Sunday, March 7, 2010

မိုးစက်တို့နှင့်….



တိုက်ခန်းတွင်းတိတ်ဆိတ်မှုကို နှိုးစက်သံတစ်ခုက ဖြိုခွဲပစ်လိုက်သည်။ စောင်အောက်က လက်တစ်ဖက် ထွက်လာပြီး အဲဒီအသံကို ရပ်တန့်ဖို့ကြိုးစားလိုက်သည်။ အသံက တိတ်ဆိတ်တဲ့ ညအလယ်မှာ ပိုပိုပြီး ကျယ်လောင်လာသည်။ အဲဒီအသံက နှိုးစက်သံမဟုတ်ဘဲ ဖုန်းမြည်သံဖြစ်နေတာ သူမ သိသွားသည်။ အလျင်အမြန်ပဲ ဘီရိုပုလေးထဲက ဖုန်းကို လိုက်ရှာလိုက်သည်။
-          ဟယ်လို! - အိပ်ချင်မူးတူးအသံဖြင့် ခပ်တိုးတိုး ထူးလိုက်သည်။
-          ဟယ်လို၊ နေကောင်းလား..?
သူမနှုတ်ဆိတ်နေမိသည်။
-          ရုတ်တရက်ကြီး ကိုယ်မင့်အသံကို ကြားချင်လာလို့ ဖုန်းဆက်လိုက်တာ။ မင့်အသံနားထောင်ရတာ ခုမှ အိပ်ရာက နိုးသလိုပဲ။ sorry နော်.. စိတ်မဆိုးပါနဲ့။
-          ဒါပဲလား..? ရှင်ပြောချင်တာ..
-          အပြင်မှာမိုးတွေရွာနေတယ်…
-          ဒါပဲပေါ့.ဟုတ်လား…
တစ်ဖက်က ခဏငြိမ်သွားပြီး….
-          အင်း…ဟုတ်တယ်။
-          ဒါဆိုလည်း ဒါပဲလေ..။ ခွင့်လွတ်ပါ။ နောက်တစ်ခါ ညအချိန်မတော် အဲ့လိုဆန္ဒမျိုး မပေါ်အောင် အသံသွင်းပြီးပို့ပေးလိုက်မယ် ဟုတ်ပြီလား..။
ပြောပြီးတာနဲ့ သူမဖုန်းကို ချပစ်လိုက်သည်။ နောက် ခေါင်းအုံးပေါ် မှီချလိုက်သည်။ သို့သော် သူမအိပ်မပျော်တော့…။ ဘာကြောင့်များ သူဖုန်းဆက်တာပါလိမ့်..? နှလုံးသွေးတို့ကို လည်ပတ်စေသော နှလုံးသားက သူ့တာဝန်သူထမ်းဆောင်ရုံမဟုတ်ပဲ နှလုံးခုန်သံနှင့်အတူ အတိတ်က အကြောင်းအရာတွေကို ပြန်ပြီး သယ်ဆောင်လာသည်။ ဒုတ်..တိတ်ဆိတ်သွားသည်။ ဒုတ်..ဒုတ်…
ဟင့်အင်း သယ်မလာပါနဲ့ ..။ ကြေကွဲဖွယ် အတိတ်တွေကို ဘယ်သူကများနှစ်ချိုက်နိုင်မှာတဲ့လဲ..? ၀င်လာတဲ့ခံစားချက်တချို့ကို မောင်းထုတ်ရင်း မီးဖိုခန်းဆီသို့ တရွေ့ရွေ့ လှမ်းလာမိသည်။ လက်ဖက်စိမ်းရည် တစ်ခွက်လောက် တည်သောက်ရန် စိတ်ကူးနှင့်ဖြစ်သည်။ ခုချိန်မှာ သူမစိတ်ကို သက်သာစေဖို့ တစ်ခုခုတော့ လုပ်မှဖြစ်မည်လေ။ လက်ဖက်စိမ်းရည်လေးကတော့ သူမကို နှစ်သိမ့်ပေးနိုင်ကောင်းပါရဲ့ ဟု တွေးမိသည်။ ရေနွေးအိုးကို ပလပ်ထိုးပြီး ရေနွေးအဆူကို စောင့်နေမိသည်။
သူမရဲ့ အကြည့်တို့က မထင်မှတ်ပဲ ပြတင်းပေါက်ပေါ်ရောက်သွားသည်။ မိုး….
မိုးစက်လေးတွေက ပြတင်းမှန်ကို တဖြောက်ဖြောက် ကျရောက်ရင်း ရေစီးကြောင်းလေးတွေအဖြစ် ပြေးဆင်းသွားကြသည်။ ပြတင်းမှန်လေးကို လက်ဖြင့် အသာအယာ စမ်းသပ်ရင်း တီးတိုးဆိုမိသည်။
-          စကားပြောရအောင် မိုးစက်လေးတို့ရယ်…
မိုးစက်လေးတွေ ပြတင်းမှန်ကို လာမှန်တဲ့ အသံက ရင်းနှီးပြီးသား ခံစားချက်တချို့ကို သယ်ဆောင်လာသည်။
မိုးတွေရွာတဲ့အခါတိုင်း နှစ်တွေဘယ်လောက်ကြာကြာ၊ မိုင်တွေဘယ်လောက်ဝေးဝေး သူ့အကြောင်းက ခေါင်းထဲရောက်လာသည်။ ဒါပေမယ့် အဲဒါတွေက ဘ၀တစ်ခုခြားခဲ့ပြီလို့ ထင်၇လောက်အောင် ကြာခဲ့ပြီလို့ ထင်မိသည်။ သူမရဲ့ အသည်းနှလုံးလိုပဲ အေးစက်နေတဲ့ ပြတင်းမှန်ကို ခပ်တင်းတင်းဖိပွတ်ရင်း သတိရခြင်းတွေကို ဖျက်ပစ်ဖို့ ကြိုးစားနေမိသည်။
ရေနွေးဆူလာပြီ… ဒါပေမယ့် သူမကတော့ ပြတင်းမှန်နဲ့ မိုးစက်တွေကို ဖြတ်ပြီး အဝေးကို ငေးနေမိတုန်းပဲ။ တကယ်လို့ ပြတင်းမှန်ကသာ ကာမထားခဲ့ဘူးဆိုရင် ပြတင်းမှန်ပေါ်က မိုးစက်လေးတွေနဲ့ သူမပါးပြင်ပေါ်က မျက်ရည်စက်လေးတွေဟာ တစ်သားတည်းဖြစ်နေမှာအမှန်ပဲ… နောက်ဆုံးတော့ ပြတင်းပေါက်နားကနေ သူမခွာလာခဲ့သည်။ ရေနွေးအိုးခလုတ်ကို ပိတ်ပြီး အခန်းထဲဝင်လိုက်သည်။ ပြီးတော့ ဖုန်းကို ကောက်ကိုင်ပြီး နောက်ဆုံးအ၀င် call ကို ရွေးကာ call ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်သည်။ ရှောင်တိမ်းလို့ မရတဲ့ ခံစားချက်ကို လက်ခံလိုက်တာပဲ ကောင်းပါလိမ့်မည်။  “တူ…” ဆိုတဲ့ ဖုန်းဝင်သွားတဲ့ အသံလေးကို ငြိမ်ပြီး နားထောင်နေမိသည်။ နောက်တစ်ချက် “တူ….” နောက်
သုံး…
လေး….
-          ဟယ်လို..! - ပြန်ဖြေလိုက်တဲ့ ယောက်ျားသံတစ်သံကို ကြားရသည်။
-          ရှင်သိလား.. အပြင်မှာ မိုးတွေရွာနေတယ်..
-          ကိုယ်မင်းမရှိရင် မနေတတ်ဘူး…
-          ကျွန်မအတွက်လည်း ရှင်နဲ့ မိုးပေါ့…
-          မိုးစက်လေးတွေနဲ့….
                                                          Розум Аня ၏ Дожь и мы ကို ပြန်ဆိုပါတယ်။
 
Note; စာတွေလိုက်ဖတ်မိတဲ့အထဲက သဘောကျတာလေးတွေ ဘာသာပြန်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုတော့ အားမရသေးပါဘူး..။ ခုတင်လိုက်တဲ့ ပို့စ်ဆိုလည်း မူရင်းစာရေးသူက တော်တော်လှလှပပ ရေးထားတာပါ။ ကိုယ့်လက်ထဲရောက်မှ ပျက်စီးသွားတာ ၀မ်းနည်းပါတယ်။

8 comments:

Moe Tain Nyo said...

ဘယ်ကလာ ပျက်စီးသွားရမှာလည်း။
အခုဘာသာပြန်ပုံကို ကြိုက်တယ်ဗျ။ နုနု လေးပဲလေ။

ချစ်ကြည်အေး said...

ဒါ ဘယ်ဘာသာကနေ ပြန်တာလဲဟင်...အသွားလေးလှတယ် ရင်ထဲက ခံစားချက် ထိမိတယ် ကောင်းပါတယ် မောင်လေးရဲ့...:)

သိင်္ဂါကျော် said...

ဘာသာပြန်လေး ကောင်းပါတယ်.. တိုတိုလေးနဲ့ ခံစားချက်ပါတဲ့ စာလေးပဲ..

ကိုလူထွေး said...

စာဖတ်ပြီး ဝမ်းနည်းပူဆွေး ငိုကျွေးရှိုက်သံတွေ ကြားလိုက်ရသလိုပဲ...

လက်စသတ်တော့ မူရင်းစာရေးသူဆီက လာတဲ့အသံတွေကိုး...

(ခပ်တည်တည် နောက်သလိုလိုနှင့် အတည်ပြောသွားသည်)

း))

~ဏီလင်းညို~ said...

ညီလေးရေ...
ရုရှားစာတွေဖတ်တတ်ပြီး..ဘာသာပြန်နိုင်တာကို အားကျပါ့ဗျာ...။
ညီလေးရေးထားတာလေးကိုဖတ်ရင်း မျောသွားတယ်....း))
(နေမကောင်းဘူးလား....ဆေးသောက်...ဒါပဲ...။ လူကြီးပြောသွားတာ နားထောင်ပါ...း))
ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် said...

ဝါးးးးမိုက်တယ် တော်၏..။

busymozzee said...

ဝေလီဝေလင်းကတော်တယ်ကွာ... တဂယ်ပြောတာ.... ကိုယ်တွေ့ရေးနေတာလို့တောင် ထင်သွားသေးတယ်... :))

noblemoe said...

ဇတ်လမ်းတိုလေး ဖတ်လို့ ကောင်းလိုက်တာ
နောက်ဇတ်လမ်းတိုလေးများကို လည်းမျှော်နေပါမည်။
သာယာချမ်းမြေ့ပါစေနော်
မိုး