည်းရှည်ရှည်လေးတွေ.ရွှေဝါရောင် မွေးညှင်းနုနုလေးများနှင့် ဖြူလွလွ အရေပြားအောက်မှ ဖောက်မြင်နေရတဲ့ သွေးကြောမျှင်မျှင် စိမ်းစိမ်းတွေ၊ ထိုအရာတွေအားလုံးထက် စပယ်တစ်ပွင့်လို ဖြူဖွေးနူးညံ့သော လက်ဖ၀ါးပြင်၊ ထိုလက်ဖ၀ါးပြင်ထက်တွင် ကျွန်တော်အကြိမ်ကြိမ် သေဆုံးခဲ့ဖူးပါရဲ့...။ လက်ချောင်းများ၏ လှုပ်ရှားမှုတိုင်းတွင် လင်းမြသောအနုပညာတစ်ရပ် ပါဝင်နေသည်။ မီးခိုးငွေ့ဖြူဖြူတွေရဲ့ အနုပညာလို ဖမ်းဆုပ်ရခက်တဲ့ အနုပညာပေါ့..............
သူ့လက်ချောင်းများက အေးစက်သောနှင်းပွင့်တို့ကို နွေအဖြစ်နဲ့ ပွင့်စေတယ်။ လတစ်စင်းရဲ့ အခင်းအကျင်းနဲ့ပေမယ့် မီးလင်းဖိုလေးလို နွေးစေတယ်။ ကျွန်တော်နေမကောင်းဘူးဆိုတိုင်း နဖူးပေါ်ရောက်ရောက်လာတတ်တဲ့ သူ့လက်ဖ၀ါးက လူတစ်ကိုယ်လုံးကို ပန်းတွေ တဟုန်းဟုန်းပွင့်စေတယ်။ ဒါပေမယ့် ကျွန်တော်ကြောက်တယ်။ ကျောက်ရုပ်ကို နူးညွှတ်စေတဲ့ အနုပညာမှာ ကျွန်တော်ဘယ်လောက်များ ခံနိုင်ရည်ရှိမှာတဲ့လဲ.။ ပျော့ညံ့တယ်ပဲဆိုဆို ကျွန်တော်မငိုပါရစေနဲ့...........
အိုကွယ် ဗီးနပ်(စ်)ရဲ့ ပျောက်ဆုံးနေတဲ့ လက်တွေတဲ့လား..? ခွင့်လွတ်ပါ လက်ချောင်းလေးတို့ရယ်။ မင်းတို့လေးတွေက ဆူးကင်းတဲ့ နှင်းဆီပါ။ ဘယ်လိုပဲဆိုဆို မင်းတို့လေးတွေရဲ့ သွေးတိုးနှုန်းက ငါ့ဘ၀ကို အဆုံးသတ်သွားစေနိုင်တယ်။ မင်းတို့တွေက ပန်းပွင့်စေတဲ့လက်တွေပါ။ ခက်တာက ငါကပန်းတစ်ပွင့် မဟုတ်ဘူးကွယ်..။ ငါက ဗုံးတစ်လုံး ...ခံစားချက်တွေကို ကြုံးရုံး သိုလှောင်ရာပေါ့။ ငါ့ကို မပွင့်လန်းစေချင်စမ်းပါနဲ့ကွယ်။ ဖြစ်နိုင်ရင်တော့ ငါလည်း နှင်းဆီသွေးနဲ့ နင့်လက်ကလေးကို မွှေးမြချင်တာပေါ့။ နင့်လက်ကလေးကို ဆုပ်ကိုင် လောကကြီးကို ရင်ဆိုင်ကြည့်ချင်တာပေါ့။ တကယ့်တကယ်မှာတော့ နင့်လက်ဖ၀ါးက လိပ်ပြာတွေ ကျက်စားဖို့သာပါ။ ဗုံးတစ်လုံးရဲ့ စနက်တံဖြုတ်ဖို့  နင့်လက်ချောင်းလေးတွေ အလုပ်မလုပ်သင့်ပါဘူးကွယ်။ လေကွယ်ရာမှာ ပန်းတို့နဲ့သာပျော်ပါတော့..။ လောကအတွက် သားချော့တေး နင့်လက်နဲ့ရေးပါ။ အဝေးကနေ ငါကြားပါလိမ့်မယ်။ ကမ္ဘာပေါ်က မိခင်တိုင်း အဲဒီသားချော့တေးကို ဆိုကြတဲ့အခါ ဗုံးတစ်လုံးက ပန်းတွေ အတုန်းအရုန်းပွင့်တာ နင်မြင်ရလိမ့်ဦးမယ်...။
တကယ်တော့ သူ့လက်ချောင်းမှာ ပန်းပဲ ပွင့်ခွင့်ရတာပါ။ သူ့လက်ကလေးတွေဆိုတာ ကျွန်တော်တစ်ခေါက်တစ်ခါ မက်ခွင့်ရခဲ့တဲ့ အိပ်မက်ထက်မပိုခဲ့ပါဘူးလေ။ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်တိုင်း သူအားကိုးတကြီး ကိုင်ထားတတ်တာ ကျွန်တော့်လက်မှမဟုတ်တာ။ တပါးသူအတွက် တခါးပိတ်တတ်တဲ့လက်က ကျွန်တော့်အတွက် (ထွက်သွားဖို့) တံခါးဖွင့်ပေးတဲ့လက် ဖြစ်ခဲ့တယ်။  လက်ချောင်းတွေနဲ့ ဖျားယောင်းတတ်တဲ့ နတ်သမီးတစ်ယောက်ကို တွေ့ဖူးပါသလား...?
လက်ချောင်းလေးတွေကိုမှ စွဲလမ်းခဲ့သော၊ လက်ဖ၀ါးလေးတွေရဲ့ နူးညံ့မှုအောက်မှာ ကျရှုံးခဲ့ရသော လူငယ်တစ်ယောက်ဟာ ကျွန်တော်ပေါ့။
“နူးညံ့တဲ့အထိအတွေ့.. ကျွန်တော်ဘာကြောင့်မေ့မရတာပါလိမ့်...? ”


Friday, January 1, 2010

ကိုcraton မွေးနေ့အမှတ်တရ..

ဒီနေ့ဟာ 2010 ရဲ့ ပထမဦးဆုံးနေ့ဖြစ်သလို..ကျွန်တော့်အစ်ကို craton ရဲ့ အသက်၂၀ ပြည့်မွေးနေ့လဲ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ထူးခြားလှတဲ့ သူ့မွေးနေ့ကို မတော်တဆ သိခွင့်ရခဲ့ပြီး သိသိချင်းမှာပဲ ကဗျာတစ်ပုဒ်ရေးခဲ့မိပါတယ်..။ ကဗျာရေးပြီးတာကြာပေမယ့် ခေါင်းစဉ်ကို ဘယ်လိုပေးရမှန်းမသိလို့ ကဗျာလေးအတိုင်းပဲ အစ်ကို့ဆီပို့ပြီး မွေးနေ့လက်ဆောင်အဖြစ်ပေးကာ ခေါင်းစဉ်ပါ တစ်ခါတည်းပေးပေးဖို့..အကူအညီတောင်းခဲ့ပါတယ်..။  ညတွင်းချင်းပါပဲ ကျွန်တော့်ကို စာပြန်လာတယ်။ သူပေးခဲ့တဲ့ ကဗျာလေးရဲ့ခေါင်းစဉ်က “လက်ချင်းယှက်သောလမ်းမများ” ပါ။ အဲဒီခေါင်းစဉ်လေးအတွက် ကိုcraton ကို ကျေးဇူးတင်မိပါတယ်..။ ကျွန်တော်ကိုယ်တိုင်ပေးရရင်တောင် အဲ့လောက်လှပနိုင် ကဗျာကို ထင်ဟပ်နိုင်မှာမဟုတ်လို့ပါ..။ ကျွန်တော်ပေးတဲ့မွေးနေ့လက်ဆောင်ကဗျာလေးက ဒီမှာပါ....




“လက်ချင်းယှက်မိသောလမ်းမများ”


ဘယ်သူတွေက အာဇာနည်လဲ


ဘယ်သူတွေက သူရဲကောင်းလဲ


လမ်းဟောင်းကိုတော့ ငါတို့လျှောက်မှာမဟုတ်ဘူး..


ဘယ်သူတွေ ငိုပြီး


ဘယ်သူတွေက ရယ်နေမလဲ


ငါတို့ကဗျာတွေကနေ ရယ်သံ၊ ငိုသံတွေစီးသွားတယ်..


ငါတို့တွေရဲ့ မနက်ဖြန်မှာ ဘာတွေတောက်ပနေမလဲ


ရောက်လာတဲ့အခါတိုင်းမှာတော့


ကဗျာတွေ အပြိုင်းအရိုင်း…


လူငယ်ပီပီ တခါတလေတော့လည်း……


မစားရ၀ခမန်း..လောကလမ်းပေါ်


ငါတို့ပျော်တတ်ကြတယ်…


မှုန်ရီဝမ်းနည်း အသည်းလည်းကွဲကြပေါ့..


ကောင်းကင်ရဲ့မာယာဆိုတာ ငှက်တွေအတွက်သင်ရိုးညွန်းတမ်းပေါ့


အပြင်ကမကျင်းပပဲ ပွဲဝင်ခဲ့ကြရပေမယ့်


ရှိစုမဲ့ဇွဲနဲ့…ငါတို့ရဲတယ်


သူငယ်ချင်း..


နီးဝေးမဟူ ငါတို့ရင်ဘတ်တွေတူကြတယ်


မာယာများတဲ့လောကကြီးအတွက်


ငါတို့ကဗျာတွေရိုးသားကြရအောင်..


“လမ်းချင်းတူရင် လူချင်းတွေ့မယ်” တဲ့


ငါတို့ လူချင်းမတူတောင် လမ်းချင်းဆုံကြမယ်..

Happy Birthday!!!!!!!!! ကို craton...
အသက်၂၀ပြည့်မွေးနေ့မှသည် နှစ်ပေါင်းရာချီပါစေ..........








С новым годом.......