Sunday, May 9, 2010

သတို့သမီး (အပိုင်း၁)

သတို့သမီး(အပိုင်း ၁)
            
             ဆယ်နာရီကျော်ကျော် ညချမ်းအချိန်...။ ပန်းခြံထဲ၌ လရောင်က ထွန်းလင်းတောက်ပနေ၏။ ပန်းခြံအလယ်မှာတော့ အဘွားမာဖာ၏ အိမ်ဖြစ်သည်။ အိမ်ထဲမှ မိန်းမပျိုလေးတစ်ယောက်ထွက်လာသည်။ သူကတော့ အိမ်ကြီးရှင် အဘွားမာဖီ၏မြေး နာဂျာဖြစ်သည်။ အိမ်ထဲမှာ မီးများလင်းထိန်နေအောင် ထွန်းထားသဖြင့် နာဂျာအနေနှင့် အိမ်ထဲမှလူအားလုံးကို လှမ်းမြင်နေရသည်။ အိမ်ထဲမှာတော့ သားမွေးဝတ်ရုံကြီးတဖားဖားနှင့် အဘွားမာဖာ၊ ဘုရားကျောင်းက ဖာသာအန်ဒရိန်ကတော့ နာဂျာ့အမေ ညီးနာ နှင့် စကားပြောနေသည်။ သူတို့နှစ်ယောက်နှင့်မလှမ်းမကမ်း ပြတင်းပေါက်နားမှာရပ်နေတာက ဖာသာအန်ဒရိန်ရဲ့သား အန်ဒရိန်..။
                ပန်းခြံထဲမှာတော့ အိမ်အတွင်းပိုင်းနှင့် ဆန့်ကျင်စွာပင် အရာရာ တိတ်ဆိတ်ငြိမ်သက်နေသည်။ လရောင်အောက်မှာ တချက်တချက် လှုပ်ရှားသွားသော သစ်ပင်တို့၏အရိပ်နှင့် အဝေးဆီမှ.. မြို့ထဲဘက်ဆီမှ.. တချက်တချက်လွင့်ပျံလာတတ်သည့်  ဖားအော်သံသဲ့သဲ့မှလွဲလို့ပေါ့။ သာယာလှပသည့် မေလ၏ ညှို့ငင်မှုတို့က အသက်ပြင်းပြင်းရှူကာ စိတ်ကူးယဉ်ချင်စရာကောင်းလှသည်။ ကောင်းကင်ကြီးအောက် မြို့ပြနှင့်ဝေးရာ ကွင်းပြင်ကျယ်ကြီးသို့ ရောက်သွားသယောင်...၊ တောနက်ထဲက သစ်ပင်အောက်သို့ပဲ ရောက်သွားသယောင်ယောင် နွေဦးခံစားချက်တွေလေ....။ ဘာကြောင့်ရယ်မသိ ငိုချင်သလိုလို ဖြစ်မိသည်ထိ။
            နာဂျာသည် အသက်၂၃နှစ်ပြည့်ပြီးခဲ့ပြီးဖြစ်သည်။ မကြာခင်မှာ လက်ထပ်တော့မည့် အန်ဒရိန်၏ သတို့သမီးလည်း ဖြစ်သည်။ မင်္ဂလာပွဲကို ဇူလိုင် ၇ ရက်နေ့တွင် ကျင်းပရန်ပင် သတ်မှတ်ပြီး ဖြစ်သည်။  သူမအသက် ၁၆နှစ်လောက်ကတည်းက စိတ်ကူးယဉ်မျှော်လင့်ခဲ့တာ ဖြစ်ပေမယ့် တကယ့်တကယ် ဖြစ်လာတော့လည်း သူမှမပျော်မိပေ။ ဘာကြောင့်မှန်းတော့မသိ ဘ၀တစ်ခုလုံး အပြောင်းအလဲမရှိ အဆုံးသတ်သွားတော့မယောင် ထင်နေမိသည်။ 
              အိမ်ထဲကနေ နောက်တစ်ယောက် ထပ်ထွက်လာပြီး အပေါက်ဝ၌ ရပ်နေ၏။ စာရှာလို့ အများက ခပ်လွယ်လွယ် ခေါ်ကြသည့် အလက်ဇန္ဒား ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်ရက်ကမှ မော်စကိုက ရောက်လာသူဖြစ်သည်။ သူ့အမေမှာ အဘွားမာဖာ၏ ဆွေမျိုး အနည်းငယ်တော်စပ်သူဖြစ်သဖြင့် သူ့အမေဆုံးသောအခါ အဘွားမာဖာကပင် ခေါ်ယူစောင့်လျှောက်ကာ မော်စကို၌ ကျောင်းထားပေးခဲ့သည်။ လွန်ခဲ့သည့် ၁၅ နှစ်လောက်က ပန်းချီကျောင်းဆင်းခဲ့သော်လည်း ပန်းချီမဆွဲပဲ မော်စကိုရှိ ပုံနှိပ်တိုက်တစ်ခု၌ ၀င်လုပ်နေ၏။ နွေရာသီတိုင်းလိုလို ဒီကို ပြန်လာတတ်ပြီး ပြန်လာတိုင်းလည်း ဖျားလေ့ရှိရာ အဘွားဆီလာရောက်သည်မှာ အနားယူနလန်ထရန်လို ဖြစ်နေသည်။ 
             သူဝတ်ထားသည်မှာ ခပ်စုတ်စုတ် ကုတ်အင်္ကျီနှင့် အောက်ခြေအနားများဖွာနေသော ဘောင်းဘီသာ ဖြစ်သည်။ အတွင်းမှ ရှပ်အင်္ကျီမှာလည်း ခပ်နွမ်းနွမ်း၊ သူ့ပုံစံက ညှဉ်းသိုးသိုးနှင့် မလတ်မဆတ်ပုံ။ လူကပိန်ပိန်၊ မျက်လုံးတွေက ကြီးကြီးနှင့် သူ့တစ်ကိုယ်လုံးမှာ ချီးကျူးစရာဟူ၍ သွယ်သွယ်ရှည်ရှည် လှပတဲ့ လက်ချောင်းလေးတွေသာရှိသည်။ 
ဒီနေရာ ဒီအိမ်သည် သူ့အတွက် ဇာတိချက်မြှုပ်လိုပင် ရင်းနှီးအသားကျနေပြီဖြစ်သည်။ ဒီကလူတွေအတွက်လည်း သူသည် မိသားစုဝင်တစ်ယောက် သဖွယ်။ သူနေသွားတဲ့ အခန်းကိုတောင် “စာရှာရဲ့ အခန်း”တဲ့။
                      အပေါက်ဝမှာ ရပ်နေရာကနေ နာဂျာကို မြင်ပြီး သူမဆီလှမ်းလာသည်။ 
           “ဒီမှာနေလို့ထိုင်လို့ ကောင်းရဲ့ မဟုတ်လား နာဂျာ” စာရှာက စပြောသည်။
          “သေချာတာပေါ့ရှင်။ ဒါနဲ့ရှင်ကကော ဒီမှာ ဆောင်းဦးထိနေမှာလား...?”
     “အင်း...ဟုတ်တယ်၊ ဒီလိုဖန်လာတာကိုး....။ ခင်ဗျားတို့လည်း စက်တင်ဘာလလောက်ထိတော့ ဒီမှာနေကြဦးပေါ့”
                      စာရှာက အကြောင်းမရှိရယ်ရင်း ဘေးမှာဝင်ထိုင်၏။ 
           “ဒီကနေထိုင်ပြီး အမေ့ကို ကြည့်နေတာ။ ဒီကနေကြည့်တော့လည်း အမေကငယ်သေးသလိုပဲရှင့်” နာဂျာက အိမ်ထဲမှာသူ့အမေဆီသို့ငေးရင်းပြောသည်။
            “အမေ့မှာ သွေးအားနည်းရောဂါရှိတာတော့အမှန်ပဲ...” သူမက စကားကို ခဏရပ်လိုက်သည်။ “ဒါပေမယ့် အမေက သာမန်မိန်းမတစ်ယောက်တော့မဟုတ်ဘူး...”
              ဟုတ်တယ် မိန်းမကောင်းတစ်ယောက်ပဲ။ နူးညံ့တယ် ကြင်နာတတ်တယ်။ ဒါပေမယ့် ခင်ဗျားကို ဘယ်လိုပြောရမလဲ..? ဒီနေ့မနက် ကျွန်တော်မီးဖိုခန်းထဲရောက်သွားတော့ အိမ်ဖော်လေးလေးယောက် ကြမ်းပြင်ပေါ်မှာ ဒီတိုင်းအိပ်နေကြတယ်။ အိပ်ရာရယ်လို့မရှိ၊ အိပ်ရာနေရာမှာ နံဟောင်နေတဲ့ အ၀တ်စုတ်လေးခင်းပြီး အိပ်နေကြတာ။ ကြမ်းပိုးတွေ၊ ပိုးဟပ်တွေနဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကလိုပဲ ဘာမှ ပြောင်းလဲမသွားဘူး။ အဘွားမာဖာက ဘုရားနဲ့ တရားနဲ့ အဘွားကြီးတဲ့လား၊ ပြီးတော့ ခင်ဗျားအမေ၊ ပြင်သစ်စကားလေးပြောလိုက်၊ ပြဇာတ်လေး ကပွဲလေးသွားလိုက်နဲ့..”
စာရှာစကားပြောတဲ့အခါ သူ့လက်တံရှည်ရှည်တွေကို သူပြောနေတဲ့လူဘက် ဆန့်ပြီး အားရပါးရ ပြောလေ့ရှိသည်။ 
              “အဆင့်အတန်းမြင့်ပါတယ်၊ယဉ်ကျေးပါတယ်ဆိုတဲ့ ဒီအိမ်မှာ ကျွန်တော်ကတော့ ရိုင်းစိုင်းလူမဆန်မှုတွေပဲတွေ့တယ်။ ဘယ်သူများ ဘာလုပ်သလဲ၊။ ခင်ဗျားအမေက တစ်နေကုန်လျှောက်လည်တယ်၊ အဘွားဖြစ်သူကလည်း ဘာမှမလုပ်၊ ခင်ဗျားကလည်း ဘာမှမလုပ်၊ သတို့သားလောင်းဖြစ်တဲ့ အန်ဒရိန်ကလည်း ဘာအလုပ်မှမလုပ်.......”
                       နာဂျာအနေနဲ့ ဒီစကားတွေကို ပြီးခဲ့တဲ့ နှစ်ကလည်း ကြားခဲ့ပြီးပြီ၊ အဲဒီမတိုင်ခင်နှစ်ကလည်း ကြားခဲ့ရသည်။ အဲဒီကတည်းက သူမသိခဲ့သည်။ စာရှာဟာ စကားကို ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်း ပြောနိုင်သူမဟုတ်ဘူးဆိုတာကို။ အရင်ကတော့ ဒီစကားတွေကြားတိုင်း သူမရယ်မောမိသည်။ ခုတော့ဖြင့် ဘာကြောင့်ရယ်မသိ စိတ်ပျက်အားငယ်မိသလိုလို....
                  “စာရှာ! ရှင့်ဓါတ်ပြားဟောင်းကြီးနားထောင်ရတာ ကျွန်မငြီးငွေ့လှပြီရှင့်၊ အသစ်အဆန်းလေးများ မတွေးတတ်တော့ဘူးလား..?” ပြောပြောဆိုဆိုပင် ထိုင်ရာမှထိလိုက်သည်။ သူကပါ ရယ်မောရင်း သူမနှင့်အတူ လိုက်ထသည်။ ပြီးနောက် နှစ်ယောက်အတူ အိမ်ထဲဝင်ခဲ့ကြသည်။ သူမသည် အရပ်မြင့်မြင့် ချောမောကျော့ရှင်းသူဖြစ်သည်။ ဒါပေမယ့် သူနဲ့ တွဲလျှောက်ရင်း သူ့ကို သနားမိသည်။ နောက် ဘာကြောင့်မှန်းမသိ မျက်နှာပူမိသည်။ 
                “ ပြီးတော့ ရှင် အပိုတွေသိပ်ပြောတာပဲ။ ကျွန်မရဲ့ အန်ဒရိန်၊ သူ့အကြောင်းသာပြောတာ ရှင်က သူ့ကိုကော ကောင်းကောင်းသိလို့လား..?”
                “ ကျွန်မရဲ့ အန်ဒရိန်...! ဟုတ်လား၊ သူနဲ့အတူ ဘုရားသခင် ရှိပါစေဗျာ၊ ခင်ဗျားရဲ့ အန်ဒရိန်နဲ့ ပေါ့” သူတို့နှစ်ယောက် အိမ်ထဲရောက်တော့ ညစာထမင်းဝိုင်းက စနေပြီဖြစ်သည်။ ထမင်းဝိုင်းမှတော့ ထုံးစံအတိုင်း မျက်ခုံးထူထူ၊ ပုအိုင့်အိုင့် အဘွားမာဖာရဲ့ သူဒီအိမ်မှာ အကြီးဆုံး ဩဇာအာဏာ အရှိဆုံးဆိုတာကို ပေါ်လွင်စေတဲ့ ဟောင်ဖွာဖွာ စကားသံက ကျယ်လောင်စွာထွက်ပေါ်နေ၏။ သူမသည် ဈေး၌ ဈေးတန်းတစ်ခု၊ တိုင်လုံးကြီးများနှင့် ကြီးမားရှေးဆန်သည့် အိမ်တစ်လုံးနှင့် စိုက်ခင်းများကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သို့သော် မနက်တိုင်းဘုရားသခင်ကို တိုင်တည်ပြီး ပျက်စီးဆုံးရှုံးမှုတွေကနေ ကယ်တင်ဖို့ ငိုယိုနေကျပေါ့။ သူ့ချွေးမ၊ နာဂျာ့အမေ ညီးနာကလည်း ဆံပင်ဖြူဖြူတွေကို တင်းနေအောင်ထုံးပြီး လက်ဆယ်ချောင်လုံးမှာလည်း စိန်တွေ တဖျပ်ဖျပ်နဲ့၊ အန်ဒရိန်ရဲ့အဖေ ဖာသာအန်ဒရိန်ကလည်း အိနြေ္ဒအပြည့်နဲ့၊ နောက် နာဂျာ့သတို့သားလောင်းဖြစ်တဲ့ အန်ဒရိန်ကလည်း ဆူဆူဖြိုးဖြိုး ဆံပင်ကောက်ကောက်နဲ့ ပြဇာတ်မင်းသားနဲ့ပဲ တူသေးရဲ့။ သုံးယောက်သား အိပ်မွေ့ချတဲ့အကြောင်းပြောဆိုနေကြသည်။ 
                “နင်လည်း ငါ့ဆီရောက်တာ တစ်ပတ်နဲ့ နလန်ထလာပြီပဲ။” အဘွားမာဖာက စာရှာကို လှမ်းပြောသည်။ “များများစားပေးကောင်လေး..၊ နင့်ကိုယ်နင်ဘာနဲ့ တူနေပြီလည်းကော သိရဲ့လား။” အဘွားမာဖာက သက်ပြင်းကိုချပြီး ဆက်ပြောသည်။ “လူတစ်ကိုယ်လုံးလည်း မျက်လုံးပဲကျန်တော့တယ်။ ကြောက်စရာတောင်ကောင်းနေပြီ၊ ဘယ်လိုများစားသောက်နေတယ် မသိဘူး။”
                  “ဘုရားသခင်ချီးမြှင့်တဲ့ ကြွယ်ဝခြင်းတွေကို ဖြုန်းတီးပြစ်နေတယ် ထင်ပါ့” ဖာသာအန်ဒရိန်က ခပ်ဖြည်းဖြည်း ၀င်ပြောသည်။ မျက်လုံးတွေကတော့ လောင်ရယ်ဟန်စွက်နေ၏
စာရှာက ရုတ်တရက် ဘာမဆိုင်ညာမဆိုင်ထရယ်ပြီး ပါးစပ်ကို လက်သုတ်ပ၀ါနှင့် သုတ်လိုက်သည်။
                  “အိပ်မွေ့ချကုသတာကို အန်တီယုံကြည်လား..?” အန်ဒရိန်က ညီးနာကို လှမ်းမေးသည်။
                 “ယုံတယ်လို့တော့ ခိုင်ခိုင်မာမာ မပြောနိုင်ဘူးကွဲ့..” ညီးနာက မျက်နှာကို တည်ပြီးပြောတယ်။
                 “ဒါပေမယ့် လောကမှာ မင်းတို့ ငါတို့ နားမလည်နိုင်တဲ့ လျှို့ဝှက်ချက်တွေက များသားလားကွယ်.. တစ်ခုထပ်လောင်းပြောချင်တာက ယုံကြည်မှုဆိုတာ လျှို့ဝှက်ချက်တွေရဲ့ အကျဉ်းချုံးသိမှု နယ်ပယ်ပဲကွယ့်...”
အန်ဒရိန်နဲ့ ညီးနာတို့ ခဏတော့ စကားစ ပြတ်သွားကြ၏။ ညီးနာရဲ့ မျက်လုံးတွေမှာ လက်က စိန်တွေရဲ့ တောက်ပမှုနဲ့ အပြိုင် မျက်ရည်စတို့ တွဲခိုလာ၏။
               “အမှန်အတိုင်းပြောရရင် ရှင်တို့တွေနဲ့ ငြင်းရမှာ ကျွန်မမ၀ံ့မရဲ ဖြစ်မိတယ်။ ဒါပေမယ့်  ဘ၀မှာ မဖြေရှင်းနိုင်တဲ့ ပဟေဠိတွေ များလွန်းတယ်ဆိုတာတော့ သဘောတူပါတယ်”

                ညစာစားပြီးကြတဲ့ အခါမှာတော့ အန်ဒရိန်က တယောထိုးသည်။ ညီးနာက စန္ဒရားနှင့် ကူတီးပေး၏။ အန်ဒရိန်သည် လွန်ခဲ့သော ဆယ်နှစ်ကပင် ဘာသာစကားအထူးပြုနှင့် ကျောင်းပြီးခဲ့သော်လည်း ဘယ်မှာမှ အလုပ်မလုပ်ပဲ ဘာသာရေးပွဲများနှင့် အလှူငွေကောက်ခံသည့် ပွဲများတွင် လိုက်လံတီးမှုတ်သည်။ မြို့ထဲမှာတော့ သူကို ဂီတသမားအဖြစ် သတ်မှတ်ကြသည်။ 
                 အန်ဒရိန်“တယောလက်သံကို အားလုံးတိတ်ဆိတ်စွာပင် နားထောင်ကြသည်။ စားပွဲပေါ်၌မူ ရေနွေးအိုးက ခပ်ဖြည်းဖြည်း ဆူနေသည်။ သို့သော် ထိုရေနွေးအိုးမှာလည်း စာရှာတစ်ယောက်တာ သောက်သည်။ မည်သူမျှ မထိကြ။ နောက်ဆုံးအန်ဒရိန်၏ တယောကြိုးပြတ်သွားမှသာ အချင်းချင်း နှုတ်ဆက်၍ လူစုခွဲကြသည်။ နာဂျာလည်း သူမ၏ သတို့သားလောင်းကို နှုတ်ဆက်ပြီး အပေါ်သို့တက်လာခဲ့သည်။ ( အပေါ်ထပ်မှာ သူမနှင့် သူမအမေ နေတာဖြစ်ပြီး အဘွားမာဖာကမူ အောက်ထပ်၌သာနေသည်။ အောက်ထပ်တွင် မီးတွေငြိမ်းကုန်ပြီ ဖြစ်သော်လည်း စာရှာမှာ ရေနွေးသောက်၍ကောင်းဆဲ။ သူအနှစ်သက်ဆုံး မော်စကိုခွက်နှင့် တစ်ခါက်ပြီး တစ်ခွက် အချိန်ကြာမြင့်စွာ သောက်လေ့ရှိသည်။
နာဂျာအ၀တ်အစားလဲ၍ အိပ်ရာဝင်ပြီး တော်တော်ကြာသည့်တိုင် အောက်ထပ်မှ အိမ်ဖော်များ၏ ဆေးကြောသိမ်းဆည်းသံ၊ အဘွားမာဖာ၏ ဒေါသတကြီး အော်ငေါက်သံတို့ကို ကြားနေရသေးသည်။ နောက်ဆုံးမှာတော့ စာရှာ၏ တစ်ချက်တစ်ချက် ချောင်းဆိုးလိုက်သံကိုပင် အခန်းထဲမှ ထွက်လာသည် ထင်ရလောက်အောင် တိတ်ဆိတ်သွားတော့သည်......။
                        
                                                                        ချက်ကော့ဗ်၏ သတို့သမီးကို ပြန်ဆိုသည်။
                                                                         Невеста  А . П .Чехова

Notes; မနေ့က 8.5.2010 မှာ ဘလော့လေး ခြောက်လပြည့်ပါတယ်။ ပထမတုန်းကတော့ မေ့နေတာပါ။ အဲဒီနေ့မတိုင်ခင်မှာ အစ်မချစ်ကြည်နဲ့ စကားပြောဖြစ်ရင်း အစ်မဘလော့ဂ်က ၅ရက်နေ့က ၆လပြည့်တယ်ဆိုတော့ အစ်မချစ်ကြည်နဲ့ ကျွန်တော်နဲ့ ဘလော့ဂ်စရေးတာချင်းသိပ်မကွာတာ သတိရမိပါတယ်။ ပြီးတော့ အစ်မက ကျွန်တော့်ကို စာရေးကျဲလို့ဆိုပြီးဆူပါတယ်။ ကျွန်တော်က စာရိုက်ရမှာပျင်းတယ်ဆိုတော့သူရိုက်ပေးမယ်တဲ့ စာတော့ မဟုတ်ဘူး လူကိုတဲ့...။ (ဝေးနေလို့ပါ နီးများနီးရင် တကယ်ရိုက်မလားမသိဘူး :) ...) ဟုတ်တော့လည်း ဟုတ်ပါတယ်။ ၂၀၀၉ထဲမှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာနှစ်လကို ပို့စ်၄၅ခုတင်ခဲ့ပေမယ့် ၂၀၁၀ အခုဧပြီထိ ခုပို့စ်ပါပေါင်းမှ ၂၁ခုပဲ ရေးဖြစ်ခဲ့ပါတယ်။ မနှစ်ကထက် စာရင် စာတွေများလာတာကြောင့်လည်းပါသလို ကိုယ်တိုင်ကလည်း အပျင်းထူလာတာပါပါတယ်။ အများအားဖြင့် စာရေးရင် စာရွက်ပေါ်မှာပဲ ရေးတာများတဲ့အတွက် ဘလော့မှာပြန်တင်ဖို့ဆို ပြန်ရိုက်ရပါတယ်။ ကိုယ်စိတ်ကူးနဲ့ကိုယ် ရေးလိုက်တုန်းက ဘာမှမသိသာပေမယ့် ပြန်ရိုက်ရတဲ့ အခါမှာတော့ တော်တော်ပျင်းစရာကောင်းပါတယ်။ အဲဒါကြောင့်လည်း ရေးပြီးသားတွေ ဖတ်ပြီးသားတွေ ရှိပေမယ့် မတင်ဖြစ်ခဲ့ပါဘူး။ နောက်တစ်ခုကတော့ ဒီနှစ်ထဲ စိတ်အနှောက်အယှက် ဖြစ်စရာတွေ သိပ်ပေါပါတယ်။ ဘာကြောင့်မှန်းမသိပါဘူး ပြဿနာတွေချည်းပဲ တွေ့နေရသလိုပါပဲ။ (ခုတောင် လတ်တလောမှာ တင်ထားသလို ဘာဂလိုညာဂလို ဖြစ်နေသေး :) ) ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်လည်း စာပြန်ရေးဖြစ်အောင် စာဖတ်ဖြစ်အောင် ၆လပြည့်တဲ့နေ့မှာ ပို့စ်တစ်ခု တင်မယ်လို့ ဆုံးဖြတ်ပါတယ်။ ဒါနဲ့ ဘာတင်မလဲစဉ်စားကြည့်ပါတယ်။ ရေးပြီးသားဝတ္ထုတိုလေးတစ်ပုဒ်ရှိပါတယ်။ ဘာသာပြန်ဖို့ ဖတ်ထားပြီးသား အတိုနှစ်ပုဒ်ရှိပါတယ်။ ဒါပေမယ့် စာပုံမှန်ရေးဖြစ်အောင်ဆိုပြီး သင်္ကြန်တုန်းက ၀ယ်ထားတဲ့ ချက်ကော့ဗ်ရဲ့ ၀တ္ထုတို ပေါင်းချုပ်စာအုပ်ထဲက နည်းနည်းရှည်တာလေးကို ခွဲတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ (အဲဒီစာအုပ်ဝယ်ပြီးမှ ကျောင်းမှာအလုပ်လုပ်တဲ့ အဘွားကြီးတစ်ယောက်က ချက်ကော့ဗ်ရဲ့ ၀တ္ထုတိုတွေကို ၄တွဲတောင်လာပေးပါတယ်။ ပိုလည်းစုံပါတယ်။ သူရေးခဲ့တဲ့ပြဇာတ်တွေပါ ပါပါတယ်၊ :( ) ဒါပေမယ့် ခက်တာက အဲဒီစာအုပ်က ၀ယ်ထားပြီးကတည်းက ဖတ်မကြည့်ရသေးဘူးဖြစ်နေပါတယ်။ မထူးပါဘူး မဖတ်၇သေးတဲ့ စာအုပ်လည်း ဖတ်ဖြစ်တာပေါ့ဆိုပြီး ဘာသာပြန်ဖို့လုပ်ပါတယ်။ ၈ရက်နေ့မနက်မှ ခုတင်တဲ့ဝတ္ထုတို( ၀တ္ထုရှည်လို့ပြောရမလား၊ ၀တ္ထုလတ်လို့ ပြောရမလားမသိဘူး၊) စဖတ်ပါတယ်။သူ့ထဲမှာ ခြောက်ပိုင်းခွဲထားတဲ့ အတွက် ၆ပိုင်းတော့ အနည်းဆုံးခွဲတင်ဖြစ်မယ်ထင်ပါတယ်။ (ဒီကြားထဲ အပျင်းထူလာရင်တော့ တစ်ပိုင်းကို နှစ်ခုခွဲပြီးလည်း တင်ဖြစ်ချင်တင်ဖြစ်မှာ :) ) 
ဆက်ပြောပါမယ်။ ဖြစ်ချင်တော့ ၈ရက်နေ့က စနေနေ့ဆိုပေမယ့် ဒီမှာက စနေပါကျောင်းတက်ရတဲ့ အတွက် မနက်ပိုင်းတစ်ပိုင်းလုံး ကျွန်တော်မအားပါဘူး။ ကျောင်းဆင်းတော့ နေ့လည် ၂နာရီ၊ ထမင်းစားပြီးတော့ ၃နာရီမှာ စဖတ်ပါတယ်။ ဘယ်လောက်မှမကြာလိုက်ပါဘူး သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့အတွက် ဈေးလိုက်ဝယ်ပေးဖို့ခေါ်တာနဲ့ ပါသွားပြန်ပါတယ်။ တစ်ညနေခင်းလုံး အပြင်မှာအချိန်တွေကုန်ပြီး ညရောက်တော့လည်း သူ့မွေးနေ့မှာ စားရင်းသောက်ရင်း အချိန်တွေကုန်ပြန်ပါတယ်။ အဲလိုနဲ့ ၈ရက်နေ့မှာ တင်ဖို့မှန်းထားတဲ့ပို့စ်က ၉ရက်နေ့ မနက်၅နာရီလောက်မှပဲ တင်ဖြစ်ပါတော့တယ်။ ဒီပို့စ်တင်ဖြစ်တဲ့အတွက် စာမရေးလို့ရိုက်မယ်ပြောတဲ့ အစ်မကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုပြောချင်တာက ဒီဝတ္ထုဖတ်ကောင်းခဲ့ရင် (ထင်တော့မထင်ပါဘူး) ချက်ကော့ဗ်ရဲ့ အရည်အချင်းကြောင့်ဖြစ်ပြီး ချာတူးလန်ခဲ့ရင်တော့ ဘာသာပြန်မလိမ်မိုးမလိမ္မာ ကျွန်တော်မျိုးဒီကောင်ပါ။ (ဖြစ်နိုင်ရင်တော့ ဖတ်ကောင်းခဲ့ရင် ဒီကောင်တော်လို့ဖြစ်ပြီး ဖတ်မကောင်းခဲ့ရင် မူရင်းစာရေးသူညံ့တာလို့ ပြောချင်ပါတယ်.. ခက်တာက ကိုယ့်အရည်အချင်းကို သိနေတာပါ)  နောက်တစ်ခုက ၀တ္ထုရဲ့ ဇာတ်သိမ်းကို စုံစမ်းမေးမြန်းခြင်းသည်းခံပါ။ ကျွန်တော်ကိုယ်တိုင်လည်း ခုတင်ထားတဲ့ အပေါ်တစ်ပိုင်းအပြင် ဖတ်မကြည့်၇သေးပါဘူး :) 
ပျော်ရွှင်ပါစေ..
ဝေလင်း

7 comments:

ချစ်ကြည်အေး said...

နာမည်တွေ မှတ်မိအောင် ၂ခေါက် အသေအချာ ဖတ်သွားတယ်...၊ အဖွား မာဖာတို့မိသားစု နေပုံက စာရှာ ပြောသလိုဆိုရင် ဘဝမှာ အတော်ပျင်းစရာ၊ ဘာမှ အားမထုတ်၊ အသစ်အဆန်းမရှိကြတဲ့ မိသားစုပုံစံ ပဲ၊အိမ်ဖော်တွေ ရှိလို့သာ ဆူသံ ငေါက်သံ ကြားနေရ သေးတာ, နာဂျာ စိတ်လှုပ်ရှားမှုမရှိရင်လည်း မရှိချင်စရာ၊ သူတို့ လက်ထပ်ပွဲက ခု ဖတ်ရသ လောက်ဆို ချောမွေ့၊ အကုန် အဆင်တပြေနဲ့ ဆိုတော့... လူ့စိတ်ကလည်း ခက်သား သိတ်ချောမွေ့ပြီး လမ်းရိုးအတိုင်း သွားရတော့ ပျင်းပြန်သတဲ့...

ခုထိတော့ စိတ်ဝင်စားစရာ အကောင်းဆုံး ကာရိုက်တာက စာရှာ ဆိုတဲ့ကောင်ပဲ၊ သူက အိမ်ကြီးရှင် အဖွား မာဖာကိုတောင် ဝေဖန် ပြောဆိုရဲနေတာ...အင်း...စောင့်ဖတ်နေပါမယ် ဝေလင်းရေ....

ကိုလူထွေး said...

မူရင်းဘာသာကနေ တိုက်ရိုက်ဘာသာပြန်တာဆိုတော့ ဆိုလိုချက် ကွဲလွဲမှုက အများကြီး အလှမ်းမကွာ နိုင်တော့ဘူးပေါ့...

အဆုံးအထိ မဖတ်ရသေးဘဲ ဘာသာပြန် တင်ပြတာတော့ ရဲတင်းလွန်းတယ် ထင်မိရဲ့...

ဘာပဲဖြစ်ဖြစ် ဆုံးအောင်တော့ ဆက်လုပ်... ကိုယ်လူ

းဝ)

အဖြူရောင်နတ်သမီး said...

ဇာတ်လမ်းတွဲတွေဆိုရင် စိတ်မရှည်တော့ဘူး..
အဆုံးထိပြီးအောင်ရေးပါဗျို့...
အစ ..အဆုံး ရိတ်ခါအပြည့်နဲ့ ပြီးတဲ့အထိ ထိုင်ဖတ်ပါ့မယ်..း)

မြတ်မွန် said...

ဘာပဲဖြစ်ဖြစ် ဖတ်ကောင်းပါတယ် ဝေလင်းရယ်။ အားပေးလျှက်။

သိင်္ဂါကျော် said...

မှီးထားတဲ့ တစ်ခုခုကို ဖတ်ဖူးသလိုပဲ..မမှတ်မိတော့ဘူး။
ဆက်ရန် တွေ စောင့်ဖတ်မယ်နော်..။

ကိုလူထွေး said...

ကွန်မြူနစ်နိုင်ငံမို့ထင်တယ်။

အနုပညာသမားတွေ တယ်ပေါသကိုး...း)

တယောက်က ပန်းချီဆရာ၊ တယောက်က ဂီတသမား။

အနုပညာရှင်တွေ လက်ချောင်းလှတယ်ဆိုတာ ကြားဖူးတယ်။

မချစ်ကြည်ပြောသလိုပဲ စာရှာက စိတ်ဝင်စားဖို့ ကောင်းနေတယ်...

းဝ)

အပြုံးပန်း said...

ရုရှားရဲ့ အငွေ့အသက်တွေရသွားအောင် ရေးနိုင်ပါတယ်၊
သိပ်ကောင်းပါတယ်၊

(ဒီတစ်ပိုဒ်ပဲ ဖတ်ရသေးတယ်):)