Friday, February 12, 2010

၁၂ ရက်နေ့အတွက် ၁၃ ရက် ဖေဖော်ဝါရီ..

တစ်ချိန်ကပေါ့ ၁၃ရက် ဖေဖော်ဝါရီ မှာ ကလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်။ သူ့မိဘတွေကတော့ ရှေ့နေဦးဖာနဲ့ ဒေါ်စုဆိုပဲ။ အဲဒီတုန်းကတော့ သူတို့တွေ ပျော်ရွှင်ခဲ့ကြမှာ၊ သူတို့အတွက် ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းလာတဲ့ သားလေးလို့လည်း ထင်မှတ်ခဲ့ကြမှာ..တကယ်လည်း သူတို့အတွက် ပျော်ရွှင်မှုတွေ ဆောင်ယူလာခဲ့တာကိုး....တကယ်တော့ သူတို့ရဲ့ သားလေးဟာ သူတို့ရဲ့ ပျော်ရွှင်မှုတင်သာမကပဲ မြန်မာတစ်နိုင်ငံလုံးရဲ့ အနာဂတ်အလင်းရောင်နဲ့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ ပျော်ရွှင်မှုကိုပါ သယ်ဆောင်လာလိမ့်မယ်လို့တော့ အဲဒီအချိန်က ဘယ်သူမှမသိခဲ့ကြဘူးလေ။ ငယ်စဉ်ကတည်းက သူ့ရဲ့ ရိုးသားမှုက မောင်နှမတွေကြား စံပြဖြစ်ခဲ့တယ်။ နောင်တချိန် တက္ကသိုလ်ကောင်းသားဘ၀ ရောက်လာတော့လည်း ကျောင်းသားခေါင်းဆောင် တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ထဲကို တိုးဝင်လာခဲ့တယ်။ နောက်တော့ ကျောင်းကထွက် နိုင်ငံရေးလောကထဲ ၀င်လာခဲ့တယ်။ ( အင်္ဂလိပ်အစိုးရက ငါ့ထမင်းအိုး ဒုတ်နဲ့လာထိုးနေတာမှမဟုတ်တာ ဆိုတဲ့အတွေးမျိုး မရှိခဲ့ပဲ ကိုယ့်ထမင်းအိုးတစ်အိုး ဆန်ပြည့်ဖို့ထက် မြန်မာတစ်ပြည်လုံးက ထမင်းအိုးတွေ ဆန်ပြည့်စေဖို့ စိုးရိမ်ပူပန်ခဲ့တာလေ..) မြန်မာတွေရဲ့ သခင်အောင်ဆန်းက ဂုတ်သွေးစုပ်အမြတ်ထုတ်နေသူတွေအတွက် သူပုန်အောင်ဆန်းတဲ့လေ....။ ဂျူး စာပေဟောပြောပွဲတုန်းက ပြောခဲ့သလို တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူက မကောင်းတဲ့အခါ၊ သူပုန်က ဇာတ်လိုက် တဲ့၊ သူရဲကောင်းတဲ့။ တကယ်ပါ သူက ကျွန်တော်တို့အတွက် ဇာတ်လိုက်ပဲ၊ သူရဲကောင်းပဲ။ ကျွန်တော်တို့အတွက်မှမဟုတ်ပါဘူးလေ မြန်မာနိုင်ငံကြီးတစ်ခုလုံးအတွက် သူက ဇာတ်လိုက်ပါ။ ဇာတ်လိုက်ပေမယ့် သူက ပွဲတိုင်းအနိုင်ရတဲ့ ဇာတ်လိုက်တော့ မဟုတ်ခဲ့ရဘူး။ လွတ်လပ်ရေးကြိုးပမ်းမှု တလျှောက်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေ အမျိုးမျိုးကြား အတွန်းတွန်းအတိုက်တိုက် အထိထိအခိုက်အခိုက်ပေါ့။ နောက်တော့ သူ့ရဲ့ ကြိုးပမ်းမှုက အလင်းရောင်လေးတစ်ခု ထွန်းလင်းလာခဲ့တယ်။ ဒီလိုနေ့မှာပေါ့ စည်းလုံးညီညွတ်မှုရဲ့ သက်သေ ပင်လုံစာချုပ်ကို ချုပ်နိုင်ခဲ့တယ်။ အိုကွယ် သူ့လောက်ပျော်တဲ့သူ ရှိပါတော့မလား...။ သူ့ချစ်တဲ့ပြည်ထောင်စုကြီးတစ်ခုလုံးက တစ်စိတ်တစ်ဝှမ်းတည်း လွတ်လပ်ရေးကို လိုချင်ကြပြီတဲ့လေ...။တိုင်းရင်းသား  ညီနောင်တွေ ချစ်ကြည်ကြတယ်တဲ့လေ..။ ဒါပေမယ့်ကွယ် လူဆိုတာ ကိုယ်စိုက်တဲ့ကောက်ပင် ကိုယ်ရိပ်သိမ်းရမယ် ဆိုပေမယ့် သူစိုက်တဲ့ ကောက်ပင်တွေအတွက် ကောက်သစ်စားပွဲတော် သူဝင်ပျော်ခွင့်မရခဲ့ဘူး...။ သူစိုက်ခဲ့တဲ့ကောက်ပင်တွေကြောင့် တစ်ပြည်လုံး စားသောက်ခဲ့ကြရပေမယ့် သူမြင်တွေ့ခွင့်တောင် မရခဲ့ဘူး။ တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်။ ကျွန်တော်တို့ မြန်မာပြည်ကြီးက သူ့ဆီက အယူပဲရှိခဲ့ပြီး အပေးမရှိခဲ့တာ တရားမှတရားပါရဲ့လား...လို့။ မတန်လိုက်တာ ဗိုလ်ချုပ်ရယ်.....လို့ ညည်းချင်မိတယ်။ ဒါပေမယ့် သူကတော့ ဒီလိုတွေးမယ်မဟုတ်ဘူး။ တမလွန်ဆိုတာရှိလို့ မြင်နိုင်စွမ်းများရှိခဲ့ရင် ပြည်သူတွေပျော်တာမြင်ပြီး သူပျော်နေမှာ...သူလွတ်လပ်ဖို့ထက်၊ ပြည်သူတွေလွတ်လပ်ဖို့ ကြိုးစားခဲ့တာဖြစ်လို့ ပြည်သူတွေလွတ်လပ်တာမြင်ရင် သူပျော်မှာသေချာတာပေါ့။ သူ့အတွက် သူမွေးတဲ့ နေ့ကိုလည်း အထိမ်းအမှတ် မလုပ်ပေးကြဘူး၊ သူမွေးတဲ့မြို့ကိုလည်း ဘာမှမလုပ်ပေးခဲ့ကြဘူး။ သူ့ရုပ်ထုဆိုတာ မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ရတယ်။ ကလေးတွေဆို သူ့အကြောင်း ကဗျာလေးတစ်ပုဒ်ပဲ သိကြရတယ်။ ဒါပေမယ့်...ဒါပေမယ့် အားလုံးရင်ထဲက အချစ်စိတ်ကတော့ မပြောင်းမလဲ ကိန်းဝပ်သွားခဲ့ပြီလေ.. တို့ချစ်တဲ့ ဗိုလ်ချုပ်ဆိုတာကတော့ ဘယ်တော့မှာ ပြောင်းလဲမှာမဟုတ်တော့ဘူးလေ.. သူလုပ်ခဲ့တာအားလုံးအတွက် ပြည်သူတွေရဲ့ မေတ္တာက အားလုံးသော အထိမ်းအမှတ်တွေအားလုံးထက် သာလွန်တာ အသေအချာပေါ့။ မိဘတွေကနေသားသမီးတွေကို၊ အစ်ကို၊အစ်မတွေကနေ မောင်တွေ ညီမတွေဆီကို ပျံ့ဝင်သွားခဲ့ပြီလေ....ကမ္ဘာတည်သရွေ့ပေါ့....
တစ်ခုပဲ သူက ပြည်သူတွေအားလုံးလွတ်လပ်အောင်လုပ်ပေးခဲ့ပေမယ့် သူလွတ်လပ်စေခဲ့တဲ့ မြန်မာပြည်ထဲမှာ သူ့........................................ အဲဒါလေးတစ်ခုပဲ သူစိတ်မကောင်းဖြစ်ချင်လည်း ဖြစ်လိမ့်မယ် ဒါပေမယ့် သူချစ်တဲ့ မြန်မာပြည်သူတွေပြည်သားတွေအပေါ်တော့ သူမေတ္တာပျက်မှာ မဟုတ်ပါဘူးလေ....

No comments: