Sunday, January 31, 2010

အဌမလူနဲ့.......

                      
ကိုယ်ကျင့်တရားကို ဘုရားလိုကိုးကွယ်တဲ့ကောင်
အလွမ်းတောင်လူလူသူသူ ဖြစ်ခွင့်မရ
မ,မရ ၊ တင်မရတဲ့စိတ်ကို
အဆုံးစွန်ထိချထားလိုက်တယ်
ငါ့မှာအိပ်ရေးတွေတောင်ဝလို့
တစ်ခါတစ်လေတော့လည်း
အချစ်ဆိုတာ
လူချမ်းသာတွေအတွက်
အယားဖြေနည်းတစ်ခုဖြစ်ပြီး
လူဆင်းရဲတွေအတွက်
မျက်ရည်ဖြစ်တယ်လို့
တွေးမိတတ်တယ်...
မုန့်ဘန်းကိုလှမ်းကြည့်တဲ့
မုန့်ဖိုးမဲ့ကလေးငယ်ရဲ့ မျက်လုံးမျိုး
နင်နဲ့တိုးတိုင်းဖြစ်သွားတတ်တာ
ငါ့အားနည်းချက်ပဲထင်ပါရဲ့
ငဲ့ကွက်စရာများလွန်းတဲ့အခြေအနေမှာ
ငတေကလည်း  မာချင်လာတယ်။
တလှေလုံးပုတ်နေချိန်မှာ
ငခုံးမတစ်ကောင်က လာရှင်းပြလို့ကော
ယုံကြမှာတဲ့လား..
စကတည်းကမှားခဲ့တာပါ
သနားမယ့်မျက်လုံးတွေကို ပုန်းရှောင်ရင်း
ညည်းညူချိန်တောင်မရခဲ့
ငါဟာပစ္စည်းမဲ့သူပါကွယ်။
ငယ်ကတည်းက
ရွှေလင်ပန်းမပြောနဲ့
ဆီဆန်းဖို့တောင်မတောင်းဆိုခဲ့တာ
ငါ့အတွက်
ထမင်းကြမ်းခဲကလည်း အေးချမ်းဆဲပါ။
ဝဲတက်လာတဲ့မျက်ရည်တွေအတွက်
မျက်တောင်သုံးလေးချက်က
လုံလောက်ပါတယ်
မျက်ရည်နောက်က ခံစားချက်တွေအတွက်တော့
ကမ္မသကာပေါ့
အလင်းနဲ့အမှောင်
အဖိုနဲ့အမ
ဆန့်ကျင်ဘက်တွေတည်ရှိနေတဲ့လောကကြီးမှာ
ချစ်တတ်ပြီးမမုန်းတတ်တဲ့...ငါ
လူဖြစ်လာတာ
နည်းနည်းများမှားယွင်းနေသလား?
ငါစဉ်းစားမိတယ်။
ကိုယ့်ဇာတ်ညွှန်းကိုယ် ဆုတ်ဖြဲခဲ့ရတဲ့ကောင်
တစ်ခန်းရပ်ဇာတ်ကို 
တစ်ခန်းပြီးတစ်ခန်း..ကခဲ့
တစ်ရွာပြီးတစ်ရွာတွေ့ခဲ့ပေမယ့်
လမ်းကမဆုံး
ကိုယ့်ကိုယ်ကိုပဲ မုန်းမိတော့တယ်...။
တွယ်တာခဲ့ရတဲ့ အိပ်မက်တွေ
တစ်ခုချင်းကွဲကြေနေတာကြည့်ရင်း
ငါ့ကိုငါ စာရင်းဖျက်လိုက်တယ်
အဲလိုတော့လည်း
အားလုံးပျောက်ဆုံး
ငါ့အိပ်မက်တွေတောင်ကတုံးဖြစ်
နင့်ကိုချစ်ကြည့်ဖို့တောင် မတန်တော့ဘူးဟာ..
ဘုရားမရှိတရားမရှိ
အချစ်ပဲသိတဲ့ကောင်
နင့်လှောင်ပြုံးတွေကို
သံသရာ တစ်လျှောက်လုံးစာသိုမှီးဦးမတဲ့လေ..
နင်နဲ့ပတ်သက်လာရင်
မျက်ရည်ကိုတောင်
မှောင်ခိုကူးနေရတာ
(တဆိတ်တော့) ..ရင်နာစရာကောင်းပါတယ်။
ငါငယ်ငယ်ကကောင်းကင်
လက်ကလေးနဲ့မှီလုမှီခင်ရှိခဲ့တယ်
ကြီးလာတဲ့တစ်နေ့
ကောင်းကင်နဲ့ငါ့လက်တွေ့မှာပဲလို့
ရင်ခုန်ယစ်မူး
ကြည်နူးခဲ့ဖူးတယ်
ကံတရားနဲ့ နဖူးဒူးတွေ့
သက္ကရာဇ်တွေ ဆွေးမြေ့လာ
ငါ့ကောင်းကင်ဟာ မပြာတော့ဘူးကွယ်
ကံတရားဆိုတာ
(ငါ့အတွက်)
တရားတဲ့ ကံမှ မဟုတ်တာ
ငါဆတ်ဆတ်ခါနာကျည်းပစ်လိုက်တယ်...
တော်ပါတော့ကွယ်
မျက်ရည်ကိုပိတ်
အဌမလူ အိပ်တော့မယ်....။
               

9 comments:

ချစ်ကြည်အေး said...

စကားလုံးလေးတွေတိုင်း လှလိုက်တာ မောင်လေးရေ....သိတ်ကောင်းတဲ့ကဗျာလေးပဲ....:)

zue said...

မျက်ရည်ကိုတောင် မှောင်ခိုကူးနေရတယ်တဲ့လား...
ဝေလင်းရေ... ကဗျာလေးကောင်းတယ်....

ပျော်ရွှင်ပါစေ...
ဇူး

Anonymous said...

မှန်လိုက်တာမျက်ရည်တောင်မှောင်ခိုကူးနေရတဲ့ဘ၀ပါ..:( (lover star)

ညရဲ့ကောင်းကင် said...

ဘာပြောရမှန်းကို မသိတော့ဘူး....

မဆုမွန် said...

နင်နဲ့ပတ်သက်လာရင်
မျက်ရည်ကိုတောင်
မှောင်ခိုကူးနေရတာ
(တဆိတ်တော့) ..ရင်နာစရာကောင်းပါတယ်။


ကဗျာလေးကို ခံစားသွားပါတယ်ရှင်

busymozzee said...

မ,မရ ၊ တင်မရတဲ့စိတ်ကို
အဆုံးစွန်ထိချထားလိုက်တယ်
ငါ့မှာအိပ်ရေးတွေတောင်ဝလို့


ဟုတ်ပ... မခြင်လဲ... စိတ်လျော့လိုက်ရင်... အိပ်ပျော်ပျော်သွားတယ်.. ဟီး...

စာလုံးစပ်ထားတာလေးတွေ လှတယ်...

Theingarra said...

အဌမလူ ဆိုတော့ ငါ့ ဆရာ ရှေ့က

ခုနစ်ပြည်ထောင်မင်းတွေ များလား ဗျာ ... :)

အဖြူရောင်နတ်သမီး said...

“ငါငယ်ငယ်ကကောင်းကင်
လက်ကလေးနဲ့မှီလုမှီခင်ရှိခဲ့တယ်
ကြီးလာတဲ့တစ်နေ့
ကောင်းကင်နဲ့ငါ့လက်တွေ့မှာပဲလို့
ရင်ခုန်ယစ်မူး
ကြည်နူးခဲ့ဖူးတယ်”...


စာသားလေးကို ခံစားမိတယ်...

yethat thaew said...

ဖတ်ဖူးသမျှ ကဗျာ တွေထဲမှာ ဒီကဗျာကို အကြိုက်ဆုံးပဲ...စောက်ရမ်း စောက်ရမ်း မိုက်တယ်..လေးစားတယ် ဘရို