Friday, May 21, 2010

သတို့သမီး(အပိုင်း ၅)

                       
သတို့သမီး(အပိုင်း ၅)

      မြင်းရထားက ဆင်ဝင်အောက်ဆိုက်လာသည်။ နာဂျာ လောင်းကုတ်ခပ်ပါးပါးတစ်ထည် ထပ်ဝတ်၊ ဦးထုပ်ဆောင်းပြီး အပေါ်သို့ တက်လာခဲ့သည်။ သူ့အမေနှင့် သူ့အသုံးအဆောင်များကို နောက်တစ်ကြိမ်လောက်ဖြစ်ဖြစ် ကြည့်သွားချင်သေးသည်။ အခန်းထဲရောက်တော့ ခုတင်ဘေးမှခဏရပ်ပြီး ငေးနေမိသည်။ အခန်းလေးရဲ့ နွေးထွေးတဲ့ အငွေ့အသက်က လာရိုက်ခတ်သည်။ 
ထို့နောက် မေမေ့ အခန်းဆီ တိတ်တဆိတ် သွားခဲ့သည်။ ညီးနာကား အိပ်ပျော်နေသည်။ အတန်ကြာရပ်ကြည့်ပြီး အောက်ကို ဆင်းလာခဲ့သည်။ အပြင်မှာတော့ မိုးက သည်းသည်းမည်းမည်း ရွာနေသည်။ မြင်းရထားမှာ အမိုးပါသော်လည်း တစ်ခုလုံး ရွှဲရွှဲစိုနေသည်။

“သူနဲ့အတူလိုက်မရူးစမ်းပါနဲ့ နာဂျာရယ်” အစေခံတွေက မြင်းရထားပေါ် အထုပ်အပိုးတွေ တင်နေစဉ် အဘွားမာဖာက ပြောလိုက်ခြင်းဖြစ်သည်။
“ပြီးတော့ ဒီလို ရာသီဥတုကြီးမှာ...။ အိမ်မှာပဲ နေစမ်းပါအေ..။ မိုးထဲရေထဲ.. ဘယ့်နှယ်ကွယ်”

နာဂျာတစ်ခုခု ပြန်ပြောချင်ပေမယ့် ဘာပြောရမှန်းမသိပေ။
စာရှာက နာဂျာ့ဘေးနားဝင်ထိုင်ပြီး နာဂျာ့ခြေထောက်များကို သက္ကလပ်စောင် ပါးပါး ခြုံပေးသည်။

“ခလုတ်မထိ ဆူးမငြိပါစေနဲ့ကွယ်..။ ဘုရားသခင် စောင့်ရှောက်ပါစေ” အဘွားမာဖာက အိမ်ပေါက်ဝမှ လှမ်းအော်သည်။
“ပြီးတော့ စာရှာ၊ နင်မော်စကိုရောက်ရင် ငါ့ဆီစာရေးလှည့်”
“အင်းပါအဘွားရဲ့.. သွားပြီနော်..။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်”

           နာဂျာ ရုတ်တရက် ငိုချလိုက်သည်။ မေ့မေ့ကို သွားကြည့်စဉ်က၊ အဘွားကို နှုတ်ဆက်စဉ်က အထိ သူ့ကိုယ်သူမယုံနိုင်သေး။ ခုတော့ သေချာပေါက် ထွက်လာခဲ့ရပြီ။ နေရစ်ခဲ့တော့ မြို့လေးရေ...
ရုတ်တရက် အားလုံးကို သတိရလာမိသည်။ အန်ဒရိန်နှင့် သူ့အဖေ၊ သူတို့နှစ်ယော်အတွက် အိမ်အသစ်၊ ခမ်းနားတဲ့ ပန်းအိုးပုံပန်းချီကား...။ ဒါပေမယ့် အဲဒါတွေအားလုံးက သူမကို မတုန်လှုပ်စေတော့..။ အားလုံးက တဖြည်းဖြည်း နောက်မှာမှုန်ဝါးကျန်ရစ်ခဲ့ပြီ။ ရထားထဲရောက်ပြီး ရထားထွက်တာနဲ့ တစ်ပြိုင်နက် အားလုံးက အတိတ်...။ အ၇င် ဥခွံလေးကနေ ပိုမိုကြီးမားကျယ်ဝန်းတဲ့ ကမ္ဘာ ဖြစ်လာခဲ့ပြီ။ ကျယ်ပြန့်တဲ့အနာဂတ်..။ လွတ်လပ်တဲ့ အနာဂတ်၊ ဒီနေ့ထိ မမြင်နိုင်ခဲ့တာတွေ၊ စိန်ခေါ်မှုအသစ်တွေနဲ့ အနာဂတ်။
မိုးရေစက်တို့က ရထားပြတင်းမှန်ကို လာရိုက်ခတ်နေသည်။ ရထားလမ်းဝဲယာမှာက အစိမ်းရောင်လွင်ပြင် အတိပြီးနေသည်။ တရိပ်ရိပ်ဖြတ်သွားတဲ့ ကြေးနန်းတိုင်တွေ၊ ကြိုးတန်းပေါ်နားနေတဲ့ ငှက်ကလေးတွေကို ကြည့်ရင်း.. ၊ သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရင်း သူမပျော်ရွှင်လာမိသည်။ သူမသဘောပေါက်လာမိသည်။ ဤခရီးသည် ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် ၊ ကိုယ့်ရွေးချယ်မှုနှင့်ကိုယ် လျှောက်လှမ်းခဲ့သည့် ခရီးဖြစ်သည်။ ထိုသို့တွေးမိရင်း သူမရယ်မိသည်။ တစ်ပြိုင်တည်းမှာပင် ငိုမိပြန်သည်။ ထို့နောက် လက်ဖြင့် ကြက်ခြေခတ်ပြီး ဆုတောင်းသည်။
“ဘာမှမဖြစ်ပါဘူးနော်” စာရှာက သူမကို ကြည့်ပြီး လှမ်းမေးသည်။ ထို့နောက်သူ့ဟာသူပင် ပြုံးပြီး -
“ဘာမှမဖြစ်ပါဘူးလေ..” ဟုပြောလိုက်သည်။
                                                                     ချက်ကော့ဗ်၏ သတို့သမီးကို ပြန်ဆိုသည်။
                                                                         Невеста  А . П .Чехова

Notes; ဒီတစ်ပိုင်းကတော့ တိုလည်းတိုတာမို့ မြန်မြန်ပဲပြန်ပြီးသွားပါတယ်..။ 
   

4 comments:

သိင်္ဂါကျော် said...

ဥခွံလေးထဲက ထွက်လာရဲတဲ့ နာဂျာကို အားပေးပါတယ်..။ ဘယ်နှပိုင်း ကျန်သေးတုန်း ဟင်.. :)

ချစ်ကြည်အေး said...

ဟင် ဒီတပိုင်းက ဒါပဲလား နာဂျာ ထွက်တော်မူခန်းပေါ့ ဖတ်ရတာ အားမရဘူး...တိုလွန်းတယ်....

အဖြူရောင်နတ်သမီး said...

အဟတ်...ပြီးတဲ့အထိ စောင့်ပေးနေပါတယ်...

အဖြူရောင်နတ်သမီး said...

ဝေလင်းရေ...
ပျောက်ချက်သားကောင်းလှချည်လား..
C Box မှာ စာရေးလို့မရဘူး...ပြင်လိုက်အုံး..
ကျောင်းလည်းပိတ်ထားတဲ့ဟာကို..
အရှုပ်အထုတ်တွေလုပ်နေတယ်မလား..
စာလည်းဆက်မရေးဘူး...
သိနေတယ်နော်....