Sunday, November 8, 2009

သူငယ်ချင်းလို့ပြောတာပဲ.........

ကျွန်တော့်တွင် သူငယ်ချင်းကောင်မလေးတစ်ယောက် ရှိခဲ့ဖူးသည်။
သူမ၏ အမည်မှာ သုံးလုံးဖြစ်၍ စနေနံနှင့်စပြီး အင်္ဂါနံနှင့်ဆုံးပါသည်။ ကျွန်တော်တို့ တွယ်တာခဲ့ကြသည်။
တစ်ယောက်ကိုတစ်ယောက် ဖတ်ရှုခဲ့ကြသည်။ ရင်ချင်းနီးခဲ့ကြသည်။

မြို့လေးတစ်မြို့နှင့် ရင်းနှီးခဲ့ဖူးသည်။ ထိုမြို့လေး၏ အမည်မှာမူ နှစ်လုံးတည်း သာဖြစ်၍ ဗုဒ္ဗဟူးနံနှင့်စ၍ သောကြာနံနှင့်ဆုံးပါသည်။ထိုမြို့လေးတွင် ပေါ့ပါးခဲ့ကြသည်။ နာကျင်ခဲ့ကြသည်။ ယစ်မူးခဲ့ကြသည်။

ထိုမြို့လေး၏ လမ်းသွယ်လေးတစ်ခုတွင် သူမနေထိုင်ခဲ့သောအိမ်လေးရှိသည်။
ကျွန်တော်တို့နှစ်ယောက် ကျောင်းသွားသောအခါတိုင်း အိမ်လေးကပြုံး၍ ကြည့်နေတတ်သည်။
တစ်ခါတစ်လေတော့လည်း သူ့ရှေ့မှ ဆိတ်ဖလူးပန်းတို့ကို ချွေ၍ နှုတ်ဆက်တတ်သည်။

သောကြာနေ့ညနေခင်းတစ်ချို့ ပိုင်ဆိုင်ခဲ့ဖူးသည်။ ထိုညနေခင်းတို့ကို ယခုချိန်ထိ မေ့မရခဲ့ပေ။
ဗိုလ်ချုပ်ခေါင်းသီးဟုသူပြောသော အပွင့်ဝါပွင့်သည့်အပင်တစ်ပင်မှအသီးအကြောင်း အပါအ၀င် (ကျွန်တော်ကိုယ်တိုင်ကတော့ ထိုအသီးများသည် မျောက်တစ်ကောင်၏ ဦးခေါင်းနှင့် သာတူသည် ဟုထင်သည်။) ကလေးငယ်ဘ၀၏ အထင်ကြီးစဖွယ် ဗဟုသုတများကို သိခွင့်ရခဲ့ဖူးသည်။

နံနက်ခင်းတစ်ခု လက်ဆောင်ရဖူးသည်။
နေ့စဉ်လိုလို တိုဟူးနွေးစားမည်ဟု ပြော၍ အိမ်မှပိုက်ဆံတောင်းခဲ့သော်လည်း သူရှိသော ထိုနံနက်ခင်းမှသာ
ထိုဆိုင်သို့ဝင်ဖူးခဲ့သည်။ သူ့ဘေးဝင်ထိုင်ခဲ့သော်လည်း သူက နှုတ်ဆက်ခြင်းမရှိသလို ကျွန်တော်ကလည်း နှုတ်မဆက်ခဲ့ပေ။ သို့သော်ထိုနေ့မှာပင် တူမကိုင်တတ်သော ကျွန်တော့်ကို စိတ်ရှည်လက်ရှည် သင်ပေးခဲ့သည်။
ထိုမည်သောမိန်းမသည် လက်ဦးဆရာလည်းဖြစ်၏။

လူမမည်တတ်သေးသော နွေရာသီတစ်ခုတွင် သူမက ကျွန်တော့်ကိုကော သူ့အိမ်လေးနှင့် မြို့လေးကိုပါ
ထားပြီးထွက်သွားခဲ့သည်။ ကျွန်တော်ဝမ်းနည်းသွားသည်။ ကျွန်တော့်ကိုကြည့်ပြီး မြို့လေးက ‘ဒီလိုပါပဲကွာ’ တဲ့။ (အမှန်တကယ်တော့ ထိုစကားသံကို ကျွန်တော်မကြိုက်ပါ။)အိမ်လေးကတော့ မျက်နှာလွဲနေခဲ့သည်။ သူ,မရှိသော မြို့လေးက ကျွန်တော့်ကို အထီးကျန်စွာဆက်ဆံ ပါသည်။ သူ့အိမ်လေးကတော့ မျက်နှာလွှဲမြဲလွှဲလျက်။ တစ်ခါတစ်လေတော့ ဆိတ်ဖလူးနံ့တို့ဖြင့် နှုတ်ဆက် တတ်သည်။
ထိုအချိန်မှစ၍ ကျွန်တော့် ဘ၀တွင် ‘အလွမ်း’ ဆိုသောဇာတ်ကောင်တစ်ကောင်တိုး လာပါသည်။


“သတ္တိရှိလွန်းလို့လွမ်းခဲ့တာမဟုတ်ပါဘူး ကောင်မလေးရယ်...
ခြေလှမ်းတွေအယွင်းယွင်းနဲ့....နင်းခဲ့တာပါ
သံခြေကျင်းနဲ့ အလွမ်းတွေကို
မင်းကော လိုချင်ပါသလား
လျှောက်တော့မေးရမှာပဲ..
အချစ်ဆိုတာ အရှုံးတစ်မျိုးတည်းလားလို့...........”

လမ်းလျှောက်တတ်ကာစ နွေရာသီတစ်ခုတွင် သူခဏပြန်လာပါသည်။ ကျွန်တော်ပျော်သွားသည်။ ကျွန်တော့်ကိုကြည့်ပြီး မြို့လေးက ‘ ဒီလိုပါပဲကွာ’ တဲ့။ (ထိုအသံကို ကျွန်တော်မကြိုက်သော်လည်း)
ကျွန်တော်ရယ်နေခဲ့သည်။ အိမ်လေးကတော့ ပြုံး၍နှုတ်ဆက်သည်။ မှတ်မှတ်ရရ ထိုနှစ်သင်္ကြန်က
မိုးတော်တော်ရွာသည်။
နောက်နှစ်မှာ ကျွန်တော်မြို့လေးကနေ ထွက်ခွါရမယ့် အလှည့်ရောက်လာခဲ့တယ်။ အိမ်လေးကတော့ ပြောပါတယ်‘ တစ်နည်းတော့လည်းကောင်းပါတယ်’ တဲ့။ မြို့လေးကတော့ ‘ ဒီလိုပါပဲကွာ’တဲ့။
ကျွန်တော်ခပ်တင်းတင်း ပြန်ကြည့်ပစ်လိုက်သည်။ “ မြို့ကလေးရေ …အခုတော့ မင်းနဲ့ငါ နှစ်ယောက်တည်း
ဆွေးရတော့မှာပေါ့” တဲ့ သူတို့နှစ်ယောက်၏ အသံကို ကျွန်တော်ကျောခိုင်းပြီး ထွက်လာခဲ့သည်။

နှစ်နှစ်ကြာတော့ ကျွန်တော် မြို့လေးကိုပြန်ရောက်ခဲ့သည်။ ထိုမြို့လေးမှာပင် ရင်ခုန်သံတစ်ချို့ကို ဘာသာပြန်ဖြစ်ခဲ့သည်။ ထိုရင်ခုန်သံအသစ် အချစ်ဖြစ်၏ တဲ။့


ထိုနှစ်မှာပင် သူမနှင့်ပြန်လည်ဆုံဆည်းဖြစ်ခဲ့သည်။(ကျွန်တော်က ဆုံဆည်းရန်ကြိုးစားခဲ့ခြင်း ဖြစ်သည်။)
ရုတ်တရက်တွေ့ချိန်မှာ သူမက ချက်ချင်းပင် မမှတ်မိ။ ထားပါတော့လေ ကျွန်တော်ကိုယ်တိုင်က အပြောင်း
အလဲတွေနဲ့ ထုသားပေသား ကျခဲ့တာဖြစ်နိုင်သည်။ နောက်မှာ ကျွန်တော်သိလာခဲ့ရတယ်။ (အလန့်တကြားပေါ့) ကျွန်တော်တို့ နှစ်ယောက်ဟာ ကြားမှာ သူငယ်ချင်းဆိုတဲ့ အရာကတောင် ခပ်ပါးပါးအလွှာတစ်ခုအနေနဲ့ပဲ ရှိတော့တယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့နှစ်ယောက် ၀တ်ကျေတမ်းကျေ မိတ်ဆွေတွေလောက်တောင် စကားမဆိုဖြစ်ခဲ့ကြဘူး။ ဘယ်သူများသိပါသလဲ သူမနှင့်ကျွန်တော့်ကြား တားဆီးထားသော ထိုအရာ?


အချိန်တွေပြောင်းသွားပြီဆိုတာ
ကိုယ် မေ့သွားတယ်ကွယ်။
ဒါကြောင့်ကိုယ်လာခဲ့မိတာပါ။
ကိုယ့်နှလုံးသားကို ဖွင့်ပြလေတိုင်း
မင်းဟာ မျက်နှာလွှဲလွှဲသွားခဲ့တဲ့အတွက်
ကိုယ်ရှက်ခဲ့ရတယ်ဆိုတာ
ကိုယ်မေ့သွားခဲ့တယ်....
(တဂိုး)

မိုးနှောင်းကာလတစ်ခု၏ ညချမ်းတစ်ခုမှာ ကျွန်တော်သူ့ဆီ phone ဆက်ခဲ့သည်။ သူ phone လာကိုင် ခဲ့ပါသည်။ ကျွန်တော် သူ့ကိုဖွင့်ပြောခဲ့သည်။ သူက ချက်ချင်းပဲ phone ချသွားခဲ့သည်။ ရိုးရိုးလေးပါပဲ။ ခပ်ပေါပေါ ဇာတ်လမ်းတွေထဲကလို romatic မဆန်ခဲ့ပါဘူး။ ဆိုင်းမပါ ဗုံမဆင့်ပါပဲ ရင်ခုန်သံတွေရင့်လာ ခဲ့တာ။ သူမက ကျွန်တော့်အတွက် ရင်ခုန်သံများနှင့်ထုဆစ်ထားသော ပန်းတစ်ပွင့်သာဖြစ်သည်။

ငါ့သံယောဇဉ်တို့ ဘီလူးစားခံရတဲ့ည
ငါအခုထိ အမှတ်ရနေတုန်းပဲ
အဲဒီညက မိုးမရွာဘူး..
ဒါပေမယ့်
ငါ့ရင်တစ်ခွင်လုံး ရွှံ့အလူးလူးနဲ့ စံပယ်တို့ခူးခဲ့တယ်

ဒီကြားထဲမှာ ကျွန်တော်သူ့ကို မကြာမကြာ phone ဆက်တယ်။ မကြာမကြာလည်း သူ့ဆီက ဥပေက္ခာတွေ ခံယူရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ဥပေက္ခာနဲ့ စိမ်းကားမှုကို စားသုံးရင်း ကျွန်တော့်အချစ်တွေကြီးပြင်းလာခဲ့ရတယ်။
ကျွန်တော်သူ့ကိုphone ဆက်ပြီးလို့ phone ချလိုက်တဲ့အခါတိုင်း တစ်ခုမဟုတ်တစ်ခုကျန်ခဲ့သည်သာ ဖြစ်၏။ နာကျင်မှု၊ တွေဝေယစ်မှူးမှု သို့တည်းမဟုတ် အထီးကျန်ဆန်မှု.......။ ကျွန်တော်သူ့ကို Phone ဆက်တဲ့အခါတိုင်း ကိုယ့်ကိုယ်ကို ဖြည်းဖြည်းချင်း သတ်ဖြတ်နေသည့်နှယ် ခံစားရသည်။ တကယ်တော့ ကျွန်တော်က ဘီလူးပတ်ပျိုးနဲ့ ညှိုးချတဲ့မိုးသံကိုမှ ကြားချင်သူလို သူမအသံကို ကြားချင်ခဲ့သည်လေ။
သူမကို သိပ်ချစ်တယ်ဆိုတာကတော့ သေချာသည်ထက် သေချာခဲ့သည်လေ။

ရဲရဲကြီးနင်းချလိုက်စမ်းပါ ချစ်သူရယ်
ငါ့ရင်ဘတ်မှာ
နင့်အတွက်ထောင်ချောက်တွေ မရှိပါဘူး….

နောက်နှစ် အဲဒီအချိန်မှာပဲ ကျွန်တော်သူနေတဲ့မြို့ကို ရောက်ခဲ့ပြန်တယ်။ ကံမကောင်းစွာနဲ့ပဲ အကြောင်းအမျိုးမျိုးကြောင့် သူရှိရာကိုကျွန်တော်သွားလို့မရခဲ့ဘူး။ ထူးတော့လည်းမထူးပါဘူးလေ နှလုံးသားချင်းဝေးနေသူနှစ်ယောက်အဖို့ နေရာချင်းနီးနေတာက။ ကျွန်တော်သူနဲ့ phone ပြောတယ်။
Email လိပ်စာတောင်းတော့ ပေါက်ကရတွေလျှောက်မပို့နဲ့တဲ့။ ကျွန်တော့်အချစ်တွေက ပေါက်ရတွေတဲ့လား။
ကျွန်တော်က သူနဲ့မခွဲချင်ဘူးလို့ပြောတော့ “နင်ကစိတ်ပျော့တာကိုး” တဲ့ ။ ချစ်မိသူဆိုတာ မတိုက်ခင်က ရှုံးနိမ့်သူဆိုတာ သူမသိခဲ့ဘူးတဲ့လား?( ရှုံးမယ်မှန်းသိရဲ့နဲ့ တိုက်ခဲ့သော ကျွန်တော့်အပြစ်လည်း ဖြစ်နိုင်သည်လေ။)


ကျွန်တော်အဲဒီရက်ပိုင်းမှာ သူငယ်ချင်းတွေနဲ့ phone တော်တော်ပြောဖြစ်တယ်။
သူငယ်ချင်းတစ်ယောက်ကပြောတယ်။ သူလာမတွေ့ဘူးလားတဲ့။ကျွန်တော်ကမတွေ့ဘူးပြောတော့
ငါပြောပေးရမလားတဲ့။သူလာတော့တွေ့သင့်တာပေါ့တဲ့။ ပြာပြာသလဲပဲ ကျွန်တော်တားလိုက်သည်။
တွေ့ချင်သည်မှန်သော်လည်း ကျွန်တော်သူများတကာကို လျှောက်ပြောခိုင်းသည်ဟု ထင်မည်စိုးပါသည်။
အဲဒီလောက်ထိ မမျှော်လင့်တော့ပါ။ သူမနဲ့ပတ်သက်လာလျှင် အရာရာကို ရောင့်ရဲတတ်ဖို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်သင်ကြားခဲ့ပြီးဖြစ်သည်လေ။

နောက်နေ့မှာသူနဲ့ phone ပြောတော့ သူလာခဲ့မယ်ဟုပြောသည်။ ကျွန်တော် gate ပေါက်မှာလာစောင့် နေမယ်ဟုပြောလိုက်သည်။ .. .. .. .. ..လုပ်ရက်လိုက်တာ ကံကြမ္မာရယ်လို့ပဲ ကျွန်တော်ပြောခဲ့ရပါတယ်။ တောင်းပန်ပါတယ် ချစ်သူ။ ငါ့ရဲ့လွဲချော်တတ်တဲ့ ကံကြမ္မာအတွက်ပေါ့။ အဲဒီလို ကျွန်တော့ဘ၀မှာ မရှူမလှ
ပျော်ခဲ့ရသည်လေ။ သူနဲ့တွေ့ချိန်မှာ စပယ်လည်းမပွင့်ပါဘူး၊ ကြယ်လည်းမလွင့်ပါဘူး။ ပတ်ဝန်းကျင်ကလည်း ကျေးငှက်တို့
တေးသံနဲ့ ချိုမြမနေခဲ့ပါဘူး။ ဒါပေမယ်.. .. .. .. ဒါပေမယ့်ပေါ့လေ။

ကျွန်တော်လည်းလူပဲဗျာ။ ညနေခင်းတစ်ချို့ ကိုချစ်သူနဲ့ ဖြုန်းတီးချင်တာပေါ့။ ညနေခင်းဆိုတာ ချစ်သူနဲ့လမ်းလျှောက်ဖို့မဟုတ်ရင် အရက်သောက်ဖို့ပဲလေ။ ချစ်သူကို ကိုယ်တိုင်ခူးတဲ့ ခရေနဲ့ မွှေးမြစေချင်တာပေါ့။ ချစ်သူကို ချစ်တဲ့အကြောင်း မှုန်နေအောင် စာလုံးပေါင်းပြချင်တယ်။ ချစ်သူလက်ကို ကိုင်ထားရတဲ့အချိန်ဟာ နတ်စစ်သည်တွေဝန်းရံထားတာထက် လုံခြုံမှုရှိတယ်လေ။


ဒီလိုနဲ့ကျွန်တော်ကားပေါ်ပြေးတက်ခဲ့သည်။ ခွဲခွာချိန်ကလည်း ကြေကွဲဖွယ်ကောင်းလောက်အောင် ကဗျာမဆန်ခဲ့တာသေချာပါသည်။

လူတစ်ယောက်ဟာသူ့တစ်သက်မှာ တစ်ခါတော့မှားမှာပဲ ဟုဆိုလျှင် ကျွန်တော်သူမကို ချစ်မိခြင်း
မှာထိုအမှားမဖြစ်ချင်ပါ။ တောင်းပန်ပါတယ် မင်းကိုတို့မချစ်နိုင်တာ ခွင့်လွတ်ပါ ဟုပြောလာသော ကောင်မလေးကို, တောင်းပန်တာကို ခွင့်လွတ်တယ်။ ဒါပေမယ့် မချစ်တာကိုတော့ ခွင့်မလွတ်ဘူးဟု ပြောပေးပါ။ ကျွန်တော်က ကောင်းကင်နဲ့မြေကြီးကြား အသက်ရှူမှားနေတဲ့လူလေ...
တစ်ခါတစ်လေတော့လည်း ပေးတာကိုမယူသော သူမအပြစ်လား မလိုချင်တာကိုအတင်းပေးသော ကျွန်တော့်အပြစ်လားဟု တွေးမိသည်။ ပြက္ခဒိန်ထဲကရက်များအားလုံး ပြဿဒါးဟု ယုံကြည်ချိန်မှာ လူတွေက ကျွန်တော့်ကိုရက်ရာဇာဟု မြင်ကြသည်။ သူတို့ကိုလည်း အပြစ်မဆိုသာပါ တကယ်တော့ ကျွန်တော်က သာမန်ရုံးပိတ်ရက်တစ်ရက်သာ ဖြစ်ပါသည်။
မင့်ကိုစဉ်းစားဖို့ပြောနေတာမဟုတ်ပါဘူး ချစ်သူ ခံစားဖို့ပြောနေတာပါ..။
မင်းဟာ ငါ့အတွက် ဘုရားသခင်ရဲ့လက်ဆောင်ဆိုလည်း ဟုတ်တယ်၊ မာရ်နတ်ရဲ့ပန်းသီးတစ်လုံးဆိုလည်း
ဟုတ်တယ်။ ဘာကြောင့်လည်းဆိုတော့ မင်းဟာ ငါ့ဆီကို အချစ်တွေသယ်လာပေးတယ်။ ဒါပေမယ့် အဲဒီ
အချစ်တွေမှာ ချိုမြိန်ခြင်းကင်းမဲ့နေလို့....။အချစ်ရဲ့လောင်မြိုက်မှုကို ငါဘယ်လောက်ထိ ခံနိုင်မယ်လို့ မင်းထင်လဲ? ရေမှုတ်တစ်ဖက် မီးစတစ်ဖက်နဲ့ မင်းရက်စက်ဦးမယ်ပေါ့
မဟုတ်ဘူး..မင်းက တကယ်တော့ မီးစပဲကိုင်ထားခဲ့တာ......
ခေတ်ဟောင်းရုပ်ရှင်တွေထဲကလိုပဲ မီးခိုးငွေ့တလူလူနဲ့ ခုတ်မောင်းခဲ့တာပါ
ဒါပေမယ့် ငါရပ်ချင်တဲ့ဘူတာရုံမှာ မီးအိမ်နီတစ်လုံး လှုပ်ရမ်းမနေခဲ့ဘူး...


(သူမနဲ့ ကျွန်တော်ကြား ဘာများမှားခဲ့ ပါသလဲ။)


လွမ်းတယ်..,,,
မီးခိုးငွေ့တလူလူနဲ့ ….လွမ်းတယ်
ဆံနွယ်တွေကြဲဖြန့်တဲ့ ရာဇ၀င်မှာ
(သူ့အတွက်ဆို) အကြိမ်ကြိမ်လည်း ပွင့်ရဲခဲ့တယ်...
တကယ်တော့..ငါက
ငါ့ကိုယ်ငါမျှားနေတဲ့လူတစ်ယောက်
နောက်ဆုံးငါးစာက မျှော်လင့်ချက်သာဖြစ်တယ်။
လေစိမ်း မြေစိမ်း ရေစိမ်း
ခံယူချက်စိမ်းစိမ်းနဲ့ ငါ့အတွက်
သံယောဇဉ်ကတောင် စိမ်းလို့
ဖြစ်နိုင်ရင်..
ဘီလူးတွေခင်းတဲ့ အလွမ်းဇာတ်လမ်း
လူကြမ်းအဖြစ်ဝင်ကချင်တယ်...
ချစ်သူကိုလွမ်းတဲ့အခါများ
ကမ္ဘာကြီးတောင် တန့်ရပ်လို့
အလင်းနဲ့အမှောင်က တစ်ပြိုင်နက်တည်းတောက်ပ
မိုးပျပျအုံ့တယ်..
ခေါင်းငုံ့လိုက်တိုင်း ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်မြင်ရလွန်းတော့........။။။

( ကျွန်တော်ဖိုရမ်တစ်ခုထဲမှာ ရေးခဲ့တာလေး ပြန်တင်ပေးလိုက်တာပါ...)

No comments: