Sunday, December 20, 2009

အနာဂတ်...

နောင်လာမယ့် ၅ နှစ်မှာ....

၁.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ.(မိမိရဲ့ စိတ်ကူးထဲမှာ ကိုယ်လုပ်ချင်တဲ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလေးတစ်ခုပါ။)ကျွန်မရဲ့စိတ်ကူးများထဲက ကျွန်မလုပ်ချင်တဲ့ အလုပ်တွေအကြောင်းကိုတော့ စိတ်ကူးများနဲ့ ကျွန်မဆိုပြီး ပို့စ်လေးရေးဘူးခဲ့ပါတယ်။

.မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့)စိတ်ကူးထဲက အိမ်ထောင်ရေး ( မိမိရဲ့ စိတ်ကူးထဲက အိမ်ထောင်ဘက်ဟာ ဘယ်လို စိတ်ဓါတ် ဘယ်လိုပုံစံမျိုးလေး ဖြစ်စေချင်ပါသလဲ။ အသက် ၂၀ ကျော် ၃၀ အရွယ်တွေမို့ ဒီအကြောင်းက မဖြစ်မနေ စဉ်းစားကြရတော့မှာပါ။)


မမ၀ါက အဲဒီလိုတဂ်ပါတယ်။ ကျွန်တော်ကတော့ တွေးချင်သလိုတွေး၊ ယူချင်သလိုယူပြီး ရေးလိုက်ပါတယ်.. :)



ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားလည်း ဆိုတော့ အများကြီးပဲ။ လုပ်ဖို့ အလုပ်ကတော့ ကျောင်းဆင်းတာနဲ့ တာဝန်ကျတဲ့ဆီကို သွားရုံပဲ။ ဒါပေမယ့် တကယ်လုပ်ချင်တာကတော့ ရှစ်တန်းတုန်းက ရောင်းပစ်လိုက်ရတဲ့ စာအုပ်အငှားဆိုင်လေး ပြန်လုပ်ပေးချင်တယ်။ ကိုယ့်မြို့လေးမှာပဲ။ အဲဒါကတော့ အဖေနဲ့ အမေအတွက်ပါ။ အဲဒီဆိုင်လေး ရောင်းပစ်တုန်းကလည်း အရမ်းနှမြောပြီး ငိုချင်မိတယ်။ ကိုယ့်စာဖတ်ဝါသနာကို အဲဒီဆိုင်လေးက အစပျိုးပေးခဲ့တာ။ အဲဒီဆိုင်လေးကိုတော့ မဖြစ်ဖြစ်အောင် လုပ်ဖို့ စဉ်းစားထားတယ်။ နောက်လုပ်ချင်တာတစ်ခုက စာအုပ်အရောင်းဆိုင် ဖွင့်ချင်တယ်။ စာအုပ်တွေကို စုံနိုင်သမျှစုံအောင် တင်မယ်။ ခန့်ခန့်ညားညားလုပ်ချင်တာ။ စာအုပ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ညီအောင်။ အဲဒါကတော့ ဝေးပါသေးတယ်။ ကြိုးစားရဦးမယ်။ မမ၀ါပြောတဲ့ နောက်ငါးနှစ်နဲ့ အကောင်အထည် ဖော်နိုင်ဖို့ မလွယ်သေးဘူး။ နောက်ငါးနှစ်နေမှ ကျောင်းဆင်းမှာဆိုတော့ ၁၀နှစ်လည်း ဖြစ်သွားနိုင်တယ်။ အနှစ်၂၀လည်း ဖြစ်သွားနိုင်တယ်။
နောက်ဆုံးတစ်ခုကတော့ စာအုပ်အငှားဆိုင်လေး ရှိခဲ့တုန်းကတည်းက ပေါ်ခဲ့တဲ့ စိတ်ကူးလေးတစ်ခုပါ။ အဲဒီစိတ်ကူးကတော့ ပင်စင်ယူချိန်လောက်မှပဲ အကောင်အထည် ဖော်နိုင်လိမ့်မယ်နဲ့တူပါတယ်။ လုပ်တော့လုပ်ချင်တယ်။ စာကြည့်တိုက်ဖွင့်ချင်တာ။ member ၀င်ထားတဲ့လူက စာအုပ်ငှားနိုင်မယ်။ လစဉ်ကြေးသွင်းရမယ်။ မငှားနိုင်တဲ့ စာအုပ်မျိုးကိုတော့ စာကြည့်တိုက်မှာပဲ ဖတ်နိုင်အောင် လုပ်မယ်။ member မ၀င်ထားတဲ့လူတွေကိုတော့ စာကြည့်တိုက်မှာပဲ ဖတ်လို့ရမယ်။ စာအုပ်အငှားဆိုင် သဘောမျိုးပဲ။ ငှားဖတ်ရမှာပေါ့။ ဘယ်ကစိတ်ကူးရလည်းဆိုတော့ ဆိုင်မှာ စာအုပ်ကောင်းလေးတွေတင်ရင် ပျောက်ပျက်ကုန်တဲ့ဆီက စပါတယ်။ စာကောင်းပေကောင်းတွေဆို အရမ်းပျောက်ပါတယ်။ နောက်ရှားပါးတဲ့စာအုပ်တွေဆို ငှားပေးဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အဲဒီအခါမျိုးမှာ ဆိုင်ခန်းလေး တစ်ခန်းနဲ့ဖွင့်ထားတဲ့ စာအုပ်အငှားဆိုင်လို ဆိုင်မျိုးအနေနဲ့ ဘယ်လိုမှာ အဆင်မပြေပါဘူး။ အဲဒါကြောင့် စာကြည့်တိုက်ဖွင့်ချင်တာပါ။ ရှားပါးမဂ္ဂဇင်းတွေ၊ စာအုပ်တွေ နောက်တန်ဖိုးကြီးစာအုပ်တွေ၊ နောက်တစ်ခုက စာအုပ်အငှားဆိုင်တွေမှာ တင်လို့မဖြစ်ပေမယ့် အမှန်တကယ် အသုံးဝင်တဲ့စာအုပ်မျိုး၊ အထူးသဖြင့် ပညာရပ်ဆိုင်ရာ။ နည်းပညာဆိုင်ရာ စာအုပ်မျိုးတွေ။ အဲဒီစာအုပ်မျိုးတွေက စာအုပ်ဆိုင်တွေအနေနဲ့ မကိုက်ပါဘူး။ ငှားဖတ်တဲ့လူကလည်း ရှားပါတယ်။ ဒါပေမယ့် တကယ့်တကယ်လိုအပ်တဲ့လူကြတော့လည်း လိုပြန်ပါတယ်။ နောက်စွယ်စုံကျမ်းလိုမျိုး ဘယ်သူမှ ငှားဖတ်ဖို့စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုးကားဖို့ လိုလာရင် သူက အသုံးလိုပါတယ်။ အတွဲလိုက် ကိုယ်ပိုင်ဝယ်ထားနိုင်ဖို့ဆိုတာကလည်း အနည်းငယ်ခက်တာမို့ စာကြည့်တိုက်ရဲ့ အရာသာဖြစ်နေပြန်ပါတယ်။ နောက် အင်္ဂလိပ်စာအုပ်တွေပါထားမယ်။ နောက် အင်တာနက်ပါ တတ်နိုင်ရင်ချိတ်ထားပြီး online စာကြည့်တိုက်လိုပါ တွဲထားမယ်။ ကျွန်တော့် စိတ်ကူးတွေကလည်း စာအုပ်နဲ့ကိုမလွတ်ဖူးနော်..ခက်ပါ့။ စီးပွားရေးသက်သက်ဆိုတာထက်ကို လုပ်ချင်မိတာလေးတွေပါ။ 



နောက်တစ်ခုကတော့ တော်တော်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကူးထဲကအိမ်ထောင်ဘက်နဲ့ နှလုံးသားထဲက အိမ်ထောင်ဘက်က ထပ်တူမကျလို့။ ပြီးတော့ နောက်ငါးနှစ်မှာ ကိုယ့်အသက်က ၂၃ ဆိုတော့ အိမ်ထောင်ပြုဖို့စိတ်ကူးလုံးဝမရှိသေးတာတော့အမှန်ပါ။ ကျောင်းဆင်းဆင်းချင်း မိန်းမယူရင်လည်း အိမ်ကကျွန်တော့်ကို သတ်ပါလိမ့်မယ်..:P ။ ဒါပေမယ့် စိတ်ကူးထားတာတော့ ရှိတာပေါ့လေ။ ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ စိတ်ကူးဆိုတော့ ကလေးဆန်ချင်လည်း ဆန်နေပါလိမ့်မယ်။ ဒါပေမယ့် သည်းခံပြီး ဖတ်ပေါ့နော့်။ အမှန်အတိုင်းပြောရရင် အိမ်ထောင်ရေးဆိုတာ ဘာမှန်းတကယ်မသိသေးပါဘူး။ အိမ်ထောင်ရေးမပြောနဲ့ ရည်းစားတောင် ကောင်းကောင်းမထားဖူးသေးဘူး..( အဲဒါက ကြေညာဝင်တာ၊ မယုံလည်းနေပေါ့)။ ဖြစ်စေချင်တဲ့ အိမ်ထောင်ဖက်ကတော့ ပထမ-အဓိက အကျဆုံးအချက်ကမီးဖွင့်ထားလည်း အိပ်ပျော်တတ်တဲ့လူဖြစ်မှ..။ နောက်တစ်ခုက ကျွန်တော်စာဖတ်နေတဲ့အချိန်တို့၊ တွေးချင်ရာတွေးနေတဲ့အချိန်တို့ နားလည်မှုရှိရှိ နေတတ်မှ( ဘေးကနေ စကားတတွတ်တွတ် လာပြောနေလို့တော့ မဖြစ်ဘူးလေနော့်)၊ နောက်တစ်ခုက တစ်လတစ်ခါမဟုတ်တောင် နှစ်လတစ်ခါလောက်တော့ စိတ်ကောက်တတ်ရမယ် ( ချစ်စရာကောင်းအောင် စိတ်ကောက်တာမျိုးပေါ့လေ။ အမြင်ကတ်စရာကောင်းလောက်အောင် ကောက်တာမျိုးတော့လည်း ဖြစ်သေးဘူး)။ နို့မဟုတ်ရင် ပျင်းစရာကြီး။ ပြန်ချော့ချင်လို့။ နောက်တစ်ခုက ထမင်းဟင်းချက်တာ အရမ်းမကောင်းတောင် စားလို့ဖြစ်အောင်တော့ ချက်တတ်ဦးမှ..။ ( ငါးခြောက်ချက်တာ ဆားထက်ချက်တာတို့ ၊ ထမင်းချက်တာ ပျော့တူးမနပ်တို့လည်း ဖြစ်သေးဘူး။ မရှိလောက်ပါဘူးတော့ ပြောနဲ့နော်။ ကျွန်တော့် သူငယ်ချင်းတွေထဲမှာကို တွေ့ဖူးလို့ :P )။
နောက်တစ်ခုက ဇီဇာလည်းမကြောင်မှ။ နောက်ဆုံးတစ်ခုကတော့ ရုပ်မချောတောင် ညဘက်တွေ့လို့ မလန့်လောက်တဲ့ ရုပ်ရည်တော့လည်း ရှိမှ (ကျွန်တော်က သရဲကြောက်တတ်တယ်)။
အပေါ်ကရေးခဲ့တာတွေအကုန်လုံး မရှိလည်း ဖြစ်ပါတယ်လေ..ကျွန်တော်ကလည်း ချစ်ပြီး ကျွန်တော့်ကိုလည်း ချစ်ရင်ရပါပြီ..တကယ်။ မမ၀ါတို့ အိမ်ထောင်ရေးကိုတော့ အားကျပါသည်။


( ကလေးအတွေးလို့ပဲ သဘောထားပေးပါ မမ၀ါရေ…)


10 comments:

WWKM said...

ဖတ်သွားပြီ ဝေလင်းရေ..
အခုမှ အသက် ၁၈ နှစ်... မထင်ရဘူးတကယ်..း))
အစ်မက အသက် ၂ဆ မက ကြီးနေပါပေါ့လား။ကလေးတွေကကုသိုလ်ကောင်းတယ်..အသက်ငယ်ငယ်နဲ့ နိုင်ငံခြားရောက်လာနိုင်ကြတာပဲ.
ဝေလင်းရဲ့ စိတ်ကူအိပ်မက်ကလေးဖြစ်တဲ့ စာအုပ်ဆိုင်လေးဖွင့်နိုင်ပါစေ.
စာကြည့်တိုက်ကလေး ဖွင့်ဘို့လည်း အားပေးပါတယ်...အစ်မလည်း တတ်နိုင်
သလောက် အကူအညီပါမယ်လေ.. ဆက်သွယ်လိုက် ဖွင့်ဖြစ်ရင်ပေါ့။း)

နောက်တစ်ခု အိမ်ထောင်ရေအတွက် စိတ်ကူးကတော့ သတ်မှတ်ထားချက်
ကလေးတွေက ကလေးဆန်ဆန်ပဲ . အဟဲ
ထမင်းချက်တာ မနပ်တူးပြဲဖြစ်တာကတော့ မိန်းမယူပြီးမှသိရမှာလေ... တစ်ခါတစ်လေတော့လည်း ဖြစ်တတ်သေးတာပဲ။
ဒါပေမယ့် ချစ်မိသွားပြီဆိုရင်တော့လည်း အားလုံးဟာ အရေးမကြီးဘူး၊မင်းပဲ အရေးကြီးတယ်.. မင်း မချက်တတ်လဲ ကိုယ်ပဲ ချက်ကျွေးပါမယ် ဖြစ်သွားဦး
မှာပါ။း)))

အဆင်ပြေပါစေ ဝေလင်းရေ.
အမြန်ဆုံး ရေးပေးတာ ကျေးဇူးတင်ပါတယ်.

မကြီးဝါ

နေ့အိပ်မက် said...

အင်... သူလည်း စာကြည့်တိုက်ဖွင့်ချင်တယ်... နေ့အိပ်မက်ပါရင် ဘလော့ဂ်ဂါသုံးယောက်ရှိပြီ စာကြည့်တိုက်ဖွင့်ချင်တာ... တူတူဖွင့်ကြတာပေါ့... :D

~ဏီလင်းညို~ said...

ညီလေးရေ...
အစ်ကိုနဲ့ စိတ်ကူးချင်းတူတယ်ဟ...
အစ်ကိုလည်း စာအုပ်အဟောင်းလေးတွေဆို အရမ်းချစ်တတ်တာလေ...။
ဖြစ်ချင်ရာဖြစ်စေတော့ အိမ်ကိုအပြီးပြန်လို့ အလုပ်အကိုင် အဆင်မပြေခဲ့ရင် လမ်းဘေးမှာ စာအုပ်ဟောင်းလေးတွေ ထိုင်ရောင်းဖို့အထိ စဉ်းစားထားခဲ့တာ အစ်ကိုပဲလေ....။ စာအုပ်ဆိုင်လေးတွေကို တစ်ကယ်ချစ်တာ...။
ညီလေးချစ်တဲ့သူနဲ့ ဆုံဆည်းနိုင်ပါစေကွာ...။

ခင်မင်တဲ့
ဏီလင်းညို

Unknown said...

စာကြည့်တိုက်ဖွင့်ချင်တာ ချင်းလာတူနေတယ်။ကျွန်မလည်း စာအုပ်နဲ့ ပတ်သတ်တာတွေကို အရမ်းစိတ်ဝင်စားပါတယ်။အောင်မြင်ပါစေ။

ပန်းရင့်ရောင်

Anonymous said...

နံပါတ်(၁) စိတ်ကူးမဆိုးပါ။ လေးစားထိုက်ပါတယ်၊ အားလည်းကျပါတယ်။
(၂)မှာတော့ နည်းနည်းဂျီးများ၏။ အားလုံးက ယူပြီးကြာလေသိလေပဲ။ ဒါမယ့် ချစ်ရင်၊ နားလည်ရင် ခွင့်လွှတ်နိုင်မှာပါလေ။

Unknown said...

မျှော်လင့်ထားသမျှတွေ အားလုံး ပိုင်ဆိုင်နိုင်ပါစေဗျာ။ ဖတ်ကောင်းကောင်းနဲ့ ဖတ်ရင်း ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့ပါတယ်။ မိတ်ဆွေဖြစ်ချင်ပါတယ်ဗျာ။

Unknown said...

အစ်မပန်းရင့်ရောင် နဲ့ ကိုဏီလင်းညို ဆုတောင်းပေးတာကျေးဇူးပါ။

ကို Craton ကလည်း ကျွန်တော်အောက်မှာပြောထားပါပကော.. အားလုံးမရှိလည်း ဖြစ်ပါတယ်။ ကျွန်တော်ကလည်း ချစ်ပြီး ကျွန်တော့်ကိုလည်း ချစ်ရင်ရပါပြီဆိုနေ..
ကို zox ရေ ကျေးဇူးပါ။ ကျွန်တော်လည်း ခင်ချင်ပါတယ်။

နိုင်ကို said...

စာဖတ်ကတော့ ၀ါသနာပါတယ်...ရွာမှာ အရင်က စာကြည့်တိုက်မရှိတော့ ကိုယ့်အိမ်က ဖားသားကြီးဖတ်တဲ့စာအုပ်တွေ အစုံပါပဲ အဲဒါတွေကို အမြဲဖတ်ဖြစ်တယ် အိမ်နီးနားချင်းက အိမ်ကလည်း ရသမျှစာအုပ်လေးတွေယူယူဖတ်ဖြစ်တယ်...စာဖတ်တာ ကောင်းသောအလုပ်ပါ အသိဥာဏ်ပိုကြွယ်ဝပါတယ်...ဖြစ်စေချင်တဲ့ ရည်မှန်းချက်လေးတွေဖြစ်မြောက်ပါစေဗျာ...အားပေးလျှက်ပါ..

Anonymous said...

မောင်လေးရေ....
ပထမဆန္ဒလေးလည်းပြည့်စေ
ဒုတိယဆန္ဒလေးလည်းပြည့်စေ
ကလေးက သရဲကြောက်တတ်သလား
အိမ်ဖက်လာရင် မျက်လုံးသိပ်မဖွင့်နဲ့နော်
အမက တီရဲနဲ့တူလို့ အမကတော့ ဝေဖန်သွားတာဟုတ်ဖူးနော်
အားပေးသွားတာ :P

မေကျော် said...

အဲ စာကြည့်ုတိုက်ဖွင့်ချင်တာချင်း တူတယ်... :)))
တကယ်ဖွင့်ဖြစ်ရင်တော့ ပျော်စရာကြီးနေမယ်....
ခုမှ ၁၈ ပဲရှိသေးတာလား... စာတွေက မထင်ရဘူးဗျ... တော်တယ်.... :)))