Sunday, January 10, 2010

ကျွဲနှစ်ကောင်နဲ့ မြေစာပင်


စိမ်းလန်းတဲ့ ကုန်းမြေလေးတစ်ခုပေါ့။ မြေစာမြက်တို့ စိမ်းမြပေါက်ရောက်ရာလေ။
အဲဒီကုန်းမြေလေးကို ကျွဲနှစ်ကောင်ရောက်လာခဲ့တယ်။ မြေစာမြက်လေးတွေ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကုန်ကြတယ်။ “ဘယ်လိုလုပ်ကြမလဲ..? ” အဲဒီမေးခွန်းက မြေစာမြက်လေးတွေ ကြားမှာ ချက်ချင်းပဲ ပျံ့နှံ့သွားတယ်။ ဟုတ်တယ်လေ။ သူတို့အားလုံး ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ မြေစာပင်က ဓါးစာခံဖြစ်တာ ကြားဖူးနေတာကိုး။ သူတို့အလှည့်မှာတော့ အဲလိုအဖြစ်မျိုး အဖြစ်မခံနိုင်တာ အမှန်ပဲ။ သူတို့တွေ ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ ကျွဲနှစ်ကောင်ကလည်း ရန်စောင်နေကြပြီ။ နှာတမှုတ်မှုတ်၊ ခွာတရှပ်ရှပ်နဲ့ပေါ့။ ဒါနဲ့ မြေစာပင်လေးတွေလည်း မဖြစ်ချေဘူးဆိုပြီး ၀ိုင်းတားကြတယ်။ နားချကြတယ်။ ခိုက်ရန်ဖြစ်ပွားတယ်ဆိုတာ မကောင်းဘူး။ သည်းခံခြင်းနဲ့ ခွင့်လွတ်ခြင်းကသာ ငြိမ်းချမ်းရေးဖြစ်တယ်။ စသဖြင့်ပေါ့လေ..။ ကြားဖူးနားဝတွေနဲ့ ၀ိုင်းနားချလိုက်ကြတာ ကျွဲနှစ်ကောင်လည်း သင့်မြတ်သွားတယ်။ မြေစာမြက်လေးတွေလည်း ၀မ်းသာလို့ပေါ့။ အဲဒီအချိန်မှာပဲ သတင်းတစ်ခုထပ်ဝင်လာတယ်။ သင့်မြတ်သွားတဲ့ ကျွဲနှစ်ကောင်က မြေစာမြက်တွေကို အတူတကွစားသောက်နေကြတယ်တဲ့…။ မြေစာမြက်လေးတွေ သက်ပြင်းခပ်ဖွဖွချ ငြီးငြူလိုက်ကြတယ်။
“ဩော်…ကျွဲနှစ်ကောင်ခတ်တော့လည်း မြေစာပင်၊ ကျွဲနှစ်ကောင် သင့်မြတ်တော့လည်း မြေစာပင်ပါပဲလား” လို့


5 comments:

~ဏီလင်းညို~ said...

ညီလေးရေ...
ဟုတ်မယ်...
ကောင်းတာဖြစ်ဖြစ်... ဆိုးတာဖြစ်ဖြစ်... အရင်ဆုံးခံစားကြရမှာ ကြားထဲက မြေစာပင်လေးတွေပဲပေါ့...။
(ဒါပေမယ့် ရလာဒ်လေးတော့ နည်းနည်းကွဲပြားသွားမှာပါ....)
ခင်မင်တဲ့
ဏီလင်းညို

Khyl said...

မြေစာမြက်လေးတွေ အတွက် စိတ်မကောင်းပါဘူး.. ကိုဝေလင်းရေ...

Moe Tain Nyo said...

ကောင်းလိုက်တဲ့ အတွေးလေးဗျာ။ မှန်ပါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် မြေဇာပင် က မြေဇာပင်ပဲ ပေါ့။

နွေဆူးလင်္ကာ said...

အဲဒါကို မဂ္ဂဇင်းတစ်ခုမှာ ကာတွန်းတစ်ကွက် တွေ့ဖူးတယ်ဗျ။ ဘယ်သူဆွဲတာလဲတော့ မသိဘူး။

ချစ်ကြည်အေး said...

မြေစာပင်...တဲ့ နာမည်ပြောင်းမှဖြစ်မယ်......နာမည်ကစီးနေတာ...၊အစားခံရဖို့ချည်းပဲ....:)