Sunday, September 12, 2010

ဇာတ်သိမ်း



ဇာတ်သိမ်း
လက်ကလေးတွေ ပြေလျော့သွားတာဟာ
လက်ချင်းတွဲခဲ့တာလောက် မလှပပေမယ့်
သိပ်တော့လည်း အကျည်းမတန်ခဲ့
အဲဒီအတွက် ကံကြမ္မာကို ကျေးဇူးတင်တယ်….။
တောင်နဲ့မြောက်မဟုတ်ပါဘူး
ဘေးချင်းယှဉ်ရက်လေး ဝေးခဲ့ကြတာ
ပြန်တွေးမိရင် ဆွေးစရာတော့ ကောင်းသား..။
တစ်နွေပါပဲ…
အိမ်မက်ထဲက လက်ကလေးတွေ
ကိုယ့်ကို မချစ်ခဲ့တာ သိလိုက်ရတဲ့အချိန်မှာ
ဆောင်းဝင်သွားပြီ
ဒီအချိန်ရောက်မှ
အေးခဲနေတဲ့ နှလုံးသား ဘယ်တရားနဲ့ နွေးရမလဲ…။
ကမ္ဘာကြီးတစ်ခုလုံး ဗြောင်းဆန်သွားတာမဟုတ်ပါဘူး
နှလုံးသားလေးတစ်ခုပဲ ထက်အောက်ပြောင်းပြန်လှန်သွားတာ
ဒါပေမယ့်
ဒီကောင်မှာတော့ မချိအောင် ခံလိုက်ရတယ်…။
အမုန်းမဟုတ်ပါဘူး မချစ်ခဲ့ရုံပါ
ဒါပေမယ့်
အသည်းကွဲဖို့တော့ လုံလောက်ခဲ့တယ်…။
ကောင်မလေးရေ…!
ဆောင်းအေးအေးမှာ မီးလင်းဖိုလေးနဲ့ မင်းနွေးဖို့ပဲ ဆန္ဒပြုပါရဲ့ကွယ်……။

notes; မရောက်ဖြစ်တာကြာသွားတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ဘလော့ဂ်ကိုတော့ မမေ့ပါဘူး။ ရေးထားတာတွေ အများကြီးပေမယ့် ကဗျာလေးကနေပဲ စတင်လိုက်ပါတယ်။ ငါပြန်လာပြီ၊ မင်းတို့ရှေ့မှာ ရောက်နေပြီတွေ ဘာတွေတော့ မအော်တော့ပါဘူး။ ဘယ်အချိန်ပြန်ပျောက်သွားဦးမလဲ ကိုယ့်ဖာသာ ပြန်မသိလို့။ ပြီးရင်တော့ ဘာသာပြန်တစ်ခု နဲ့ အက်ဆေးတစ်ပုဒ်တင်ဖို့  ရှိပါတယ်။ အခြေအနေလည်း ပေးမယ်ဆိုရင်ပေါ့လေ..။ အဲဒါလေးတွေကတော့ ခွင့်မဲ့ပျက်ကွက်စဉ်အတွင်း ရေးမိတာလေးတွေပါ။ အကြွေးဆပ်တဲ့ သဘောလည်း ပါပါတယ်။ 
ပျော်ရွှင်ပါစေ....
ဝေလင်း

7 comments:

သိင်္ဂါကျော် said...

မချစ်ခဲ့ရုံ ကလည်း မုန်းသွားတာထက် ပိုဆိုးပါတယ်..

ကဗျာလေး ကောင်းတယ်.. :)

အဖြူရောင်နတ်သမီး said...

ပေါ်လာပြန်ပြီ..ဘယ်နေ့ထပ် Q ...အဲ..ထပ်ပျောက်အုံးမလဲမသိဘူး...ဟီးဟီး..

အဖြူရောင်နတ်သမီး said...

ပေါ်လာပြန်ပြီ..ဘယ်နေ့ထပ် Q ...အဲ..ထပ်ပျောက်အုံးမလဲမသိဘူး...ဟီးဟီး..

သဒ္ဓါလှိုင်း said...

အားတဲ့အချိန်..မှာရေးပေါ့..။ အားပေးနေမှာပါ.။
ကျန်းမာအဆင်ပြေပါစေ..

ခင်မင်စွာ
သဒ္ဓါ

မြတ်မွန် said...

ပြန်ရေးပါ..ဝေလင်း အချိန်ရရင်ပေါ့။

မိုးခါး said...

ကဗျာလေး သဘောကျတယ် ..း)) ခံစားရတယ်း)

အင်ကြင်းသန့် said...

ကဗျာလေးကို သဘောကျမိတယ်....သုံးထားတဲ့စကားလုံးလေးတွေက ထိထိမိမိရှိလို့....ဥပမာ...."လက်ကလေးတွေ ပြေလျော့သွားတာဟာ
လက်ချင်းတွဲခဲ့တာလောက် မလှပပေမယ့်
သိပ်တော့လည်း အကျည်းမတန်ခဲ့" ဆိုတာရယ် "တစ်နွေပါပဲ…
အိမ်မက်ထဲက လက်ကလေးတွေ
ကိုယ့်ကို မချစ်ခဲ့တာ သိလိုက်ရတဲ့အချိန်မှာ
ဆောင်းဝင်သွားပြီ" ဆိုတာလေးရယ် သုံးထားတာကို ကြိုက်မိတယ်။

ဒီလိုပါပဲ ဘလော့ရေးတယ်ဆိုတာ အဆင်ပြေတဲ့အချိန်လေးရေးလိုက် အဆင်ပြေတဲ့အချိန်လေးအိမ်လည်လိုက်နဲ့ပဲ နေရတာပါပဲ....လုံးဝကြီးကျတော့လည်း ကိုယ်တွေက ဖြတ်မှမဖြတ်နိုင်တာ။ ဝေလင်းလည်း အဆင်ပြေတဲ့အချိန်ရေးပေါ့....