Saturday, February 13, 2010

ငိုချင်ရက်လက်တို့ (သို့) ကိုယ့်ပေါင်ကိုယ် လှန်ထောင်းခြင်း


“ငိုချင်ရက် လက်တို့” ဆိုတာရှိတယ်ဗျ။ မနေ့က အစ်မအဖြူရောင်ရဲ့ blog ကိုရောက်သွားတော့ “အချစ်ဆိုသည်မှာ….” တဲ့။ အချစ်ဆိုတာဘာလဲ?  အဟဲ… ပြောချင်နေတာကြာပြီ။ ပြောစရာအကွက်ရှာမတွေ့သေးလို့..။ အစ်မအဖြူရောင်ကတော့ tag တာမဟုတ်ပါဘူး..။ ကောမန့်ထဲမှာပဲ ဖြေခိုင်းတာလေ..ဒါပေမယ့် သိတယ်မဟုတ်လား ဒီကောင်က ဆားကျင်းလိုက်ရှာနေတဲ့သူဆိုတော့ ဒီအခွင့်အရေးမျိုး ဘယ်လက်လွတ်ခံလိမ့်မလဲ..။ အချစ်ဆိုတာ…..ဟီး ပြောရမှာရှက်တော့ရှက်သားဗျ။ ချစ်တာလားဘာလားတော့ မသိဘူးပေါ့လေ။ သူစိမ်းမိန်းကလေးတစ်ယောက်ကို “ချစ်တယ်” လို့  ပထမဆုံးပြောဖူးတာ ၄တန်းကျောင်းသားဘ၀မှာဗျ (စောလှချည်လားပြောနဲ့နော် ဒါတောင် ၂ တန်းတုန်းက “နင့်အမေကို ယောက္ခမတော်ချင်တယ်”ဆိုတာကို စာရင်းထဲမထည့်သေးဘူး) ၂ တန်းကတည်းက အဲဒီကောင်မလေးကိုပဲ ကလေးချစ်ဆိုဆို၊ ဘာဆိုဆို ချစ်ခဲ့တာ..။ ၄တန်းရောက်တော့လည်း သူ့ကိုပဲ သူ့ကိုပဲ ရည်းစားစကားပြောခဲ့တာ။ ခုပြန်တွေးကြည့်တော့ ဘာလို့ပြောမိမှန်း၊ ဘယ်လိုပြောမိမှန်းတောင် သေချာမမှတ်မိတော့ဘူး။ သူ့ကိုတောင် ခုနေပြန်ပြောရင် မှတ်မိချင်မှ မှတ်မိမှာ။ ၄တန်းပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းတတွေ အထက်တန်းကျောင်းကို ပြောင်းပြီး ၅ တန်းတက်ရတယ်။ စိတ်ကစားဖို့ စိတ်ဝင်စားကာစ အချိန်မှာ ဘာလဲတော့ သိဘူးပေါ့လေ။ ထားပါတော့ အဲဒီတုန်းက အချစ်လို့ ပဲခေါင်းစဉ်တပ်ခဲ့တာဆိုတော့ ခုလည်း အချစ်လို့ပဲ ဆိုကြပါစို့..။ ဒီနေရာမှာ တစ်ခုဖြတ်ပြောချင်တာက ကျွန်တော်က သုံးတန်းလောက်ကတည်းက “ပြန်/ဆက်” လို့ခေါ်တဲ့ ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆ်ံရေးက ဖွင့်ထားတဲ့ စာကြည့်တိုက်မှာ စာတွေနင်းကန်ဖတ်နေပါပြီ…ဟီး ပုံပြင်တွေပြောပါတယ်။ နောက်ကိုယ့်ဆိုင်လည်းရှိတော့ ကာတွန်းတွေ၊ ရုပ်ပြတွေ ဘာတွေလည်း ဖတ်ပါတယ်။ အဓိက ပြောချင်တာကတော့ ကျွန်တော် ငါးတန်းအရွယ်မှာ ၀တ္ထုတွေကောင်းကောင်းဖတ်နေပြီ၊ စွဲလည်း စွဲနေပြီလို့ပြောရမယ်။ ကျောင်းမှာလည်း စာသင်ချိန်မှာ လစ်ရင် လစ်သလို ခိုးဖတ်ပါတယ်။ မှတ်မှတ်ရရ စာမေးပွဲခန်းထဲတောင် ခိုးဖတ်ဖူးသေး…။ အဲဒီလိုမျိုး တာရာမင်းဝေ၊ မင်းလူ၊ မောင်လှမျိုး၊ လွန်းထားထား၊ တက္ကသိုလ်ဘုန်းနိုင်၊ မင်းခိုက်စိုးစံ၊ အစုံပါပဲလေ ၀တ္ထုတွေ နင်းကန်ဖတ်ပြီး စိတ်ကူးတွေဇွတ်ယဉ်၊ ခပ်တည်တည်နဲ့ “အချစ်”ဆိုပြီး ခေါင်းစဉ်တပ် အဲဒီကောင်မလေးကို ကျကျနန ချစ်ဖို့ ပြင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ခပ်တည်တည်ကြီး လုပ်လုပ် ကလေးလုပ်တာဆိုတော့ သိတယ်မဟုတ်လား… မုန့်ဝယ်ကျွေးတယ်၊ ဘောပင်တို့ ခဲတံတို့ လက်ဆောင်ပေးတယ်၊ အံမယ် ဆိုင်မှာ သူစာအုပ်လာငှားလို့ကတော့ ပိုက်ဆံကိုမယူဘူး… အဲ့လိုချစ်တာ။ နောက်ကျောင်းခန်းထဲကို မှန်တစ်ချပ်ထည့်သွားတာမှတ်မိသေးတယ်။ မှန်ကို စာရေးခုံပေါ် ထောင်ပြီး ညာဘက်မှာရှိတဲ့ မိန်းကလေး Roll ထဲက သူ့ပုံလေးကို ခိုးခိုးကြည့်ရတာ..။ အဲဒီတုန်းကတော့ ကိုယ့်ကိုယ်ကို ရိုမက်တစ်တယ်ဆန်တဲ့ ငါဘာလားပေါ့.. ခုချိန်ပြန်ကြည့်တော့ တော်တော်ပေါတဲ့ ငါပါလားဖြစ်သွားတယ်။ တခါတလေတော့လည်း အချစ်ဆိုတာ ပေါတောတောကြီးပါပဲဗျာ…။ နောက် ၆ တန်းနှစ်ရောက်တော့ စာမေးပွဲနောက်ဆုံးနေ့မှာ သူက ပြောတယ်။ ငါတဲ့ ရန်ကုန်ကို ပြောင်းရတော့မယ်တယ်တဲ့။ အဟဲ…အသည်းကွဲခန်းပေါ့ဗျာ… ကဗျာတော့ မဆန်ဘူးပေါ့လေ.. ကျောင်းပိတ်ခါနီး နွေရာသီကြီးမှာ ကွင်းခေါင်ခေါင်မှာ ပြောတာလေ.. ခက်ဘူးလားဗျာ။ မောင်သိန်းဇော်ရဲ့ အပူသည်ကဗျာထဲက လိုတကယ်ဖြစ်သွားတာ။ ရေတံခွန်အောက်ဝင်လည်း အပိုပဲ… ဘာညာပေါ့။ အဲဒီညနေမှာပဲ ဘူတာတွေဘာတွေလိုက်ပို့လိုက်သေးတယ်။ နောက်မိုးကလည်း ချုပ်လာရော “အင်း…ကျောင်းဆင်းပြီးကတည်းက အိမ်ပြန်မရောက်သေးတာ မိုးချုပ်တဲ့အထိ၊ ရထားထွက်တဲ့အထိဆို ငါတော့ ဆူခံထိတော့မယ်ပေါ့.. နေကလည်း နေချင်သေးတယ်။ ရထားပေါ်တက်သွားတာလေးကြည့် ရထားထွက်သွားတော့ လက်ပြပြီး ငိုကျန်ခဲ့…အဲလိုလေး စိတ်ကူးယဉ်ပြီး ၀တ္ထုထဲက ဇာတ်လိုက်လိုလေး လုပ်လိုက်ချင်သေးတာ။ ဒါပေမယ့် အဆူခံရမယ့်ကိန်းမြင်တော့ နောက်တစ်နည်း ပြောင်းလိုက်တယ်..။ မဖြစ်ဘူးပေါ့.. သူထွက်သွားတာကို ကြည့်ဖို့ ငါ့နှလုံးသားက မခံနိုင်ဘူး၊ လက်ပြနှုတ်ဆက်ဖို့ ငါ့မှာ အင်အားမရှိဘူးပေါ့ .. Never say Goodbye တွေဘာတွေ တွေးပစ်တာ..။ အဲ့ဒီတုန်းကတော့ ဟုတ်လှချည်လားပေါ့။ ခုနေပြန်စဉ်းစားတော့ ဆူခံရမှာစိုးလို့ ဖြစ်နေတာကိုး….။ သူ့ဆီကို စာတွေရေး…ဖုန်းတွေဆက် (ဖုန်းနံပါတ်ရဖို့တောင် သူငယ်ချင်းတွေကို ၀က်သားဒုတ်ထိုး လိုက်ကျွေးရသေး..ဟေးဟေးး) စာပို့ရင်လည်း ရလာတဲ့ ဖြတ်ပိုင်းလေးတွေကို သိမ်းထား..။ သူ့မွေးနေ့ဆိုလည်း လက်ဆောင်တွေပို့၊ နောက်သူ့လက်ရေးလေးတွေတွေ့ရင် သိမ်းထား။ မှတ်မှတ်ရရ သမ္ဗန္ဓအကြောင်း ရေးထားတဲ့ စာရွက်လေး ကျွန်တော့်ဆီမှာရှိတယ်။ နောက်ပြောဖို့မေ့သွားလို့ သူသွားကာနီး ဓါတ်ပုံလေးတစ်ပုံပေးသွားသေးတယ်။ ညညဆို ဓါတ်ပုံလေးကြည့်ပြီးငို… (ဟီး..ပြောရင်းရှက်လာပြီ) နောက်တော်တော် ရူးတာပြောဦးမယ်။ မနက်မနက်ဆို နှင်းဆီပန်းတွေ ဆယ်ပွင့် အပွင့်နှစ်ဆယ်လောက်ဝယ်ပြီး ချောင်းရေထဲမှာ သွားသွားမျှောတာ.. ရင်ထဲက အချစ်စကား ချစ်သူကြားပါစေ..ဘာညာပေါ့..။ တစ်နေ့ကျတော့ အဖေက အလုပ်ကိစ္စနဲ့ ရန်ကုန်သွားဖို့ပေါ်လာပါရော…။ ရန်ကုန်ဆိုတော့ ငါလိုက်သွားရင်တော့ သူနဲ့တွေ့ရမှာပဲပေါ့။ အဖေ့ကို ပူဆာတယ်။ ကျွန်တော်လည်းလိုက်မယ်ဆိုပြီးတော့။ အဖေက မခေါ်ဘူး။ အဲဒါနဲ့ အစာငတ်ခံဆန္ဒပြတယ်… ( ဘယ်က ဘယ်လို စိတ်ကူးရတယ်တော့ မဆိုနိုင်ဘူး..) အစာငတ်ခံဆန္ဒပြတာ အောင်မြင်လား မအောင်မြင်ဘူးလားဆိုတော့ နှစ်နပ်လောက်ပဲ အငတ်ခံလိုက်ရသေးတယ်။ ရိုက်ခံထိပြီး အဖေနဲ့ အမေက အတင်းချုပ်ပြီး ထမင်းခွံ့ကျွေးလိုက်တယ်။ ပြီးရော..မလိုက်လိုက်ရဘူး။ ရန်ကုန်ရောက်တော့လည်း တွေ့မှာကျလို့….. ရူးပုံများပြောပါတယ်။ အော်..ဒီလိုနဲ့ ဆယ်တန်းရောက်လာတော့ ကဗျာတွေဘာတွေရေးလာတယ်။ သူ့အတွက်လေ…။ နေဦး အဲလိုတွေလုပ်နေလို့ အတိအလင်းကြီး ကြိုက်နေတယ်မထင်နဲ့နော်.. ၄တန်းနှစ်တုန်းက ပြောပြီးနောက်ပိုင်း သူ့ကို ရည်းစားစကားကို မပြောရဲဘူး..။ သူငယ်ချင်းချစ်သူဆိုတော့ သူစိတ်ဆိုးပြီး သူငယ်ချင်းလိုတောင် ဆက်မခေါ်တော့မှာ စိုးတာနဲ့ နည်းနည်းလေးတောင် မပြောရဲဘူး…။ ဆယ်တန်းဖြေပြီးတော့ ရန်ကုန်ကို သွားလည်ပါတယ်။ အဲဒီတော့ တွေ့တာပေါ့။ မတွေ့ပဲလည်း မနေဘူးလည်း သူ့အိမ်ကိုသွားတာကိုး…။ တွေ့တော့လည်း ဘာမှမပြောရဲပါဘူးဗျာ.. “မင်းနဲ့ ငါ့ရဲ့ကြား အုံ့ပုန်းအချစ်တွေ…” ဘာညာပေါ့။ ဒါပေမယ့် ပိုချစ်လာသလိုပဲ ငယ်တုန်းကထက်ကို။ ငယ်တုန်းက သူ့ကို အရမ်းလှတယ်ထင်တာ.. ကြီးမှပြန်တွေ့တော့ အဲလောက်မဟုတ်ဘူးဗျ။ ဒါပေမယ့် သိတယ်မဟုတ်လား။ အချစ်စစ်ဆိုတာ လှတာမလှတာနဲ့ မဆိုင်ဘူး၊ ကိုယ့်ချစ်သူသာ အလှဆုံး ဆိုပြီး ကိုယ့်မျက်စိကိုယ် ဇွတ်အတင်းကြီး လိမ်ခိုင်းထားလိုက်တာပေါ့..။ တကယ်က ဘာသိတာမှတ်လို့ အချစ်စစ်တွေ ဘာတွေ..။ နောက် ကျောင်းအတွက် ၀င်ခွင့်လာဖြေသေးတယ်။ အဲဒီမှာ သူငယ်ချင်းတွေနဲ့ ဘီယာသောက်ကြရင်းနဲ့ သူတို့တတွေက သူ့ရည်းစားကိုယ့်ရည်းစား ဖုန်းဆက်ကြရော.. ကိုယ့်ကို ၀မ်းနည်းတာကော၊ မူးနေတာကောပေါင်းပြီး သူ့ဆီကို ဖုန်းခေါ်ပြီး “နင့်ကိုငါချစ်တယ်” လို့ ပြောလိုက်တာ။ ဖုန်းတစ်ခါတည်း ချသွားတယ်..ဟီး။ အဲဒီစကားပြောလည်း ပြောပြီးရော အမူးလည်း ပြောရောပဲ။ အမူးလည်း ပြေရော နောင်တရတော့တာပဲ။ သွားပြီ.. ငါတော့မှားပြီ ဆိုပြီးတော့။ နောက်မန္တလေးပြန်ရောက် သူငယ်ချင်းတွေက အဲ့လောက်ဖြစ်ပျက်မနေနဲ့ ဘာညာ အားပေးကြပါတယ်။ နောက်ကျွန်တော်က ဖုန်းမဆက်ရဲဘူးဆိုတော့ သူတို့ပဲ ခေါ်ပြီး ၀ိုင်းပြောပေးကြတာ..။ ဒါပေမယ့် ချစ်တဲ့ ကြိုက်တဲ့ အကြောင်း နည်းနည်းလေးတောင် စကားအစမခံဘူးဗျ။ ဖုန်းချပစ်လိုက်မယ်ချည်းပဲ ခြိမ်းခြောက်နေတာ…။ နောက်ကျောင်းတက်ရတော့လည်း သူ့ဆီဖုန်းဆက်တုန်း မွေးနေ့မှာ လက်ဆောင်တွေပေးတုန်း။ ကျောင်းမှာ သုံးလလောက် ကျောင်းတွင်းအောင်းရစဉ်က သူ့အတွက် ကဗျာရှည်ကြီး တစ်ပုဒ်ရေးဖြစ်တယ်။ ဆရာတာရာမင်းဝေရဲ့ မီးတောက်ရစ်သမ်ကို အားကျပြီးရေးတာ။ အဲဒါကြီးကို ကွန်ပျူတာစာစီ၊ ကဗျာစာအုပ်လုပ်ခိုင်းပြီး သူ့ဆီပို့လိုက်တယ်။ ပရိသတ်တုန့်ပြန်ချက်က လန်းတယ်။ ငါက အဲ့ဒါမျိုးတွေမဖတ်တတ်ဘူးတဲ့…။ ပိုးစိုးပက်စက် အောင်မြင်တဲ့ ကဗျာစာအုပ်လေးပေါ့။ နောက်ဒီရောက်လာတော့လည်း သူ့ဆီကို ဖုန်းတွေဆက်တယ်။ စာတွေရေးတယ်။ ဒါပေမယ့် ဇာတ်က ဇာတ်မျှောကြီး ဖြစ်သွားရော…။ ခုထိတော့လည်း သူ့ကို ချစ်နေတုန်းပဲ။ ဒါပေမယ့် အသက်လေးက နည်းနည်းရလာ လို့လားတော့ မသိဘူး ငယ်ငယ်တုန်းကလောက် မရူးသွပ်တော့သလိုပဲ။ အချစ်အပေါ်တောင် အယုံအကြည်နည်းလာတယ်။ “အလျားအနံမရှိပေမယ့်၊ အသွားအပြန်ရှိတယ်” ဆိုတာတွေလည်း မယုံချင်တော့ဘူး။ ငယ်ငယ်က အရမ်းရူးသွပ်ခဲ့လို့များ၊ အရမ်းခံစားခဲ့လို့များ ခုငြီးငွေ့သွားတာလား.. ဘယ်သူနဲ့ ဘယ်သူကတော့ ဘယ်လောက်ချစ်ကြတာဆိုတာမျိုးတွေ ကြားလာ၊တွေ့လာရင်လည်း အလကားပါကွာဆိုတဲ့ အတွေးမျိုး ၀င်လာမိတယ်။
တကယ်တော့ အချစ်ဆိုတာကြီးက ဘာကြီးမှန်းကိုမသိပါဘူးဗျာ..။ ချစ်သူများနေ့အမှတ်တရအဖြစ် အချစ်ကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းရတာ သိပ်တော့ အထာမကျသလိုပဲ..ဒါပေမယ့် ဒီလိုပဲ ရှိပါစေတော့..။ ကျွန်တော်ကတော့ မယုံတော့ဘူး…။

11 comments:

Anonymous said...

ဟားဟား ခုခေတ်ကလေးတွေများ တော်တော်ခက်သကိုး....

ညီက အချစ်မဟုတ်တဲ့အချစ်အကြောင်းကို ငယ်ငယ်လေးထဲက သိခဲ့ပြီးပြီဆိုတော့
အားလုံးထက်သာပါတယ်..

ကဲ စဉ်းစားကြည့်လေ .. စောစောသိခဲ့တော့ ခုဆိုပိုတွေးတတ်လာမှာပေါ့ ...
တကယ်တော့ အချစ်ဆိုတာ ဘာမှန်းမသိတာကိုက အချစ်ပါလေ...
ဘ၀မှာအရေးကြီးပါတယ်...ဒါပေမယ့် မရှိမဖြစ်လိုအပ်တာတော့ မဟုတ်ဘူး...

ချီးယားစ် ခဲ့လို့ကျေးဇူး... ဖန်ခွက်တလုံးပိုဆောင်ထားလိုက်မယ်..း)

ခင်တဲ့
ညရဲ့ကောင်းကင်

တောင်ရေး မြောက်ရေး စာစုများ said...

ခက်ပြီ။ ကိုယ့် အတွေ့အကြုံနဲ့ ကိုယ်တော့ မှန်ကြတာ ကြည့်ပဲတဲ့။ စကားပုံတစ်ခုတော့ ကြားဖူးတယ်ဗျ။
Something is wrong when love is true.
တဲ့။

အဖြူရောင်နတ်သမီး said...

ငါ့ မောင်က ဘဝ စာမျက်နှာ “စ”အဖွင့်မှာတင် ကိုယ့်ကို မချစ်တဲ့သူနဲ့တွေ့ခဲ့တာကိုး...
အချစ်ဆိုတာ...ကိုင်တွယ် ခံစားတတ်ရင် ပျားဖုယောင်းလိုပျော့ပြောင်းပြီး...
နည်းနည်းလေး လမ်းချော်သွားတာနဲ့ အဆိပ်ဖြစ်သွားတတ်တဲ့အရာပါပဲ....။

ဒဏ္ဍာရီ said...

အဲ..... တော်ချက်.. စတာနဲ့ လွဲတော့တာပဲနော်။း)
အမှန်တော့ မေတ္တာဆိုတာ အတိမ်အနက်ပေါ် မူတည်ပြီး ရောင်ပြန်ဟတ်ပါတယ် မောင်လေးရယ်။ အချစ်ကို မယုံကြည်တဲ့ ထဲမှာ မမလည်းပါတယ်။ အားမငယ်နဲ့ အဖေါ်ရှိတယ်။

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

ညီလေး...
မညာနဲ့....
မင်းသူ့ကိုချစ်နေသေးတာလေးတွေက စာထဲမှာတွေ့နေတယ်....။
အစ်ကို့ကိုတော့ ညာလို့မရဘူးနော်....
ဒါမျိုးတွေက ကိုယ်တို့တွေကဖြစ်လာတာလေ....ဟား...ဟား...
(အချစ်ဆိုတာ.... အသွားအပြန်ညီမျှမှ လှပတဲ့ အရာတစ်ခုပါပဲ အစ်ကို့အတွက်ကတော့လေ....)
ခင်မင်တဲ့
ဏီလင်းညို

မိုးစက်အိမ် said...

ညီလေးရေ ဒါကတော့သူနဲ့ ကွဲကွာသွားရတဲ့  အခြေအနေ
အပိုင်းအခြားလေးတွေကြောင့်လည်းပါမှာပါ ပြီးတော့ခါက ကိုယ်
နဲ့ သူက အမြဲလည်း ( အခုထိ ) တွေ့ နေရဖို့ မလွယ်ဘူး
လေ . . . တစ်ခုရှိတာက သူ့ ဘ၀မှာရင်ခုန်ရမဲ့ သူက
တွေ့ ထားလို့ များလား . . . တကယ်လို့ သာသူ့ ဘ၀မှာ
အလိုလူမရှိသေးဘူးဆိုရင်တော့ ငါ့ညီဟာ သူ့ ရင်ထဲမှာ
သေချာပေါက်ရှိနေမှာပါ . . . မိန်းကလေးသဘာဝက
တော့ရှက်မှာပေါ့ကွာ ဒါကိုညီကလက်လျော့ရင်တော့
ညီကျန်ခဲ့မှာပေါ့ . . . ဘာဘဲဖြစ်ဖြစ် ဆက်လုပ်ပါညီလေး
ရေအားပေးနေမယ် ဆက်သာဆက်ကွာ ( ဝေးနေရင်လည်းဖုန်း
ဆက်ဖို့ ပြောတာပါ ) အားပေးတယ်ကိုယ့်ညီရေ :)

လင်းကြယ်ဖြူ said...

အချစ်ဆိုတာပူလောင်တဲ့ မီးတောက်ငယ်တစ်ခု
ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါအခု
မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တစ်ခု
၅၂၈ ထက်ပိုရင် အပူမီးတွေစု....း )
အနိုင် ဆိုခဲ့တဲ့ သီချင်းလေး သတိရမိသွားလို့ပါ...
ပျော်ပါစေခင်ဗျာ
*.*.*

နွေဆူးလင်္ကာ said...

အချစ်ဆိုတာ ယုံကြည်စရာ မဟုတ်ပါဘူးဗျာ။ အချစ်ဆိုတာ တချို့လူတွေ ကစားတဲ့ ဖဲချပ်လေးတွေပဲ။

မြတ်မွန် said...

အချစ်ဆိုတာ ပူလောင်ခြင်းလို့ပဲ မှတ်ယူတယ် ဝေလင်းရေ..။

Theingarra said...

ဒီလိုပါပဲ ကိုဝေလင်းရေ ...

ငယ်ဘ၀တုန်းက စိတ်ကူးစိတ်သန်းတချို့ဟာ

နှစ်ကာလတွေ ကြာလာလေတော့ ပြန်တွေးကြည့်ရင်

အဲလို အဲလို ပြုံးချင်စရာတွေ ဖြစ်တတ်တာမျိုး :D :D

Theingarra said...

ဒီလိုပါပဲ ကိုဝေလင်းရေ ...

ငယ်ဘ၀တုန်းက စိတ်ကူးစိတ်သန်းတချို့ဟာ

နှစ်ကာလတွေ ကြာလာလေတော့ ပြန်တွေးကြည့်ရင်

အဲလို အဲလို ပြုံးချင်စရာတွေ ဖြစ်တတ်တာမျိုး :D :D