Monday, November 8, 2010

ဒဏ်ရာပြတိုက်


         Воэможно ты в этом мире всего лишь человек, но для кого-то ты весь мир!

            ဒီက ကျွန်တော့်ဆရာမရဲ့ ဘလော့မှာ အဲလိုလေးရေးထားတာ တွေ့ဖူးပါတယ်။ အဓိပ္ပာယ်ကတော့ ဒီကမ္ဘာကြီးမှာ မင်းဟာ သာမန်လူတစ်ယောက်ပဲ ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ဒါပေမယ့် တစုံတယောက်သော သူအတွက်ကတော့ မင်းဟာ ကမ္ဘာကြီးတစ်ခုပဲ တဲ့။ ဘာသာပြန်လိုက်တော့ သိပ်ပြီးမလှတော့ပါဘူး။ ထားပါတော့ ပြောချင်တာကတော့ ဒဏ်ရာပြတိုက်လေးဟာ blog လောကကြီးထဲမှာတော့ သာမန်blog လေးပါ။ သာမန်တောင် လူသိပ်မသိတဲ့ သာမန်blog လေးပါ။ ဒါပေမယ့် ကျွန်တော်ဆိုတဲ့ ဝေလင်းအတွက်တော့ သူက တစုံတခုသော အတိုင်းအတာအထိ အဓိပ္ပာယ်ရှိပါတယ်။
              ဒီနေ့ပဲ blog လေးတစ်နှစ်ပြည့်ပါတယ်။ ဘာမှတော့ ထူးထူးခြားခြားရယ်လို့တော့ မဟုတ်ပါဘူး။ စကားစမြည်လေးပြောချင်လို့ပါ။ 
                 ကိုယ်ရေးခဲ့တာတွေ ကိုယ်ပြန်ကြည့်ကြည့်တော့ ကဗျာက အများဆုံးဖြစ်နေပါတယ်။ ပို့စ်ပေါင်း ၇၈ ခုမှာ ၂၁ ခုက ကဗျာပါ။ တစ်ခုခုက စိတ်ကိ ထိခိုက်မိလာရင် ကဗျာအဖြစ်ပဲ ပုံပြောင်းပြောင်းပစ်တတ်တဲ့ အကျင့်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာသာပြန်ထားတာတွေကိုတော့ တစ်ခုတလေက လွဲရင် ပြန်ဖျက်ပစ်ချင်မိပါတယ်။ အချိန်ကုန်ခံရိုက်ထား ရေးထားတာလေးကို နှမြောပြီးတော့တာ မဖျက်မိတာပါ။ 
ကဗျာကိုလည်း အားမရပါဘူး။ သိပ်ကြီး ပုဂ္ဂလိက ဆန်လွန်းတယ်လို့ ထင်မိလို့ပါ။ ခက်တာက ကိုယ်လုပ်ထားတဲ့ blog လေးကိုက ကိုယ့်ရဲ့ ကိုယ်ရေးကိုတာ ဆန်ဆန်လေး ဖြစ်နေတော့လည်း အထဲမှာပါတဲ့ အကြောင်းအရာတွေက ကိုယ်ရေးကိုယ်တာဆန်တာ သိပ်တော့မဆန်းပါဘူး။ ပေးထားတဲ့ blog နာမည်ကိုက ဒဏ်ရာပြတိုက် ပါတဲ့။ ကိုယ့်ကို ထိခိုက်မိလာတဲ့ ဒဏ်ရာလေးတွေကို စုစည်းပြဖို့ ရည်ရွယ်ခဲ့တာပါ။ ဒီနာမည်ကိုလည်း ပန်းချီပြခန်းတစ်ခုရဲ့ နာမည်လို့ ထင်ပါတယ်။ ဘယ်စာအုပ်ထဲမှာ ဖတ်မိတယ်တော့ မပြောပြတတ်ပါဘူး။ ငယ်ငယ်က ဖတ်ထားမိတာပါ။ ခုလို blog မှာ မရေးခင်က ရေးချင်တာလေးတွေ ရှိလာရင် ဗလာစာအုပ်ထဲမှာ ချရေးတတ်တဲ့ အကျင့်ရှိပါတယ်။ အဲဒီစာအုပ်လေးတွေကို ဒဏ်ရာပြတိုက်လို့ နာမည်ပေးထားပါတယ်။ ခုထိလည်း ဗလာစာအုပ်တွေအများကြီးပါပဲ။ ရေးဖြစ်နေတုန်းပဲ။ blog ပေါ်မတင်ဖြစ်တဲ့အကြောင်းအရာတွေ၊ တင်မရတဲ့ အကြောင်းအရာတွေ၊ စိတ်ရှုပ်တိုင်း စိတ်ရူးပေါ်က်ရာရေးထားတာတွေနဲ့ပါ။ 
                  အခု blog ပေါ်တင်ထားတဲ့ ဟာတွေကလည်း ၉၀ ရာခိုင်နှုန်းလောက်က ဗလာစာအုပ်ကနေ အသွင်ပြောင်းလာတာပါ။ ကိုယ်ကိုယ်တိုင်ကလည်း လက်နဲ့ရေးရတာကို ကီးဘုတ်နဲ့ရေးရတာထက် ပိုပြီး ခုံမင်ပါတယ်။
                   ဘလော့ဂ်လေး တစ်နှစ်ပြည့်လာတဲ့ သက်တမ်းမှာ ကိုယ့်ဘက်က ဘာမှပေးနိုင်ခဲ့တယ်ဆိုတာ မရှိခဲ့ပေမယ့် ရခဲ့တာတွေကတော့ တော်တော်များများရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ blogger မောင်နှမတွေရဲ့ ခင်မင်နွေးထွေးတဲ့ မေတ္တာပါပဲ..။
ဘလော့ဂ်လေးတစ်နှစ်ပြည့်သွားပေမယ့် ဘာမှထူးထူးခြားခြား ပြောင်းလဲမသွားသလိုပါပဲ။ ကောမန့်လေးတွေ ရလာရင် ပျော်တတ်တုန်း၊ စီဗုံးမှာ အော်သွားရင် ပျော်တတ်တုန်းပါ။ စီဗုံးမှာလည်း ခြောက်ကပ်ကပ်၊ ကောမန့်မှာကလည်း တစ္ဆေခြောက်မှာတောင် ကြောက်ရတဲ့ အဖြစ်မျိုးဆိုရင်တော့ စိတ်ညစ်တတ်တုန်းပါ။ အဲဒီခံစားချက်တွေကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကနဲ့ ခုနဲ့ ဘာမှမထူးခြားပါဘူး။
          ကြံဖန်ပြီးပြောရမယ်ဆိုရင်တော့ ဘလော့ဂ်ပေါ်အရောက်ကျဲတာ၊ ပို့စ်အတင်နည်းတာကိုပဲ ပြောရမယ်နဲ့တူပါတယ်။ ၂၀၀၉ခုနှစ်တုန်းက နိုဝင်ဘာ၊ ဒီဇင်ဘာနှစ်လနဲ့တင် ၄၅ ပို့စ်ရှိခဲ့ပေမယ့် ၂၀၁၀မှာတော့ နိုဝင်ဘာထိမှ ၃၃ ပုဒ်ပဲ တင်ဖြစ်ခဲ့ပါတယ်။ အဲဒါဟာ မနှစ်တုန်းကထက် စာတွေပိုများလာတာကို အကြောင်းပြရမလား၊ ကိုယ့်ဟာကို အပြင်မှာ သောင်းကျန်းနေတာတွေကိုပဲ အကြောင်းပြရမလားမသိပါဘူး။ သေချာတာကတော့ အလုပ်တွေရှုပ်နေတာပါပဲ။
             သေချာတာကတော့ စိတ်ကူးပေါက်ရင်ပေါက်သလို ရေးသွားဦးမှာပါပဲ။
             ဒဏ်ရာပြတိုက်မှာလည်း ဒဏ်ရာလေးတွေ အသစ်သစ်တိုးလာဦးမှာပါပဲ။
အားလုံးပဲပျော်ရွှင်ပါစေ
ဝေလင်း

5 comments:

Sonata Cantata said...

တို့များလည်း
စီဗုံးမှာလည်း ခြောက်ကပ်ကပ်၊ ကောမန့်မှာကလည်း တစ္ဆေခြောက်မှာတောင် ကြောက်ရတဲ့ အဖြစ်မျိုးဆိုရင်တော့ စိတ်ညစ်တတ်တုန်းပါ

ဒဏ်ရာပြတိုက် တနှစ်ပြည့် အမှတ်တရ

ချစ်ကြည်အေး said...

ငါ့မောင်လေးရေ....ဘလော့ဂ်လေး တနှစ်ပြည့်သွားပြီပေါ့....။ ရှေ့ဆက်ပါဦးနော်...စာရေးမကျဲဖို့ပဲ မှာပါရစေ၊ ရေးကာစတုန်းကလို ခပ်သွက်သွက် ပုံဖော်တာမျိုးလေးတွေ...ကြိုးပုံပြင်လိုမျိုးလေးတွေ တွေ့ချင်ပါသေးတယ်။ ပျော်ရွှင်စွာ ဆက်လက် ဘလော့ဂ်ဂင်းနိုင်ပါစေနော်.... :)

အဖြူရောင်နတ်သမီး said...

ရေးသာရေး...
အားပေးလျှက်...

“ဒီကောင် ပျောက်ပျောက်နေတယ်” လို့ အကြောင်းမပြကျေး..

ခွန်သဒ္ဓါ said...

ဆက်လက်ပြီး စာတွေအများကြီးဆက်ရေး နိုင်ပါစေ :)

ခွန်လည်း ရေးစကတော့ နေ့တိုင်းနီးပါးအသစ်တင်တယ်။ တဖြည်းဖြည်းနဲ့ တပတ်တခါတောင် မနည်းရေးယူရတယ်။ အပျင်းထူရင် အလုပ်ရှုပ်ရင် ပစ်ထားလိုက်သေးတယ် ဟဲ...:) အတူတူတွေပါဘဲ။

မြတ်မွန် said...

ဆက်လက်ရေးပါအုံး ဝေလင်းရေ..။
ပြတိုက်လေးစုံအောင်ပေါ့။
ပြတိုက်လေး ထာဝရတည်တံပါစေ။