Friday, May 14, 2010

သတို့သမီး (အပိုင်း ၃)

                     
သတို့သမီး (အပိုင်း ၃)

               ဇွန်လအလယ်ထဲရောက်တော့ စာရှာတစ်ယောက် မော်စကိုကို သတိရလာသည်။ ပြန်လည်း ပြန်ချင်လာသည်။ 

“ကျွန်တော်တော့ ဒီမြို့မှာ ဆက်ပြီးမနေနိုင်တော့ဘူး” သူက မှုန်တေတေနှင့် ပြောသည်။
“ရေပေးစနစ်မရှိ၊ မိလ္လာစနစ်ကမကောင်း! ပြီးတော့ ဇီဇာခပ်ကြောင်ကြောင် ကျွန်တော်နဲ့ ညစ်ပတ်တဲ့ မီးဖိုချောင်နဲ့ ဘယ်လိုမှမဖြစ်ပါဘူး”
“နင်ဟာတော်တော် ခြေထောက်မှာ ဗွေပါတဲ့ ကောင်ပဲ စာရှာ။ ရှေ့လ ၇ ရက်နေ့ကျ မင်္ဂလာပွဲရှိတာကော သတိရလား” အဘွားမာဖာက ပြောသည်။
“စိတ်မပါတော့ဘူး”
“ဟဲ့ အစကပြောတော့ စက်တင်ဘာထိတောင် နေမယ်ဆို”
“ဟုတ်တယ်။ ဒါပေမယ့် အခုမနေချင်တော့ဘူး။ အလုပ်လုပ်ဖို့ရှိသေးတယ်”
                
             နွေရာသီက မှုန်မှိုင်း စိုထိုင်းနေသည်။ သစ်ပင်တွေကလည်း စိုစွတ်စွတ်၊ စိုက်ခင်းထဲ ဆင်းရမှာကလည်း စိုစွတ်စွတ်နှင့် စိတ်ပျက်ညစ်ငြူးဖွယ်။ အခန်းထဲနေပြန်တော့ အပေါ်ကကော အောက်ကပါ ဘာသံတွေမှန်းမသိ။ အပ်ချုပ်စက်က အသံတွေ၊ မီးဖိုချောင်က အသံတွေနှင့် စာရှာတစ်ယောက် နေမထိထိုင်မသာ ဖြစ်နေသည်။ အခန်းထဲမှာထိုင်ပြီး ဘယ်လောက်စိတ်ဆိုးဆိုး ဇူလိုင် ၁ ရက်ထက် စောပြီး မပြန်ဖို့ ကတိပေးထားမိသဖြင့် ဘာမှမတတ်နိုင်ပေ။
               အချိန်တွေက လျင်မြန်စွာပင် ကုန်လွန်သွားသည်။ စိန့်ပီတာပွဲတော်နေ့ နေ့လည်ပိုင်း နေ့လည်စာ စားအပြီးမှာ အန်ဒရိန်နှင့်နာဂျာသည် ငှားထားသည့်အိမ်ကို သွားကြည့်ရန် မော်စကိုလမ်းသို့ ထွက်လာခဲ့ကြသည်။ အိမ်ကနှစ်ထပ်အိမ် ဖြစ်သော်လည်း လောလောဆယ်အထိတော့ အပေါ်ထပ်တစ်ထပ်ပဲ ပြင်ဆင်လို့ ပြီးသေး၏။  ဧည့်ခန်းကြမ်းပြင်က ပါကေးခင်းထားသဖြင့် တဖိတ်ဖိတ်လက်နေသည်။ ဩစတြေးလျဖြစ်ထိုင်ခုံတွေ၊ ပြီးတော့ စန္ဒရား၊ တယောတင်သည့် စင် အစစအရာရာ ခမ်းနားလှပလို့ နေသည်။ သုတ်ထားသေ ဆေးနံ့တို့ ပင်မပျောက်ချင်သေး။ နံရံပေါ်မှာ ရွှေဘောင်ကွပ်ထားသည့် ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသည်။ ပန်းချီကားက ဘောင်အလွတ်တစ်ခုနဲ့ လက်နဲ့ထိန်းထားတဲ့ ခရမ်းရင့်ရောင် ပန်းအိုးပုံကို ရေးဆွဲထားခြင်းဖြစ်သည်။

“ရင်သပ်ရှုမောဖွယ်ရာပဲ” အန်ဒရိန်က ပြောလိုက်သည်။
“ပန်းချီဆ၇ာ ရှိရှမာချက်စကီးရဲ့ လက်ရာပေါ့”

နောက်ဆက်တီစားပွဲဝိုင်းနှင့် အပြာရောင်နုရောင် ဆိုဖာခုံများ။ အနီးရှိ စားပွဲခပ်သေးသေးပေါ်မှာတော့ ဘုန်းတော်ကြီးအဆောင်အယောင် အပြည့်နှင့် ဖာသာအန်ဒရိန်၏ ဓါတ်ပုံကို တင်ထားသည်။ ပြီးတော့ ထမင်းစားခန်း၊ ပြီးတော့ အိပ်ခန်း။ အိပ်ခန်းက အနည်းငယ် အမှောင်ရိပ်သန်းနေပြီး အိပ်ရာနှစ်ခုပါသည်။ ပြည့်စုံတဲ့ အိပ်ခန်းဟု သတ်မှတ်ရမည်ပင်။ အန်ဒရိန်သည် အိမ်တွင်းလှည့်ပတ်ကြည့်နေစဉ်အတောအတွင်း နာဂျာ့ခါးကို တလျှောက်လုံးဖက်ထား၏။ နာဂျာသည် အမှားတစ်ခုကို ညံ့ဖျင်းစွာကျူးလွန်မိနေသလို  ခံစားနေရသည်။ မြင်တွေ့နေရသော အဆောင်ဆောင် အခန်းခန်းတွေကိုလည်း ကြည့်ရင်းကြည့်ရင်း မုန်းတီးလာမိသည်။  သူအန်ဒရိန်ကိုမချစ်တော့တာ၊ ဒါမှမဟုတ် ဘယ်တုန်းကမှ မချစ်ခဲ့တာ သူမကိုယ် သူမသိလာသည်။ ဒါပေမယ့် အဲဒါကို ဘယ်လိုပြောရမှာလဲ၊ ဘယ်သူ့ကို ပြောရမှာလဲ၊ ဘာအတွက်လဲ ဆိုတာတွေတစ်ခုမှ နားမလည်ပေ။ နားလည်းမလည်တတ်။ အဲဒီအကြောင်းတွေကိုလည်း နေ့တိုင်း ညတိုင်းလိုလို တွေးမိသည်။ နူးညံ့စွာ၊ သိမ်မွေ့စွာ၊ ဒါမှမဟုတ် ပျော်ရွှင်စွာ၊ မြတ်နိုးစွာ ဖက်ထားသော အန်ဒရိန်၏ လက်တို့ကို အေးစက်မာကြောသည့် သံပတ်သဖွယ် ထင်လာပြီး မုန်းတီးလာသည်။ သည်းမခံနိုင်အောင် ဖြစ်လာမိသည်။ မိနစ်တိုင်းတွင် အန်ဒရိန့်အနီးမှ ပြေးထွက်ပြီး အားရပါးရ ငိုချပစ်လိုက်ချင်သည်။ 
အန်ဒရိန်က သူမကို ရေချိုးခန်းဆီသို့ ဆက်၍ခေါ်သွားသည်။ ရေချိုးခန်းနံရံတွင် ရေပိုက်ခေါင်းတစ်ခု ရှိနေသည်။

“ဘယ်လိုလဲ..?” အန်ဒရိန်ကမေးလိုက်သည်။
“အဲဒီပိုက်က အပေါ်ထပ် မျက်နှာကျက်ပေါ်မှာ တင်ထားတဲ့ ရေလှောင်ကန်က လာတာလေ။ ပုံးတစ်ရာလောက်ဆန့်တယ်။ ကိုယ်တို့နှစ်ယောက် ဒီမှာရေအတွက်တော့ ပူစရာမလိုတော့ဘူး”

ထို့နောက်နှစ်ယောက်သား အောက်ထပ်သို့ ဆင်းလာပြီး မြင်းရထားဖြင့် ပြန်ခဲ့ကြသည်။ အပြန်လမ်းကား ဖုန်တလုံးလုံးနှင့် စိတ်ပျက်ဖွယ် ကောင်းလှသည်။ ကောင်းကင်မှ တိမ်ညိုတိမ်မည်း တချို့ရှိနေသဖြင့် မိုးရွာမည်ဟုလည်း ထင်ရသည်။

“မအေးဘူးလား နာဂျာ” အန်ဒရိန်က ဖုန်များကြောင့် မျက်စိကို ခပ်မှေးမှေးထားရင်း မေးသည်။

သူမဘာမှမပြောဘဲ နှုတ်ဆိတ်နေမိသည်။

“မနေ့က ကိုယ်ဘာအလုပ်မှမလုပ်တာနဲ့ ပတ်သက်ပြီး စာရှာကိုယ့်ကို အပြစ်တင်တာ မှတ်မိလားနာဂျာ” သူကထပ်ပြောပြန်သည်။ နောက်ခဏနားပြီး

“ဟုတ်တယ် သူမှန်တယ်၊ အမြဲလည်း မှန်နေမှာပဲ! ကိုယ်ဘာအလုပ်မှမလုပ်ဘူး ပြီးတော့ ဘာမှလည်း မလုပ်နိုင်ဘူး။ ဘာကြောင့်များလည်း အချစ်ရယ်? ကိုယ့်ပခုံးပေါ်မှာ ရာထူးတစ်ခုခုတင်ဖို့၊ တာဝန်တစ်ခုခု ထမ်းဆောင်ဖို့ တွေးတောင်မတွေးမိတာ ဘာကြောင့်တဲ့လဲ။ ရှေ့နေအနေနဲ့ပဲ ဖြစ်ဖြစ်၊ လက်တင်စကားဆရာအနေနဲ့ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို မြင်ကြည့်လို့မရတာ ဘာကြောင့်လဲ။ အမိရုရှားနိုင်ငံတော်င်္ကြီးရေ... အသုံးမ၀င်တဲ့လူပိုတွေ ဘယ်လောက်များ မင်းသယ်လာခဲ့ ပြီတဲ့လဲ။ မင့်မှာ ငါ့လို လူညံ့လူဖျင်းတွေ ဘယ်လောက်တောင် များနေပြီလဲ! ”

သူအနေနှင့် ဘာအလုပ်မှမလုပ်ခဲ့ပေမယ့် အချိန်တန်ရင် ဖြစ်သွားလိမ့်မည်ဟု ခပ်လွယ်လွယ် ကောက်ချက်ဆွဲထားခဲ့သည်။
သူကဆက်ပြောသည်။

“ကိုယ်တို့လက်ထပ်ပြီးသွားရင် ရွာလေးတစ်ခုခုမှာသွားနေပြီး အဲဒီမှာပဲ အလုပ်လုပ်ကြရအောင် အချစ်ရယ်။ ချောင်းနားမြောင်းနားနီးတဲ့ မြေလေးတစ်ကွက်လောက်ဝယ်ပြီး အခင်းလေးတစ်ခုစိုက်ကြမယ်။ အတူ အလုပ်လုပ်ကြမယ်။ ကိုယ်တို့ဘ၀ကို အတူတည်ဆောက်ကြမယ်။ ဘယ်လောက်များ ကောင်းလိုက်မလဲကွယ်! ”

အန်ဒရိန်က သူ့ဦးထုပ်ကို ချွတ်လိုက်သည်။ သူ့ဆံပင်တွေက လေထဲတဖျပ်ဖျပ်လွင့်နေသည်။ 
နာဂျာကတော့ သူပြောတာ နားထောင်ရင်း “ဘုရားရေ.. အိမ်ကိုသာ မြန်မြန်ရောက်ပါတော့!” ဟု တွေးနေမိသည်။ အိမ်ရောက်ခါနီးရောက်တော့ ဖာသာအန်ဒရိန်နှင့်တွေ့သည်။

“ဟော..ဟိုမှာ အဖေ...” အန်ဒရိန်က ၀မ်းသာအားရပြောရင်း ဦးထုပ်ကို မြှောက်ရမ်းပြီး နှုတ်ဆက်လိုက်သည်။
“ကိုယ်ကိုယ့်အဖေကို သိပ်ချစ်တယ်။ ကြင်နာတတ်တဲ့လူကောင်းတစ်ယောက်လေ သူက” အန်ဒရိန်ကပြောပြီး ရထားကို ရထားထိန်းလက်သို့ လွဲလိုက်သည်။
နာဂျာကတော့ စိတ်ရောက်ကိုယ်ပါနောက်ကျိရှုပ်ထွေးစွာ အိမ်ထဲဝင်လာခဲ့သည်။ ဒီညနေလည်း သူတို့တတွေကို ဧည့်ခံရပေဦးတော့မည်။ ပြုံးပြရမည်၊ တယောထိုးတာကို နားထောင်ရမည်၊ မင်္ဂလာပွဲအကြောင်းပဲ ပြောပြောနေတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို သည်းခံ နားထောင်ရပေဦးတော့မည်ဟု တွေးမိသည်။
သူ့ရဲ့ကောက်ကျစ်တဲ့ အပြုံးနှင့်အတူ ဖာသာအန်ဒရိန်ဝင်လာသည်။ ထို့နောက်တစ်ဆက်ထဲပင်

“ခင်ဗျားကို ကျန်းကျန်းမာမာနဲ့တွေ့ရတာ ကျေနပ်ဝမ်းမြောက်ပါပေ့ဗျာ”ဟု သူက အဘွားမာဖာကို နှုတ်ဆက်သည်။ ဒါပေမယ့် သူအတည်ပြောနေတာလား နောက်နေတာလားဆိုတာတော့ နားလည်ရခက်လှသည်....။
                                                                     
                                                                         ချက်ကော့ဗ်၏ သတို့သမီးကို ပြန်ဆိုသည်။
                                                                         Невеста  А . П .Чехова
                
Notes; ခုဒီတတိယပိုင်းကို တင်ဖို့ ခါတိုင်းပို့စ်တွေထက်ပိုကြာသွားပါတယ်။ အဓိက အကြောင်းအရင်းကတော့ အိမ်ကပို့လိုက်တဲ့ စာအုပ်တွေရောက်လာတာပါ။ စိတ်အလိုအရဆို စာလေးဖတ်ပြီး နှပ်နေချင်တာပါ :)  လာဖတ်ပေးတဲ့သူတွေကိုလည်း အားနာတာ တစ်ကြောင်း၊ နောက်တစ်ခုက တာဝန်ကြီးတစ်ခုလို ဖြစ်နေတော့ မြန်မြန်ဖြတ်ချင်နေတာက တစ်ကြောင်း ဖျစ်ညစ်ပြီး ပြန်ဖြစ်အောင်ကြိုးစားပါတယ်။ စာအုပ်တွေကိုတော့ ထမင်းစားတဲ့အချိန်နဲ့ မနက်ခင်း ကျောင်းမတက်ရခင်အချိန်လေးမှာဖတ်ပါတယ်။ နောက်အကြောင်းတစ်ခုကတော့ ကျောင်းဖွင့်ရက်ဖြစ်နေတာပါ။ ကျောင်းဖွင့်ရက် ဖြစ်နေတဲ့အတွက် တစ်နေကုန် အားတဲ့အချိန်က နည်းနေပါတယ်။ များသောအားဖြင့် အိမ်စာက ပြတ်တယ်လို့ မရှိပါဘူး။ ဒါကြောင့်လည်း ဒီအပိုင်းက အရင်ဟာတွေလောက်တောင် မရှည်ပဲ ကြာနေတာပါ။ နဂိုကတည်းက စာရေးပျင်းပြီး စာပဲဖတ်ချင်တဲ့သူမို့ စာအုပ်တွေရောက်လာတော့ ဘာမှမလုပ်ချင်ပဲ စာပဲဖတ်ချင်နေပါတယ်။ အမှန်တကယ်က ဒီဘာသာပြန်ပြီးမှရောက်လာသင့်တာ။ ပြီးတော့ ဒီအပိုင်းကို ဘာသာပြန်တော့ ကိုယ်မသိတဲ့ စာလုံးတစ်လုံးတွေ့ပါတယ်။ အဘိဓါန်ထဲမှာလည်း ရှာမတွေ့ပါဘူး။ ဒါနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို မေးတော့ သူတို့လည်း မသိပါဘူး။ ဒါနဲ့ ရင်းနှီးတဲ့ ဆရာမတစ်ယောက်ကို သွားမေးပါတယ်။ အဟဲ.. သူလည်းမသိဘူးတဲ့။ ကောင်းရောနော်..။ ဒါနဲ့ စာကြည့်တိုက်သွားပြီး အဘိဓာန်တစ်ခု ထပ်သွားရှာတော့ စာကြည့်တိုက်မှူးက သိပြီး ရှင်းပြလိုက်ပါတယ်။ နောက် ကျွန်တော်အဲဒါကို ဘာသာပြန်နေတယ်ဆိုတာကိုလည်း သိရော ကျွန်တော့်ကို ဆူပါတယ် (သူကလည်း သွားပါများတော့ ရင်းလည်း ရင်းနှီးနေလို့ပါ) ဘာလို့ ဒီလောက်ခက်တာကို ဘာသာပြန်လဲပေါ့။ ကျွန်တော်လည်း သွားလေးဖြဲပြပြီး စပ်ဖြဲဖြဲနဲ့ ပြန်လာခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆုံးခန်းတိုင်အောင်တော့ ပြန်သွားမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ပျော်ရွှင်ပါစေ..
ဝေလင်း

4 comments:

အပြုံးပန်း said...

နာဂျာလွတ်မြောက်ထွက်သွားမလားလို့ စိတ်ဝင်တစားဖတ်နေတုန်း
စာရေးဆရာရဲ့ ပေးချင်တာကို သိသွားတယ်၊
စာရေးတယ်ဆိုတာ ဒီလိုပါလားလို့ လေ့လာမိသွားတယ်၊

(ကျေးဇူးပါ၊
မထင်မှတ်ပဲ ဖတ်လိုက်ရတယ်၊
နောက်ထပ် ၀တ္ထုတိုလေးတွေ ကြိုးစားပါအုံးလား)

သိင်္ဂါကျော် said...

ပုံစံခွက် မင်္ဂလာပွဲထဲက နာဂျာကို လွတ်မြောက်စေချင်ပါတယ်.. ဆက်ရန် မျှော်နေပါတယ်။

ကိုလူထွေး said...

စာရှာနဲ့ အန်ဒရိန်တို့ရဲ့ အားပြိုင်မှုတွေဆက်ပြီး တွေ့ရအုံးမယ် ထင်တယ်...

မိန်းကလေးက သတို့သားလောင်းနဲ့ပဲရမလား...
တခြားတယောက်ဘက်ပဲ ပါသွားမလား...

စိတ်ဝင်စားစရာပဲ...

းဝ)

ချစ်ကြည်အေး said...

အရမ်းကောင်းနေပြီ....

နာဂျာ့ကို ရဲရဲကြီး ဆုံးဖြတ်လိုက်စေချင်တယ်၊ စာရှာ့ကိုတော့ ကြိုက်ပေမဲ့၊ သူ့ရဲ့ ဖာမာ မိသားစုအပေါ် တော်လှန်ရဲတဲ့ အယူအဆတွေကို ကြိုက်ပေမဲ့ သူကိုယ်တိုင် ဘယ်လောက် ရိုးသားလဲ စောင့်ကြည့်ရအုံးမှာပဲ....