Friday, January 1, 2010

ကိုcraton မွေးနေ့အမှတ်တရ..

ဒီနေ့ဟာ 2010 ရဲ့ ပထမဦးဆုံးနေ့ဖြစ်သလို..ကျွန်တော့်အစ်ကို craton ရဲ့ အသက်၂၀ ပြည့်မွေးနေ့လဲ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ထူးခြားလှတဲ့ သူ့မွေးနေ့ကို မတော်တဆ သိခွင့်ရခဲ့ပြီး သိသိချင်းမှာပဲ ကဗျာတစ်ပုဒ်ရေးခဲ့မိပါတယ်..။ ကဗျာရေးပြီးတာကြာပေမယ့် ခေါင်းစဉ်ကို ဘယ်လိုပေးရမှန်းမသိလို့ ကဗျာလေးအတိုင်းပဲ အစ်ကို့ဆီပို့ပြီး မွေးနေ့လက်ဆောင်အဖြစ်ပေးကာ ခေါင်းစဉ်ပါ တစ်ခါတည်းပေးပေးဖို့..အကူအညီတောင်းခဲ့ပါတယ်..။  ညတွင်းချင်းပါပဲ ကျွန်တော့်ကို စာပြန်လာတယ်။ သူပေးခဲ့တဲ့ ကဗျာလေးရဲ့ခေါင်းစဉ်က “လက်ချင်းယှက်သောလမ်းမများ” ပါ။ အဲဒီခေါင်းစဉ်လေးအတွက် ကိုcraton ကို ကျေးဇူးတင်မိပါတယ်..။ ကျွန်တော်ကိုယ်တိုင်ပေးရရင်တောင် အဲ့လောက်လှပနိုင် ကဗျာကို ထင်ဟပ်နိုင်မှာမဟုတ်လို့ပါ..။ ကျွန်တော်ပေးတဲ့မွေးနေ့လက်ဆောင်ကဗျာလေးက ဒီမှာပါ....




“လက်ချင်းယှက်မိသောလမ်းမများ”


ဘယ်သူတွေက အာဇာနည်လဲ


ဘယ်သူတွေက သူရဲကောင်းလဲ


လမ်းဟောင်းကိုတော့ ငါတို့လျှောက်မှာမဟုတ်ဘူး..


ဘယ်သူတွေ ငိုပြီး


ဘယ်သူတွေက ရယ်နေမလဲ


ငါတို့ကဗျာတွေကနေ ရယ်သံ၊ ငိုသံတွေစီးသွားတယ်..


ငါတို့တွေရဲ့ မနက်ဖြန်မှာ ဘာတွေတောက်ပနေမလဲ


ရောက်လာတဲ့အခါတိုင်းမှာတော့


ကဗျာတွေ အပြိုင်းအရိုင်း…


လူငယ်ပီပီ တခါတလေတော့လည်း……


မစားရ၀ခမန်း..လောကလမ်းပေါ်


ငါတို့ပျော်တတ်ကြတယ်…


မှုန်ရီဝမ်းနည်း အသည်းလည်းကွဲကြပေါ့..


ကောင်းကင်ရဲ့မာယာဆိုတာ ငှက်တွေအတွက်သင်ရိုးညွန်းတမ်းပေါ့


အပြင်ကမကျင်းပပဲ ပွဲဝင်ခဲ့ကြရပေမယ့်


ရှိစုမဲ့ဇွဲနဲ့…ငါတို့ရဲတယ်


သူငယ်ချင်း..


နီးဝေးမဟူ ငါတို့ရင်ဘတ်တွေတူကြတယ်


မာယာများတဲ့လောကကြီးအတွက်


ငါတို့ကဗျာတွေရိုးသားကြရအောင်..


“လမ်းချင်းတူရင် လူချင်းတွေ့မယ်” တဲ့


ငါတို့ လူချင်းမတူတောင် လမ်းချင်းဆုံကြမယ်..

Happy Birthday!!!!!!!!! ကို craton...
အသက်၂၀ပြည့်မွေးနေ့မှသည် နှစ်ပေါင်းရာချီပါစေ..........








4 comments:

မယ့်ကိုး said...

ကဗျာလေး လာဖတ်ပါတယ်
.နှစ်သစ်မှာ သစ်လွင်လှပတဲ့ အနာဂတ်များစွာ ပိုင်ဆိုင်နိုင်ပါစေ...
အနုပညာတွေလည်း အများကြီး ဆက်လက်ဖန်တီးနိုင်ပါစေ...

အင်ကြင်းသန့် said...

ကဗျာလေးကိုခံစားပေးသွားတယ်ဝေလင်းရေ.....

Anonymous said...

ကိုယ့်ညီညီလေးရဲ့ အသိအမှတ်ပြုမှု၊ လေးစားမှု၊ ချစ်စရာကောင်းမှုတွေနဲ့ ကိုယ်လည်းဂုဏ်ယူဝမ်းသာလွန်းလို့ မပြောပြတတ်တော့ပါ။ ကျေးဇူးအများကြီးတင်တယ် ညီငယ်။
ပေးတဲ့ဆုနဲ့ပြည့်အောင် စွမ်းဆောင်နိုင်သောသူဖြစ်ရပါစေ ညီငယ်။
မဆုမွန်ပြောနေကျအတိုင်းပဲ ကိုယ်လည်း .. ဘွားဇ်မီလျံ........း)

~ဏီလင်းညို~ said...

ညီလေးရေ...
ဒီကဗျာလေးဖတ်ရတာ... အစ်ကိုရဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်ကာလတုန်းက အရွယ်ကို ပြန်မြင်လိုက်ရသလိုပါပဲ...။ ကောင်းတယ်...
ညီလေး cratonလည်း ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေလို့ (နောက်ကျနေခဲ့ပေမယ့်) ဆုတောင်းပေးခဲ့ပါတယ်...
ခင်မင်တဲ့
ဏီလင်းညို