Wednesday, May 19, 2010

သတို့သမီး (အပိုင်း ၄)

                          
သတို့သမီး (အပိုင်း ၄)

လေက ပြတင်းပေါက်နှင့် အမိုးများသို့ တသုန်သုန်တိုက်ခတ်နေသည်။ လေတိုးသံ တဟူးဟူးနှင့်အတူ မီးဖိုထဲမှ ၀မ်းနည်းဖွယ်တေးသီချင်းသံက တိတ်တဆိတ်ပျံ့လွင့်နေသည်။ အချိန်က ညတစ်နာရီခန့်။ အိမ်ကလူတွေအကုန် အိပ်ရာဝင်သွားကြပြီဖြစ်သော်လည်း ဘယ်သူမှမအိပ်ကြသေး။ အောက်ထပ်မှ တယောထိုးနေသည့်အသံကို နာဂျာကြားနေရသည်။ ရုတ်တရက် ပြတင်းပေါက်မှ တရုတ်ကပ် ပြုတ်ကျသံထွက်လာသည်။ ခဏနေတော့ ည၀တ်အင်္ကျီနှင့် ညီးနာ ဖယောင်းတိုင်ကိုင်ပြီး ရောက်လာသည်။

“ဘာပြုတ်ကျတာလဲ နာဂျာ?” ညီးနာက မေးသည်။

မုန်တိုင်းထန်နေသည့်ညမှာ ကြောက်ရွံ့မှုဖုံးနေသည့် အပြုံးသဲ့သဲ့နဲ့ ကျစ်ဆံမြီးတစ်ချောင်းတည်း ကျစ်ထားတဲ့ မေမေ့ပုံစံက အရပ်ပုပုနှင့် အိုမင်းသည့်ဟန်ပေါက်နေသည်။ သိပ်မကြာခင်က သူ့အမေဟာ သာမန်မိန်းမတွေထက် ထူးခြားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့တာကို နာဂျာသတိရမိသည်။ ဒါပေမယ့် အခုတော့ အဲဒီစာလုံးတွေက မမှတ်မိနိုင်လောက်အောင်ကို အသုံးမကျသည့် ဦးနှောက်ထဲမှ ထွက်ခွာသွားကြပြီ ဖြစ်၏။
           မီးဖိုခန်းထဲက သီချင်းသံက  တဖြည်းဖြည်းကျယ်လာသည်။ “အို...ဘုရားသခင်” ဆိုသည့် စာသားကိုပင် ကြားနေရသည်။ နာဂျာတစ်ယောက် အိပ်ရာပေါ်တွင် ထိုင်နေရာမှ ရုတ်တရက် ဆံပင်တွေကို ခပ်တင်းတင်းဆွဲပြီး ရှိုက်ငိုလိုက်သည်။
“မေမေ၊ မေမေ... တကယ်လို့များ သမီးဘာတွေဖြစ်နေတယ်ဆိုတာ သိရင်..!
တောင်းပန်ပါတယ်မေမေ။ သမီးကို ခွင့်ပြုပါ။ သမီးကို ထွက်သွားခွင့်ပြုပါ။”
“ထွက်သွားမယ်! ဘယ်ကိုလဲ..?” ညီးနာက အိပ်ရာပေါ်ဝင်ထိုင်ပြီး နားမလည်နိုင်စွာမေးသည်။ 
“ဘယ်ကိုထွက်သွားမလို့လဲ..?”

နာဂျာအချိန်အတန်ကြာအောင် ငိုရှိုက်ကာ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ပေ။

“သမီးဒီမြို့ကနေ ထွက်သွားပါရစေ” နောက်ဆုံးမှာ နာဂျာက ပြောလိုက်သည်။ 
“သမီး မင်္ဂလာလည်း မဆောင်တော့ဘူး။ သမီးသူ့ကိုလည်း မချစ်ဘူးမေမေ။ ပြီးတော့ သူ့အကြောင်း ပြောတောင် မပြောနိုင်ဘူး”
“မဖြစ်ဘူးသမီး၊ မဖြစ်ဘူး။ စိတ်အေးအေး ထားစမ်းပါသမီးရယ်။ လောလောဆယ် သမီးစိတ်မကောင်း ဖြစ်နေတုန်းမို့ပါ။ ဘာမှမဖြစ်ပါဘူး။ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ သမီးအန်ဒရိန်နဲ့ ရန်ဖြစ်ထားတယ်နဲ့တူတယ်။ ပျော်စေပျက်စေ ကျီစယ်တယ်ပဲ သဘောထားပေါ့ကွယ်” ညီးနာက ခပ်သွက်သွက် ၀င်ပြောသည်။
“ကောင်းပြီလေ မေမေ၊ ထွက်သွားပေးပါ... ကျေးဇူးပြုပြီး ထွက်သွားပေးပါ မေမေ” နာဂျာ ရိုက်ကြီးတငင် ငိုမိသည်။
“ဟုတ်ပါပြီ ဒါပေမယ့် ညည်းက အခု ကလေးပေါက်စ မဟုတ်တော့ဘူး။ မနက်ဖြန် သဘက်ခါဘဲ လက်ထပ်ရတော့မယ် သတို့သမီး ဖြစ်နေပြီ။ လောကစက်ဝိုင်းကြီးက အမြဲလည်ပတ်နေတာ။ ဘယ်လောက်ပဲ ဂရုမစိုက်ဘဲ အမေနဲ့ အဘွားကို ဒုက္ခပေးပေး ညည်းမှာလည်း ညည်းလို ခေါင်းမှာတဲ့ သမီးမျိုးပဲလာမှာပဲ..”
“ဘုရား ဘုရား၊  သမီးကို ဘယ်လို ပြောလိုက်ကြတာလဲ မေမေ။ သမီးကို အဲလောက်တောင် နာနာကြည်းကြည်း ပြောတယ်ဟုတ်လား။ ဘာဖြစ်လို့လဲ မေမေ”
ညီးနာ တစ်ခုခုပြန်ပြောချင်ပေမယ့် ဘာမှပြောမထွက်ပဲ အခန်းထဲကနေ ငိုပြီးထွက်သွား၏။ မီးဖိုထဲမှ သီချင်းသံက ထပ်ထွက်လာပြန်သည်။  အခန်းပတ်ပတ်လည်မှ ရုတ်တရက် ကြောက်စရာပဲ ကောင်းလာသယောင်။ နာဂျာ အိပ်ရာပေါ်ကထပြီး သူ့အမေဆီသို့ ခပ်မြန်မြန် သွားသည်။ အခန်းထဲ ရောက်တော့ အပြာရောင်စောင်ခြုံအောက်မှမေမေကို  စာအုပ်တစ်အုပ်ကိုင်လျက်နှင့် တွေ့ရသည်။
“မေမေ... သမီးတစ်ခုလောက် ပြောပါရစေ၊ သမီးတောင်းပန်ပါတယ်.. သမီးပြောတာကို တစ်ချက်လေး အာရုံစိုက်ပြီး နားထောင်ပေးပါ။ သမီးတို့ရဲ့ သေးငယ် ကျဉ်းမြောင်းတဲ့ အမြင်တွေက သမီးတို့ ဘ၀တွေကို ဘယ်လောက်တောင် ခေါင်းမဖော်နိုင်အောင် လုပ်ထားမှာလဲ မေမေ။ ခုသမီး မျက်လုံးတွေကို သမီးရဲရဲ ဖွင့်လိုက်ပြီ။ အားလုံးကိုလဲ မြင်ပြီ။ အမေ့ရဲ့ အန်ဒရိန်က ဘယ်လို လူမျိုးလဲ? သူ့မှာ ဘာအရည်အချင်းရှိလဲ မေမေ! အဲဒီလူက ငတုံး။” 

ညီးနာ ဆတ်ကနဲ ထထိုင်လိုက်သည်။

“ညည်းနဲ့ ညည်းအဘွားက ငါ့ကို အမျိုးမျိုး နှိပ်စက်နေကြတာပဲ! ညီးနာငိုရင်း ဆက်ပြောသည်။
“ငါအသက်ဆက်ရှင်ပါရစေဦး။ လူလောကကြီးထဲမှာ နေပါရစေဦး။ ငါ့ကို လွတ်လွတ်လပ်လပ်ပေးနေကြပါဦး။
ငါအများကြီး ငယ်ပါသေးတယ်။ ညည်းတို့က ငါ့ကို မြန်မြန်အိုပြီးသေအောင် နှိပ်စက်နေကြတာ!” ညီးနာက သူ့ရင်ဘတ်ကို ထုထုပြီးပြောသည်။ 
           ထိုသို့ ပြောပြီး စောင့်ခြုံထဲ ၀င်ကာခွေခွေလေး ပြန်လဲသွားသည်။ ခပ်သေးသေး ညီးနာပုံစံက သနားစရာ ကောင်းသည်ဟုထင်ရသည်။ နာဂျာ အခန်းထဲ ပြန်လာပြီး ည၀တ်အင်္ကျီကိုလဲကာ မနက်မိုးလင်းမည်ကို ထိုင်စောင့်နေလိုက်သည်။
           မနက်ရောက်တော့ အဘွားမာဖာက သူ့ခြံထဲကို ကြည့်ကာ ၀မ်းနည်းနေသည်။ လေပြင်းက ပန်းသီးတွေ အားလုံးကို ရိုက်ချသွားသည်။ ဆီးပင်တွေမှာလည်း တစ်ပင်မှာ အကောင်းတိုင်းမကျန် ကျိုးကုန်သည်။ ရာသီဥတုကလည်း စိတ်မချမ်းမြေ့ဖွယ် မုန်တိုင်းရောင်။ မီးဖိုထားပေမယ့် အိမ်ထဲမှာ အအေးဓာတ်က စိမ့်နေသည်။ မိုးစက်တွေကလည်း ပြတင်းမှန်ကို တဖြောက်ဖြောက် ရိုက်ခတ်နေသည်။ မနက်စောစော လက်ဖက်ရည်သောက်အပြီး နာဂျာ စာရှာဆီထွက်လာခဲ့သည်။ သူ့ဆီရောက်တော့ စကားတစ်လုံးမှ မပြောပဲ ခုံပေါ်မှာ ဒူးတုပ်ထိုင်ပြီး မျက်နှာကို လက်ဝါးနှင့် အုပ်ထားလိုက်မိသည်။

“ဘာလဲ!” စာရှာက မေးသည်။
“မတတ်နိုင်တော့ဘူး...။ ဒီဘ၀ကြီးမှာ ကျွန်မအရင်က ဘယ်လို နေနိုင်ခဲ့လဲ တကယ်နားမလည်နိုင်ဘူး။ အိမ်ထောင်ပြုရမှာလဲ မုန်းတယ်။ ကိုယ့်ကိုကိုယ်လည်း မုန်းတယ်။ အဓိပ္ပါယ်မရှိတဲ့ ပျင်းရိညည်းငွေ့ဖွယ် ဒီဘ၀ကြီးကိုလဲ ရွံတယ်။”

         စာရှာတစ်ယောက် ယောင်နနဖြစ်နေသည်။ နာဂျာတစ်ယောက် ဘာဖြစ်မှန်းမသိသေးပေ။

“ အဲဒါ ဘာမှမဖြစ်ပါဘူး။ ကောင်းတောင်ကောင်းသေးတယ်။” စာရှာက ပြောသည်။
“ဒီဘ၀ကြီးက ကျွန်မကို ညည်းငွေ့စေတယ်” နာဂျာက ဆက်ပြောသည်။ 
“ကျွန်မ ဒီမှာ ဒီတစ်ရက်က နောက်ဆုံးပဲ။ မနက်ဖြန် ဒီကနေ ထွက်သွားတော့မယ်။ ကျေးဇူးပြုပြီး ကျွန်မကို ရှင်နဲ့ ခေါ်သွားပါလား..”
          စာရှာတစ်ယောက် အတန်ကြသည်ထိ သူမကို အံ့ဩတကြီး ကြည့်နေမိသည်။ နောက်သူ သဘောပေါက်သွားသည်။ သူပျော်နေပုံက ကလေးလေးတစ်ယောက်လိုပင်။ လက်ကို တဖျတ်ဖျတ်လှုပ်ရမ်းကာ ရှူးဖိနပ်ခွာကို တခွပ်ခွပ် ဆောင့်နေသည့်ပုံသဏ္ဌာန်က ၀မ်းသာလွန်းလို့ ထကတော့မည့်ပုံ။

“ကောင်းလိုက်တာ!” သူက လက်နှစ်ဖက်ကို ခပ်သွက်သွက် ပွတ်ရင်းပြောသည်။
“ဘုရားရေ.. အဲဒါဘယ်လောက်များကောင်းလိုက်သလဲ!”

နာဂျာက သူ့ကို မျက်တောင်တစ်ချက်မခတ်ပဲ ကြီးမားဝိုင်းစက်ပြီး ချစ်မြတ်နိုးစွာကြည့်နေမိသည်။ သူတို့ကြားမှာ ဘာစည်းမှမရှိတော့သလို၊ သူတစ်ခုခုပြောတော့မည်ဟုလည်း ထင်မိသည်။ စာရှာကတော့ ဘာမှမပြောပေမယ့် အရင်က သူမမသိခဲ့တာတွေကို ပြောပြသည်ထက် ကျယ်ဝန်းစွာ သဘောပေါက်လာမိသည်။ သူ့ကို ကြည့်ပြီး အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်လာသည်။ သေခြင်းတရားကိုပင် ရင်ဆိုင်နိုင်မည်ဟု ထင်လာမိသည်။

“မနက်ဖြန် ကျွန်တော်လည်းသွားမယ်။” သူက ခဏတွေးပြီး ဆက်ပြောသည်။ 
“ပြီးရင် နာဂျာက ကျွန်တော့်ကို ဘူတာလိုက်ပို့။ နာဂျာ့ အထုပ်အပိုးတွေကို ကျွန်တော့်သရေသေတ္တာနဲ့ ထည့်လာခဲ့မယ်။ လက်မှတ်လည်း ကျွန်တော်ယူလာခဲ့မယ်။ သုံးကြိမ်မြောက်ခေါင်းလောင်းခေါက်ရင်သာ ရထားတွဲဆီရောက်အောင်လာခဲ့။ ပထမဆုံး မော်စကိုကို သွားကြမယ်။ အဲဒီကနေမှ နာဂျာက ပီတာစဘက်ကို ဆက်သွားပေါ့။ ပတ်စပို့စ်တော့ ရှိတယ်မဟုတ်လား?”
“အင်း.. ရှိတယ်။”
“ကျွန်တော့်ဘက်ကတော့ အာမခံဝံ့ပါရဲ့။ နာဂျာ့ဘက်ကသာ စိတ်မကောင်းဖြစ်တာတို့၊ နောင်တရတာတို့ မဖြစ်ပါစေနဲ့။ သွားဖြစ်အောင်သွားပြီး ပညာသင်ပါ။ အဲဒီလမ်းကြောင်းပေါ်မှာ ကံကောင်းခြင်းတွေက စောင့်ကြိုနေပါလိမ့်မယ်။ နောင်တစ်ချိန် ဘ၀ကြီးကို နောင်ပြန်လှည့်ကြည့်တဲ့အခါ အားလုံးပြောင်းလဲနေတာ တွေ့ရလိမ့်မယ်။ အဓိကက ဘ၀ကြီးကို ပြောင်းလဲပစ်ဖို့၊ ကျန်တာဘာမှ မလိုအပ်ဘူး။ ကဲ.. ဒါဖြင့် မနက်ဖြန် သေချာပြီလို့ သတ်မှတ်လိုက်ပြီနော်..”
“အို...သေချာတာပေါ့”
             နာဂျာ အရမ်းစိတ်ပူနေသည်ဟု ကိုယ့်ကိုယ်ကို ထင်မိသည်။ သူ့စိတ်ထဲမှာ တစ်ခါမှ အဲလောက်ထိ မလေးလံဖူးပေ။ ခုလို တစ်ယောက်တည်း ခရီးထွက်ဖို့ထိ ဆုံးဖြတ်နိုင်အောင် ခက်ခဲ စိတ်ဒုက္ခရောက်စွာ ကြိုးစားခဲ့ရသည်။ ထို့နောက် နာဂျာအခန်းပြန်ရောက်အောင်ပင် အနိုင်နိုင်တက်ခဲ့ရသည်။ အခန်းထဲ ပြန်ရောက်သည်နှင့် တပြိုင်နက် အိပ်ရာပေါ်ပစ်လှဲပြီး ချက်ချင်းပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ 
ငိုထားတဲ့ သူ့မျက်နှာမှာတော့ လွတ်လပ်သော အပြုံးလေးက ပွင့်လန်းလျက်.................။

                                                                         ချက်ကော့ဗ်၏ သတို့သမီးကို ပြန်ဆိုသည်။
                                                                         Невеста  А . П .Чехова

Notes; ဒီပို့စ်ဘာသာ ပြန်တဲ့ အချိန်အတောအတွင်းမှာ မျက်ရိုးမတရားကိုက်ပါတယ်။ စာဖတ်ရင်လည်း တစ်နာရီလောက်ထက် ပိုမဖတ်နိုင်ပါဘူး။ ဖတ်လိုက်ရင် ခေါင်းတွေပါ ကိုက်လာပါတယ်။ အဲဒီအတွက် စိတ်ညစ်ပါတယ်။ ( ခုတစ်ပိုင်းကိုတောင် သူငယ်ချင်းတစ်ယောက်က တ၀က်လောက် ကူရိုက်ပေးရတယ်) နောက် ၀တ္ထုတိုပေါင်းချုပ်တစ်အုပ် အစ်မတစ်ယောက်က ကောင်းတယ်ပြောလို့ တနေ့က ၀ယ်လာပါတယ်။ ကောင်းတာလေးတွေ့ရင်တော့ တင်ပါဦးမယ်။ ခုလို အခန်းဆက်တော့ ဒီတစ်ခုပြီးရင် ထပ်တင်ဖို့ မစဉ်းစားတော့ပါဘူး။ တော်တော် မှတ်သွားပါပြီ...။ နောင်တတွေလည်း အလိပ်လိုက်ရနေပါတယ်။ နောက်နှစ်ပိုင်းပဲ ကျန်တော့လို့ ၀မ်းသာပါတယ်။ မျက်ရိုးကိုက်နေပေမယ့် စာအုပ်တွေပို့ပေးတဲ့ အဖေနဲ့ အမေကို ကျေးဇူးတင်ပါတယ်။ မနက်ဖြန်လည်း စာအုပ်တစ်အုပ်ထပ်ရောက်ပါဦးမယ်။ မိဘတွေကို ဒုက္ခပေးရတာ အားနာပေမယ့် စာဖတ်ချင်တော့လည်း မတတ်နိုင်ပါဘူး။ အမှန်အတိုင်းဝန်ခံရရင်တော့ စိတ်နည်းနည်း ညစ်နေပါတယ်။

ပျော်ရွှင်ပါစေ..
ဝေလင်း

2 comments:

ချစ်ကြည်အေး said...

ကောင်းတယ်...နာဂျာ အတော်ရဲရင့်နေပြီ...စာရှာ့ရဲ့ ဒဿနတွေကြောင့်ရော...သူတကယ်ပဲ အန်ဒရိန်ကို မချစ်နိုင်တာကြောင့်ရော...။
ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ သူ့ဘဝကို တကယ်ငြီးငွေ့လာတာကြောင့်များလား...အမြန်တင်ပါ နောက်အပိုင်းတွေ....ဒါဗြဲ

Moe Tain Nyo said...

စောင့်ဖတ်နေပါတယ်ဗျို့