Sunday, December 13, 2009

ရန်မဖြစ်ကြပါနဲ့နော်....

“မင်းမဟုတ်တာတွေ မရစ်စမ်းနဲ့ကွာ” အဖေ့အသံ။
“မဟုတ်တာတွေ ! ဟုတ်လား။ မိဆွေဆိုတဲ့ မိန်းမက မဟုတ်တာ ဘာမှမပြောခဲ့ဖူးဘူး။ အိမ်ကမိန်းမဆိုတာ သူများနားနဲ့မဆန့်တော့မှ သဲ့သဲ့လောက်ကြားရတာပါ။ ရှင်နဲ့ အဲဒီကောင်မနဲ့ ဘာတွေဘယ်လို ဖြစ်နေတယ်ဆိုတာ တစ်မြို့လုံး မကြားချင်မှ အဆုံးပဲ။” မျက်ရည်စက်လက်နဲ့ အမေ့အသံလေ။
“မဟုတ်ပါဘူးလို့ ပြောနေကွာ၊ ဒီမိန်းမ” ဖေဖေကတော့ မဟုတ်ဘူးပြောတာပဲ။
မေမေက ကျွန်တော့်ကို ဖက်၍ ငိုရင်းပြောသည်။
“ဒီကလေးတွေသာ မရှိခဲ့ရင်သိပ်ကောင်းမှာပဲ။ ခုတော့ သူတို့လေးတွေမျက်နှာကြောင့် ရှင့်ကို ပေါင်းနေတာ။ နို့မဟုတ်ရင် ကွာပစ်တယ်။”
“မဆွေ..ဘာမှလျှောက်ပြောမနေနဲ့ မင်းနဲ့ ငါနဲ့ ဆတ်ဆော့ခဲ့ကြလို့ ဒီကလေးတွေ ရလာခဲ့ပြီ။ ကွဲမယ်၊ ကွာမယ်ဆိုတဲ့ စကား လာမပြောနဲ့”
ဘယ်မိန်းမကမှ မကွဲချင်မကွာချင်ပါဘူး။ အဲဒီလိုပဲ ဘယ်မိန်းမကမှ ကိုယ့်ယောက်ျား အိမ်ထောင်ရေးဖောက်ပြန်နေတာကို မလိုလားဘူးဆိုတာပဲ”
ဘာတွေလဲဟင်...။ ဖေဖေနဲ့မေမေ ရန်မဖြစ်ကြပါနဲ့လား။ သူကတော့ ဘာမှမသိတော့ဘူး။ ဒါပေမယ့် မေမေငိုတော့ သူလည်း ငိုမိသည်။
“ကဲ..တော်တော့ ဘာမှမပြောနဲ့တော့။ ငါ သားကိုကျောင်းသွားပို့လိုက်ဦးမယ်။ ကလေးစာမေးပွဲဖြေမယ့်နေ့ စိတ်မဆင်းရဲစေချင်ဘူး”
ဟုတ်သားပဲ။ ဖေဖေပြောမှ သူသတိရသည်။ ဒီနေ့ သူတို့ တတိယတန်း စာမေးပွဲနေ့ပဲ။
“လာသား...၊ ကျောင်းသွားမယ်” လို့ပြောပြီး ဖေဖေက အောက်ကိုဆင်းသွားသည်။ ခါတိုင်းလိုများ မေမေက နှုတ်ဆက်အနမ်း နမ်းဦးမလားစောင့် နေမိသေးသည်။ တော်တော်ကြာသည်ထိ မေမေက သူ့ဘက်လှည့်မလာပဲ ငိုလို့သာနေသည်ကိုတွေ့ရတော့ သူအသာဆင်းလာမိသည်။ “မေမေ မေ့နေတာ ထင်ပါရဲ့” မမေ့လည်း မေမေနမ်းချင်တော့မှာ မဟုတ်ပါဘူးလေ။ မနက်က မေမေလိမ်းပေးခဲ့တဲ့ သနပ်ခါးတွေလည်း ငိုရတာနဲ့ ရှိမှမရှိတော့ပဲ။
အောက်ရောက်တော့ ဖေ့ဖေ့ကို စက်ဘီးပေါ်မှာ အသင့်စောင်နေတာ တွေ့ရသည်။ သူတိတ်တိတ်လေးပဲ တက်လိုက်သည်။ ခါတိုင်းလို ဖေဖေ့ခါးကိုလည်း ဖက်မထားမိတော့။ ဖေဖေနဲ့မေမေ ဘာဖြစ်ကြမှန်း သူတကယ် နားမလည်ပါ။ သူသိတာတစ်ခုပဲရှိသည်။ ဖေဖေနဲ့မေမေရန်ဖြစ်ပြီး မေမေငိုတာကိုပဲ သူသိသည်။ ခုလည်းမေမေ ငိုပြီးကျန်ခဲ့မှာပဲဟု တွေးရင်း သူငိုချင်လာပြန်သည်။ သူမျက်တောင်တစ်ချက်ခတ်ပြီး မျက်ရည်စတွေကို သိမ်းလိုက်သည်။ ဖေဖေပြောတော့“ယောက်ျားလေးဆိုတာ မျက်ရည်မကျရဘူးတဲ့” ဘာမှန်းသေချာနားမလည်ပေမယ့် ငိုရင်ဖေဖေမကြိုက်ဘူးလို့ပဲ သူမှတ်ထားသည်။ ခုလည်း သူငိုတာဖေဖေတွေ့သွားမှဖြင့်။ ပြောသာပြောရတာပါလေ။ ဖေဖေကဖြင့်သိမှာမဟုတ်ပါဘူး။ မျက်မှောင်ကြီး ကုတ်ပြီး တစ်လမ်းလုံးဘာတွေတွေးနေမှန်းမသိ။ 
ဒီလိုနဲ့ ကျောင်းကိုရောက်တော့ သူ့ကိုချပေးပြီး ဖေဖေထွက်သွားသည်။ ဖေဖေထွက်သွားမှ ခါတိုင်းလို မုန့်ဖိုးပေးမသွားတာ သတိရမိသည်။ နေပါစေတော့လေ သူလည်း ဘာမှမစားချင်ပါဘူး။ ပြီးတော့ ကျောင်းကလည်း တက်နေပြီ။ သူအခန်းထဲ ၀င်ထိုင်လိုက်သည်။ ဆရာမက မေးခွန်းစာရွက် လာပေးသည်။ မေးခွန်းစာရွက်ကို ကြည့်ပြီး သူငိုင်နေမိသည်။ ညတုန်းက ကျက်ထားတဲ့စာတွေက တစ်လုံးမှ ခေါင်းထဲပေါ်မလာ။ သူ့ခေါင်းထဲမှာ နောက်ဆုံး ဖေဖေနဲ့မေမေ ရန်ဖြစ်ကြတာပဲ သိသည်။ “ကွာမယ်” တဲ့ ကွာတယ်ဆိုတာ အတူမနေတော့တာလို့တော့ သူသိသည်။ ဒါပေမယ့် ဖေဖေနဲ့ မေမေက ဘာလို့ အတူမနေရမှာလဲ..?
ထိုစဉ် အခန်းစောင့်ဆရာမက အနားရောက်လာသည်။ ကျွန်တော့်ရှေ့မှာရပ်ပြီး “ ဥက္ကာအောင် ကျောင်းကို ဘယ်သူလိုက်ပို့လဲ”  ကျွန်တော်နှုတ်ဆိတ်နေမိသည်။ ဆရာမက ဆက်ပြောသည်။
“အဖေလိုက်ပို့တာလား၊ မေမေလေးကော မပါဘူးလား။ နောက်ဆိုရင် ဥက္ကာအောင်တို့က မေမေလေးနဲ့ နေရတော့မယ်။ နင့်ဖေဖေက နင်တို့ထက် ပိုချစ်ရမယ့်သူ တွေ့နေပြီ။ နင့်အဖေက နင့်အမေကို မကြိုက်တော့လို့ အသစ်ရှာတာ” 
ထိုသို့ပြောပြီး သူ့စကားသူ သဘောကျကာ ရယ်မောနေပြန်သည်။ 
ဘာများရယ်စရာ ပါပါသလဲ။ ဖေဖေက မေမေ့ကို မချစ်တော့ဘူးဆိုတာ ရယ်စရာလို့ သူကတော့ဖြင့်မထင်ပါ။ ဖေဖေကမေမေ့ကို ဘာလို့ မချစ်ရမှာလဲ။ “မေမေလေး”တဲ့ သူတစ်ခါမှ မကြားဖူးခဲ့သော အသုံးအနှုန်း။ ဘယ်ကမေမေလေးလဲ မသိဘူး။ သူ့မှာမေမေတစ်ယောက်ပဲရှိသည်။ သူချစ်သောမေမေ၊ သူ့ကိုချစ်သော မေမေ။ ကြီးတာလည်းမရှိဘူး၊ ငယ်တာလည်း မရှိပါဘူး။ 
လက်ထဲမှ ခဲတံဖြင့် သူ့ရှေ့တဲ့တဲ့မှ ရယ်မေနေသည့် ဆရာမကို မုန်းတီးစွာ ပစ်ပေါက်မိသည်။
“အား....” ဟူသော ဆရာမ အသံကလွဲပြီး စာသင်ခန်းထဲမှာ ဘာတွေဖြစ်ကျန်ခဲ့မှန်း သူမသိတော့။ သူသိတာက သူပြေးနေမိသည်.............................

ဖျတ်ခနဲ ၀င်လာသေ အသိစိတ်နဲ့ အတူ ဒါအိပ်မက်ပဲဆိုတာ သိပြီး သက်ပြင်းချမိပြန်သည်။ သူ့ခန္ဓာကိုယ်မှာတော့ အမှန်တကယ်ပြေးလာရသူလို ချွေးတို့ ရွှဲစိုနေသည်။ ပါးပြင်မှာကလည်း မျက်ရည်စတို့နှင့်။ ငယ်စဉ်ကတည်းက ခြောက်လန့်လာခဲ့သော ထိုအိပ်မက်ကနေ ဘယ်အချိန်မှများ လွတ်မြောက်မှာတဲ့လဲ။ သူမခေါ်ပဲ ရောက်ရောက်လာတတ်သည့် အတိတ်တွေထဲမှာ ထိုအတိတ်ကို သူအမုန်းဆုံးပဲဖြစ်သည်။ ရေအေးအေးတစ်ခွက်သောက်၍ မရတော့တာသိသိကြီးနှင့် မျက်လုံးကို ဇွတ်မှိတ်၍ အိပ်စက်ဖို့ ကြိုးစားမိပြန်သည်။ သူ့ရင်ထဲမှာတော့ ..
    “ဖေဖေနဲ့ မေမေရယ် ရန်မဖြစ်ကြပါနဲ့တော့နော်” 
ဆိုတဲ့ စကားလေးသံလေးပဲ ပဲ့တင်ထပ်လျက်..... 


4 comments:

ချစ်ကြည်အေး said...

မြေစာပင်လေး ရင်ထဲက ဒဏ်ရာတွေ ပျောက်ကင်းမေ့လျော့ သွားစေချင်ပါရဲ့...။

နေ့အိပ်မက် said...

ဒီဟာကတော့ တော်တော်ကြီးတဲ့ ဒဏ်ရာပဲ.... အမှန်တကယ်ဆို မိဘတွေက ကလေးတွေရှေ့မှာ ဘယ်တော့မှ ရန်မဖြစ်သင့်ဘူးနော်..ငယ်ငယ်လေးကတည်း စိတ်ဒဏ်ရာရသွားရင် အငုံ့စိတ်က၀င်သွားရော..

~ဏီလင်းညို~ said...

ညီလေးရေ....
တစ်ကယ့်ကို ဖြောက်ဖျက်ပစ်လို့ မလွယ်နိုင်တဲ့ဆူးလေးတစ်ချောင်းကို အစ်ကိုတွေ့လိုက်ရတယ်...။ ရေးထားတာလေး ကောင်းတယ်..ညီလေး...။ အားပေးနေတယ်....။

ခင်မင်တဲ့
ဏီလင်းညို

နွေးနွေးသဲမွန် said...

အိပ်မက်ဆိုးအရိပ်တွေ အုပ်မိုးရင်း..ကရောင်ကတမ်း ခံစားခဲ့မိတယ်...း-(