Wednesday, January 6, 2010

လူမစွမ်းနတ်မ


အင်း..ခင်ဗျားတို့ကတော့ ထင်မယ်။ ကျုပ်တို့ကို မစွမ်းဘူးလို့။ တကယ်တော့ ကျုပ်တို့က စွမ်းပါတယ်။ ခင်ဗျားတို့ လူတွေရဲ့
အလိုကို ဖြည့်ချင်ရင် အလွယ်လေး။ တကယ်တမ်းခက်နေတာက ခင်ဗျားတို့.....။ ခင်ဗျားတို့ လူတွေဘယ်လောက်ခက်လဲ
ဥပမာ ထုတ်ပြချင်တယ်။
တောင်ပိုင်းက သာဇံတို့လင်မယားကို သိတယ်မဟုတ်လား။ သူတို့နှစ်ယောက် ဟိုတလောက သားဆုလာပန်တယ်။
ယောက်ျားဖြစ်တဲ့သူက သားယောက်ျားလေးလိုချင်ပါတယ်တဲ့။ မိန်းမလုပ်သူကျ သမီးမိန်းကလေးလိုချင်တယ်တဲ့။
ကျုပ်တို့က ဘာလုပ်ပေးရမှာတုန်း။ ဆုတောင်းရင်လည်း ညှိညှိနှိုင်းနှိုင်းလေးတော့ လုပ်မှပေါ့။
နောက် အောင်ရွှေ၊ အောင်ငွေ ညီအစ်ကို။ ရွာထဲက ဖြူဝင်းဆိုတဲ့ကောင်မလေးကို နှစ်ယောက်လုံးက ကြိုက်ပြီး။ နေ့တိုင်းလိုလို
ဖြူဝင်းနဲ့ အဆင်ပြေရပါလို၏ လာလုပ်နေကြတယ်။ စဉ်းစားကြည့်လေဗျာ။ နှစ်ယောက်လုံးက ဆုတစ်ခုတည်းကို တောင်းတာ။
တစ်ယောက်တည်းကိုပဲ ကွက်ပြီး “ဖြစ်စေ”လုပ်လိုက်ပြန်ရင် နတ်မင်းကြီးတို့ မျက်နှာလိုက်တယ်ဖြစ်ဦးမယ်။ နှစ်ယောက်လုံး
တောင်းတဲ့ဆုနဲ့ ပြည့်စေဆိုလိုက်ပြန်ရင်လည်း နတ်မင်းကြီးတို့ လူမဆန်ဘူးဖြစ်ရဦးမယ်။
အဲဒါတွေထက်ဆိုးတာရှိသေး။ နတ်ကိုလူမိုက်ငှားတဲ့ကိစ္စ။ ခင်ဗျားတို့ဗျာ...။ ကျုပ်တို့နတ်တွေဆိုတာ လူ့ဘ၀က ကောင်းမှုကုသိုလ်လုပ်
စိတ်ကောင်းနှလုံးကောင်းခဲ့လို့ ခုဒီဘ၀၊ ဒီအခြေအနေရောက်လာရတာ။ ဒါကို ခင်ဗျားတို့လူတွေက အားမနာလျှာမကျိုး
“အရှင်နတ်မင်းကြီ....ဟိုဘက်အိမ်ကကောင်မက ကျွန်မကို မျက်စောင်းနဲ့ထိုးတယ်ဘုရာ့။ အဲဒီကောင်မကို နာနာလေးကိုင်ပေးတော်မူပါဘုရာ့”တဲ့
“အရှင်ဘုရား အောင်ဖေတစ်ယောက် အကြွေးမဆပ်ဘူးဘုရာ့၊ အကြွေးလေး ပြန်ရအောင် မစပါဦး”တဲ့ ခက်ပေဘူးလားဗျာ။
နောက်တစ်မျိုးက နတ်ကို လာဘ်ပေးလာဘ်ယူ လာလုပ်တဲ့အမျိုးတွေ။ ဘယ့်နှယ်ဗျာ ဒီနိုင်ငံမှာနေလို့ ဒီကလူတွေအကျင့်မျိုး ကျုပ်တို့နတ်တွေမှာပါ
ရှိမယ်ထင်နေလားမသိဘူး။ “သားလေးသာ ၅ဘာသာ ဂုဏ်ထူးပါပါစေဘုရာ့ အရှင်ဘုရားအတွက် နတ်ကွန်းအသစ်ဆောက်ပေးပါ့မယ်” ဆိုတာမျိုး။
သူကလည်းဆုတောင်းသေးတယ်။ သူကနတ်ကိုတောင် အိမ်ဆောက်ပေးလိုက်ချင်သေး။ နတ်နေဖို့လုပ်ပေးနိုင်လောက်အောင် စွမ်းနေမှတော့
ဆုတောင်းမနေနဲ့တော့ ကိုယ့်ဟာကိုယ်ပဲ ဖြစ်အောင်လုပ်လိုက်တော့။ ဘယ့်နှယ်ဗျာ ကျုပ်တို့နတ်တွေကိုများ သူတို့ ဆောက်ပေးမှနေစရာရှိတယ်များ
ထင်နေလား။
နောက်ရှိသေးတယ်။ “အရှင်ဘုရား အရှင်ဘုရားသားကြီး အိမ်ပြန်မအိပ်တာ သုံးရက်ရှိပြီဘုရာ့”တဲ့။ ခက်တယ်နော်...ခက်တယ်။ ကိုယ်စွမ်းကိုစလေးလည်း
ထုတ်ကြဦးလေဗျာ..။ ခင်ဗျားတို့တတွေက ပြောတော့ “လူမစွမ်းနတ်မ”တဲ့။ ကျုပ်ကတော့ ကြာရင် “နတ်မ,လို့လူမစွမ်း”ဖြစ်မှာ မြင်ယောင်သေးတော့တယ်။
ကျုပ်တို့နတ်တွေမှာလည်း သူ့နေရာလေးနဲ့သူ။ အခွင့်အရေးပေးချင်တိုင်း ပေးလို့ကောင်းတာမဟုတ်ဘူး။ အခွင့်အရေးတွေအပေးကောင်းရင် ဘာဖြစ်လဲ
ခင်ဗျားတို့သိပါတယ်။ တော်တော့ ကြာရင် နတ်လည်း မျက်ခုံးလှုပ်တယ်။ အဲလိုအကြောင်းချင်းရာလေးတွေ ရှိနေလို့ ပေါ့ဗျာ။ အဲဒါကိုပဲ ခင်ဗျားတို့
လူတွေက နားလည်ပေးမယ်မရှိ ဘာတဲ့ “လူ့အလို နတ်မလိုက်နိုင်” တဲ့။ သာသာနဲ့ နှာနှာနက်လိုက်ကြသေး။ ကျုပ်တို့ နတ်တွေကပဲ
အသုံးမကျသယောင်ယောင်။ ကျုပ်တို့ကပဲ လူ့အလိုလိုက်နိုင်လောက်အောင်မစွမ်းသလိုလို။ “တောက်”...ခင်ဗျားတို့ တောင်းတိုင်း “ဖြစ်စေ” လုပ်ပစ်လိုက်လို့
ရတယ်နော်....ဟင်း...ခက်ကုန်တော့မယ်။

6 comments:

ချစ်ကြည်အေး said...

အေး အေး ရပါတယ် မောင်လေးရေ...ကျန်းမာတယ်ဆို ပြီးတာပါပဲဟယ်၊ ဘာများဖြစ်နေလဲလို့...၊ နတ်မ မ မ တော့ မသိဘူး၊ အမတို့ ကူနိုင်တာရှိရင်ပြောနော်၊ စာလဲလုပ်အုံးနော် ဘလောဂ့်မလည်နိုင်တာ ကိစ္စမရှိ၊ အဲလို လတ်တလော အခြေအနေလေးတော့ တင်ထားဟယ်၊အနဲဆုံးတော့ စိတ်အေးရတာပေါ့...။ အစစ အဆင်ပြေစေနော်....။

~ဏီလင်းညို~ said...

ညီလေးရေ...
ဟုတ်တယ်နော်..
မတာ လွန်ကုန်ရင်ဒွတ်ခ...း(
(နေကောင်းလားညီ....)
ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် said...

:D ဟုတ်တယ်နော်။ နတ်ပဲ အားကိုးနေ ကိုယ်ဖာသာလဲ ကြိုးစားအုံးမှပေါ့.. ပိုစ့်လေးကိုဖတ်ပြီး ပြုံးမိတယ်။ နေကောင်းလား မေးကြလို့ နေမကောင်းဘူးလား ဝေလင်း။

ညလင်းအိမ် said...

ဟုတ်ပါ့နော်..နတ်မတာ လွန်သွားလို့ လူမစွမ်းပဲ ဖြစ်နေအုန်းမယ်...

အချစ်မဲ့ဂစ်တာ said...

အရှင် ရုက္ထစိုး နတ်မင်းကြီး.. ကျွန်တော့်သားလေးကို ပွေမယူပါနဲ့... အဟ...

Nge Naing said...

သဘောကျစွာ ဖတ်သွားပါတယ်။ မောင်ဝေလင်း ပတ်ဝန်းကျင်မှာ နတ်ကိုးသူ အတော်များတယ်ထင်တယ်။