Sunday, April 4, 2010

ခေါင်းထဲက အရှုပ်တွေ

အတွေးဆိုတာနဲ့ ငယ်ငယ်တုန်းကတည်းက ကြားဖူးခဲ့တဲ့ ဒေးကားရဲ့ I think therefore i am. ဆိုတာလေးကို ပြေးသတိရမိပါတယ်။ (ဒေးကားရဲ့ ပန်းသီးလေးတစ်လုံးဆိုပါတော့)နောက် အဲဒါနဲ့ တစ်ဆက်တည်း သတိရမိတာက ပန်းပုဆရာ ရိုဒင်ရဲ့ Thinker ဆိုတဲ့ ပန်းပုရုပ်ပါ။ ဘာလို့မှန်းတော့ မပြောတတ်ပေမယ့် သိပ်ကြိုက်ပါတယ်။ ဆယ်တန်းတုန်းက အဆောင်မှူးမသိအောင် သူ့စာအုပ်စင်ကနေ “လူ့အတွေးအမြင်ကို ပြောင်းလဲစေခဲ့သော စာအုပ်များ”ဆိုတဲ့ ( နာမည် အတိအကျမမှတ်မိတော့ပါဘူး၊ ထင်တာပဲ။ စာအုပ်ဖတ်ပြီးရင် နာမည် တော်တော် မေ့တတ် မှားတတ်တာ အားနည်းချက်တစ်ခုလိုဖြစ်နေတာ။) လက်တစ်ဝါးလောက် ရှိမယ့် စာအုပ်လေး ဖတ်ဖူးပါတယ်။ လူမှန်ရင် အတွေးတွေနဲ့ မကင်းကြဘူးထင်ပါတယ်။ အတွေးတွေကပဲ လူကို ပဲ့ပြင်ထိန်းကျောင်းသွားတယ် ထင်ပါတယ်။ လူမှန်ရင်လည်း ကိုယ်တိုင် သိသိနဲ့ပဲဖြစ်ဖြစ် မသိမသာပဲဖြစ်ဖြစ် ကိုယ်ပိုင် အတွေးအမြင်တစ်ခုတော့ ရှိကြတာချည်းပဲ။ ဒါပေမယ့် တစ်ခါတစ်လေ ကိုယ့်အတွေးအမြင်ကိုယ် ဖမ်းမမိတာမျိုး ဖြစ်တတ်ပါတယ်။ ကျွန်တော့်အနေနဲ့ပေါ့လေ။ အထူးသဖြင့် ဒီနှစ်ထဲမှာ စိတ်တော်တော် အပြောင်းအလဲများပါတယ်။ အသက်ကြီးလာလို့လည်း ဖြစ်နိုင်ပါတယ်။ တွေးမိတာတွေ အကုန်ရေးရရင်တော့ ကျွန်တော့်ကို ရူးတယ် ထင်ပါလိမ့်မယ်။ 

နှလုံးသားဓါတ်ခံမတူတဲ့အခါ သိပ်ခက်ပါတယ်။ ကိုယ့်ကိုယ်ကို ဆုံးမရတာ ပိုခက်သလိုပဲ။ တစ်ခါတစ်လေတော့လည်း မျက်နှာဖုံးအမျိုးမျိုး၊ ရောင်စုံမျက်မှန်အမျိုးမျိုးနဲ့ လူအမျိုးမျိုးကြားမှာ အပိုးကျိုးကျိုးနေရတာ သိပ်အချိုးမပြေချင်ပါဘူး။ မတော်တဲ့ ဖိနပ်ကိုစွပ်ကြည့်လိုက် ချွပ်ကြည့်လိုက်...။ တကယ်တော့ ကိုယ့်ဒုက္ခကိုယ် ရှာတာပါ။ 

ဘယ်မှာလည်းတော့ မသိတော့ဘူး။ “ကိုယ့်အတွေးနဲ့ကိုယ် စိတ်ညစ်လို့ရမှတော့ ကိုယ့်အတွေးနဲ့ကိုယ် ပျော်လိုက်ပါ”ဆိုတာလေး ဖတ်ဖူးပါတယ်။ အတွေးတွေကို ထိန်းချုပ်ဖို့ အဲ့လောက် မလွယ်ဘူးထင်ပါတယ်။ ပေးဆပ်မှုဆိုတာ လူတိုင်းအတွက် မလိုအပ်ဘူးဆိုတာလေး , လေးလေးနက်နက် တွေးမိပါတယ်။ မလိုအပ်သူအတွက် ပေးဆပ်မိတဲ့အခါ ကိုယ်ပဲ နာကျင်ရပါတယ်။ ခုချိန်မှာတော့ လောကလမ်းကို လျှောက်ဖို့ ခံယူချက်တစ်ချို့ ရှိနေပါတယ်။ ဘယ်လောက်ထိ မှတ်ကျောက်တင် ခံနိုင်မလဲ သိချင်ပါတယ်။ အချိန်က စကားပြောသွားမယ်လို့ ယုံကြည်ပါတယ်။

တစ်ခါတစ်လေ ဘယ်လောက်ပဲ နာကျင်စေဦးတော့ ကိုယ့်ကိုယ်လိမ်လည်မှုဟာ အမှန်တကယ် လိုအပ်ပါတယ်။ တချို့ကိစ္စတွေမှာ သိတာထက် မသိတာက ပိုကောင်းပါတယ်။ လုပ်မိလို့ရတဲ့ နောင်တနဲ့ မလုပ်မိလို့ ရတဲ့ နောင်တ ဘယ်ဟာက ပိုဆိုးလဲဆိုတာလည်း သိချင်ပါသေးတယ်။ အမှန်အတိုင်းပြောရရင်တော့ နောင်တကို မုန်းပါတယ်။ အမှန်နဲ့ အမှားကြား အဲဒီနောင်တဆိုတဲ့ ကောင်က ၀င်ဝင်ရှုပ်နေတယ်လို့မြင်ပါတယ်။ ကိုယ်မှန်တယ် ထင်လို့ လုပ်ခဲ့တဲ့ ကိစ္စတွေမှာ နောင်တမရချင်ပါဘူး။ လိုလည်း မလိုအပ်ဘူးလို့ထင်ပါတယ်။ မှားမှန်းသိပြီး အမှန်ပြန်ရောက်ဖို့ ကိစ္စမှာ နောင်တမပါပဲနဲ့လည်း ကိစ္စပြတ်နိုင်ပါတယ်။ ဒီနေရာမှာ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။

တွေဝေတတ်ခြင်း....
တွေဝေတတ်တာ မကောင်းဘူးဆိုပေမယ့် တချို့ကိစ္စတွေမှာတော့ တွေဝေမိတာကို ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိပါတယ်။ တချို့ကိစ္စတွေအတွက် တစ်သက်လုံးတွေဝေနေချင်ပါတယ်။ တချို့ပေါ့လေ....

ပကတိတန်ဖိုး၊ လောကတန်ဖိုး၊ ပတ်ဝန်းကျင်တန်ဖိုး၊ နောက်ဆုံးကိုယ်ပိုင်တန်ဖိုး.. 
ဒီတန်ဖိုးတွေအားလုံးထဲက ဘယ်ဟာကို ဦးစားပေးရမလဲ ခုထိမဝေခွဲနိုင်သေးဘူး။ လောကတန်ဖိုးနဲ့ ပတ်ဝန်းကျင်တန်ဖိုးတွေကို သိပ်ဂရုမစိုက်ချင်ပေမယ့် ရောက်တဲ့ ကွေ့မှာ တွေ့တဲ့ တက်နဲ့လှော်နေရဆဲပါ။ 

သဘာဝလွန်စွမ်းအင်တွေ သိပ်လိုချင်တဲ့ ဆရာမနဲ့ စကားပြောဖြစ်တဲ့အခါတိုင်း ငြင်းဖြစ်ပါတယ်။ ပျံသန်းနိုင်ဖို့၊ အတိတ်၊အနာဂတ်ကို သိဖို့ လိုအပ်တယ်လို့ ကျွန်တော်က မထင်ပါဘူး။ လူသားတစ်ယောက်အတွက် လူတစ်ယောက်ဖြစ်ဖို့အခြေခံလိုအပ်ချက်တွေ ပြည့်စုံရင် လုံလောက်ပြီလို့ ကျွန်တော်က ခံယူပါတယ်။ တစ်ခါတစ်လေတော့လည်း ဘာသာစကားအခက်အခဲကြားမှာ ပြောရတာ သိပ်လက်ပေါက်ကပ်ပါတယ်။ ဆယ်တန်းတုန်းက Eco မှာသင်ရတဲ့ လူတွေရဲ့ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒအကြောင်း ပြန်သတိရမိတယ်။ လိုအပ်ချက်က အကန့်အသတ်ရှိပေမယ့်။ လိုအင်ဆန္ဒတွေက အကန့်အသတ်မရှိနိုင်တာကို။ လူတွေဟာ သစ်ပင်ပေါ်မှာ အေးအေးဆေးဆေး မနေချင်ပဲ လမ်းဆင်းလျှောက်တဲ့ ပရိုင်းမိတ်က ဆင်းသက်လာလို့လား မသိပါဘူး။ ကိုယ်လုပ်နိုင်တာထက် ပိုပိုပြီး လိုချင်တတ်ကြသလိုပဲ။ 

နောက်တစ်ခုက အချစ်ရဲ့တန်ဖိုးဟာ ထင်သလောက် မခမ်းနားဘူးလို့ ကျကျနန ခံယူမိပါတယ်။ ဘ၀တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် အချစ်ဆိုတာ သိပ်သေးငယ်သလိုပါပဲ။ ယောက်ျားနဲ့ မိန်းမရဲ့ ဖိုမအချစ်ကို ဆိုလိုပါတယ်။ ဘာမှမဟုတ်တဲ့ ဟိုမုန်းပြောင်းလဲမှုတစ်ခု လောက်ထိ ထင်မြင်နေမိတယ်။ နောင်တချိန်မှာ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပေမယ့် ခုလောလောဆယ်ထိတော့ ဒီလိုပဲ မြင်ပါတယ်။ သိပ်ချစ်တယ်လို့ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ပြောတာကြားရရင် သိပ်ရယ်ချင်နေလို့ ရုပ်ရှင်ရုံ၊ ပန်းခြံနဲ့ စင်တာတွေ၊ ကော်ဖီဆိုင်တွေ သိပ်မသွားပါဘူး။

Note: မဆုံးနိုင်တဲ့အတွေးတွေအတွက် ရေးရမယ်တဲ့။ ဘယ်လိုရေးရမယ်မှန်းတကယ်မသိပါဘူး။ နောက်ဆိုစာမေးပွဲပိုနီးတော့မှမို့ နောက်မှရေးမယ်ဆိုလည်း ရေးဖြစ်မှာမဟုတ်ပါဘူး။ရေးမိတာတွေက ဗုံးဗောလအောနဲ့ ခပ်ပွပွဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သေချာတာကတော့ လက်ရှိတွေးနေမိတာတွေပါပဲ။ တစ်ပုဒ်လုံးဆုံးအောင် ဖတ်တဲ့လူတွေကို ကံစမ်းမဲပေးမယ်ဆိုပြီး စည်းရုံးရင်ကောင်းမလားတွေးမိပါတယ်။ ကိုယ်ရေးတဲ့ ပို့စ်အကြောင်း ကိုယ်ရိပ်မိလို့ပါ။ ဖတ်ပြီး စိတ်ထဲ ရှုပ်ထွေးသွားရင်တော့ ကျွန်တော်တွေးနေတာတချို့ကို ဖမ်းဆုပ်မိတယ် ဆိုရမလား။ အဲဒီလူတွေကို ဆုတွေဘာတွေပေးချင်ပါတယ်။ သေသေချာချာပြောချင်တာက ဒီပို့စ်ဟာ ကိုယ်ရေးကိုယ်တာ ပို့စ်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ (လိုရင်းရောက်မရောက်တော့ မသိဘူး အစ်မချစ်ကြည်ရေ.. ရေးတော့ရေးလိုက်ပြီ.။) ကိုဏီလင်းညိုကိုတော့ ခဏစောင့်ပါဥင်္ီးလို့ တောင်းပန်ပါတယ်...

ပျော်ရွှင်ပါစေ
ဝေလင်း



2 comments:

ချစ်ကြည်အေး said...

ဝေလီဝေလင်းရေ...ဒီမှာတော့ တကယ့်ကို ဝေလီဝေလင်းပဲ...မိုးမလင်းသေးဘူး...၆:၂၉ ပိတ်ရက်တွေမှာ အစောကြီးနိုးနေတတ်တာကို မုန်းတယ်...စီဘောက်ကို ကြည့်လိုက်တော့ ငါ့မောင်လေးရေးထားတာတွေ့ပြီးပျော်သွားတာ..
အစအဆုံး ဖတ်တယ်...ကံစမ်းမနေနဲ့ ပေါက်မဲသာ တခါတည်းထုတ်ပေးလိုက် ကြာပါတယ် ဟားဟား...လူသားဆန်တဲ့ အတွေးလေးတွေပါပဲ...ရေးပေးတာကျေးဇူးပါ မောင်လေးရေ...

Moe Tain Nyo said...

တစ်ချို့ကိစ္စတွေက မသိတာ ပိုကောင်းတယ် ဆိုတာ ဟုတ်လောက်တယ်ထင်တာပါပဲ။
နောက်တစ်ခု နောင်တ ဆိုတာ ထက် သင်ခန်းစာ ဆို
ရင် ပိုကောင်းမလားလို့။ ဟိုစကားပုံလိုပေါ့ဗျာ။ 'There is no mistake, only lesson' တဲ့။

ကောင်းတယ် ဗျို့။ ဒါမျိုးလေးတွေ ထပ်ရေးပါဦး ကိုဝေလင်းရေ။