Monday, May 10, 2010

သတို့သမီး(အပိုင်း ၂ )

                   
သတို့သမီး (အပိုင်း ၂)
        
              နာဂျာအိပ်ရာကနိုးလာတဲ့အချိန်မှာ မနက်၂နာရီပဲ ရှိသေးပေမယ့် နွေဦးရာသီမို့ ရောင်နီအနည်းငယ် ပျို့နေပြီ ဖြစ်သည်။ အဝေးတစ်နေရာဆီက ကင်းသမားရဲ့ တုန်းမောင်းခေါက်သံ သဲ့သဲ့ကို ကြားရသည်။ အိပ်ချင်စိတ်မရှိ။ အိပ်ရာက နူးညံ့သော်လည်း တစ်ခုခုအဆင်မပြေသလို။ နာဂျာအိပ်ရာပေါ်မှာထိုင်ပြီး တောင်တွေးမြောက်တွေး တွေးနေမိသည်။ မေလရဲ့ညတိုင်းလိုလို သူမဒီလိုပဲ ဖြစ်ကျော်ခဲ့ရသည်။ အတွေးတွေကလည်း ထုံးစံအတိုင်း အပြောင်းအလဲမရှိ။ အန်ဒရိန်က သူမကို ဘယ်လိုစပြီးချည်းကပ်ခဲ့တာ၊ ဘယ်လို လက်ထပ်ခွင့်တောင်းခဲ့တာ။ တဖြည်းဖြည်း သူ့ကို ကြင်းနာတတ်သူ၊ လူတော်တစ်ယောက်အဖြစ် ထင်မြင်လာပြီး သူ့အချစ်ကို လက်ခံခဲ့တာ။ ဒါပေမယ့် ဘာလို့ အခုလို မင်္ဂလာပွဲကျင်းပဖို့ တစ်လတောင် မလိုတော့တဲ့အချိန်ရောက်မှ အဓိပ္ပာမဖွင့်ဆိုတတ်တဲ့ လေးပင်ခက်ခဲမှုတွေ စောင့်မျှော်နေသလိုမျိုး စိုးရိမ်ပူပန်မှု ကြောက်ရွံ့မှုတွေ ခံစားလာရမှန်း သူမ မတွေးတတ်တော့ပေ။

“တောက်-တောက်.... တောက်-တောက်..” ပျင်းရိဖွယ်ကောင်းသော ကင်းတုံးမောင်းသံ။

“တောက်-တောက်...”

              ပန်းခြံထဲကို မြင်နေရတဲ့ ပြတင်းပေါက်အို၊ ပြီးတော့ ထူထပ်စွာပေါက်ရောက်နေတဲ့ ခြုံတွေနဲ့ သန်စွမ်းလှတဲ့ နှင်းပန်းပင်တွေက အအေးဒဏ်အောက်မှာ ငိုက်မြည်းနေကြသည်။ ဖြူဖွေးထူထပ်တဲ့ မြူတွေက နှင်းပန်းပင်တွေကို ဖုံးအုပ်ချင်နေသည်။ ခပ်လှမ်းလှမ်းဆီမှ သစ်ပင်ပေါ်မှာတော့ တော်ကျီးကန်း တစ်ကောင်က ကွဲရှရှ အော်မြည်နေသည်။

“ဘုရားရေ.. ...ဘာကများ ငါ့စိတ်တွေကို ရှုပ်ထွေးလေးလံစေတာတဲ့လဲ”

မင်္ဂလာဆောင်ခါနီး သတို့သမီးတိုင်း ဒီလိုဖြစ်တတ်ကြတာလဲ ဖြစ်နိုင်တာပဲလေ။ ဘယ်သူသိမှာတဲ့လဲ!
ဒါမှမဟုတ် စာရှာရဲ့ ပယောဂကြောင့်လား..? ဒါပေမယ့် စာရှာက ခုမှဒီစကားတွေပြောတာမှမဟုတ်တာ။ နှစ်တိုင်းလိုလို အဲလို နားမလည်နိုင်တဲ့ အထူးအဆန်းတွေကို အပ်ကြောင်းထပ်အောင် ပြောနေကျပဲ။ ဒါပေမယ့် စာရှာက ဘာလို့ ခေါင်းထဲက ထွက်မသွားတာတဲ့လဲ...? ဘာကြောင့်လဲ..?
              ကင်းတုန်းမောင်းသံ ထပ်ထွက်မလာသည်ပင် အတော်ကြာသွား၏။ ပြတင်းပေါက်အောက်ဘက် ပန်းခြံဆီမှ ငှက်ကလေးများ၏ ဆူညံညံအသံတွေကို စတင်ကြားနေရပြီဖြစ်သည်။ မြူလည်းကွဲသွားပြီ ဖြစ်သဖြင့် အရပ်မျက်နှာပတ်ပတ်လည်သည် နွေဦးအလင်းရောင်နှင့် ထွန်းလင်းတောက်ပနေ၏။ မကြာခင်မှာပဲ ပန်းခြံတစ်ခုလုံး နေရောင်ခြည်၏ နွေးထွေးမှုဖြင့် ပြန်လည်အသက်ဝင်လာတော့မည် ဖြစ်သည်။ သစ်ရွက်ဖျား၌ တွဲခိုနေကြသော နှင်းရည်စက်လေးများကလည်း စိန်ပွင့်လေးများသဖွယ် တလက်လက် တောက်ပနေကြသည်။ ပြုပြုပြင်ပြင် မရှိတာကြာပြီဖြစ်တဲ့ သည်ပန်းခြံသည်ပင်လျှင် နံနက်ခင်း၌ သားနားနုပျိုနေသလို ဖြစ်နေ၏။ 
                အဘွားမာဖာ အိပ်ရာက နိုးလာတာ၊ စာရှာ ချောင်းတဟွပ်ဟွပ် ဆိုးနေတာ၊ ရေနွေးအိုးဆူနေတာ၊ အိမ်ဖော်တွေ အလုပ်စလုပ်နေကြတာ အားလုံးကို ကြားနေရသည်။ အချိန်ကုန်တာ ကြာလွန်းသလိုပင်။ နာဂျာ အိပ်ရာမှထပြီး ပန်းခြံထဲ အချိန်ကြာမြင့်စွာ လည်ပတ်နေသည့်တိုင် မနက်ခင်းက မကုန်နိုင်ပဲ ရှည်လျားလွန်းနေသည်။
                ငိုထားတဲ့မျက်နှာနဲ့ နာဂျာ့အမေ ညီးနာကို ဓါတ်ဆားရည်တစ်ခွက်နှင့်အတူ တွေ့ရသည်။ သူမသည် နက်နက်ရှုပ်ထွေးသည့် အတွေးတွေကို စာတွေအများကြီးဖတ်ပြီး ပိတ်ဆို့ဖို့ ကြိုးစားနေသည်ဟု နာဂျာထင်မိသည်။ ဒါကလည်း နာဂျာ့အတွေးသက်သက်သာ။ နာဂျာ အမေ့နားသွားပြီး အမေ့ကို နမ်းလိုက်သည်။ 

“ဘာလို့ ငိုထားတာလဲ မေမေ?” နာဂျာက မေးလိုက်သည်။

“မနေ့ညက အမေ အဘိုးအိုတစ်ယောက်နဲ့ သူ့သမီးအကြောင်း စာတစ်ပုဒ်ဖတ်တယ်။ အဘိုးအို အလုပ်လုပ်တဲ့ဆီက အထက်အရာရှိက အဘိုးအိုရဲ့ သမီးကို ကြိုက်နေတာပေါ့။ အဆုံးထိတော့ မဖတ်ရသေးပါဘူး။ ဒါပေမယ့် အဲဒီထဲက တစ်နေရာက မျက်ရည်ကို ဘယ်လိုမှမထိန်းနိုင်ဘူး။” ညီးနာက လက်ထဲက ဓါတ်ဆားရည်ကို တစ်ကြိုက်မျှသောက်ပြီး ဆက်ပြောသည်။ 

“ခုမနက်လည်း အဲဒီအကြောင်းကို သတိရပြီး ငိုထားတာ”
 “သမီးကတော့ နေ့ခင်းနေ့လည်ဆို နေလို့ထိုင်လို့ကောင်းပေမယ့် ညညကျ အိပ်လို့မပျော်ဘူးအမေ။ ဘာဖြစ်လို့လဲ မသိဘူး”

“မသိပါဘူးသမီးရယ်။ အမေကတော့ ညညအိပ်မပျော်ရင် မျက်စိကို တင်းနေအောင်မှိတ်ပြီး အန်နာကာရန်ညီးနာရဲ့ ပုံကို စိတ်ထဲမှာ ပုံဖော်ကြည့်တာပဲ။ သူဘယ်လိုလမ်းလျှောက်တယ်၊ စကားပြောရင်တော့ဖြင့် ဘယ်လို... အဲလိုပေါ့။ အဲဒါမှမဟုတ်လည်း သမိုင်းထဲက ရှေးဟောင်းခေတ်တစ်ခုခုကို ပုံဖော်ကြည့်လိုက်တာပဲ..”

နာဂျာ့အနေနဲ့ သူ့အမေဟာ သူ့ကိုနားမလည်ဘူး။ နားလည်မလည်နိုင်ဘူးလို့ ခံစားလိုက်ရသည်။ အဲဒီခံစားချက်ဟာ သူမဘ၀တစ်လျှောက်လုံးမှာ ပထမဆုံးအကြိမ်အဖြစ် ပေါ်လာတာဖြစ်၏။ ကြောက်လည်းကြောက်ရွံ့မိသည်။ ဖြစ်နိုင်လျှင် သူမအမေရှေ့မှ ချက်ချင်းပင်ပျောက်ကွယ်သွားချင်သည်။ ထို့ကြောင်း သူမအမေရှေ့မှထွက်ကာ သူမအခန်းဆီသို့ ပြန်ခဲ့သည်။ 
                 နေ့လည်နှစ်နာရီတွင် နေ့လည်စာစားကြသည်။ ဗုဒ္ဓဟူးနေ့ဖြစ်၍ အသားမပါပဲ ငါးဟင်းတစ်ခွက် ၊ စွပ်ပြုတ်တစ်ခွက်နှင့် ထမင်းတို့သာပါသည်။ စာရှာသည် အဘွားမာဖာကျေနပ်စေရန် သူ့အတွက်စွပ်ပြုတ်ကိုလည်း ကုန်အောင်သောက်ပြီး ထမင်းကိုလည်း များများစား၏။ ထို့ပြင် စားနေစဉ် အချိန်အတောအတွင်းလည်း တချိန်လုံးလိုလို နောက်ပြောင်နေ၏။ သူ၏ဟာသများမှာ အမှန်ပင် ရယ်စရာကောင်းလှသော်လည်း သူ့ရှည်လျားပြီး ပိန်လီလှသော လက်နှစ်ဖက်ကို မြှောက်လိုက်တိုင်း သူ့ကျန်းမာရေး လုံးဝမကောင်းသည်ကို အားလုံးသတိရကာ မရယ်မိကြတော့။ သေခါနီးဆဲဆဲ လူတစ်ယောက်ရဲ့လက်တွေလို လက်တွေက ဒီလောကကြီးထဲမှာ ဘယ်အချိန်ထိများ ဆုပ်ကိုင်ထားနိုင်မှာတဲ့လဲ.....
                 နေ့လည်စာစားပြီးတော့ အဘွားမာဖာက အခန်းထဲပြန်ပြီး အနားယူသည်။ ညီးနာကလည်း ခဏတစ်ဖြုတ် စန္ဒရားတီးပြီး ထွက်သွားပြန်သည်။

“ဟေ့ နာဂျာ” ထမင်းစားပြီးကာစ ပုံမှန်စကားဝိုင်းလေးကို စာရှာက စလိုက်သည်။

“တကယ်လို့များ ခင်ဗျားကျွန်တော့်ကို နားထောင်မယ်ဆိုရင်...၊ တကယ်လို့ပေါ့လေ..!”

နာဂျာက ရှေးဟောင်းထိုင်ခုံကြီးထဲမှာ သူ့ကိုယ်သူ မြှုပ်နေအောင် ထိုင်ပြီး မျက်လုံးကိုမှိတ်ထားသည်။ စာရှာကတော့ အခန်းထောင့်တစ်ခုကနေတစ်ခုကို တိတ်တဆိတ် ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည်။ 

“တကယ်လို့ ခင်ဗျားသာ ပညာသင်ကြားဖို့ ထွက်သွားခဲ့မယ်ဆိုရင်... ပညာရဲ့ အရသာကို ခင်ဗျားသိလာလိမ့်မယ်နာဂျာ။ အတွေးအခေါ်တွေပြောင်းလဲလာလိမ့်မယ်။ လောကကြီးကလည်း အဲလိုလူတွေကိုပဲ လိုအပ်တယ်။ ဒီလိုလူတွေများလေလေ ခင်ဗျားတို့ မြို့ကြီးတစ်ခုလုံးမြေလှန်ပစ်လိုက်သလို ဖြစ်မယ့် ပြောင်းလည်းခြင်းက ပိုပြီး မြန်မြန်ရောက်လာလိမ့်မယ်။ မှော်ပညာနဲ့ ပြောင်းလဲပစ်လိုက်သလိုပေါ့။ လှပကောင်းမွန်တဲ့ အိမ်ကြီးရခိုင်တွေ၊ ထူးခြားလှပတဲ့ ပန်းခြံတွေ၊ သာမန်မဟုတ်တဲ့ ရေပန်းတွေနဲ့ ကောင်းမွန်တဲ့လူတွေ... ဒါပေမယ့် ဒါတွေကအဓိက မကျပါဘူးလေ... အဓိကက လူ့အဖွဲ့အစည်းပေါ်ထားတဲ့ ကျွန်တော်တို့စိတ်။ အဲဒီအချိန်ရောက်ရင် လူတွေရဲ့ ပတ်ဝန်းကျင်အပေါ်၊ လူ့အသိုင်းအ၀ိုင်းအပေါ်၊ လူအဖွဲ့အစည်းအပေါ်ထားတဲ့ စိတ်တွေက ဆိုးသွမ်းမှုဖြစ်လာမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းက သူတို့ ဘာအတွက် ရှင်သန်နေတယ်ဆိုတာကို ကိုယ်တိုင်သိလာ၊ ယုံကြည်လာလို့ပဲ။ ဘယ်သူတစ်ယောက်ကမှ အမှီအခို အထောက်အပံ့ရှာမနေတော့ပဲ ကိုယ့်အားကိုယ်ကိုးလာလိမ့်မယ်။ တစ်နည်းပြောရရင် လူတွေ ကိုယ့်နှာခေါင်းပေါက်နဲ့ကိုယ် အသက်ရှူပြီး ကိုယ့်ခြေထောက်နဲ့ကိုယ် လမ်းလျှောက်တတ်လာလိမ့်မယ်။ မိန်းကလေးရယ် သွားလိုက်စမ်းပါကွယ်။ အားလုံးမြင်အောင်ပြလိုက်စမ်းပါ။ ရွေ့လျားမှုမရှိ၊ ပြောင်းလည်းမှုမရှိတဲ့ အတုယောင်ဘ၀ကြီးကို မင်းငြီးငွေ့နေပြီဆိုတာ ပြလိုက်စမ်းပါ။ ကိုယ့်ကိုယ်ကိုပဲဖြစ်ဖြစ်ပေါ့။ ”

“မဖြစ်ဘူးစာရှာ။ ကျွန်မက မင်္ဂလာဆောင်ရတော့မှာ”
“ထားလိုက်စမ်းပါ။ ဘယ်သူက လိုအပ်နေလို့လဲ အဲဒါကို။”

နှစ်ယောက်သား ပန်းခြံထဲဆင်းပြီး နည်းနည်းဆက်လျှောက်ကြသည်။

“တကယ်လို့ မင်္ဂလာပွဲမှာ ခင်ဗျားမရှိခဲ့ရင်ရော...! မိန်းကလေးရယ် နားလည်စမ်းပါ။ တွေးစမ်းပါ။ ဒီလောက်ညစ်ပတ်ဆိုးဝါးနေတဲ့၊ အချီးနှီး ကုန်ဆုံးနေတဲ့ ခင်ဗျားဘ၀...” စာရှာက ခဏနားပြီး စကားကို ဆက်သည်။

“နားလည်စမ်းပါ။ ခင်ဗျား၊ ခင်ဗျားအမေနဲ့ အဘွားတို့က ဘာမှမလုပ်ကြဘူးဆိုပါတော့ ဒါဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ ခင်ဗျားတို့အတွက် အလုပ်လုပ်ပေးနေရမှာပဲ။ ခင်ဗျားတို့က သူတပါးဘ၀ကို ခင်ဗျားတို့အတွက် စတေးထားတာပဲ။ အဲဒါဟာကောင်းတယ်၊ သန့်ရှင်းတယ်တဲ့လား..?”

“အဲဒါအမှန်တွေပါပဲ”လို့နာဂျာပြောချင်ပါသည်။ သူမှနားလည်တယ်ဆိုတာကိုလည်း ပြောပြချင်ပါသည်။ ဒါပေမယ့် သူမမျက်လုံးထက်က မျက်ရည်တွေက ပြောစရာမလိုလောက်အောင် ဖော်ပြနေကြသည်။ သူမတစ်သက်လုံး မြိုသိပ်ထားရတာ၊ ရင်ဘတ်ထဲမှာ တင်းကြပ်နေတာတွေအားလုံး ရုတ်တရက် ထွက်ခွာသွားသလိုမျိုး ရင်ထဲမှာ ပေါ့ပါး ငြိမ်းအေးသွားသည်။
                  အဲဒီညနေမှာ အန်ဒရိန်ရောက်လာပြီး ခါတိုင်းလိုပင် တယောထိုးသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူသည် စကားများများပြောသူမဟုတ်ပေ။ သူတယောထိုးရတာကို နှစ်သက်တာဟာ တယောထိုးတဲ့ အချိန်စကားမပြောပဲ နေလို့ရလို့လည်း ဖြစ်နိုင်သည်။ ည ၁၁နာရီ ထိုးတော့ သူပြန်ဖို့ပြင်သည်။ လောင်းကုတ်ဝတ်ပြီးနောက် နာဂျာ့ကိုဖက်ပြီး မွတ်သိပ်စွာနမ်းသည်။ မျက်နှာ၊ပခုံး၊ ပြီးတော့ လက်တွေကို....။

“ကိုယ့်ရဲ့မိန်းမချောလေးရေ..” သူကတီးတိုးပြောသည်။ “ကိုယ်ဟာ သိပ်ကံကောင်းတဲ့သူပဲကွယ်။ မင့်ကိုချစ်မိတဲ့ အချစ်တွေနဲ့ ရူးသွပ်သွားမလားတောင် ထင်မိတယ်”

        သူမအထင်တော့ အဲဒီစကားတွေကို ဟိုးအရင်ကတည်းက ကြားဖူးသလိုပင်။ တော်တော်ကြာကြာကပင် ကြားဖူးတာ၊ ဒါမှမဟုတ် ၀တ္တုတစ်ပုဒ်ပုဒ်ထဲမှာ ဖတ်ဖူးတာဖြစ်နိုင်သည်။ သေချာတာတစ်ခုကတော့ သိပ်ကို ဟောင်းနွမ်းနေပြီး ဘယ်သူမှမသုံးတော့တာ ဖြစ်သည်။
          ဧည့်ခန်းထဲမှာတော့ စာရှာက ရေနွေးသောက်နေသည်။ ညီးနာကတော့ စဖတ်နေသည်။ မီးအိမ်မှ တဖောက်ဖောက် မြည်သံကလွဲလို့ အားလုံးတိတ်ဆိတ်နေသည်ဟု ထင်၇သည်။ နာဂျာအားလုံးကို နူတ်ဆက်ပြီး  အပေါ်သို့တက်လာခဲ့သည်။ မကြာခင်မှာပင် အိပ်ပျော်သွားပြီး ည ၁နာရီလောက်တွင် ပြန်နိုးလာသည်။ အပြင်မှာကတော့ မနေ့ကလိုပင် အလင်းရောင်အနည်းငယ် ထွက်ပေါ်နေပြီ ဖြစ်သည်။ ပြန်အိပ်၍လည်း မရတော့။ စိတ်ထဲမှာ လေးပင်ကာ ရှုပ်ထွေးနေသည်။ ဒူးနှစ်လုံးပေါ်ခေါင်းတင်ပြီး ထိုင်နေမိသည်။ ပြီးတော့ မင်္ဂလာပွဲအကြောင်း၊ သတို့သားအန်ဒရိန်အကြောင်းတွေ တွေးနေမိသည်။ ဆုံးသွားတဲ့ ခင်ပွန်းသည်ကို သူအမေမချစ်ခဲ့တာကို သတိရမိလာသည်။ သူမသည် ဘာမှမတတ်ပဲ ယောက္ခမဖြစ်သူ အဘွားမာဖာ စိတ်တိုင်းကျနေခဲ့သည်။ နာဂျာ့အနေနဲ့ သူ့အမေကို သာမန်နဲ့မတူပဲ ထူးခြားနေတယ်လို့ ထင်မိတာ ဘာကြောင့်မှန်း ခုထိသဘောမပေါက်နိုင်သေးပေ။

စာရှာလည်း အိပ်နေဟန်မတူ။ သူချောင်းဆိုးနေသည့်အသံတွေကို ကြားနေရသည်။ သူသည် နားလည်ရန်ခက်သည့် လူထူးလူဆန်းတစ်ယောက်ဟု နာဂျာတွေးမိသည်။ သူ့စိတ်ကူးတွေက အဓိပ္ပာယ်မရှိတဲ့ သာယာလှပတဲ့ ပန်းခြံတွေ၊ ထူးခြားလှပတဲ့ ရေပန်းတွေ။ ဒါပေမယ့် အဲဒီအဓိပာယ်မရှိတာတွေရဲ့ ဆွဲဆောင်အားက ထွက်သွားပြီးပညာမသင်ဘူးလို့ သူမအနိုင်နိုင် ဆုံးဖြတ်နေရသည်။ သူပြောတာတွေပြန်တွေးမိလျှင် ရင်ဘတ်တစ်ခုလုံး၊ နှလုံးသားတစ်ခုလုံး အေးစက်မှုတွေ လောင်းချလိုက်သလိုမျိုး ပျော်ရွှင်တက်ကြွမှုတွေက ဖုးလွှမ်းသွားသည်။

“ဒါပေမယ့် မတွေးတာ ပိုကောင်းတယ်.... မတွေးတာ မင့်အတွက် ပိုကောင်းတယ်နာဂျာ” သူမ ကိုယ့်ကိုယ်ကို ခပ်တိုးတိုး ပြောနေမိသည်။

“အဲဒီအကြောင်းတွေ တွေးဖို့မလိုအပ်ဘူး..”

“တောက်-တောက်....” အဝေးတစ်နေရာမှ ကင်းမောင်းသံက ပျံ့လွင့်လာပြန်သည်။

“တောက်-တောက်... တောက်-တောက်..”
                                                                         ချက်ကော့ဗ်၏ သတို့သမီးကို ပြန်ဆိုသည်။
                                                                         Невеста  А . П .Чехова
note; မနေ့က ရုရှားနိုင်ငံရဲ့ ၆၅နှစ်မြောက် victory day ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက ဂျာမန်တွေစစ်ရှုံးပြီး စစ်ပြီးသွားတဲ့နေ့ပေါ့။ မနက်ထထချင်းတုန်းကတော့ အပြင်လျှောက်သွားပြီး လည်မလို့ ပတ်မလို့ပါပဲ။ ဒါပေမယ့် စစ်သင်္ချိုင်းမှာ ပန်းချပြီး အပြန် မှာတော့ အဲဒီအစီအစဉ်ကို ဖျက်ပစ်လိုက်ပါတယ်။ စစ်သင်္ချိုင်းကနေ ပန်းချပြီးအထွက်မှာ အုတ်ဂူတွေကြားထဲမှာ ငိုနေတဲ့ အဘွားအိုတစ်ယောက်ကို တွေ့မိလို့ပါ။ ပျော်ရွှင်နေကြတဲ့ လူတွေကြားထဲမှာ ငိုနေတာကို မြင်မိပြီး စိတ်က ဘယ်လိုဖြစ်သွားမှန်းကို မသိပါဘူး။ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ အဲဒီအဖွားအသက်ဟာဆို အလွန်ဆုံးရှိရင် ၇၀ ဖြစ်တဲ့အတွက် စစ်တွင်းတုန်းကဆို လေးငါးနှစ်သမီးထက် ဘယ်လိုမှမပိုနိုင်ပါဘူး။ အဲဒီတော့ ဒီသချိုင်းမှာ သူလာငိုတဲ့ အုတ်ဂူဟာ မိဘတွေဖြစ်ဖို့များပါတယ်။ တကယ်တော့ အဲဒီနေ့ဟာ စစ်ပွဲကြီး ပြီးတဲ့နေ့ဖြစ်လို့ သိပ်ကို ပျော်စရာကောင်းတဲ့နေ့ပါ။ ဒါပေမယ့် အဲဒီအဖွားအတွက်တော့ နှစ်တိုင်း အစားထိုးမရတဲ့ ဆုံးရှုံးမှုကို ပြန်လည်သတိရစရာ ကြေကွဲဖွယ်နေ့တစ်နေ့ ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆၅နှစ်က ၅နှစ်၆နှစ်အရွယ် ကလေးမလေးဟာ စစ်ပွဲက ပြန်လာသူတွေကြားထဲမှာ သူ့မိဘတွေ ပါမလားလို့ သွားမျှော်နေခဲ့မှာပဲ။ ဒါပေမယ့် ပါမလာတဲ့အခါ အဲဒီနေ့ဟာ သူ့အတွက် ဒီနေ့ထိ ၆၅ နှစ်တိုင်တိုင် ငိုကြွေးဝမ်းနည်း နာကျင်စရာ ဖြစ်သွားခဲ့ရပြီ။ 
အဲဒီအဖွားအို ငိုကြွေးတာကို မြင်မိပြီး ဘယ်လိုမှ ပျော်ပျော်ပါးပါး လျှောက်လည်ဖို့ စိတ်မပါတော့ပါဘူး။ လိပ်ပြာလည်း မသန့်ဘူး။ စစ်ပွဲတစ်ခုရဲ့ အကျိုးဆက်တွေအကြောင်းလည်း တွေးမိတယ်။ စစ်ပွဲတွေကို မုန်းတီးမိပါရဲ့...
နောက်ဒီဝတ္ထုတိုကို ဘာသာပြန်တော့ အပိုင်း၁ မှာ ဒီဝတ္ထုကို ဆုံးအောင် မဖတ်၇သေးဘူးလို့ ပြောခဲ့ပါတယ်။ ဆုံးအောင်တောင် မဖတ်ပဲနဲ့ ဘာသာပြန်တာမရဲတင်းလွန်းဘူးလားလို့ ကိုလူထွေးက ပြောပါတယ်။ ဟုတ်ပါတယ်။ အဲဒီကိစ္စက မဖြစ်သင့်တဲ့ ကိစ္စပါ။ ဖြစ်သင့်တာက ၀တ္ထုတစ်ပုဒ်လုံးကို အစအဆုံးဖတ်၊ ဇာတ်ကောင်းစရိုက်ကို မိအောင်ဖမ်းပြီး ဘာသာပြန်ရမှာပါ။ အထူးသဖြင့် ချက်ကော့ဗ်ရဲ့ ၀တ္ထုတိုတွေက ပိုဆိုးပါတယ်။ သူကိုယ်တိုင်က လူ့စရိုက်အဖွဲ့မှာ နာမည်ကြီးသူဖြစ်လို့ပါ။ ဘာပဲပြောပြောစမိပြီမို့ ဆုံးအောင်တော့ ဆက်ပြန်သွားပါ့မယ်။ သည်းခံပြီး လာဖတ်ဝေဖန်ပေးသူတွေကို ကျေးဇူးတင်ပါတယ်။
ပျော်ရွှင်ပါစေ...
ဝေလင်း

2 comments:

ကိုလူထွေး said...

“လူတွေ ကိုယ့်နှာခေါင်းပေါက်နဲ့ကိုယ် အသက်ရှူပြီး ကိုယ့်ခြေထောက်နဲ့ကိုယ်လမ်းလျှောက်တတ်လာလိမ့်မယ်”

ဒီလိုမျိုး အတွေးအခေါ်တွေကို လူတွေကြားထဲရောက်အောင် စာပေနဲ့ သင်ကြားပေးလို့လည်း ချက်ကော့ဆိုပြီး နာမည်ကြီးနာနဲ့တူတယ်...

ရုရှလူမျိုးတွေကလည်း ဂီတကို အလွန်မြတ်နိုးပုံရတယ်။ အခန်းနှစ်ခန်းထဲမှာတောင် တယောနှစ်ခါထိုးပြီး စန္ဒယား တခါတီးပြီးသွားပြီ။

ဘာသာပြန်တာ အစအဆုံးမဖတ်ရသေးဘူးလို့ မသိရလောက်အောင် ကောင်းပါတယ်။

ဆက်လုပ် ကိုယ့်လူ...

းဝ)

အပြုံးပန်း said...

အင်း၊ ကိုလူထွေးပြောသလိုပါပဲ၊
စာရေးဆရာတစ်ယောက်ကို ဘယ်အချက်က နာမည်ကြီးစေတာလဲဆိုတာ ဒီအခန်းမှာတွေ့လိုက်ရတယ်။
စာရှာက နာရျာကို ပြောတဲ့စကားလေး ကူးယူထားလိုက်မယ်။