Wednesday, February 10, 2010

ကျွန်တော်တို့ချစ်သော....


ကျွန်တော်ဟိုတစ်နေ့က ဦးလေးတစ်ယောက်နဲ့ ဖုန်းပြောရင်း ကျွန်တော်က email လိပ်စာပေးမယ်လို့ပြောပြီး ကျွန်တော့်အကောင့်ကိုပြောပါတယ်။ *****@gmail.com လို့ ပြောတော့။ ထပ်မေးပါတယ်။ မြို့နာမည်ကကောတဲ့။ ကျွန်တော့်ဦးလေးရဲ့ တုံးအမှုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အင်တာနက်သုံးနိုင်တဲ့ လူအရေအတွက်က ဘယ်လောက်မှမရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုမေးခွန်းမျိုးတွေထွက်လာတာ သိပ်တော့ အံ့ဩစရာမကောင်းပါဘူး။ TV တောင် အိမ်တိုင်းမရှိနိုင်တဲ့နိုင်ငံမှာ( TV အစီအစဉ်ကလည်း free က နှစ်လိုင်းပဲရှိပါတယ်။ ဒီမှာဆို လိုင်းသုံးဆယ်ကျော်ပါတယ်။ မြန်မာနိုင်ငံက TV နှစ်လိုင်းက ပေးတဲ့ information ကလည်း သိတဲ့အတိုင်းပါပဲ) Thomas L. Friedman ပြောသလို “ကမ္ဘာပြားပြီ” လို့ ပြောနိုင်ဖို့ မဖြစ်နိုင်တာ သေချာပါတယ်… “The World Is Flat” ထဲကလို နည်းပညာ အသုံးချဖို့ ဆိုတာ အီးမေးလ်လောက်တောင် မသိတဲ့ လူတွေအတွက် သိပ်ဝေးလွန်းနေပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ကမ္ဘာက မပြားသေးဘူးလို့ ရဲရဲကြီး ပြောဝံ့ပါတယ်။
ပညာရေးအနေနဲ့ မြန်မာတွေ မညံ့ပါဘူး… “ The Gardener” blog က ကို Zephyr ပြောသလို ပါပဲ။ မြန်မာနိုင်ငံ ပညာရေးစနစ်က က ကြီးရေ က အဆင့်ကနေ ပြန်စဖို့ မလိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာလည်း အမှန်ပါပဲ...။ ခက်တာက ကျောင်းတွေကို နေရာအနှံ့ခွဲထားတော့ ကျောင်းတွေက များနေပြီး အဲဒီကျောင်းတွေကို ထောက်ပံ့ပေးနိုင်အားက အဲ့လောက်မရှိတာပါပဲ။  

ဂျူးစာအုပ်ထဲက ၁၀ တန်း ကျောင်းသူလိုတော့ ရှိချင်လည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် မတွေ့ဖူးတာတော့ အမှန်ပါပဲ။ အဲဒီမိန်းကလေးလို အင်္ဂလိပ်စာအုပ်တွေ ဖတ်ဖို့ မပြောနဲ့ စာဆိုတာကို ကျောင်းပြဌာန်းစာအုပ်တောင် ကောင်းကောင်း မဖတ်ဖူးတဲ့ လူက များနေပါတယ်။ တကယ်ပြောတာပါ။ အဆောင်တွေက၊ ကျူရှင်တွေက ထုတ်ပေးတဲ့notes လောက် ကျက်ပြီး ဆယ်တန်းအောင်လာသူတွေမနည်းပါဘူး...

ကျွန်တော်တို့ဒီရောက်တော့ မေးကြပါတယ်။ အင်္ဂလိပ်စကားကို ဘယ်နှစ်နှစ်သင်ခဲ့လဲတဲ့ ကျောင်းမှာပဲ ၁၁ နှစ်ဆိုတော့ အံ့ဩကြပါတယ်။(တော်လို့မဟုတ်ဘူးဆိုတာတော့ သိမှာပါ) ကျွန်တော်ကကို အသုံးမကျတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းတော့လည်း မဟုတ်တာ သေချာပါတယ်။ မှားနေတာတော့ သေချာပါတယ်။ ခုရုရှားစကားသင်နေပါတယ်။ တစ်နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ လုံးဝကျွမ်းနေပြီလို့ မပြောလိုပေမယ့် ၁၁ နှစ် ၁၂ နှစ်လောက်ထိ သင်လာခဲ့တဲ့ အင်္ဂလိပ်စကားထက်တော့ ကောင်းတာသေချာပါတယ်။ ဒါမျိုးဟာ ဖြစ်တော့မဖြစ်သင့်ပါဘူး။ ဒါပေမယ့်လည်း ဖြစ်နေပါတယ်။ မတတ်နိုင်ပါဘူး။ ပြန်တွေးကြည့်ရင် အင်္ဂလိပ်စာအတွက် ကုန်ခဲ့တဲ့အချိန်တွေကို နှမျှောဖို့ကောင်းပါတယ်။

ကျွန်တော်တို့တတွေဆယ်တန်းအောင်ကြတော့ ဘာတွေလျှောက်မလဲ စဉ်းစားကြတဲ့အခါ ကျောင်းပြီးရင် ဘာလုပ်လို့ရနိုင်မလဲ ဆိုတာကိုပဲ အဓိကတွေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အလုပ်ရှားလို့ပါ။ ၀ါသနာတွေဘာတွေက နောက်မှပါ။ ဘွဲ့ရ အလုပ်လက်မဲ့ဆိုတာမျိုးတော့ အဖြစ်မခံချင်ပါဘူး။ Instituted တွေက ဆင်းလာတဲ့ကျောင်းသားတောင် အလုပ်ရဖို့ခက်ခဲနေတဲ့ အခြေအနေမှာ ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်က ဘွဲ့ရလာသူအတွက်တော့ တော်တော် မျှော်လင့်ချက် မဲ့ပါတယ်။ အခုနောက်ပိုင်းဆို အဝေးသင်နဲ့ဘွဲ့ရတဲ့လူကို အလုပ်မခန့်တာမျိုးတွေပါရှိလာပါတယ်။ ဒီဘာသာရပ်မှာ တတ်မြောက်ပါတယ်ဆိုပြီး ပေးလိုက်တဲ့ ဘွဲ့လက်မှတ်ချင်းအတူတူ အဲ့လိုဖြစ်လာရတာ သိပ်တော့မဟုတ်သေးပါဘူး။ ဘွဲ့ရရုံနဲ့လည်းအလုပ်မရ၊ အလုပ်လေးတစ်ခု ကံကောင်းထောက်မစွာရပြန်တော့လည်း မစားလောက်ဆိုတာမျိုးတွေဖြစ်လာတဲ့တိုင်းပြည်မှာ သူခိုးတွေပေါလာတာ သိပ်မဆန်းပါဘူး။ ခိုးတာမှဗြောင်ခိုးရတာပါ။ အလုပ်ဝင်ရင်တောင် ဘယ်ဌာနက ဂွင်ပိုကောင်းလည်း စဉ်းစားပြီးလျှောက်ကြလောက်အောင် စိတ်ဓါတ်ပျက်စီးနေရပါတယ်။ ရိုးသားရင်ငတ်လာမှတော့ ဘာလုပ်ကြဖို့ရှိပါသေးလဲ....

မြန်မာဇာတ်ကားတစ်ကားကြည့်မိပါတယ်။ မင်းမော်ကွန်းကားပါ။ အဲဒီဇာတ်ကားထဲမှာ မင်းမော်ကွန်းရဲ့ ညီနဲ့ ညီမက ပြောနေကြတာလေးပြောပြချင်ပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ရရင် အစ်ကိုနဲ့ အမေကို တိုက်နဲ့ထားမယ်၊ ကားနဲ့ထားမယ်နဲ့..မစားရ၀ခမမ်းပါပဲ။ အဲဒီဇာတ်ကားကြည့်ပြီး ကိုယ်ကပဲ မှားနေလားတွေးမိပါတယ်။ အဲဒီဇာတ်ကားအရတော့ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးရင် သူဌေးဖြစ်ပါတယ်။ မှတ်ထားလိုက်ပါ။

ခက်တော့လည်း ခက်ပါတယ်။ ဘက်စုံပညာရေးစနစ်ဆိုပြီးလုပ်ပါတယ်။ သိပ်ကောင်းတဲ့ စီမံကိန်းပါ။ ခက်တာက ဖြစ်မြောက်မလာတာပါ။ သူများနိုင်ငံတွေမှာလည်း ဘက်စုံပညာရေးစနစ်ပါပဲ။ ကွာသွားတာက ကျကျနနလုပ်နိုင်တာနဲ့ မလုပ်နိုင်တာပါ။ ဆရာ၊ဆရာမ လုံလောက်မှုမရှိရတဲ့အထဲ၊ ဘက်စုံပညာရေးစနစ်အတွက်ကလည်း ကျွမ်းကျင်သူတွေသင်မှဖြစ်မယ့် ဘာသာရပ်တွေပါ။ ရှိတဲ့ဆရာတွေကိုပဲ တစ်လလောက် မွမ်းမံသင်တန်းပေးပြီး ပြန်သင်ခိုင်းဖို့ဆိုတာ. စိတ်ကူးယဉ်ဆန်လွန်းပါတယ်။ အဲဒီတော့ ဘာဖြစ်လာလည်း ဆိုတာကတော့ ကွန်ပျူတာတွေ စာသင်ခန်းထဲမှာ ဖုန်တက်လာပါတယ်။ ကျောင်းသားတွေကတော့ မောင်ပုံ ဖြစ်နေဆဲပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကွန်ပျူတာတွေ ပျက်မှာစိုးလို့ပါတဲ့…။ ဒါလည်း ဟုတ်တာပဲနော်…။ 

နောက် ဆရာ၊ဆရာမတွေကို သူတို့မေဂျာမဟုတ်တဲ့ ဘာသာတွေသင်ခိုင်းတာ။ ဒါကလည်း ဖြစ်တော့မဖြစ်သင့်ပါဘူး။ ဒီကဆရာဆရာမတွေဆို သူတို့သင်တဲ့ဘာသာရပ်မှာ သူတို့က ပရော်ဖက်ရှင်နယ်ပါပဲ။ ကျွမ်းကျင်မှုရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တလျှောက်လုံးလေ့လာလာခဲ့တဲ့ သူတို့မေဂျာဘာသာဖြစ်နေလို့ပါ။ 
ခက်တာက ကျောင်းသားတွေ စာဖတ်ဝါသနာပါအောင် ပျိုးထောင်ဖို့နေနေသာသာ၊ ကိုယ်တိုင်က ၀ါသနာပါလို့ စာဖတ်ချင်တဲ့ ကျောင်းသားရှိရင်တောင် စာအုပ်တွေပျောက်မှာစိုးလို့ဆိုပြီး ကျောင်းစာကြည့်တိုက်က ဘယ်တော့မှမဖွင့်ပါဘူး။ ခက်ဖူးလားနော်….။

နောက်တစ်ခုက နယ်လေးတွေက ကျောင်းတွေအတွက်ပါ။ မြို့ကျောင်းတွေမှာ ဆရာဆရာမတွေပုံနေသလောက် အဲဒီကျောင်းလေးတွေမှာ လောက်တောင် မလောက်ပါဘူး။ ကျွန်တော်တို့မြို့က ရွာလေးတွေမှာဆို ကျောင်းတစ်ကျောင်းလုံးမှ ဆရာမနှစ်ယောက်ပဲရှိတာမျိုး၊ သင်ရတာက သူငယ်တန်းကနေ လေးတန်းထိ၊ ရှိတဲ့ဆရာဆရာမက နှစ်ယောက်၊ သင်ရတာက မနက်ကိုးနာရီကနေ ညနေသုံးနာရီထိ။ ဒီကြားထဲ မြို့ကနေ ကျောင်းရှိတဲ့ရွာကိုရောက်အောင်သွားရတဲ့ခရီး၊ ဘယ်လောက်လုပ်နိုင်တော့မှာလဲ..။ စေတနာ ဘယ်လောက်ပဲ ပါဦးတော့ လူက လိုက်နိုင်ပါတော့မလား။ အဲဒီက ကလေးတွေကို သင်ကြားဖို့ ဆိုတာ စာတတ်ဖို့လောက်ထိပဲ ရည်မှန်းနိုင်တဲ့အခြေအနေမျိုးပါ။ အဲဒီလိုအခြေခံကနေ တက်လာရတဲ့ ကလေးတွေအဖို့ အရမ်းကြီး ထူးချွန်လာဖို့ဆိုတာ အိပ်မက်တောင် မက်ကြည့်လို့ မရပါဘူး။ အစကောင်းတိုင်း အဆုံးမကောင်းနိုင်ပေမယ့်၊ အစမှာကတည်းက ဆိုးခဲ့ရင်တော့ အဆုံးမှာလည်း မကောင်းနိုင်တာသေချာပါတယ်။
အဲလိုပြောလို့ မြို့ကကျောင်းသားတွေလည်း အကုန်လုံးတော်နေပြီလို့တော့ မဆိုလိုချင်ပါဘူး။ မြို့က ကျောင်းသားတွေလည်း ကျောင်းပြီးရင် Gtalk ပဲ တက်နေတယ်နဲ့တူပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေကြည့်လိုက်ရင် Gtalk မှာချည်းပဲ။ ( အဲဒီတော့လည်း ကျွန်တော့်ဦးလေးလိုတော့ မတုံးတော့ဘူးပေါ့) တစ်ခါတစ်လေတော့လည်း နားမလည်နိုင်ပါဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးလို့ဆိုကြပေမယ့် Gtalk တက်ရတာကိုတော့ ဘာကြိုက်ကြမှန်း တကယ်နားမလည်နိုင်ပါဘူး။ (ဒီနေရာမှာလည်း ကျွန်တော်မျိုးကြီး တော်တော်ညံ့တယ်လို့ပြောလို့ရပါတယ်။ကျွန်တော်လည်း အင်တာနက်သုံးဖြစ်ကာစကတော့ Gtalk တက်ပါတယ်။ ဒါပေမယ့် “ဟိုင်း”လို့ လာပြောရင် ပြန်ဟိုင်းတတ်ပြီး နေကောင်းလား၊ ကောင်းပါတယ်ပြီးရင် ဘာပြောရမှန်းမသိလောက်အောင် ညံ့ဖျင်းတဲ့အတွက် ပေါင်းသင်းဆက်ဆံရေး gtalk နယ်ပယ်မှာ ကျွန်တော်က အောင်မှတ်မရပါဘူး။ အဲဒီလိုပြောနေရတာကိုလည်း ပျင်းပါတယ်။ ဒါကြောင့် ဖိုရမ်တွေဘက်ခြေဦးလှည့်ရာကနေ တဖြည်းဖြည်းနဲ့ ဘလော့ဂ်ဘက်ရောက်လာတာပါ။ ဘလော့ဂ်ဂင်းပြီးနောက်ပိုင်းဆို  Gtalk ထဲကို ၀င်ကိုမ၀င်ဖြစ်တော့သလောက်ပါပဲ။ Gmail ဆိုလည်း ကိုယ့်သူငယ်ချင်းအရင်းတွေလောက်ပဲ စာပြန်ဖြစ်တော့တယ်။ gtalk ထဲက friends list ထက် blog ထဲက blog list ကိုပိုရင်ခုန်ပါတယ်။)

ငယ်ငယ်တုန်းကတော့ မြန်မာနိုင်ငံကြီးတော်တော်ချမ်းသာတယ်လို့ ထင်ခဲ့ဖူးပါတယ်။ သယံဇာတတွေပေါကြွယ်ဝတယ်။ အကောင်းဆုံးကျွန်းတွေ၊ ရေနံတွေ၊ ဆန်စပါးတွေ…။ တကယ်တော့ ငယ်ကတည်းက ကျွန်တော်က ငတုံးလေးပါ။ ခုတော့ နည်းနည်းကြီးလာပြီဖြစ်တဲ့အတွက် ငတုံးကြီးလို့လည်း ပြောလို့ရပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါနေတယ်ဆိုတာကို သိတာ သိပ်မကြာသေးပါဘူး။ အဲ့လိုတုံးပါတယ်။ ကိုယ့်ရဲ့ အသိအမြင်နည်းမှုကိုလည်း မရှက်တန်းဝန်ခံပါတယ်။ သိလည်းသိပါတယ်။ blogger တွေကြည့်လိုက်ရင် ကိုယ့်ထက် အသိအမြင်၊ ပညာအရည်အချင်း၊ အတွေ့အကြုံ အားလုံးသာကြသူတွေ ချည်းပါ။ blog ရေးနေတာကလည်း လူကြီးတွေလို မြင်ချင်လို့ လည်လေးတဆန့်ဆန့်၊ ခြေလေးတထောက်ထောက်နဲ့ ခုန်ဆွဆွနဲ့ ပွဲကြည့်နေတဲ့ ကလေးငယ်တစ်ယောက်လိုပဲ ကိုယ့်ကိုယ်ကိုထင်မိပါတယ်။

 မြန်မာနိုင်ငံအနေနဲ့တော်တော်ကြီးကို နောက်ကျကျန်ခဲ့တယ်ဆိုတာတော့ အထူးတလည် ပြောနေစရာတောင် မလိုတော့ဘူးထင်ပါတယ်။ ဒီနေ့ခေတ်မြန်မာလူငယ် အများစုမှာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူ ဘယ်နှစ်ယောက်များရှိပါသလဲ..။ တော်တော်ကြီးကိုနည်းပါတယ်။ နိုင်ငံရေးဆိုတဲ့နေရာမှာ နိုင်ငံရေးဆိုရာမှာ လက်ရှိအစိုးရကို ထောက်ခံဖို့၊ ဒါမှမဟုတ် ဆန့်ကျင်ဖို့၊ ဆန္ဒထွက်ပြဖို့ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ အတိုက်အခံပါတီတွေကို ထောက်ခံခိုင်းတာလည်း မဟုတ်ပါဘူး။ ဒီနေရာမှာ နိုင်ငံရေးဆိုရာမှာ မိမိနိုင်ငံတိုးတက်မှု၊ ဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်တွေကို သိမြင်ဖို့၊ နိုင်ငံ့နောင်ရေးကို စိတ်ဝင်စားဖို့၊ အဓိကကတော့ နိုင်ငံကို ချစ်မြတ်နိုးဖို့ပါ။ ကိုယ့်နိုင်ငံ အောက်ကျနောက်ကျ ဖြစ်နေတာကို ခံပြင်းဖို့နဲ့ ဘာလုပ်မယ်ဆိုတာကို တွေးဖို့ပါ။ ငါကဘာတတ်နိုင်မှာလဲ လို့တော့ မတွေးထင်ထား သင့်ပါဘူး။ တချို့သူငယ်ချင်းတွေကတော့ ပြောပါတယ်။ ကိုယ့်စီးပွားကိုယ် အေးအေးလုပ်နေရရင် ပြီးတာပဲတဲ့။ ဘယ်သူကမှ ကိုယ့်ထမင်းအိုး ဒုတ်နဲ့လာထိုးနေတာမှမဟုတ်တာတဲ့။ ကောင်းရောပါ။ ကျွန်တော်တွေးမိတာက ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက ဗိုလ်ချုပ်သာ ဘွဲ့လေးရအောင်လုပ်ပြီး မြို့အုပ်၊အရေးပိုင်ပဲ လုပ်မယ်လို့ တွေးခဲ့ရင် လွတ်လပ်ရေးဆိုတာ ဘာမှန်းတောင် သိခဲ့ကြရမှာ မဟုတ်ဘူးလို့ပါ။ လူငယ်တွေက လူကြီး ဖြစ်လာမှာပါ။ သူတို့ကမှ ခုချိန်မှာ အဲ့လိုတွေးနေရင် နောင်တစ်ချိန် သူတို့တာဝန်တွေဖြစ်လာမယ့်အချိန် ဘယ်လိုလုပ်ကြမလဲ မြင်ယောင်ကြည့်ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုကြည့်ကြည့် အားရစရာမရှိတာတော့ အမှန်ပါ။ မြန်မာတွေက ဟမ်းဖုန်းတစ်လုံးကို သိန်းနှစ်ဆယ်၊ အစိတ်ပေးဝယ်နေရတဲ့အချိန်မှာ လာအိုလိုနိုင်ငံမျိုးကတောင် လူတိုင်းဖုန်းကိုင်နိုင်နေပါပြီ။ မြန်မာနိုင်ငံက မီးတောင် မှန်မှန်မရတဲ့ အချိန်မှာ သူတို့တတွေက လျှပ်စစ်ကို တခြားနိုင်ငံကို ရောင်းစားနေပါပြီ။ လာအိုလိုနိုင်ငံနဲ့ နှိုင်းယှဉ်ရတာ အကြောင်းရှိပါတယ်။ လာအိုဆိုတာ တချိန်က မြန်မာနိုင်ငံလောက်တောင် တိုးတက်မှုမရှိတဲ့နိုင်ငံပါ။ သယံဇာတနေရာမှာလည်း မြန်မာနိုင်ငံလောက်မရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံပါ။ အဲဒီနိုင်ငံလည်း ဘာမှဟုတ်သေးတဲ့နိုင်ငံမဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက အဲဒီနိုင်ငံလောက်တောင်…… (ကျွန်တော်ဆက်မပြောတော့ပါဘူး)။
 မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံကြီး ဆင်းရဲတာ ချမ်းသာတာတွေ သိပ်စိတ်မ၀င်စားဘူးဆိုလည်း ဒီပို့စ်က အလုပ်ရှုပ်ရုံပေါ့။ မြန်မာနိုင်ငံကို မြန်မာနိုင်ငံသားတွေကမှမချစ်ရင်၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာတွေကမှ တွေးပူမပေးရင် ဘယ်သူတွေပူပေးမလဲ စဉ်းစားကြည့်နေပါတယ်။  “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ဆီသို့” လို့ ကြွေးကြော်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ခုထိ ဘာမှ ဖြစ်မလာသေးတာကို ကြည့်ရင်တော့ တစ်နေရာရာမှာ တစ်ခုခု မှားနေတာတော့ သေချာပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဦးတည်ချက်တွေ ဆိုတာ (နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး) ပြည်သူတွေ အလွတ်ရအောင် လုပ်ပေးဖို့ သက်သက် မဟုတ်တာတော့ သေချာပါတယ်။ ခက်တာကလည်း အဲလိုပဲဖြစ်နေပါတယ်။ နောက်တစ်ခုရှိတာက တိုင်းပြည်ဆူဆူပူပူဖြစ်နေလို့လည်း အလုပ်ပျက်ရုံအပြင် ဘာမှပိုပြီးကောင်းလာမယ်လို့ မမျှော်လင့်ပါဘူး။ ဒီမိုကရေစီရယ်လို့ နင်းကန်အော်နေကြပေမယ့် ဘာလဲဆိုတာတောင်သေချာသိကြရဲ့လားလို့လည်း ပြောချင်ပါတယ်။ အဲလို့ပြောလို့လည်း အတိုက်အခံပါတီတွေကို မကောင်းပြောတာမျိုးမဟုတ်ပါဘူး။ အားလုံးက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်နေကြသူတွေချည်းပဲမို့ လေးစားပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အဲဒီနိုင်ငံရေးကိုတော့ စိတ်လည်းမ၀င်စားပါဘူး။ ၀ါသနာလည်းမပါပါဘူး။ သိရအောင်တော့ အထိုက်အလျောက် လေ့လာကြည့်မိပါတယ်။ အဓိကပြောချင်တာက စီးပွားရေး၊ပညာရေးနဲ့ လူမှုရေးတွေပါတဲ့ နိုင်ငံ့အရေးပါ။ ပညာရေးမကောင်းလို့ စီးပွားရေးမကောင်း၊ စီးပွားရေးမကောင်းလို့ လူမှုရေးဘက်ကို ကောင်းမွန်အောင်မလုပ်နိုင်၊ လူမှုရေးဘက်က ချွတ်ချုံကျတော့ ပညာရေးမကောင်း၊ ဆိုတဲ့ အဆိုးကျော့သံသရာထဲက ရုန်းထွက်နိုင်ဖို့ပဲ စိတ်ဝင်စားပါတယ်။ ထမင်းတောင်မစားနိုင်လို့ ဆန်ပြုတ်ပြုတ်သောက်နေရတဲ့ မိသားစုတွေ မရှိစေချင်တော့ပါဘူး။ ကွန်ပျူတာဆိုတာ ဘာမှန်းတောင် သေချာမသိတဲ့ ကျောင်းသား၊ ဘွဲ့ရပြီးလည်း ဘာမှလုပ်လို့မရဘူးဆိုပေမယ့် လေးငါးတန်းနဲ့ ကျောင်းထွက်ထားရတဲ့ လူငယ်တွေ မရှိစေချင်တော့ပါဘူး။ သဘာဝဘေးအန္တရာယ်ကျရောက်လို့မှ ကယ်ဆယ်မယ့်လူ ရောက်မလာနိုင်တဲ့ အဖြစ်မျိုး၊ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ပဲသေဆုံးရတဲ့လူနာတွေ စတာတွေအားလုံး မတွေ့ချင်မမြင်ချင်တော့တာအမှန်ပါပဲ။ ဒီလိုပြောနေတာဟာ လက်ရှိအစိုးရ မကောင်းဘူးလို့ပြောနေတာမဟုတ်သလို၊ ဒီအစိုးရပြုတ်သွားမှကောင်းမယ်လို့တော့လည်း မမျှော်လင့်ပါဘူး။ အတိုက်အခံတွေဘက်က တက်လာလို့ကော ပိုကောင်းလာမယ်လို့ ဘယ်သူပြောနိုင်ပါသလဲ။

ဒီဆောင်းပါးကို ရေးဖြစ်တာလည်း အားမလိုအားမရဖြစ်လွန်းလို့ပါ။  အပြောင်းအလဲတော့ ရှိမှဖြစ်မှာမှန်ပေမယ့် ပိုကောင်းလာမယ်၊ ပိုဆိုးလာမယ်လို့တော့ တိတိကျကျ မပြောနိုင်တာသေချာပါတယ်။ အဲဒီလို ပိုကောင်းလာဖို့ကိုပဲ မျှော်လင့်ပြီး လုပ်ဆောင်နေကြရမှာပါ။
 မြန်မာဆိုတာ ဘယ်လိုလဲလို့ဆိုရင် ကောင်းတာလေးတွေပဲ မြင်ချင်တော့တာအမှန်ပဲ။ Google ထဲမှာ Myanmar လို့ ရိုက်လိုက်ရင် ကောင်းတာ၊ လှတာ၊ သာယာအဆင်ပြေတာလေးတွေပဲတွေ့ချင်တော့တာ အိပ်မက်တော့မဟုတ်တော့ဘူးလို့ ယုံကြည်ချင်ပါတယ်

6 comments:

နွေဆူးလင်္ကာ said...

ရွှေပြည်တော် မျှော်တိုင်းဝေးတဲ့ ခေတ်မှာ ........

ချစ်ကြည်အေး said...

မတ်တတ် မေ့သွားတယ်...မောင်လေးရေ...ဒေါ်မြလေးလို...ပြောချင်ဘူး ပြောကိုမပြောချင်ဘူး လို့ပဲ...:))

~ဏီလင်းညို~ said...

ညီလေးရေ...
ဖတ်ပြီးသက်ပြင်း အရှည်ကြီးချမိသွားတယ်ဗျာ...။
အစ်ကိုကတော့ ငုတ်တုတ်မေ့သွားတယ်....း(
(“အစကောင်းတိုင်း အဆုံးမကောင်းနိုင်ပေမယ့်၊ အစမှာကတည်းက ဆိုးခဲ့ရင်တော့ အဆုံးမှာလည်း မကောင်းနိုင်တာသေချာပါတယ်”...ဆိုတဲ့ စကားလေးကို အစ်ကိုတော့ စဉ်းစားနေမိတာပဲ...)
ခင်မင်တဲ့
ဏီလင်းညို

busymozzee said...

ဖတ်ရင်းနဲ့ ဆွဲဆောင်သွားလိုက်တာ အပြီးထိ သေချာကိုဖတ်သွားတယ်... အရမ်းကောင်းတဲ့ပို့စ်လေးပါ... ပြီးတော့ တိတ်တဆိတ်ကျေနပ်မိတယ်....

ဂုဏ်ယူပါတယ်..

Anonymous said...

စာသင်ခန်းတွေအကြောင်းပြောရရင် အမေတို့ခေတ်က အမေ့လုပ်ဖော်ကိုင်ဘက် ဆရာတယောက်ပြောခဲ့တဲ့ နောက်ရွှတ်ရွှတ်စကားတခွန်းကို ပြန်ပြန်ကြားမိတယ်။

“ဟိတ်...ငြိမ်ငြိမ်လေးနားထောင်ကြ၊ ငါ နှစ်ခါထပ်မပြောနိုင်ဘူး။ မျှစ်စားပီး စာသင်နေရတာ” တဲ့။ ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက ဆရာတွေရဲ့ ဘ၀ပါ။

ယွန်း said...

ဘာမှတောင် မပြောချင်တော့ပါဘူးကွယ်...တကယ်ပါ မှန်လွန်းလို့ ..