Tuesday, March 2, 2010

ဖြတ်သန်းသွားလာခွင့်မပြု..


ကြယ်တွေ ငါ့အိမ်ခေါင်မိုးပေါ်လာလာကြွေတိုင်း ငါအိပ်မက်ဆန်းတွေမက်တာ မဆန်းပါဘူး။ ဒီနှစ်လည်း တံခါးဖွင့်ရုံနဲ့ နှင်းတွေ အိမ်ထဲဝင်လာပြန်ပြီ။ ဒီနေ့ဟာ တနင်္ဂနွေနေ့တွေထဲက တနင်္ဂနွေနေ့တစ်နေ့၊ မေ့လို့မရ မုန်းလို့မရခဲ့တာတွေက ဘယ်သူတွေလဲ၊ ဘာတွေလဲ…?
ခါးသီးနာကျင်မှုနဲ့သာ ခရီးသွားခဲ့ရသူ လူငယ်တစ်ယောက် သူ့သမိုင်းသူခွဲစိတ်မိတိုင်း မငိုမိအောင် ထိန်းချုပ်ရင်းက အလိုလို စီးကျလာတဲ့မျက်ရည်များ… ဘယ်သူများသနားမလဲကွယ်။ မလိုအပ်သူတစ်ယောက်အတွက် ပေးဆပ်မိတဲ့အခါ တန်ဖိုးတွေ ပျက်ပြယ်သွားရတယ်။ တစ်ပွင့်တည်းပွင့်မယ့်ပန်းကိုမှ ထိကပါးရိကပါး လောင်းရိပ်က မကြာခဏ လာကျရတယ်။ အလင်းရောင်ကို အသည်းနှလုံးနဲ့ မကိုင်မိသမျှ ရေတွေ နောက်နေရဦးမှာ။ အိုကွယ်… အပြင်းထန်ဆုံးဝေဒနာတွေနဲ့ သူ့ချစ်ခြင်းဟာ ဗုံးအကျဲခံခဲ့ရ။ မေးမိတယ် “ သေခြင်းကို ရှူရှိုက်တဲ့နံရံပေါ် ငါ့ကိုဘယ်သူရေးဆွဲသလဲ..?” အုံ့ပုန်းချစ်သီချင်းကို မဆိုချင်ပဲဆိုရတာ ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို ကိုက်မျိုထားရသလိုပါပဲ။
“အလိုမပြည့်ခြင်းဖြင့် ဘ၀ကို ဖက်တွယ်ထားရဲသူများအား သူရဲကောင်းဟုခေါ်ဆိုပါဘိ” ဤသို့ဆိုသော် သူ့အား သူရဲကောင်းဟုခေါ်ပါ။ အချစ်ဆိုတာ နေနဲ့လမှာ ပန်းဘာသာနဲ့ ရေးထိုးထားတဲ့ အလျှို့ဝှက်ဆုံး အက္ခရာတစ်လုံးပါပဲ။ ဒီကောင်သာ မိုက်ကန်းရဲတင်း မမြင်မချင်း ဖတ်ချင်ခဲ့မိတယ်။ ချစ်တတ်လာတဲ့အခါ ဗန်ဂိုးနားရွက် ဖြတ်မှမဟုတ်ဘူး အားလုံးအရူးပဲဖြစ်ပါတယ်။ ဖရိုဖရဲဖြစ်မှုမှာ အလှတရားရှာတွေ့နိုင်မလား သို့မဟုတ် ဂီတမှာ အသံရှိရဲ့လား။ “ဘ၀မှာလေပြေကိုချည်း မျှော်လင့်စရာမလိုဘူး၊ မုန်တိုင်းမှာလည်း အောက်စီဂျင်ပါတယ်”တဲ့။ ဒါဆိုအချစ်ကရော မုန်တိုင်းကပေးတဲ့ အောက်စီဂျင်လား…? တစ်ခါတစ်လေ သက်ပြင်းတွေနဲ့ အမှောင်ကျသွားတဲ့ ပတ်ဝန်းကျင်လေထုထဲမှာ မျှော်လင့်ချက်တွေ ပျောက်ရှတတ်တာ အဆန်းတော့ မဟုတ်ပါဘူး။ ရေကန်က အသင့်ဖြစ်နေပြီလေ.. ကြာတွေက မပွင့်သေးတာပါ။
တကယ်တော့ ငါက ရနံ့ငတ်လို့ ပန်းခင်းထဲလဲသေနေတဲ့ ဓါးပေါ့။ ရနံ့ဝင်နေတဲ့ အဖျားငွေ့ငွေ့တွေက ငါ့တံခါးပေါက်ကို တဒေါက်ဒေါက်ခေါက်လို့။ ဘာကြောင့်များ အထီးကျန်ပြိုကွဲ ဆွေးမြေ့နေရပါလိမ့်..? လိုအပ်တာထက် ပိုမိုရိုးသားခဲ့လို့များလား…? ဖြစ်နိုင်ရင် ငါ့အသက်ကြိုးမျှင်တွေကို ရက်စက်စွာ ဖြတ်ခုတ်ကြိုးလုပ် သူ့ကိုယ်ရည်သွေးသီချင်းတစ်ပုဒ်ကို တီးခတ်ပေးချင်ခဲ့တာ..။ ဖြစ်ချင်တော့ တစ်နေ့ချင်း နောက်ကျလာလိုက်တာ ရောက်ဖို့နောက်ကျနေတဲ့ တနင်္ဂနွေတွေ.. ဘယ်သူကရော တနင်္ဂနွေနဲ့တိုင်းပြီး ၀တ်ရည်တစ်ကိုင်း ချိုးပေးဦးမှာလဲ…။ ဆွဲဖွင့်ခွင့်မရတဲ့ ရင်ခွင်ထဲက စကားလုံးများစွာ၊ ရေးခွင့်မရခဲ့သော ပန်းပုရပိုက်များစွာ.. ကြယ်ကြွေလင်္ကာပေါင်းများစွာ… “ကြယ်တွေစုံတဲ့ည” ဗန်ဂိုးမှမဆွဲရသေးတာ ပန်းအိုးထဲက နေကြာတွေလည်း မပွင့်သေးဘူးပေါ့။ ဖြစ်ချင်တော့ လမ်းသွယ်လေးရဲ့ အဆုံးမှာ ရွာရှိမနေ။ ငါ့ရဲ့ ကမ္ဘာဦးကျမ်းထဲက နံရိုးလေးရေ.. ဘယ်လိုများစီးဆင်းနေလဲ။ သံယောဇဉ်ဆိုတာ အရောဝင်ဖို့မကောင်းတဲ့ ခွေးကလေးပါပဲလေ…။ နာတတ်ရင်တော့ နာပေါ့။ စိတ်ကူးတွေနှေးကွေးလာသရွေ့ ဤခရီးဝေး.. ဝေး…။ ဒါပေမယ့်ကွယ် အဝေးကြီးကို ရွေ့လျားချင်မှတော့ လမ်းတို့ရဲ့ အလျားကိုလည်း ရင်ဆိုင်ရဲရမှာပေါ့။
ချစ်ခြင်းကို အသက်သွင်းဖို့ကြိုးစားတဲ့အခါ ရှင်သန်ခြင်းတွေအားလုံး နောက်ကျကုန်တယ်။ ဆုံတွေ့ခွင့်ရတဲ့ အချိန်လေးတွေကို မကုန်ဆုံးတော့မယ့်ပုံစံမျိုးနဲ့ သိမ်းဆည်းဖက်တွယ် နေရော လရော ကွယ်တယ်။ သူ့နာကျင်မှုအတွက် စောင့်စည်းထိန်းချုပ်ရင်း ကိုယ့်နာကျင်မှု ဖြစ်မှန်းမသိ ဖြစ်ခဲ့။ လေပြေလေညှင်းကို ဓါးအိမ်ထဲက ထုတ်ဖို့ အားအင်ကျန်သေးရဲ့လား မသေချာ.. အချစ်ရေ တံခါးဖွင့်ပါဦးကွယ်။ ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ… ဒီကကောင်မှာသာ ပူလောင်မှုတွေနဲ့ ရင်ဆိုင်အငွေ့ပျံတက် ရွာရန်ရာနှုန်းက တိမ်အသင့်တင့် ဖြစ်ထွန်းမည်တဲ့။ တချို့ကတော့ နှစ်သိမ့်ကြတယ် “နှင်းဆီတွေမှ မဖူးပွင့်တော့ပဲ၊ မေ့ထားလိုက်ပါတော့ ကလေးရယ်” တဲ့။ ကျွန်တော်က ပန်းကိုချစ်ခဲ့တာမှမဟုတ်တာ ပန်းပျိုးသူ ဥယျာဉ်မှူးကို ချစ်ခဲ့တာပါ။ ဘယ်ဘုရားကမှ မမြင်ခဲ့ဘူးဆိုရင်လည်း ရှိစေတော့။ မျှော်လင့်ထားတာတွေ ပျက်စီးလွယ်တဲ့ဘ၀မှာ မပျော်ရွှင်မှုကို ဘယ်ဖုန်းနံပါတ်ဆက်ပြီး တိုင်ရမှာတဲ့လဲ…? မမြင်ဘူးလား… စည်းဘောင်နဲ့.. အကန့်အသတ်နဲ့… အကာအရံနဲ့… ပိုင်နက်ကို မျက်စပစ်တာလည်း ပြစ်မှုတစ်ခုကို မသမာမှုနဲ့ကျူးလွန်နေတာပဲ။ ဟူး…….။
ဝမ်းနည်းခြင်းက မျက်ဝန်းပြာလဲ့ စမ်းချောင်းကလေး…..
အလွမ်းက ကိုယ့်အရိုးနဲ့ ကိုယ်ပြန်ထိုးနေတဲ့ ဒဏ်ရာတွေရဲ့ ခြေအစုံ…
မေ့ချင်ယောင်ဆောင်ထားတဲ့ နေ့ညတွေမှာ တကယ်တော့ ဆောင်းဆိုတာလည်း ငါ့အတွက်တော့ ကန္တာရထဲက နွေတစ်ခုလိုပါပဲ…။ ငါ့နှလုံးသားတစ်ပြသာသာမှာ နင့်လည်တိုင်လေးတစ်ပြန်စာ၊ မြန်ချင်မြန် နှေးချင်နှေး သံသရာတစ်ကွေ့မှာ ထိရှခွင့်ကိုမျှော် ငါ့ဂီတနဲ့ငါပျော်ခဲ့ရ…။ တစ်ခါတစ်လေတော့လည်း မြစ်ဘေးက သစ်ပင်လို သူများတွေစီးဆင်းနေတာကိုပဲ ငေးကြည့်ချင်နေရဲ့…..။
ကြာ….လိုက်….တာ… အလင်းတွေ အသက်ရှူနေလိုက်ပုံက (ဒါနဲ့ပဲ) သူမရဲ့အပြုံးကို မြင်ရဖို့ နောက်ကျခဲ့ပြန်ရော…..။

Note: ကဗျာတွေဖတ်ရင်း မွှေရင်းနောက်ရင်း မောင်ချောနွယ်၊ မိုဃ်းဇော်၊ ခိုင်မြဲကျော်စွာ၊ ဖော်ဝေး၊ စံငြိမ်းဦး၊ မောင်ယုပိုင်၊ မောင်သိမ်းဇော်၊ ငုအိမ်ထက်မြက်၊ ပိုင်စိုးဝေ၊ မင်းထက်မောင်၊ တိုးနှောင်မိုး၊ အောင်ချိမ့်၊ ခ၇မ်းပြာထက်ကလူ၊ နွယ်စိမ်းဝေ၊ ဆောင်းယွန်းလ၊ သုခမိန်လှိုင်၊ ဥတ္တရာအောင်၊ တာရာမင်းဝေ၊ မနော်ဟရီ၊ Zephyr ၊ ဟိန်းမြတ်ဇော်၊ မင်းခိုက်စိုးစံ တို့ရဲ့ကဗျာတွေကို စကားပြေ Collage တစ်ပုဒ်ရေးမိပါတယ်။ ကိုယ့်ကဗျာထဲက စာသားတွေလည်း ပါပါတယ်။ စရေးတာကတော့ ကြာနေပါပြီ။ အပြီးမသတ်နိုင်ဘူးဖြစ်နေတာ။ တစ်စုံတစ်ခုသော ခံစားချက်ကို ရည်ညွှန်းပြချင်တာပါ။ လောလောလတ်လတ်ခံစားနေရတဲ့ ဒဏ်ရာလေးတစ်ခုပေါ့။ ကိုယ့်ညံ့ဖျင်းမှုကြောင့် မပေါ်လွင်ဘူးဆိုလည်း ၀မ်းနည်းမိမှာပါပဲ။ ကိုယ်တိုင်ပြန်ဖတ်ကြည့်တော့လည်း ရည်ညွန်းချင်တာ မပေါ်လွင်သလိုပါပဲ။ေ၀၀ါးနေတယ်။ မူရင်းခံစားချက်ကိုက ခပ်ဝါးဝါးမို့လည်း ဖြစ်နိုင်ပါတယ်။ တချို့ကဗျာစာသားတွေကို ယူသုံးတဲ့အခါမှာလည်း မူရင်းစာရေးသူကို အားနာမိပါတယ်။ သိပ်လှပတဲ့ တွေးလုံးလေးတွေ ကိုယ့်လက်ထဲမှာပျက်သွားလို့။ ဘာပဲပြောပြော ဒီ collage လေးကိုရေးမိတဲ့အတွက် ကျေနပ်ပါတယ်။ Online မရောက်ဖြစ်တဲ့ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သမျှ စိတ်ချမ်းသာအောင် နေဖြစ်နေပါတယ်။ ဘာသာစကားကိုလည်း ပိုလေ့လာဖြစ်တယ်။ ကာတွန်းကားကြည့်လိုက် ကလေးစာလေးတွေဖတ်လိုက်၊ လည်လိုက်ပတ်လိုက်နဲ့ ကလေးပြန်လုပ်နေမိတယ်။ တတ်နိုင်သမျှပေါ့ပေါ့ပါးပါး နေချင်နေပါတယ်။
ကျေးဇူးတင်ပါတယ်
ဝေလင်း

5 comments:

မိုးခါး said...

း)
လွမ်းလွမ်းဆွေးဆွေး တမ်းတမ်းတတ ပါပဲး))

noblemoe said...

လွမ်းရင်း လွမ်းလျှက် လွမ်းချက် ထိနာဆဲပေါ့ လေ
ကဲပါလေ အုံ့ ပုန်းချစ် ရွှေရည်စိမ်ထားတဲ့ ဗုံးက လွတ်မြောက်ပါစေတောာ်းp
သာယာချမ်းမြေ့ပါစေနော်
မိုး

ချစ်ကြည်အေး said...

အမလည်း ဝေဝေ ဝါးဝါး ခံစားသွားတယ်...၊ အမက အဲလောက် မတွေးတတ်ဘူး...တစုံတယောက်ကို လွမ်းနေမှန်းတော့ သိသလိုလိုပဲ...:))

ကိုလူထွေး said...

(မတွေ့တာတောင် အတော်ကြာပြီ။ ကျောင်းပြန်တက်နေရပြီဆို ညီရ။)

းဝ)

busymozzee said...

ဝေလီးဝေလင်း...ေ၇ထသောက်ရင်း... အိပ်ချင်မူးတူးနဲ့ လာလည်ဂျောင်း... ဘာာာာာ....