Sunday, April 4, 2010

ရှင်သန်ခြင်းရဲ့ အနားစွန်း


ရှင်သန်ခြင်းရဲ့ အနားစွန်း

ဆောင်းဦးရာသီရဲ့ အေးမြတဲ့လေက ပါးနှစ်ဖက်ကို တသုန်သုန်ရိုက်ခတ်နေရဲ့..။ ကျွန်မခန္ဓာကိုယ်တစ်ခုလုံး ထွင်းဖောက်သွားမတတ်အအေးဓါတ်က စိမ့်ဝင်လာတယ်။
ကျွန်မသွားတော့သွားနေပါရဲ့.. ဘယ်ကိုတဲ့လဲ..? ဘာမှတော့လည်း မထူးပါဘူးလေ…။
လမ်းမပေါ်မှာတော့ ကားတွေက တစီးပြီးတစ်စီး..၊ အနီရောင်၊ အမည်းရောင်၊ အဖြူရောင်၊ နောက်တစ်ခါ အနီရောင်။ ကားပေါ်က လူတွေက တစ်ယောက်နဲ့ တစ်ယောက် ဆဲဆိုရေရွတ်ပြီး ကိုယ်လိုရာရောက်ဖို့ပဲ စိတ်စောနေကြရဲ့…။ ကားလမ်းကျပ်ချိန်၊ လမ်းပိတ်ချိန်ပေပဲ။
လူတွေ… ဘယ်လောက်တောင် များလိုက်ပါသလဲ..? ဘာကြောင့်များပြေးလွား အလျင်လိုနေကြပါလိမ့်..? အဲဒီလူတွေဟာ ဘာအတွက်များရှင်သန်နေကြတာတဲ့လဲ..? လူ့လောကကြီးဆိုတာက တံလျပ်သာသာ..။ လူတွေရဲ့ အသိအမြင်မှောက်မှားမှုကြောင့် သာယာသယောင်၊ လှပသယောင်…
ဟင့်အင်း… အဲဒါလည်းလူတွေမှမဟုတ်တာပဲလေ.. မီးခိုးရောင် ဒြပ်ထုကြီး*သာပဲကို..။
မုန်းတယ်…!
မုန်းတယ်.. ဒါဖြင့်ဘယ်သူကိုတဲ့လဲ…? ကိုယ့်ကိုယ်ကို..၊ လူတွေကို၊ လောကကြီးကို..။ အို.. အားလုံးကိုပဲ။ အထူးသဖြင့်တော့ ကိုယ့်ကိုယ်ကိုပေါ့။
စိတ်ကူးတွေကကော ဘာလိုအဲ့လောက်များရတာတဲ့လဲ..? အဲ့လောက်ရှုပ်ထွေးနေရတာတဲ့လဲ..? ဖြစ်နိုင်ရင် အားလုံးကိုမေ့ပစ်ချင်၊ ထွက်ပြေးလိုက်ချင်မိတော့ရဲ့..။
တံတား…
အောက်ကို ငုံ့ကြည့်လိုက်တော့ ခဲမနေသေးတဲ့ ရေတွေက တသွင်သွင်စီးဆင်းနေရဲ့…။ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းလာတဲ့ရေတွေဟာ တံတားအောက်ခြေ အုတ်ခုံနဲ့ ရိုက်ခတ်ပြီး အစိတ်စိတ် ကွဲကြေသွားကြတယ်။ တဖွားဖွား လွှင့်ထွက်သွားတဲ့ ရေမှုန်လေးတွေကို ကြည့်ပြီး “ ငါ့ဘ၀ကော ဘာထူးလို့လဲ” လို့တွေးမိတယ်။ အချစ် အမုန်းနဲ့ နာကျဉ်းလူမဆန်မှုတွေက ကျွန်မဘ၀ကို ရိုက်ခွဲခဲ့တာပေါ့…။
နာကျင်မှု၊ ရိုင်းစိုင်းခက်ထန်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေအားလုံး ရောယှက်သွားတယ်။
အသာအယာပဲ တံတားအစွန်းပေါ် တက်ရပ်လိုက်တယ်။ ခြေတစ်လှမ်းပါပဲ.. ပြီးတာနဲ့ ဘာမှထပ်ဖြစ်စရာ မလိုလောက်အောင် အားလုံးပြီးဆုံးသွားပြီ…။ အဲဒီအချိန်ဆိုရင်တော့ ခုခံစားနေရတဲ့ ခံစားချက်တွေက နည်းနည်းများ လွယ်ကူသွားလေမလား..?
“ငါဆိုတာမှ မရှိတော့တာ”
………. ………….. ……
……………………………..
…. …. ….. …. ….. ….. …..
ဖျတ်ခနဲ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တယ်။ ချက်ချင်းပဲ နားလည်လိုက်မိရဲ့ တစ်ခုခုတော့ ပြောင်းလဲနေပြီလို့ပေါ့။ ကိုယ့်ကိုယ်ကို နားစွင့်ကြည့်မိတယ်။ အသည်းနှလုံးဆီက တခွပ်ခွပ်ကွဲအက်သံနဲ့ ခုတ်ဖြတ်ဖျက်ဆီးခံထားရတဲ့ စိတ်ဝိညာဉ်ဆီက ညည်းငြူသံကို မကြားရတော့ဘူး..။ အဲဒီမှာနားလည်လိုက်မိတယ် ကျွန်မခန္ဓာကိုယ်ထဲမှာ ဘာမှမရှိတော့ဘူးဆိုတာကိုပေါ့..။
ကျွန်မကိုယ်ထဲမှာ …… ဗလာ ။
 Anna ရဲ့ Грань ကို ဘာသာပြန်ပါသည်။

* မီးခိုးရောင် ဒြပ်ထုဆိုတာက သူတို့ ယဉ်ကျေးမှုနဲ့ ဆိုင်ပါတယ်။ မီးခိုးရောင်ဆိုတာကို အစစ်အမှန်မဟုတ်တာ။ ထင်မြင်ချက်သက်သက်ဖြစ်တာမျိုးတွေမှာ သုံးလေ့ရှိပါတယ်။

Note; ကိုယ်တိုင်ရေးကို လက်စမသတ်နိုင်သေးလို့ ဘာသာပြန်ထားပြီးသားတင်လိုက်ပါတယ်။ ဒီပို့စ်ကို အစောကြီးကတည်းက တင်ဖို့ပြင်ထားတာပါ။ တချို့စာလုံးလေးတွေမှာ အခက်အခဲတွေ့နေလို့ လက်စမသတ်နိုင်ဘူးဖြစ်နေတာပါ။ နောက် ဆရာမကိုမေး တော့မှ သိရပါတယ်။ စာလုံးအဓိပ္ပာယ်ကို သိပေမယ့် ဘာကိုဆိုလိုမှန်း သိဖို့ခက်တာမျိုးပေါ့။ ကျွန်တော်တို့ မြန်မာစကားမှဆို ဂျှာအေးကို သူ့အမေရိုက်တာတို့၊ မုန့်လုံးစက္ကူကပ်တာတို့လိုပေါ့။ ကျွန်တော်တို့အားလုံးကဘာကို ဆိုလိုချင်တယ်ဆိုတာ နားလည်ပေမယ့် မြန်မာစာ သင်နေတဲ့ နိုင်ငံခြားသားဆို တော်တော် ဒုက္ခရောက်တဲ့ စာလုံးတွေပေါ့။ ဒီပို့စ်လေးကို ဘာသာပြန်တော့လည်း အဲဒီအသုံးအနှုန်းမျိုးတွေတော်တော် တွေ့ရပါတယ်။တော်တော် ခက်ခဲတဲ့ ပို့စ်တစ်ခုဖြစ်လို့ ဘာသာပြန်တဲ့ အရေးအသားဟာ တော်တော် ညံ့ဖျင်းနိုင်ပါတယ်။  ဒီပို့စ်အတွက် ကူညီတဲ့ ဆရာမနဲ့ စာရေးမကျဲဖို့ တိုက်တွန်းတဲံ အစ်မချစ်ကြည်အေးကို ကျေးဇူးတင်ပါတယ်။ အမှန်တိုင်းပြောရရင်တော့ လူက ဘာမှလုပ်ချင်စိတ်မရှိတာပါ။ ဆရာမပြောတာကတော့ ဒီရာသီဆိုဒီလိုပဲ ဆိုပဲ။ နွေဦးဝင်ကာစဖြစ်လို့ ရာသီဥတုကတော့ သိပ်သာယာပါတယ်။ ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်...
 ပျော်ရွှင်ပါစေ
 ဝေလင်း

2 comments:

Unknown said...
This comment has been removed by the author.
ချစ်ကြည်အေး said...

သူ ရေထဲ ခုန်ချသွားတာလား ဟင်...??