Friday, December 18, 2009

မီး

အတွေးတွေက လမ်းပေါ်မှာ။ လေတစ်ချက် အဝှေ့မှာ နှင်းစက်တို့က မျက်နှာပေါ်သို့ တိုးဝင်လာကြသည်။ တဆစ်ဆစ်နှာကျင်လာသော နားရွက်တို့ကြောင့် ဦးထုပ်ဆောင်းမလာမိသည်ကို နောက်တရချင်လာသည်။ ဒါပေမယ့် အိမ်ထဲမှာ ကော်ဖီထိုင်သောက်နေသူ တစ်ယောက်အဖို့ ဦးထုပ်ဆောင်းနေစရာမှ မလိုတာပဲလေ။ တကယ်တော့ အဲဒီတုန်းက ပြတင်းပေါက်မှန်ကို မိုးရေစက်လေးတွေ လာမှန်နေတာကိုပင် သူကောင်းကောင်းမှတ်မိနေသည်။

ရုတ်တရတ် စင်ရော်တစ်ကောင် ဖြတ်ပျံသွားတာ တွေ့လိုက်ရသည်။ အဖြူရောင်နှင်းပွင့်တွေကြားမှာ စင်ယောင်အဖြူရောင်တစ်ကောင် ဖြတ်ပျံသွားတာက သိပ်တော့ ကဗျာ မဆန်လှဟုတွေးမိသည်။ ရှေ့ဆက်လျှောက်လာတော့ ကျွဲရိုင်းသတ်ပွဲ တစ်ခုကိုတွေ့ရသည်။ ဘာရယ်မဟုတ်ဝင်ကြည့်မိသည်။ ပရိသတ်တွေက ဆူညံစွာ အားပေးနေသည်။ "ဘာကိုများ သဘောကျနေကျပါလိမ့်" သေချာကြည့်တော့ ကွင်းလည်မှ ကျွဲရိုင်းသတ်သူ ကိုင်ထားသည်က သမရိုးကျ အစနီတစ်ခု မဟုတ်ဘဲ သွေးချင်းချင်းနီနေသည့် အူတစ်ခွေဖြစ်နေသည်။ သူနှင့် အရမ်းရင်းနှီးနေသလို ခံစားရသည်။ ထိုစဉ်ကျွဲရိုင်းက ထိုသူ့ထံသို့ တဟုန်ထိုးပြေးလာသည်။ (မလုပ်နဲ့) သူအလန့်တကြားအော်မိသည်။ သူထံရောက်ရှိလာသော မျက်လုံးအချို့ကို ဥပေက္ခာပြုထားလိုက်သည်။ ဟုတ်တယ်။ ထို့ အူခွေက သူ့အူတွေ မနက်ကမှ သောက်လာသော ကော်ဖီနံ့က မှားစရာမရှိ။ သို့သော် သူဘာမှ မတက်နိုင်လိုက်ခင်မှာဘဲ သူ့အူတွေက ချိုဖျားမှာ ပါသွားခဲ့ပြီ။ သူစိတ်ပျက်စွာပင် ခေါင်းငိုက်စိုက်ချ၍ ပန်းခြံထဲက ထွက်လာခဲ့သည်။ ကိုယ့်အပြစ်နဲ့ကိုမို့ လူသနားအောင်တော့ ငိုမပြချင်တော့ပါ လုံလောက်ပါပြီလေ။ သိပ်ချစ်ခဲ့ခြင်းနဲ့ ညီမျှစွာပဲ သိပ်ကြေကွဲခဲ့ပြီးပြီပဲ။ ငါဘာများထပ်မျှော်လင့်နေဦးမှာလဲ..။

ဆေးလိပ်သောက်ချင်လာ၍ ဆေးလိပ်တစ်လိပ် ထုတ်ပြီး မီးခြစ်ကိုရှာရာ မီးခြစ်ပါမလာသည်ကို သတိရမိကာ အနီးအနားသို့ ဝေ့ကြည့်မိသည်တွင် လူတစ်ယောက်ကို မီးနှင့်အတူတွေ့ရသဖြင့် ၀မ်းသာအားရ သွားညှိလိုက်ရာ ဘယ်လိုမှညှိမရပေ။ မီးကိုထိနေပါလျက် ဆေးလိပ်က မီးမစွဲသည်ကို နားမလည်နိုင်ဖြစ်သည်နှင့် ဆေးလိပ်ကပဲမှားနေလား..? ဟင့်အင်းမမှားပါဘူး။ ဒါဆို….? ဟင့်အင်း အနားကပ်ရုံနှင့်ပင် တရှိန်ရှိန်ပူနေသည့်မီးကလည်း မှားစရာမရှိ။ ဒါနှင့် သည်လူကို မေးကြည့်မိသည်။

"ဟေ့လူ..မီးက ဘာလို့ညှိမရတာလဲဗျ"

"ဆေးလိပ်သောက်ချင်မီးခြစ်ရှာညှိပေါ့" ထိုလူက ပြန်ပြောသည်။

"အာ..မဟုတ်သေးဘူးလေဗျာ၊ မီးတောက်ကြီးတွေ့နေမှ မီးခြစ်လိုက်ရှာနေရဦးမှာလား?" လို့ ကျွန်တော်ပြန်မေးတော့။

"ဘယ်မှာလည်းဗျ၊ မီးက.." ထိုသူက ပြန်မေးသည်တွင် သူနားမလည်နိုင်ဖြစ်သွားသည်။ "တော်ပြီ"ဟု ဆုံးဖြတ်ရင်း ဆေးလိပ်ကို လွင့်ပစ်ကာ ထွက်လာခဲ့သည်။ လောကကြီးမှာ မီးကိုမီးမှန်း မသိတဲ့လူကလည်း ရှိသေးသည်ဟု စိတ်ပျက်စွာတွေးမိသည်။

"သေချာသည်ကတော့ ထိုနေ့သည် ခဏမျှသာအေးပြီး အလွန်ပူသောနေ့တစ်နေ့ ဖြစ်သည် ဆိုတာပါပဲ"

PS. နောက်ဆုံးစာသားကို ဆရာဂျိုဇော်၏ ၀တ္ထုတစ်ပုဒ်မှ သုံးစွဲပါသည်။

4 comments:

နေ့အိပ်မက် said...

အင်... အိပ်မက်တစ်ခုထဲရောက်သွားသလိုပဲ... တော်တော်တော့ မိုက်သား ဖတ်ရတာ.. ဘာကိုဆိုလိုချင်မှန်းတော့မသိဘူး ပြန်ဖတ်လိုက်ဦးမယ် နောက်တစ်ခေါက် ဒါနဲ့.. မီးခြစ်ကိုရှာရာ မီးချစ်ပါမလာသည်ကို” အဲလိုကြီးဖြစ်နေတယ်ရော

ဝေလင်း said...

ကျေးဇူးပဲ အစ်မ ပြန်ပြင်လိုက်ပါ့မယ်

~ဏီလင်းညို~ said...

ညီလေးရေ...
အစ်ကို သေချာဖတ်ကြည့်ခံစားသွားတယ်...။ ကိုယ့်ကိုယ်ကို တစ်ရှိန်ရှိန်တောက်လောင်နေမှန်းမသိတဲ့ လူတွေရှိတယ်...ဆိုတာ... ဟုတ်ပါတယ်ညီလေးရာ...။ အစ်ကို အမှန်အတိုင်းပြောမယ်နော်...အဲ့ဒီလို ဆက်စပ်တွေးရတဲ့ စာမျိုးတွေဆို တစ်ကယ်ကြိုက်မိတယ်...။ ရေးတတ်တာကို ချီးကျူးတယ်...။
“သိပ်ချစ်ခဲ့ခြင်းနဲ့ ညီမျှစွာပဲ သိပ်ကြေကွဲခဲ့ပြီးပြီပဲ။ ငါဘာများထပ်မျှော်လင့်နေဦးမှာလဲ..”...အဲ့ဒီစာသားလေးကိုလည်း..တစ်ကယ်ကြိုက်တယ်...။
(အပေါ်ဆုံးမှာ ကော်ဖီထိုင်သောက်နေသူ လို့ ရေးချင်တာနဲ့တူတယ်နော်..ညီလေး...။ စာကိုယ်လေးကို နည်းနည်းညီအောင်ညှိရင် ပိုပြည့်စုံသွားပြီကွာ...)

ခင်မင်တဲ့
ဏီလင်းညို

ဝေလင်း said...

ဟုတ်ကဲ့အစ်ကို ကျွန်တော်လည်း ရေးပြီးပြန်မစစ်မိဘူး...။ ခုပဲပြင်လိုက်ပါ့မယ်။